ယေဟောဝါ၏ဘုန်းတော်ကို ကြေညာကြလော့
၁ ဆာလံဆရာ ဤသို့ကြွေးကြော်ခဲ့၏– “မြေကြီးသားအပေါင်းတို့ ထာဝရဘုရားအား သီချင်းဆိုကြလော့။ . . . ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသောလူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။” ကျွန်ုပ်တို့အတွက် ယေဟောဝါ ပြုလုပ်ပေးပြီး၊ ပြုလုပ်ပေးနေဆဲ၊ ပြုလုပ်ပေးဦးမည့်အရာတို့ကို ဆင်ခြင်သုံးသပ်သည့်အခါ ကျွန်ုပ်တို့၏နှလုံးသည် ကိုယ်တော်၏ဘုန်းတော်ကို ကြေညာရန် စေ့ဆော်ခံရ၏။—ဆာ. ၉၆:၁၊ ၃။
၂ ကျွန်ုပ်တို့၏ဓမ္မအမှုတွင်– ယေဟောဝါသက်သေများသည် ဘုရားသခင်၏နာမတော်ကို ခံယူပြီး ယင်းနာမတော်ကို ကမ္ဘာတစ်ဝန်း လူသိရှင်ကြား ချီးမွမ်းခွင့်ရရှိထားကြသည်။ (မာလ. ၁:၁၁) ဘုရားသခင့်နာမတော်ကို ဘာသာပြန်ကျမ်းများမှ ဖယ်ထုတ်ရဲကြသော ခရစ်ယာန်ဘောင်ဓမ္မဆရာများနှင့် ကွာခြားလိုက်လေခြင်း။ လာလတ္တံ့သော ကြီးစွာသောဆင်းရဲဒုက္ခကို ကပ်ကျော်နိုင်ရန် ယုံကြည်ခြင်းဖြင့် ဘုရားသခင့်နာမတော်ကိုအမှီပြု၍ ဆုတောင်းရမည်ဖြစ်သောကြောင့် နာမတော်ထင်ရှားရေးလုပ်ငန်းသည် အရေးတကြီးလုပ်ဆောင်ရမည့်လုပ်ငန်းဖြစ်၏။ (ရော. ၁၀:၁၃-၁၅) ထို့ပြင် လူသားများစပ်ကြား ငြိမ်သက်မှုအပါအဝင် စကြဝဠာငြိမ်သက်မှုသည် ဘုရားသခင်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းအပေါ် မူတည်သည်။ ဘုရားသခင်၏အမှုတော်ရှိသမျှသည် ကိုယ်တော့်နာမတော်နှင့် ဆက်စပ်လျက်ရှိသည်။
၃ “ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။” သို့သော် “ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု” လူတို့ “ဝန်ခံ” ရန် ကိုယ်တော်နှင့်ပတ်သက်သည့် အမှန်တရားကို သိရှိကြရမည်။ (ဆာ. ၉၆:၄၊ ၈) သို့ရာတွင် လူတချို့သည် ဘုရားသခင်ရှိတော်မူကြောင်းကိုပင် လက်မခံကြချေ။ (ဆာ. ၁၄:၁) အချို့ကမူ ကိုယ်တော့်တွင် တန်ခိုးမရှိဟု ရှုတ်ချပြောဆိုကြသည်။ သို့မဟုတ် လူ့အရေးကိစ္စများကို စိတ်မဝင်စားဟု ပြောဆိုကြ၏။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ ကိုယ်တော်၏ရည်ရွယ်ချက်၊ ကိုယ်တော်၏နှစ်သက်ဖွယ်အရည်အသွေးတို့နှင့်ပတ်သက်သည့် တိကျမှန်ကန်သော အသိပညာကို စိတ်နှလုံးရိုးဖြောင့်သူများ သိရှိစေရန် ကျွန်ုပ်တို့ကူညီပေးကြစဉ် ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေကြသည်။
၄ ကျွန်ုပ်တို့၏အမူအကျင့်ဖြင့်– ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများနှင့်အညီ နေထိုင်ခြင်းက ကိုယ်တော့်အား ဂုဏ်တင်ရာရောက်၏။ ကျွန်ုပ်တို့၏အမူအကျင့်ကောင်းကို သတိမပြုမိဘဲ မနေပါ။ (၁ ပေ. ၂:၁၂) ဥပမာ၊ ကျွန်ုပ်တို့၏သန့်ရှင်းသပ်ရပ်သောကိုယ်အသွင်အပြင်ကြောင့် တခြားသူများ၏ချီးမွမ်းမှုကိုခံရပြီး သမ္မာကျမ်းစာပါမူများနှင့်အညီ နေထိုင်ခြင်းအကျိုးကျေးဇူးများအကြောင်းကို ပြောပြခွင့်ရရှိကြ၏။ (၁ တိ. ၂:၉၊ ၁၀) တခြားသူများသည် ‘ကျွန်ုပ်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်း’ သည့်အခါ ကျွန်ုပ်တို့ အလွန်အားရကျေနပ်ကြသည်။—မ. ၅:၁၆။
၅ သို့ဖြင့် “ထာဝရဘုရားအား သီချင်းဆို၍ နာမတော်ကို ကောင်းချီးပေးကြလော့။ ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက်တစ်နေ့ ညွှန်ကြားကြလော့” ဟူသောစကားကို ရွှင်လန်းစွာတုံ့ပြန်ကာ ကျွန်ုပ်တို့၏အပြောအဆို၊ အမူအကျင့်တို့ဖြင့် ကျွန်ုပ်တို့၏ခန့်ညားထည်ဝါသောဘုရားသခင်ကို နေ့စဉ် ချီးမွမ်းထောမနာပြုကြစို့။—ဆာ. ၉၆:၂။