နှလုံးကြေကွဲသောသူတို့ကို နှစ်သိမ့်ပေးပါ
၁ လူ့သမိုင်းတွင် ယခုအချိန်လောက် နှစ်သိမ့်မှုလိုအပ်သည့်အချိန် မရှိခဲ့ပေ။ ထို့ကြောင့် ကျွန်ုပ်တို့၏ဘုရင်ယေရှုခရစ်ကို တုပသည့်အနေဖြင့် ကျွန်ုပ်တို့လည်း “နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်း” ပေးကြသည်။—ဟေရှာ. ၆၁:၁။
၂ နှစ်သိမ့်မှုပေးနိုင်ပုံ– ဓမ္မအမှုတွင် လူတို့ကို နှစ်သိမ့်ပေးနိုင်ရန် ကျွန်ုပ်တို့၏တင်ဆက်ပုံသည် မျှတမှုနှင့် အပြုသဘောရှိသင့်၏။ စကားစမြည်ပြောရာတွင် ကမ္ဘာပေါ်ရှိ ဆိုးသွမ်းမှုများ၊ မှားယွင်းသောအယူဝါဒများအကြောင်း အနည်းငယ်သာပြောဆိုပြီး ကျမ်းစာအမှန်တရားအကြောင်း၊ မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုပေးသော ဘုရားသခင့်ကတိတော်များအကြောင်း အဓိကပြောဆိုကြသည်။ ယင်းက အာမဂေဒုန်အကြောင်း မပြောသင့်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့၏တာဝန်မှာ “ထာဝရဘုရား၏မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာနေ့ရက်ကာလကို” ကြေညာရန်ဖြစ်ပြီး “လူဆိုးအားသတိပေး” ရန်ဖြစ်သည်။ သို့သော် အာမဂေဒုန်အကြောင်း သတိပေးခြင်း၊ ထိုနေ့တွင်ဖြစ်ပျက်မည့် ဖျက်ဆီးခြင်းဘေးအကြောင်း ပြောဆိုခြင်းတို့က ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မလွှမ်းမိုးသင့်ပေ။—ဟေရှာ. ၆၁:၂; ယေဇ. ၃:၁၈; မ. ၂၄:၁၄။
၃ တစ်အိမ်မှတစ်အိမ်– ဖျားနာခြင်း၊ ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားခြင်း၊ တရားမမျှတခြင်းနှင့် စီးပွားရေးကျပ်တည်းခြင်းတို့ကြောင့် စိတ်ဓာတ်ကျနေသူများကို ကျွန်ုပ်တို့ တွေ့ဆုံရလေ့ရှိသည်။ ထိုအခါ ခရစ်တော်ကို တုပသူများအနေဖြင့် ကျွန်ုပ်တို့သည် ဓမ္မအမှုတွင်တွေ့ဆုံသူများကို “သနား” ပြီး စာနာထောက်ထားမှု တင်ပြကြသည်။ (လု. ၇:၁၃; ရော. ၁၂:၁၅) သူတို့အား သက်ဆိုင်ရာကျမ်းချက် တစ်ချက်နှစ်ချက် ဖတ်ပြမည်ဖြစ်သော်လည်း သူတို့၏ခံစားချက်များကို ထုတ်ဖော်ပြောဆိုခွင့်ပေးခြင်းဖြင့် “နားကြားခြင်းငှာလျင်မြန်” သူများဖြစ်ကြရမည်။ (ယာ. ၁:၁၉) ဦးဆုံး နားထောင်ပြီးနောက်မှသာ သူတို့ကို ကောင်းစွာနှစ်သိမ့်ပေးနိုင်မည်ဖြစ်သည်။
၄ စကားစမြည်ပြောဆိုနေစဉ် သင့်တော်သည့်အချိန်တွင် “ခင်ဗျားကို ကျမ်းစာထဲက အားရှိစရာကောင်းတဲ့အချက်တချို့ ပြောပြချင်တယ်” ဟုပြောနိုင်သည်။ အိမ်ရှင်၏အယူအဆအမှားတိုင်းကို ချေပပြောဆိုခြင်းမပြုမိစေရန် ကောင်းစွာချင့်ချိန်သင့်သည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ သူ၏စိတ်နှလုံးကို ခွန်အားရှိစေမည့် ကျမ်းချက်များသုံးခြင်းဖြင့် အားပေးနှစ်သိမ့်ရန်ဖြစ်သင့်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်၊ စာမျက်နှာ ၄၁၈-၄၂၂ ပါ “အားပေးခြင်း” ခေါင်းစဉ်အောက်ရှိ အကြောင်းအရာကို ဖတ်ရှုနိုင်သည်။ သို့မဟုတ် စိတ်ဓာတ်ကျဆင်းသူများအတွက် နှစ်သိမ့်မှုဟူသော ဝေစာကို ဝေငှပြီး ထိုတွင်ပါသော အားတက်ဖွယ်အကြောင်းအရာကို ဆွေးနွေးနိုင်သည်။
၅ အခြားသူများအား နှစ်သိမ့်ပေးနိုင်ရန် အခွင့်အရေးရှာယူပါ– နှစ်သိမ့်မှုလိုအပ်နေသော အိမ်နီးချင်း၊ အလုပ်ဖော်၊ ကျောင်းနေဖက်၊ သို့မဟုတ် မိသားစုဝင်တစ်ဦးကို သင်သိပါသလော။ သူတို့အိမ်သို့လည်ပတ်ပြီး ကျမ်းစာဖြင့်နှစ်သိမ့်ပေးရန် ကြိုးစားပါလေ။ သူတို့ အဘယ်ကြောင့် နှစ်သိမ့်မှုလိုအပ်နေကြောင်း သင်သိထားမည်ဆိုလျှင် ထိုသတ်သတ်မှတ်မှတ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်နိုင်ပါသည်။ အချို့သည် စာရေးခြင်း သို့မဟုတ် တယ်လီဖုန်းဆက်ခြင်းဖြင့် နှစ်သိမ့်စကားပြောကြသည်။ လူသားချင်းကို မေတ္တာစစ်ဖြင့်ချစ်ခြင်းက ကိုယ်ချင်းစာနာမှုတင်ပြရန်၊ ကျမ်းစာဖြင့် လိုအပ်သောနှစ်သိမ့်မှုပေးရန် လှုံ့ဆော်ပါလိမ့်မည်။—လု. ၁၀:၂၅-၃၇။
၆ မှန်ပါသည်၊ ညည်းတွားငိုကြွေးသူတို့ကို နှစ်သိမ့်ပေးရန်၊ နှလုံးကြေကွဲသောသူတို့ကို ဖေးမကူညီရန်၊ တောက်ပသည့်အနာဂတ်မျှော်လင့်ချက်အကြောင်း သွန်သင်ပေးရန် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ ယင်းသည် ကမ္ဘာတစ်ဝန်းရှိလူတို့ လိုအပ်နေသော နှစ်သိမ့်မှုပင်ဖြစ်၏။ ဘုရားသခင်ကတိပြုတော်မူသော ကောင်းမြတ်သည့်အရာများအကြောင်း ဝမ်းမြောက်စွာပြောပြခြင်းက စိတ်ရိုးဖြောင့်သူများကို နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ရှိစေပါလိမ့်မည်။ နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းပေးဖို့လိုကြောင်း ကျွန်ုပ်တို့ အမြဲအမှတ်ရနေကြပါစို့။