မိသားစုဇယား—မိသားစုသင်အံမှု
၁ ခရစ်ယာန်မိဘတစ်ဦးအနေနှင့် သင့်သားသမီးများအား ဝေမျှပေးနိုင်သည့် အကြီးမြတ်ဆုံးလက်ဆောင်မှာ ယေဟောဝါကိုချစ်သည့် သင်၏မေတ္တာဖြစ်၏။ ယင်းသို့ပြုနိုင်သည့် အရေးပါသောဝန်းကျင်အနေအထားမှာ အပတ်စဉ် မိသားစုကျမ်းစာသင်အံမှုအတွက် “အိမ်၌ထိုင်လျက်နေ” ချိန်တွင်ဖြစ်သည်။ (တရား. ၆:၅-၇) သင်၌ ယုံကြည်သူအိမ်ထောင်ဖက်ရှိသည်ဖြစ်စေ၊ ဘာသာရေးအရ ကွဲပြားသောအိမ်ထောင်တွင် နေထိုင်သည်ဖြစ်စေ၊ ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်နေပါစေ ပုံမှန်မိသားစုသင်အံမှုတစ်ခုရှိခြင်းဖြင့် သင်နှင့်သာမက ယေဟောဝါနှင့်ပါရင်းနှီးရန် သင့်ကလေးများအား ကူညီပေးနိုင်သည်။
၂ အစပြုခြင်း– ပထမခြေလှမ်းမှာ မိသားစုလိုက် လေ့လာသည့်အလေ့အထ အတည်တကျရှိခြင်းဖြစ်၏။ မည်သည့်အချိန်တွင် သင်အံမှုကျင်းပရမည်ကို မသေချာလျှင် ယင်းကို မိသားစုလိုက် ဆွေးနွေးပါလေ။ (သု. ၁၅:၂၂) သင်၌ ကလေးငယ်များရှိလျှင် တစ်ပတ်အတွင်း လေ့လာမှုများကို တိုတိုတုတ်တုတ်ဖြင့် အကြိမ်များများပြုလုပ်လိုပေမည်။ မည်သည့်ဇယားက သင့်အိမ်ထောင်အတွက် အသင့်လျော်ဆုံးဖြစ်မည်ကို ဆုံးဖြတ်ပါ။ သင့်မိသားစုဇယားတွင် သင်အံမှုအတွက် အချိန်အတိအကျသတ်မှတ်ပြီး ယင်းအတိုင်းပြုလုပ်ရန် သန္နိဋ္ဌာန်ချပါ။
၃ အဘယ်အရာကို သင်လေ့လာနိုင်သနည်း။ အချို့က လာမည့်အသင်းတော်စာအုပ်ကြီးသင်တန်းတွင် သို့မဟုတ် ကင်းမျှော်စင် သင်တန်းတွင် သုံးသပ်မည့်သင်ခန်းစာကို ပြင်ဆင်ကြသည်။ အခြားသူများမူ အထူးသဖြင့် လူငယ်များအတွက် စီစဉ်ထားသည့်အကြောင်းအရာကို လေ့လာကြသည်။ သားငယ်နှင့် သမီးငယ်ရှိသော ဖခင်တစ်ဦးက ဤသို့ပြောသည်– “ကျွန်တော်တို့ရဲ့သင်အံမှုကို ကလေးတွေအတွက် တစ်ပတ်အတွင်းမှာ ထူးခြားတဲ့ရက်ဖြစ်စေတာတစ်ခုကတော့ ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ် ထဲက အဖြစ်အပျက်တွေကို သရုပ်ဆောင်ပြကြခြင်းပါပဲ။ သူတို့ဘယ်လောက်စွဲမှတ်နိုင်ပြီး နားလည်ကြတယ်ဆိုတာက အပိုဒ်ဘယ်နှစ်ပိုဒ်လေ့လာပြီးသွားတာထက် ပိုအရေးကြီးပါတယ်။”
၄ ပတ်စဉ်လေ့လာပါ– မိသားစုသင်အံမှုကို ပုံမှန်ကျင်းပသင့်ကာ မိသားစုဝင်အားလုံး ပျော်ရွှင်စွာပါဝင်သင့်သည်။ မမျှော်လင့်သောအခြေအနေများကို ကိုင်တွယ်ရန်အတွက် နေ့နှင့် အချိန်ကို အတော်အသင့်ပြောင်းလဲနိုင်သည်။ အကြောင်းအရာကို ပြောင်းလဲဖို့လိုသည့်အခါများလည်း ရှိနိုင်သည်။ သို့သော် လိုအပ်သည့်ပြောင်းလဲမှုတစ်စုံတစ်ရာက အတည်တကျဖြစ်နေသည့် မိသားစုသင်အံမှုဇယားမှ ကြာရှည်စွာပြတ်တောက်သွားစေခြင်း မဖြစ်သင့်ချေ။ အိမ်ထောင်စုတစ်ခုတွင် သမီးဖြစ်သူက ဤသို့ပြောသည်– “ကျွန်မတို့ရဲ့သင်အံမှုအချိန်ကို ပြောင်းလိုက်တယ်ဆိုရင် လုပ်ရမယ့်အချိန်ကို ကျွန်မတို့အားလုံးသိအောင် ပြောင်းထားတဲ့အချိန်ကို ရေခဲသေတ္တာတံခါးပေါ်မှာ ဖေဖေက ကပ်ထားတတ်တယ်။” ပုံမှန်မိသားစုသင်အံမှုကို ဆက်လက်ကျင်းပနေရန် ထိုသို့သောအားထုတ်မှုများသည် အလွန်ချီးမွမ်းစရာပင်! သင့်သားသမီးများအား “ယေဟောဝါ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်နှင့်အညီ” ဆက်လက်ပြုစုပျိုးထောင်စဉ် သင်သည် သူတို့ကိုရော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကိုပါ ချစ်မြတ်နိုးကြောင်းတင်ပြသည်။—ဧ. ၆:၄၊ ကဘ။