ကြွယ်ဝသောစည်းစိမ်သည် သင့်အတွက်ဖြစ်နိုင်!
၁။ မှန်မှန်ရှေ့ဆောင်လုပ်ရန် အဘယ်ကြောင့် စဉ်းစားသင့်သနည်း။
၁ သင်သည် ဘဝတွင် ပို၍ပျော်ရွှင်ပြီး ပို၍အဓိပ္ပာယ်ပြည့်ဝနိုင်ရန် ကြိုးစားနေသလော။ အခြားသူများကိုကူညီရာတွင် ပျော်ရွှင်မှုနှင့်ကျေနပ်ရောင့်ရဲမှု ခံစားနေရပါသလော။ ယေဟောဝါအတွက် သင်ပို၍အမှုဆောင်လိုသလော။ ထိုမေးခွန်းများကို ဟုတ်သည်ဟု ဖြေဆိုမည်ဆိုလျှင် သင် မှန်မှန်ရှေ့ဆောင်လုပ်ရန် စဉ်းစားသင့်သည်။ သို့သော် မိသားစုတာဝန်၊ အခြားကျမ်းဆိုင်ရာတာဝန်များအပြင် ကျန်းမာရေးနှင့် ကာယရေးကန့်သတ်ချက်များကိုလည်း ထည့်သွင်းသုံးသပ်ရမည်။
၂။ မှန်မှန်ရှေ့ဆောင်များရရှိထားသော ဝိညာဏကြွယ်ဝမှုအချို့ကို ဖော်ပြပါ။
၂ ရှောလမုန်၏မှုတ်သွင်းခံရေးသားချက်တွင် ယေဟောဝါ၏ကောင်းချီးကို စည်းစိမ်ကြွယ်ဝမှုနှင့်ဆက်စပ်ထားသည်။ (သု. ၁၀:၂၂) ယနေ့၊ ယေဟောဝါ၏ကောင်းချီးသည် အထူးသဖြင့် ကြွယ်ဝသောဝိညာဏစည်းစိမ်ကို ဖြစ်စေသည်။ မှန်မှန်ရှေ့ဆောင်များသည် ထိုစည်းစိမ်များကို ကြွယ်ဝစွာရရှိထားကြသည်။ ဥပမာ၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင်လိုက်စားမှုများမှ “အချိန်ကိုဝယ်ယူ” ကာ အခြားသူများကိုပေးကမ်းခြင်းတွင် ကြီးစွာသောရွှင်လန်းမှုခံစားနေကြသည်။ (ကော. ၄:၅၊ ကဘ; တ. ၂၀:၃၅) သူတို့၏မေတ္တာပါလုပ်ဆောင်မှုများကို ယေဟောဝါ သိရှိပြီးတန်ဖိုးထားတော်မူသည်။ ထို “ကောင်းကင်ဘုံ၌ဘဏ္ဍာ” သည် မည်သည့်အခါမျှ တန်ဖိုးလျော့နည်းသွားမည်မဟုတ်ပေ။ (မ. ၆:၂၀; ဟေဗြဲ ၆:၁၀) ထို့ပြင် ရှေ့ဆောင်များအနေနှင့် “မျက်စိကိုရိုးရှင်း” စေကြပြီး လိုအပ်ရာများကို ယေဟောဝါထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယုံကြည်ကြသည့်အတွက် ကိုယ်တော်နှင့် ဆက်ဆံရေးပိုခိုင်မာလာသည်။—မ. ၆:၂၂၊ ၂၅၊ ၃၂၊ ကဘ; ဟေဗြဲ ၁၃:၅၊ ၆။
၃။ ဝိညာဏစည်းစိမ်ကြွယ်ဝရန် ကြိုးစားခြင်းနှင့် လောကစည်းစိမ်ကြွယ်ဝရန် ကြိုးစားခြင်းတို့၏ ခြားနားချက်ကား အဘယ်နည်း။
၃ လောကစည်းစိမ်ကြွယ်ဝရန် ကြိုးစားခြင်းသည် “အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်း” ခြင်းသို့ ဦးတည်လေ့ရှိ၏။ (၁ တိ. ၆:၉၊ ၁၀; ယာ. ၅:၁-၃) ယေဟောဝါ၏ကောင်းချီးများမူကား ထိုသို့လုံးဝမဟုတ်ပါ။ ဓမ္မအမှုတွင် အချိန်များစွာအသုံးပြုခြင်းက မှန်မှန်ရှေ့ဆောင်များအား ဝိညာဉ်ရေးဟန်ချက်ကို ညီမျှစေပြီး သာ၍အရေးကြီးသောအရာများကို အာရုံစိုက်စေနိုင်သည်။ (ဖိ. ၁:၉-၁၁၊ ကဘ) ညီအစ်ကိုတစ်ဦးသည် အချိန်စားသောအင်ဂျင်နီယာအလုပ်ကိုစွန့်၍ ရှေ့ဆောင်လုပ်ခဲ့သည်။ သူဤသို့ပြောခဲ့သည်– “လောကအလုပ်က စိတ်ဖိစီးမှုသိပ်များတယ်။ ရှေ့ဆောင်လုပ်ငန်းကျတော့ အဲဒီလိုမဟုတ်ဘူး။ အခု ကျွန်တော် လူတွေကိုကူညီနိုင်ပြီး သမ္မာတရားသင်ပေးနိုင်ပြီ။ လူတွေကို သမ္မာတရားလက်ခံလာအောင် ကူညီရတာက ကျေနပ်ရောင့်ရဲစရာကောင်းပြီး စိတ်ဝင်စားစရာကောင်းတယ်။”
၄။ မှန်မှန်ရှေ့ဆောင်များသည် အခြားသူများအတွက် ကောင်းချီးများသယ်ဆောင်သွားစဉ် သူတို့ကိုယ်တိုင် မည်သို့ကောင်းချီးခံစားရသနည်း။
၄ အခြားသူတို့အတွက်ကောင်းချီးများ– ယနေ့၊ လူတိုင်းသည် “ခဲယဉ်းသောကာလ” တွင် အသက်ရှင်နေကြသည်။ (၂ တိ. ၃:၁) နေရာအနှံ့တွင် လူတို့သည် မျှော်လင့်ချက်အလွန်လိုအပ်နေသည်။ သတင်းကောင်းကြွေးကြော်သူများသည် မျှော်လင့်ချက်မဲ့နေသူတို့အား သတင်းကောင်းကို လက်ခံတုံ့ပြန်လာစေရန် ကူညီပေးရသောကြောင့် အလွန်ရွှင်လန်းမှုခံစားနေကြသည်။ ဤအသက်ကယ်လုပ်ငန်းတွင် နှစ်စဉ် နာရီပေါင်း ၈၀၀ ကျော်အသုံးပြုနေသည့် မှန်မှန်ရှေ့ဆောင်များအတွက် အလွန်ဝမ်းမြောက်စရာပင်။—၁ တိ. ၄:၁၆။
၅၊ ၆။ အဘယ်အရာက သင့်အား မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်စေနိုင်မည်နည်း။
၅ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ရန် သင် အလေးအနက်တွေးတောဖူးသလော။ သိပ်အရေးမကြီးသောလုပ်ဆောင်မှုများမှ အချိန်ကို “ဝယ်ယူ” ဖို့လိုပေမည်။ (ဧ. ၅:၁၅၊ ၁၆၊ ကဘ) လူများစွာသည် ထိုသို့ပြုလုပ်နေပြီး ဘဝကိုရိုးရှင်းစေသောကြောင့် နိုင်ငံတော်အကျိုးစီးပွားအတွက် အချိန်ပိုပေးနိုင်ရန် လောကအလုပ်ချိန်ကိုလျှော့ချနိုင်ခဲ့ကြသည်။ သူတို့နှင့်အတူပူးပေါင်းလုပ်ဆောင်ရန် သင့်ကိစ္စရပ်များကို စီစဉ်နိုင်မည်လော။
၆ လက်တွေ့ကျကျအစီအစဉ်ဆွဲနိုင်ရန် ဉာဏ်ပညာပေးဖို့ ယေဟောဝါထံဆုတောင်းပါ။ (ယာ. ၁:၅) အဘယ်ကောင်းချီးများကို သင် ပြန်မျှော်လင့်နိုင်သနည်း။ ဝိညာဏစည်းစိမ်အလျှံပယ်ကို မျှော်လင့်နိုင်ပါသည်။ ယေဟောဝါသည် သင်လိုအပ်သော ရုပ်ပစ္စည်းများကို ထောက်မခြင်းဖြင့်လည်း ကောင်းချီးပေးတော်မူမည်။ (မ. ၆:၃၃) ဤကဏ္ဍတွင် ယေဟောဝါကိုစုံစမ်းသူတို့သည် “ကောင်းချီးမင်္ဂလာကို အကုန်အစင်” ရရှိပေလိမ့်မည်။—မာလ. ၃:၁၀-၁၁။