ကျမ်းစာသင်အံမှုတွင်—မိသားစုဝင်များ အပြည့်အဝပါဝင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ပုံ
၁ သမ္မာတရားသည် မိသားစုဘဝတွင် စစ်မှန်သောအဓိပ္ပာယ်နှင့်ရည်ရွယ်ချက်ကို ထပ်လောင်းဖြည့်စွက်ပေး၏၊ သို့သော် ယေဟောဝါ၏အမှုတော်ဆောင်ရာတွင် အောင်မြင်မှုဟူသည် အလိုလိုရရှိလာသည်မဟုတ်ပါ။ ဝိညာဉ်ရေးသန်စွမ်းသောအိမ်ထောင်တစ်ခုကို တည်ဆောက်ရန် အချိန်နှင့် ကြိုးစားအားထုတ်မှုလို၏။ ဤသို့ကြိုးစားလုပ်ဆောင်ရာတွင် မိသားစုဝင်များသည် အနီးကပ်ပူးပေါင်းလုပ်ဆောင်ရန် အလွန်လိုအပ်သည်။ အပိုင်းသုံးခုရှိမည်ဖြစ်ရာ ဤပထမဆောင်းပါးက လေ့လာမှုအလေ့အကျင့်ကောင်းများကိုပြုစုပျိုးထောင်ရာတွင် မိသားစုများ ပူးပေါင်းလုပ်ဆောင်နိုင်ပုံကို အာရုံစိုက်မည်ဖြစ်သည်။
၂ ကျမ်းစာကိုနေ့စဉ်ဖတ်ရှုခြင်းဖြင့်– သုတ္တံ ၂၄:၅ က “ပညာအတတ် [“အသိပညာ၊” ကဘ] နှင့်ပြည့်စုံသောသူသည် ခွန်အားတိုးပွားတတ်၏” ဟုဖော်ပြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုခြင်းမှရရှိသည့် အသိပညာသည် လူတစ်ဦး၏ဝိညာဉ်ရေးအပေါ် စာတန်၏တိုက်ခိုက်မှုအား ခုခံတွန်းလှန်ရန် လိုအပ်သည့်အတွင်းခွန်အားကိုပေးသည်။ (ဆာ. ၁:၁၊ ၂) သင်သည် သမ္မာကျမ်းစာကို မိသားစုလိုက်အတူတကွ နေ့စဉ်ဖတ်ပါသလော။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်က တစ်နှစ်လုံးအတွက်ပတ်စဉ် “ထပ်ဆင့်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်” ကိုဖော်ပြထားသည်။ ယင်းကိုလိုက်လျှောက်ရန် နေ့စဉ်မိသားစုအချိန်မှ ဆယ်မိနစ်သာလိုသည်။ သမ္မာကျမ်းစာကိုဖတ်ရှုရန်နှင့် ကျမ်းစာကိုစေ့စေ့ကြည့်ရှုခြင်းမှ နေ့စဉ်ကျမ်းချက်ကိုသုံးသပ်ရန် နံနက်စာစားချိန်၊ ညနေစာစားပြီးနောက် သို့မဟုတ် အိပ်ရာမဝင်မီအချိန်ကဲ့သို့သော အဆင်ပြေသည့်အချိန်တစ်ချိန်ကို ရွေးချယ်ပါ။ ယင်းကို သင့်မိသားစု၏နေ့စဉ်လုပ်ရိုးလုပ်စဉ် အစိတ်အပိုင်းတစ်ခုဖြစ်စေပါ။
၃ ပတ်စဉ်အတူတကွလေ့လာခြင်းဖြင့်– မိသားစုကျမ်းစာသင်အံမှုသည် မိသားစု၏ရက်သတ္တပတ်တွင် ထင်ရှားပေါ်လွင်သောအရာဖြစ်သင့်သည်။ မိသားစုဝင်တစ်ဦးစီသည် သင်အံမှုတွင် စိတ်ထက်ထက်သန်သန်ပါဝင်ခြင်းဖြင့် ယင်းကိုထောက်ခံသင့်သည်။ အိမ်ထောင်ဦးစီးသည် လေ့လာမည့်အကြောင်းအရာနှင့် နေ့၊ အချိန်နှင့် သင်အံမှုကြာချိန်ကို ရွေးချယ်သောအခါ မိသားစု၏လိုအပ်ရာများကို ထည့်သွင်းစဉ်းစားလိုပေမည်။ မိသားစုသင်အံမှုကို ပတ်စဉ်ဇယားတွင် ဦးစားပေးပါ။ သိပ်အရေးမကြီးသောကိစ္စများကြောင့် အပျက်မခံပါနှင့်။—ဖိ. ၁:၁၀၊ ၁၁။
၄ မိမိ၏အိမ်တွင် အလုပ်ကိစ္စနှင့်ပတ်သက်၍ မကြာခဏဖုန်းအခေါ်ခံရလေ့ရှိသည့် ဖခင်တစ်ဦးသည် မိသားစုသင်အံမှုပြုချိန်တွင် တယ်လီဖုန်းကိုဖြတ်ထားခဲ့သည်။ အိမ်သို့ဖောက်သည်များရောက်လာခဲ့လျှင် သင်အံမှုတွင်ပါဝင်ရန် သို့မဟုတ် ပြီးသည်အထိစောင့်ရန် သူတို့ကိုဖိတ်ခေါ်သည်။ ဖခင်သည် မိသားစုသင်အံမှုကို လုံးဝအနှောင့်အယှက်မရှိစေရန် စိတ်ပိုင်းဖြတ်ထားသည်။ ယင်းက သူ၏သားသမီးများကို အလွန်စွဲမှတ်သွားစေကာ သူ၏လုပ်ငန်းမှာမူ တိုးတက်ကြီးပွားလာသည်။
၅ ဝိညာဉ်ရေးလုပ်ဆောင်မှုများတွင် မိသားစုဝင်များ ပူးပေါင်းလုပ်ဆောင်ကြသောအခါ လွန်စွာပင် နှစ်ထောင်းအားရစရာကောင်းသည်! မိသားစုသင်အံမှုတွင် အပြည့်အဝပါဝင်ရန်ကြိုးစားရာ၌ သစ္စာရှိခြင်းက ယေဟောဝါ၏ကောင်းချီးများကို ခံစားရစေမည်ဖြစ်သည်။—ဆာ. ၁:၃။