ယေရှုချမှတ်ခဲ့သောပုံသက်သေကို လိုက်လျှောက်လော့
၁ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်သည့်အခါ ကျွန်ုပ်တို့၏ပုံသက်သေက အကဲခတ်နေသူများအပေါ် အကြီးအကျယ်သက်ရောက်မှုရှိနိုင်ကြောင်း စိတ်စွဲမှတ်ထားသင့်သည်။ ယေရှုသည် အပြောဖြင့်ရော အလုပ်ဖြင့်ပါ သွန်သင်ပေးခဲ့၏။ ကိုယ်တော်ကို အကဲခတ်နေသူများက ကိုယ်တော်၏ ဇွဲ၊ လူတို့အပေါ်ထားရှိသော မေတ္တာ၊ ခမည်းတော်၏နာမ သန့်ရှင်းမြင့်မြတ်စေရန် အာရုံစူးစိုက်လုပ်ဆောင်မှု၊ ခမည်းတော်၏အလိုတော်ပြီးမြောက်စေရန် စိတ်ပိုင်းဖြတ်ထားမှုတို့ကို တွေ့မြင်နိုင်ကြသည်။—၁ ပေ. ၂:၂၁။
၂ တစ်အိမ်မှတစ်အိမ်အမှုဆောင်ရာတွင်– ယေရှုနည်းတူ ကျွန်ုပ်တို့၏ပုံသက်သေသည် ကျွန်ုပ်တို့နှင့်အတူအမှုဆောင်နေသူများအပေါ် အကျိုးသက်ရောက်မှုရှိ၏။ ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ဇွဲရှိရှိပါဝင်သည်ကို အတွေ့အကြုံနုနယ်သော ကြေညာသူလူသစ်များ တွေ့မြင်သောအခါ သူတို့၏လုပ်ဆောင်မှုအတိုင်းအတာကို ပြန်ဆန်းစစ်ပေမည်။ ကျွန်ုပ်တို့၏ပျော်ရွှင်မှုနှင့် အခြားသူတို့အား စိတ်ဝင်စားမှုကို သူတို့တွေ့မြင်ရသည့်အခါ ဓမ္မအမှုတွင် ထိုအရည်အသွေးများတင်ပြခြင်း၏ အရေးကြီးမှုကို သူတို့အမှတ်ရပေမည်။ ကျွန်ုပ်တို့သည် ကျမ်းစာအသုံးပြုရာတွင်၊ ပြန်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုများကျင်းပရာတွင် ဇွဲရှိရှိကြိုးစားနေကြောင်း သတိပြုမိသောအခါ သူတို့လည်း ထိုနည်းတူလုပ်ဆောင်ရန် လှုံ့ဆော်မှုဖြစ်စေသည်။
၃ ကျမ်းစာသင်အံမှုကျင်းပရာတွင်– ကျွန်ုပ်တို့၏ကျမ်းစာသင်သားများသည် ကျွန်ုပ်တို့၏အကျင့်အကြံကို အထူးအကဲခတ်နေသည်။ ဥပမာ၊ ကြိုတင်ပြင်ဆင်ခြင်း၊ ကျမ်းချက်များဖွင့်ဖတ်ခြင်း၊ အဓိကအချက်များကို မျဉ်းသားခြင်းသည် အရေးကြီးကြောင်း သူတို့ကိုရှင်းပြထားမည်ဖြစ်သော်လည်း ကျွန်ုပ်တို့ကိုယ်တိုင် ကြိုတင်ပြင်ဆင်မှုရှိမရှိ သူတို့သတိပြုပေလိမ့်မည်။ (ရော. ၂:၂၁) ကျွန်ုပ်တို့သည် ကျမ်းစာသင်အံရန် ချိန်းဆိုရာတွင် အချိန်လေးစားမည်ဆိုလျှင် သူတို့လည်း အခြားလုပ်ဆောင်မှုများကြောင့် သင်အံမှုကို အနှောင့်အယှက်မဖြစ်စေရန် ကြိုးစားပေလိမ့်မည်။ ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်နှင့် ခိုင်မြဲသောယုံကြည်ခြင်းကိုလည်း သူတို့တွေ့မြင်ကြပေမည်။ ထို့ကြောင့် ယေရှု၏ပုံသက်သေကို အနီးကပ်လိုက်လျှောက်သူများ၏ သင်သားများသည် ဇွဲထက်သန်ပြီး အောင်မြင်သော သတင်းကောင်းကြေညာသူများ ဖြစ်လာလေ့ရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။
၄ အသင်းတော်အစည်းအဝေးများတက်ရောက်ရာတွင်– အသင်းတော်ရှိခရစ်ယာန်အားလုံးလည်း အစည်းအဝေးများတွင် ပုံသက်သေပြခြင်းဖြင့် သင်ကြားပေးခွင့်ရရှိထားသည်။ အသင်းတော်အစည်းအဝေးများကို စတင်တက်ရောက်နေသော စိတ်ဝင်စားသူများသည် ထိုတွင် သူတို့မြင်တွေ့နေရသော ပုံသက်သေကောင်းများမှ အကျိုးခံစားရကြသည်။ နွေးထွေးသောပေါင်းသင်းမှု၊ ခရစ်ယာန်စည်းလုံးမှုနှင့် ဣန္ဒြေရှိသောဝတ်စားဖြီးလိမ်းမှုတို့ကို သူတို့ သတိပြုမိပေမည်။ (ဆာ. ၁၃၃:၁) အစည်းအဝေးမှန်မှန်တက်ရောက်ခြင်းနှင့် ထိုတွင် ပါဝင်ဖြေဆိုခြင်းကိုလည်း သူတို့တွေ့မြင်ကြပေမည်။ ကလေးမတစ်ဦးသည် ကျမ်းချက်ကို သူ၏ကိုယ်ပိုင်ကျမ်းစာတွင် ချက်ချင်းလိုက်ဖွင့်နိုင်ပြီး အာရုံစူးစိုက်၍ လိုက်ဖတ်ရှုနေသည်ကို အစည်းအဝေးတက်ရောက်သူ ဧည့်သည်တစ်ဦး တွေ့မြင်သွားသည်။ ထိုကလေးမ၏ပုံသက်သေက ကျမ်းစာသင်အံမှုတောင်းဆိုရန် သူ့ကိုလှုံ့ဆော်ပေးခဲ့သည်။
၅ အချင်းချင်း၏ပုံသက်သေကောင်းကို တုပကြရန် ကျမ်းစာတိုက်တွန်းထားသည်။ (ဖိ. ၃:၁၇; ဟေဗြဲ ၁၃:၇) ထို့ကြောင့် ယေရှု၏ပုံသက်သေကို ကျွန်ုပ်တို့အနီးကပ်လိုက်လျှောက်မည်ဆိုလျှင် ယင်းကို အခြားသူများတွေ့မြင်ပြီး သူတို့အပေါ် ကောင်းကျိုးသက်ရောက်နိုင်ကြောင်း အမှတ်ရနေသင့်သည်။ ထို့ကြောင့် ၁ တိမောသေ ၄:၁၆ တွင်တွေ့ရသော ဤစကားကို နှလုံးသွင်းကြစို့– “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။”
[လေ့လာရန်မေးခွန်းများ]
၁။ ယေရှု အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။
၂။ ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ပုံသက်သေက ကျွန်ုပ်တို့နှင့်အတူအမှုဆောင်နေသူများအပေါ် အဘယ်နည်းများဖြင့် အကျိုးသက်ရောက်မှုရှိနိုင်သနည်း။
၃။ ကျွန်ုပ်တို့၏ပုံသက်သေအားဖြင့် ကျမ်းစာသင်သားများကို မည်သို့သွန်သင်ပေးနိုင်ပြီး သူတို့ အဘယ်အရာသင်ယူသိရှိနိုင်မည်နည်း။
၄။ အသင်းတော်အစည်းအဝေးများကို တက်ရောက်စဉ် ကျွန်ုပ်တို့၏ပုံသက်သေက အဘယ်အရာသင်ပေးနိုင်သနည်း။
၅။ ကျွန်ုပ်တို့ပုံသက်သေ၏အရေးကြီးမှုကို အဘယ်ကြောင့် လျှော့မတွက်သင့်သနည်း။