သင်သည် သွန်သင်သူတစ်ဦးဖြစ်နိုင်
၁။ ကြေညာသူယောက်တိုင်းအတွက် အဘယ်အခွင့်ထူးရှိသနည်း။
၁ ဓမ္မအမှုတွင် အားရကျေနပ်ဖွယ်အကောင်းဆုံးကဏ္ဍတစ်ခုမှာ တစ်စုံတစ်ဦးကို အမှန်တရား သွန်သင်ပေးရခြင်းဖြစ်၏။ နိုင်ငံတော်သတင်းကို ထိုသူတုံ့ပြန်လာသည်ကို မြင်တွေ့ရခြင်း၊ စကြဝဠာပိုင်သအုပ်စိုးရှင်နှင့်ရင်းနှီးလာရန် သူ့ကို ကူညီပေးရခြင်းသည် ကြည်နူးဖွယ်အတွေ့အကြုံတစ်ရပ်ဖြစ်သည်။ (ယာ. ၄:၈) အမှန်တရားကို တောင့်တနေသူအား သွန်သင်ပေးရန်နှင့် သူ၏ပင်ကိုစရိုက်၊ ရှုမြင်ပုံ၊ အကျင့်အကြံတို့တွင် ထူးထူးခြားခြားပြောင်းလဲလာသည်ကို မြင်တွေ့နိုင်ရန်မှာ ကြေညာသူယောက်တိုင်း၏ ပန်းတိုင်ဖြစ်သင့်သည်။—မ. ၂၈:၁၉၊ ၂၀။
၂။ အချို့သည် ကျမ်းစာသင်အံမှုကျင်းပရန် အဘယ်ကြောင့် တွန့်ဆုတ်နေကြသနည်း၊ ထိုအခက်အခဲကို အောင်မြင်ကျော်လွှားရန် အဘယ်အရာက သူတို့ကို အကူအညီပေးမည်နည်း။
၂ ယေဟောဝါကိုကိုးစားပါ– အတိတ်က သစ္စာရှိကျေးကျွန်များသည် ဘုရားပေးတာဝန်ကိုထမ်းဆောင်ရန် အရည်အချင်းမပြည့်မီဟု ခံစားခဲ့ရသည်။ မောရှေ၊ ယေရမိ၊ အာမုတ်နှင့် အခြားသာမန်လူများသည် ယေဟောဝါဘုရားသခင်ကို ကိုးစားခဲ့ခြင်းကြောင့် သူတို့၏သံသယများ၊ စိုးရိမ်မကင်းဖြစ်မှုများကို အောင်မြင်ကျော်လွှားနိုင်ပြီး ထူးခြားသောတာဝန်ကို ထမ်းဆောင်နိုင်ခဲ့သည်။ (ထွက်. ၄:၁၀-၁၂; ယေ. ၁:၆၊ ၇; အာ. ၇:၁၄၊ ၁၅) တမန်တော်ပေါလုလည်း “ရဲရင့်စွာဟောပြော” ခဲ့သည်၊ တစ်နည်းအားဖြင့် “ဟုတ်တိုင်းမှန်ရာ ဘွင်းဘွင်းပြောဆို” ခဲ့သည်။ မည်သို့အားဖြင့်နည်း။ “ဘုရားသခင်ကိုအမှီပြု၍” ထိုသို့ဟောနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူဖော်ပြသည်။ (၁ သက်. ၂:၂) ထိရောက်သောကျမ်းစာသင်အံမှုများ ကျင်းပနိုင်ရန် ကျွန်ုပ်တို့လိုအပ်သော အကူအညီ၊ ဉာဏ်ပညာနှင့် ခွန်အားကို ယေဟောဝါပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံး ယုံကြည်စိတ်ချနိုင်သည်။—ဟေရှာ. ၄၁:၁၀; ၁ ကော. ၁:၂၆၊ ၂၇; ၁ ပေ. ၄:၁၁။
၃၊ ၄။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်ရာတွင် ထောက်ကူပေးရန် အဘယ်လေ့ကျင့်မှုရရှိထားသနည်း။
၃ လေ့ကျင့်မှုကို လက်ခံပါ– သွန်သင်သူတစ်ဦးအဖြစ် ကျွန်ုပ်တို့ အရည်အချင်းပြည့်မီနိုင်ရန် မဟာသွန်သင်ရှင် ယေဟောဝါဘုရားသခင်သည် ကျမ်းစာအခြေပြု ပညာရေးအစီအစဉ်မှတစ်ဆင့် ပုံမှန်လေ့ကျင့်ပေးနေသည်။ (ဟေရှာ. ၅၄:၁၃; ၂ တိ. ၃:၁၆၊ ၁၇) ကျမ်းစာကို ပို၍နားလည်လာရန်နှင့် ကျမ်းစာအမှန်တရားကိုသွန်သင်နိုင်စွမ်း တိုးတက်လာရန် အတတ်နိုင်ဆုံးကြိုးစားခြင်းဖြင့် ထိုလေ့ကျင့်မှုကို လက်ခံပါ။ ထိုလေ့ကျင့်ပေးမှုကို သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေးတို့တွင် အဓိကရရှိသော်လည်း အသင်းတော်အစည်းအဝေးအားလုံးသည် သမ္မာကျမ်းစာဖြင့်သွန်သင်တတ်ရန် ကျွန်ုပ်တို့ကို လေ့ကျင့်ပေးသည်။
၄ နက်နဲသော ကျမ်းစာအမှန်တရားကိုပင် ရိုးရှင်းသောနည်းများဖြင့် သွန်သင်တတ်ရန် ကြိုးစားပါ။ ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၂၂၇ တွင် ဤသို့ဆိုသည်– “အခြားသူများနားလည်နိုင်အောင် ပြင်ဆင်ဖို့ဆိုလျှင် အကြောင်းအရာကို သင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း နားလည်ထားရမည်။” အစည်းအဝေးများတွင် မှတ်ချက်များပေးခြင်းက အဓိကအချက်များကို စိတ်ထဲမှတ်မိစေပြီး နောင်တွင် ပြန်အသုံးပြုစေနိုင်သည်။ ထို့ကြောင့် ကောင်းစွာပြင်ဆင်ပါ၊ သို့ပြုလျှင် သင်၏သွန်သင်နိုင်စွမ်းအပေါ် ယုံကြည်စိတ်ချမှု တိုးလာပါလိမ့်မည်။
၅။ အသင်းတော်တွင် အဘယ်ထပ်ဆင့်လေ့ကျင့်မှုများက သွန်သင်သူများအဖြစ် တိုးတက်လာရန် ကျွန်ုပ်တို့ကို ကူညီပေးသနည်း။
၅ ခရစ်ယာန်ဓမ္မအမှုဆောင်များသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်စဉ် တစ်ဦးထံမှတစ်ဦးသင်ယူကြသည်မှာ သေချာသည်။ (လု. ၁၀:၁) ဖြစ်နိုင်လျှင် ရှေ့ဆောင်များ၊ အကြီးအကဲများ၊ နယ်လှည့်ကြီးကြပ်မှူးများအပါအဝင် ပါရမီရင့်သောကြေညာသူများနှင့်အတူ ကျမ်းစာသင်အံမှုလုပ်ငန်းတွင် ပါဝင်ပါ။ ကျမ်းစာအမှန်တရားကိုရှင်းပြရန် ကျမ်းစာစာပေများတွင်ပါသော ရိုးရှင်းသောဥပမာများနှင့် အခြားသွန်သင်နည်းများကို သူတို့မည်သို့အသုံးပြုကြောင်း သတိပြုမှတ်သားပါ။ သင့်အနေဖြင့် ပို၍အရည်အချင်းရှိသောသွန်သင်သူတစ်ဦး မည်သို့ဖြစ်လာနိုင်ကြောင်း သူတို့ကို မေးမြန်းပါ။ (သု. ၁:၅; ၂၇:၁၇) ထိုလေ့ကျင့်မှုအားလုံးသည် အမှန်အားဖြင့် ဘုရားသခင်ထံမှ လေ့ကျင့်ပေးမှုဖြစ်သောကြောင့် ကျေးဇူးတင်လေးမြတ်ပါ။—၂ ကော. ၃:၅။
၆။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်သူတစ်ဦးဖြစ်လာရန် အဘယ်အရာ မရှိမဖြစ်လိုအပ်သနည်း။
၆ ယေဟောဝါကိုကိုးစားပါ၊ ကိုယ်တော်၏လေ့ကျင့်ပေးမှုမှ အကျိုးရယူပါ။ သင့်ဆုတောင်းချက်တွင် သင်တိုးတက်လိုကြောင်း ထည့်တောင်းပါ။ (ဆာ. ၂၅:၄၊ ၅) သို့ဆိုလျှင် အခြားသူများအား သင့်နည်းတူ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်သူတစ်ဦးဖြစ်လာရန် ကူညီပေးရခြင်းမှ ပျော်ရွှင်မှုကို သင်ခံစားရနိုင်သည်။