ဘုရားသခင်၏လမ်းစဉ်တွင် လျှောက်လှမ်းရန်စိတ်နှိမ့်ချသူများကို သွန်သင်ပါ
၁။ တပည့်ဖြစ်စေခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၁ ခရစ်တော်၏ ပထမရာစုတပည့်များသည် “လမ်းစဉ်တော်” အတိုင်းလျှောက်ခဲ့ကြသည်ဟုဆို၏။ (တ. ၉:၂၊ ခေတ်သုံးမြန်မာစကား) စစ်မှန်သောခရစ်ယာန်ဘာသာသည် လူတစ်ဦး၏ ဘဝလမ်းစဉ်တစ်ခုလုံးနှင့်သက်ဆိုင်သည်။ (သု. ၃:၅၊ ၆) ထို့ကြောင့် ကျမ်းစာသင်အံမှုများကျင်းပသည့်အခါ ကျမ်းစာအယူဝါဒဆိုင်ရာ တိကျမှန်ကန်သောအသိပညာ ပေးရုံထက်မကလိုသည်။ ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းရန်လည်း ကျမ်းစာသင်သားများကို ကူညီပေးရမည်။—ဆာ. ၂၅:၈၊ ၉။
၂။ ဘုရားသခင့်ပညတ်တော်များကို စောင့်ရှောက်ရန် ကျမ်းစာသင်သားတစ်ဦးအား အဘယ်အရာက လှုံ့ဆော်ပေးနိုင်သနည်း။
၂ ယေဟောဝါနှင့် ယေရှုကိုချစ်ပါ– မိမိတို့၏အတွေးအခေါ်၊ သဘောထား၊ အပြောအဆိုနှင့် အကျင့်အကြံတို့ကို ဘုရားသခင်၏အလိုတော်နှင့်ကိုက်ညီစေဖို့ဟူသည် မစုံလင်သူလူသားများအတွက် အလွန်ပင်ခက်၏! (ရော. ၇:၂၁-၂၃; ဧ. ၄:၂၂-၂၄) သို့သော် ဘုရားသခင်နှင့် ကိုယ်တော့်သားတော်ကို ချစ်သည့်မေတ္တာက စိတ်နှိမ့်ချသူများအား ဤခက်ခဲသောအလုပ်ကိုလုပ်ရန် လှုံ့ဆော်ပေး၏။ (ယော. ၁၄:၁၅; ၁ ယော. ၅:၃) ဤမေတ္တာကိုမွေးမြူရန် ကျွန်ုပ်တို့၏သင်သားများအား မည်သို့ကူညီနိုင်သနည်း။
၃။ ယေဟောဝါနှင့် ယေရှုကိုချစ်သည့်မေတ္တာမွေးမြူရန် သင်သားများအား မည်သို့ကူညီပေးနိုင်သနည်း။
၃ ယေဟောဝါသည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း သင်၏သင်သားသိရှိရန် ကူညီပေးပါ။ “လူတို့သည် မသိကျွမ်းသူတစ်ဦးကို မချစ်နိုင်သည့်အတွက် သင်အံမှုစကတည်းကပင် ကျမ်းစာတွင်ရှိ ဘုရားသခင်၏နာမတော်ကို ကျွန်တော်သွန်သင်ပေးပြီး ယေဟောဝါ၏အရည်အသွေးများကို အလေးအနက်ပေါ်လွင်စေရန် အခွင့်ကောင်းများရှာယူပါသည်” ဟု ညီအစ်ကိုတစ်ဦးက ရှင်းပြသည်။ ယေရှု၏ပုံသက်သေတို့ကို အလေးပေးဖော်ပြခြင်းသည် ထိုသို့ပြုရန် အကောင်းဆုံးနည်းဖြစ်၏။ (ယော. ၁:၁၄; ၁၄:၉) ထို့ပြင် ဘုရားသခင်နှင့် ကိုယ်တော့်သားတော်၏ အံ့ချီးဖွယ်အရည်အသွေးများကို စဉ်းစားဆင်ခြင်ရန် သင်သားအား ကူညီပေးဖို့ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်၏ အခန်းတစ်ခန်းစီအဆုံးရှိ ပြန်လည်သုံးသပ်သည့် လေးထောင့်ကွက်ကို အသုံးပြုပါ။
၄။ (က) ဟောပြောခြင်းသည် အဘယ်ကြောင့် သင်သားများစွာအတွက် စိန်ခေါ်ချက်ဖြစ်သနည်း။ (ခ) ခရစ်ယာန်ဓမ္မအမှုတွင် စတင်ပါဝင်ရန် ကျွန်ုပ်တို့၏သင်သားများကို မည်သို့ကူညီပေးနိုင်သနည်း။
၄ ပုံသက်သေဖြင့် သွန်သင်ပါ– သွန်သင်၊ လမ်းပြသူများအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏လမ်းစဉ်၌ လျှောက်လှမ်းခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်း မိမိတို့၏အပြုအမူများအားဖြင့် အခြားသူများကို ပြသကြသည်။ (၁ ကော. ၁၁:၁) ဥပမာ၊ ကျမ်းစာသင်သားအများစုသည် မိမိတို့၏ယုံကြည်ချက်များကို သူစိမ်းများထံ ချဉ်းကပ်ပြောပြလေ့မရှိကြချေ။ ထို့ကြောင့် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင်ပါဝင်ရန် လိုအပ်သည့်မေတ္တာ၊ ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိရှိရန် သူတို့ကိုကူညီပေးဖို့ စိတ်ရှည်မှုနှင့် ကျွမ်းကျင်မှုလိုအပ်သည်။ (၂ ကော. ၄:၁၃; ၁ သက်. ၂:၂) ကျွန်ုပ်တို့၏သင်သားများအား လမ်းပြပေးလိုသည့်ဆန္ဒက ခရစ်ယာန်ဓမ္မအမှုတွင် စတင်ပါဝင်သည့်အခါ သူတို့နှင့်အတူလိုက်၍ အကူအညီပေးရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါမည်။
၅။ ဘုရားသခင့်ပညတ်တော်များကို လိုက်လျှောက်ခြင်းတွင် အဘယ်အရာပါဝင်ကြောင်း သင်သားများသတိပြုမိရန် ကောင်းသောပုံသက်သေက မည်သို့ကူညီပေးနိုင်သနည်း။
၅ အခြားအရေးကြီးသည့် ခရစ်ယာန်အသက်ရှင်နေထိုင်မှုကဏ္ဍများတွင် သင်၏ပုံသက်သေဖြင့် သင်သားများကို သွန်သင်ပေးနိုင်သည်။ ဖျားနာသူများထံ သင် လည်ပတ်သည့်အခါ သို့မဟုတ် အသင်းတော်အစည်းအဝေးများတွင် အခြားသူများကို ဖော်ရွေစွာနှုတ်ဆက်သည့်အခါ လုပ်ရပ်ဖြင့်ပြသောမေတ္တာကို သူတို့တွေ့မြင်ကြရသည်။ (ယော. ၁၅:၁၂) သင်သည် နိုင်ငံတော်ခန်းမ သန့်ရှင်းရေးလုပ်ရာတွင် ပါဝင်သည့်အခါ သို့မဟုတ် အခြားသူများအတွက် အကူအညီဖြစ်စေသည့်အရာများ ဆောင်ရွက်ပေးသည့်အခါ သူတို့အား မည်သို့လုပ်ဆောင်ရမည်ကို သင်ပေးနေခြင်းဖြစ်သည်။ (ယော. ၁၃:၁၂-၁၅) သင်သည် ရိုးရှင်းသောဘဝပုံစံကို ထိန်းသိမ်းထားကြောင်း သူတို့သတိပြုမိသည့်အခါ ‘နိုင်ငံတော်ကို ရှေးဦးရှာခြင်း’ သည် အဘယ်အရာကိုဆိုလိုကြောင်း သူတို့သဘောပေါက်ကြသည်။—မ. ၆:၃၃။
၆။ ယေဟောဝါ၏အမှုတော်ဆောင်ရန် စိတ်နှိမ့်ချသူများအား ကူညီပေးခြင်းမှ အဘယ်အကျိုးရလဒ်များရရှိသနည်း။
၆ အခြားသူများအား ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြင့် သွန်သင်ပေးခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် လုံ့လစိုက်ထုတ်မှု များစွာလိုအပ်၏။ သို့သော် စိတ်နှိမ့်ချသူများ “သမ္မာတရား၌ ဆက်လက်လျှောက်လှမ်း” နေသည်ကို တွေ့မြင်ရခြင်းသည် အလွန်ဝမ်းသာစရာပင်!—၃ ယော. ၄၊ ကဘ။