စာဖတ်စွမ်းရည် အကန့်အသတ်ရှိသူများကို သင်ပေးပါ
၁။ ဓမ္မအမှုတွင် အဘယ်စိန်ခေါ်ချက်ကို ကျွန်ုပ်တို့ရင်ဆိုင်ရနိုင်သနည်း။
၁ ဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်နေစဉ် စာဖတ်ရန် အခက်အခဲရှိသူများအား အမှန်တရားသွန်သင်ပေးရသည့် စိန်ခေါ်ချက်ကို ရံဖန်ရံခါ ကြုံတွေ့ရလေ့ရှိသည်။ ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
၂။ ကျွန်ုပ်တို့သည် စာဖတ်စွမ်းရည်အကန့်အသတ်ရှိသူများအား လေးစားကြောင်း မည်သို့ပြသနိုင်သနည်း။ အဘယ်ကြောင့်နည်း။
၂ သူတို့ကို လေးစားကြောင်းပြပါ– ယေဟောဝါအတွက် အရေးပါသည့်အရာမှာ လူတစ်ဦး၏ အတန်းပညာမဟုတ်ဘဲ သူ၏နှလုံးအခြေအနေဖြစ်သည်။ (၁ ရာ. ၁၆:၇; သု. ၂၁:၂) ထို့ကြောင့် ကျွန်ုပ်တို့သည် စာဖတ်စွမ်းရည်အကန့်အသတ်ရှိသူများအား အထင်မသေးပါ။ ကျွန်ုပ်တို့သည် လေးစားမှုနှင့် စိတ်ရှည်မှုတို့ကို တင်ပြသောအခါ ထိုကဲ့သို့သောသူများသည် ကျွန်ုပ်တို့၏အကူအညီကို ပို၍လက်ခံနိုင်ဖွယ်ရှိပေမည်။ (၁ ပေ. ၃:၁၅) ယင်းတွင် ထိုပုဂ္ဂိုလ်အား ကျမ်းချက်တစ်ချက် သို့မဟုတ် စာပိုဒ်တစ်ပိုဒ်ဖတ်ရန် အတင်းမတောင်းဆိုခြင်း ပါဝင်ပေမည်။ လူတစ်ဦးသည် အဖိုးတန်ကျမ်းစာအမှန်တရားများကို ပိုမိုသိရှိလာသောအခါ ဘုရားသခင့်စကားတော်ကို “နေ့ညမပြတ် ဆင်ခြင်အောက်မေ့” ပြီး ဖတ်ရှုရာမှ ရွှင်လန်းမှုခံစားနိုင်ဖို့ မိမိ၏စာဖတ်စွမ်းရည်ကို တိုးတက်စေရန် ပိုမိုစိတ်အားထက်သန်လာပေမည်။—ဆာ. ၁:၂၊ ၃။
၃။ စာဖတ်စွမ်းရည်အကန့်အသတ်ရှိသူများကို သင်ပေးဖို့ အဘယ်သွန်သင်နည်းများကို အသုံးပြုနိုင်သနည်း။
၃ နည်းအမျိုးမျိုးဖြင့် ကျမ်းစာသင်ပေးခြင်း– ရုပ်ပုံများသည် အကောင်းဆုံးသွန်သင်နည်းဖြစ်ပြီး မှတ်မိစေရန် အထောက်အကူပြုသည်။ သင်အသုံးပြုနေသည့်စာအုပ်ထဲမှ ရုပ်ပုံတစ်ပုံတွင် အဘယ်အရာများမြင်တွေ့ကြောင်း ကျမ်းစာသင်သားကို သင်မေးပေမည်။ ထို့နောက် ရုပ်ပုံကသင်ပေးသည့်အရာကို သူနားလည်နိုင်စေရန် သတ်သတ်မှတ်မှတ်မေးခွန်းများကို အသုံးပြုပါ။ ရုပ်ပုံထဲမှ သင်ပေါ်လွင်စေလိုသည့် အချက်အချို့ကို ဖော်ပြသည့် ကျမ်းချက်များသုံးပါ။ သင်ခန်းစာပြန်လည်သုံးသပ်ရာတွင်လည်း ရုပ်ပုံများကို အသုံးပြုနိုင်ပေမည်။ တစ်ကြိမ်တည်းနှင့် အကြောင်းအရာအတော်များများကို မခြုံငုံမိစေပါနှင့်။ သင်ခန်းစာ၏အဓိကအကြောင်းနှင့် အဓိကအချက်များကို အလေးပေးပါ၊ အကြောင်းအရာတွင်မပါသောအချက်များ ဆွေးနွေးခြင်းကို ရှောင်ပါ။ ကျမ်းချက်များကို ကျမ်းစာထဲမှ တိုက်ရိုက်ဖတ်ပါ၊ ဖတ်ရှုခဲ့ရာကို ကျမ်းစာသင်သားနားလည်ကြောင်း သေချာစေရန် မေးခွန်းများကို အသုံးပြုပါ။ ယင်းက ထပ်ဆင့်ကျမ်းစာအမှန်တရားများကို ၎င်းဘာသာ ရှာဖွေနိုင်ရန် ၎င်း၏စာဖတ်စွမ်းရည်ကို တိုးတက်အောင်ပြုလုပ်လိုသည့်ဆန္ဒကို ပိုမိုဖြစ်ပေါ်စေပေမည်။
၄။ ကျွန်ုပ်တို့ကျမ်းစာသင်သား၏ စာဖတ်စွမ်းရည်ကိုတိုးတက်စေရန် မည်သို့ကူညီပေးနိုင်သနည်း။
၄ စာဖတ်ခြင်းကို တိုးတက်စေသည့် အကူအညီများ– စာဖတ်စွမ်းရည်အကန့်အသတ်ရှိသော သို့မဟုတ် သွက်လက်ပြေပြစ်စွာဖတ်တတ်ရန် သင်ယူဖို့အခွင့်အရေးမရခဲ့သူများသည် အချက်အလက်များကို ကောင်းစွာနားလည်ပြီး စွဲမှတ်နိုင်ပါသည်။ ထိုကဲ့သို့သောသူများအား ကျွန်ုပ်တို့၏စာအုပ်စာပေများမှ ရရှိနိုင်သော အသံသွင်းထားသည့် စာပေများကို အသုံးပြုရန် အားပေးနိုင်ပေမည်။ စာအုပ်ကိုလည်းလိုက်ကြည့်ကာ စာဖတ်သူ၏အသံကို သေချာအာရုံစိုက်နားထောင်ခြင်း၊ စကားလုံးများကို အသံတိုးတိုးဖြင့် ထပ်ကာထပ်ကာ ပြန်ဖတ်ခြင်းပင်လျှင် ၎င်း၏စာဖတ်စွမ်းရည်ကို တိုးတက်စေပါလိမ့်မည်။ အရေးအဖတ်ပညာ ကြိုးစားသင်ယူပါ ဘရိုရှာသည်လည်း အထောက်အကူပေးကြောင်း သူတွေ့ရပေမည်။ အချို့သောဒေသများ၌ အကြီးအကဲများသည် အသင်းတော်တွင် ဖတ်ရှုခြင်းသင်တန်းများကိုလည်း စီစဉ်ပေးပေမည်။ ကယ်တင်ခြင်းအတွက် ပညာရှိရှိပြုမူနိုင်စေသည့် “သန့်ရှင်းသောကျမ်းဂန်များ” ကိုနားလည်စေရန် စာဖတ်စွမ်းရည်အကန့်အသတ်ရှိသူများအားကူညီရာတွင် ထိုလက်တွေ့ကျအကြံပြုချက်များက ကျွန်ုပ်တို့ကို ထောက်ကူပေးပေမည်။—၂ တိ. ၃:၁၅။