စာသိပ်မဖတ်တတ်သူတွေကို ကူညီပေးနိုင်ပုံ
၁။ စာသိပ်မဖတ်တတ်တဲ့သူတွေကို ကျမ်းစာသင်ပေးရာမှာ ဘာအခက်အခဲ ရှိနိုင်သလဲ။
၁ စာသိပ်မဖတ်တတ်တဲ့ အိမ်ရှင်တွေက ကျမ်းစာသတင်းတရားကို စိတ်ဝင်စားပေမဲ့ ကျမ်းစာအုပ်နဲ့ တခြားစာအုပ်တွေကို တွေ့တဲ့အခါ လန့်ဖျပ်သွားနိုင်တယ်။ အဲဒီလိုလူတွေကို ကျမ်းစာသွန်သင်ရာစာအုပ်နဲ့ စသင်ပေးမယ်ဆိုရင် အကျိုးသိပ်ရှိမှာမဟုတ်ဘူး။ သူတို့ကို ကျမ်းစာအကြောင်း ဘယ်လိုသင်ပေးနိုင်မလဲ။ နိုင်ငံ ၂၀ ကျော်က ကြေညာသူတွေ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာကို ကျွန်ုပ်တို့ မေးကြည့်တယ်။ သူတို့ရဲ့ အကြံပြုချက်တချို့ကို အောက်မှာတွေ့နိုင်ပါတယ်။
၂။ စာသိပ်မဖတ်တတ်သူတွေကို ဘယ်စာပေတွေနဲ့ သင်ပေးရင် အကျိုးရှိမလဲ။
၂ ကိုယ့်ရဲ့ကျမ်းစာသင်သားက စာနည်းနည်းပဲဖတ်တတ်တယ် ဒါမှမဟုတ် လုံးဝမဖတ်တတ်ဘူးဆိုရင် ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဒါမှမဟုတ် ဘုရားသခင့်စကား နားထောင်ပါ ဘရိုရှာနဲ့ သင်အံမှုစနိုင်ပါတယ်။ အမေရိကန်နိုင်ငံက ရှေ့ဆောင်တစ်ယောက်ဟာ အိမ်ရှင်ကို ဘရိုရှာနှစ်စောင်လုံးပြပြီး ဘယ်ဘရိုရှာနဲ့ သင်ချင်သလဲလို့ မေးတတ်တယ်။ ဒီဘရိုရှာနှစ်စောင်က အရမ်းထိရောက်မှုရှိတယ်လို့ ကင်ညာနိုင်ငံ ဌာနခွဲရုံးက သတင်းပို့တယ်။ အကြောင်းက အာဖရိကန်လူမျိုးတွေဟာ မေးဖြေဆွေးနွေးတာထက် ပုံပြောသလို သင်ပေးတာကို နှစ်သက်ကြလို့ဖြစ်တယ်။ အပိုဒ်ဖတ်ပြီး မေးခွန်းမေးတဲ့နည်းက အတန်းပညာရှိသူတွေအတွက် လွယ်နိုင်ပေမဲ့ အတန်းပညာနည်းတဲ့သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ သင်သားက စာနည်းနည်းဖတ်တတ်တယ်ဆိုရင် ကြေညာသူအများစုက လူမျိုးအားလုံးအတွက် သတင်းကောင်း၊ သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင် စတဲ့ ဘရိုရှာတစ်မျိုးမျိုး ဒါမှမဟုတ် ကျွန်ုပ်၏ကျမ်းစာပုံပြင် စာအုပ်နဲ့ သင်အံမှုစတတ်ကြတယ်။
၃။ စာမဖတ်တတ်သူတွေကို ကျမ်းစာသင်ပေးရာမှာ ထိရောက်မှုရှိဖို့ ဘယ်အချက်တွေကို မှတ်ထားသင့်သလဲ။
၃ ချီးမွမ်းပေးပါ– စာမဖတ်တတ်သူတွေမှာ ရှက်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ ရှိနေနိုင်တယ်။ ကျမ်းစာအမှန်တရားကို မသင်ပေးခင် အရင်ဆုံး အဲဒီခံစားချက်တွေ ပြေပျောက်သွားအောင် ကူညီပေးဖို့လိုတယ်။ စာမဖတ်တတ်တဲ့သူအများစုက ဉာဏ်ကောင်းပြီး သင်ယူနိုင်စွမ်းရှိကြပါတယ်။ သူတို့ကို လေးလေးစားစားနဲ့ သိက္ခာရှိရှိ ဆက်ဆံပါ။ (၁ ပေ. ၃:၁၅) သူတို့ရဲ့ ကြိုးစားမှုက အကျိုးရှိပြီး ကျမ်းစာအကြောင်း ပိုသိလာတယ်လို့ ခံစားရတဲ့အခါ ကျမ်းစာဆက်သင်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သူတို့ကို လှိုက်လှိုက်လှဲလှဲချီးမွမ်းပေးပါ။
စာမဖတ်တတ်သူတွေမှာ ရှက်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ ရှိနေနိုင်တယ်။ ကျမ်းစာအမှန်တရားကို မသင်ပေးခင် အရင်ဆုံး အဲဒီခံစားချက်တွေ ပြေပျောက်သွားအောင် ကူညီပေးဖို့လိုတယ်။
၄။ စာသိပ်မဖတ်တတ်တဲ့ သင်သားကို ကြိုတင်ပြင်ဆင်ထားဖို့ ဘယ်လိုအားပေးနိုင်သလဲ။
၄ သင်သားက စာသိပ်မဖတ်တတ်ဘူးဆိုရင်တောင် ကြိုတင်ပြင်ဆင်ထားဖို့ အားပေးပါ။ တောင်အာဖရိကနိုင်ငံမှာရှိတဲ့ ကြေညာသူတချို့က သူတို့ရဲ့ သင်သားကို စာကောင်းကောင်းဖတ်နိုင်တဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေဆီမှာ အကူအညီတောင်းပြီး ကြိုပြင်ထားဖို့ အားပေးကြတယ်။ ဗြိတိန်နိုင်ငံက ကြေညာသူတစ်ယောက်ဟာ ကျမ်းစာသင်အံမှု လုပ်နေချိန်မှာ သင်သားကို သူ့ရဲ့စာအုပ် ခဏပေးသုံးလိုက်တယ်။ အဲဒီအခါ မျဉ်းတားထားတာက အဖြေတွေကို အလွယ်တကူ ရှာတွေ့နိုင်တယ်ဆိုတာ သင်သား သိလာတော့ ကြိုပြင်ချင်စိတ်တွေ ဖြစ်ပေါ်လာတယ်။ အိန္ဒိယနိုင်ငံက ညီအစ်ကိုတစ်ယောက်ဟာ သင်သားကို နောက်အပတ်ဖတ်မယ့် သင်ခန်းစာမှာပါတဲ့ ရုပ်ပုံတွေကို ကြိုကြည့်ပြီး စဉ်းစားထားဖို့ တိုက်တွန်းတတ်တယ်။
၅။ ကျမ်းစာသင်ပေးတဲ့အခါ စိတ်ရှည်မှုကို ဘယ်လို တင်ပြနိုင်မလဲ။
၅ စိတ်ရှည်ပါ– ကျမ်းစာသင်ပေးတဲ့အခါ ဘယ်စာပေကို သုံးပါစေ အဓိကအချက်တွေကို အာရုံစိုက်ပြီး သင်သား ကောင်းကောင်းနားလည်အောင် ကူညီပေးပါ။ အစပိုင်းမှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲ သင်ပေးတာက ကောင်းပါတယ်။ အကြောင်းအရာ အများကြီး သင်ပေးမယ့်အစား အပိုဒ်နည်းနည်းပဲ သင်ပေးပါ။ သင်သားက စာဖတ်နှေးရင်တောင် စိတ်ရှည်ပါ။ ယေဟောဝါဘုရားကို ချစ်တဲ့စိတ် သူ့မှာ တိုးများလာတာနဲ့အမျှ စာကောင်းကောင်းဖတ်နိုင်အောင် ကြိုးစားချင်တဲ့စိတ်လည်း တိုးများလာနိုင်တယ်။ အဲဒီလိုဖြစ်အောင် ကျမ်းစာစသင်ကတည်းက အစည်းအဝေးတွေကို ဖိတ်ခေါ်ပါ။
၆။ သင်သားတွေ စာဖတ်တတ်လာအောင် ဘယ်လိုကူညီပေးနိုင်သလဲ။
၆ ကျမ်းစာသင်သားတွေဟာ စာဖတ်နိုင်ဖို့ ကြိုးစားသင်ယူမယ်ဆိုရင် ကျမ်းစာအသိပညာ မြန်မြန်ဆန်ဆန် တိုးများလာနိုင်တယ်။ (ဆာ. ၁:၁-၃) ကြေညာသူ အတော်များများက သင်အံမှုပြီးတိုင်း ရေးတတ်ဖတ်တတ်ရန် ကိုယ်တိုင် လုံ့လထုတ် ဆိုတဲ့ စာပေနဲ့ သင်သားတွေကို မိနစ်အနည်းငယ် သင်ပေးတတ်ကြတယ်။ သင်သားက စိတ်ဓာတ်ကျလာမယ်ဆိုရင် စာဖတ်တတ်အောင် သင်ယူနိုင်မယ့် အချက်တချို့ကိုပြပေးပါ။ ဒါမှသာ သူ့ကိုယ်သူ ယုံကြည်စိတ်ချလာမှာဖြစ်တယ်။ သူ့ရဲ့ ကြိုးစားမှုတွေကို ယေဟောဝါဘုရား ကူညီပေးမယ်ဆိုတာ ယုံကြည်လာအောင် သေချာပြောပြပါ။ အကူအညီအတွက် ဘုရားဆီ ဆုတောင်းဖို့လည်း အားပေးပါ။ (သု. ၁၆:၃; ၁ ယော. ၅:၁၄၊ ၁၅) ဗြိတိန်နိုင်ငံက ကြေညာသူတချို့ဟာ သင်သားတွေကို သင့်တော်တဲ့ပန်းတိုင်တွေထားပြီး တစ်ဆင့်စီကြိုးစားသွားဖို့ အားပေးတတ်ကြတယ်။ ဥပမာ၊ အက္ခရာတွေကို အရင်ဆုံး ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ဖို့၊ ပြီးနောက် ရွေးချယ်ပေးထားတဲ့ ကျမ်းပိုဒ်တချို့ကို ရှာတတ် ဖတ်တတ်ဖို့၊ နောက်ဆုံးမှာ ဖတ်ရလွယ်ကူတဲ့ ကျမ်းစာအခြေပြု စာပေတွေကို ဖတ်နိုင်ဖို့ ကြိုးစားပါလို့ အားပေးတတ်ကြတယ်။ စာမဖတ်တတ်သူတွေကို ကူညီပေးရာမှာ ဘယ်လိုစာဖတ်ရမယ်ဆိုတာ သင်ပေးရုံလောက် မဟုတ်ဘဲ စာဖတ်ချင်စိတ်ရှိလာအောင် အားပေးတာလည်း ပါဝင်တယ်။
၇။ စာသိပ်မဖတ်တတ်သူတွေကို ကျမ်းစာအမှန်တရား သင်ပေးဖို့ ဘာကြောင့် မတွန့်ဆုတ်သင့်သလဲ။
၇ ယေဟောဝါက အတန်းပညာ သိပ်မရှိတဲ့သူတွေကို အထင်မသေးပါဘူး။ (ယောဘ ၃၄:၁၉) ကိုယ်တော်က လူတွေရဲ့ အပြင်ပန်းကိုမဟုတ်ဘဲ စိတ်နှလုံးကိုပဲ ကြည့်တယ်။ (၅ ရာ. ၂၈:၉) ဒါကြောင့် စာသိပ်မဖတ်တတ်သူတွေကို ကျမ်းစာအမှန်တရား သင်ပေးဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့နဲ့ သင်အံမှုစနိုင်ဖို့ အကောင်းဆုံးစာပေတွေ အများကြီး ရှိပါတယ်။ နောက်ပိုင်း ကျမ်းစာသွန်သင်ရာစာအုပ်နဲ့ ပြောင်းသင်ပြီး ကျမ်းချက်တွေကို ပိုပြီးနားလည်လာအောင် ကူညီပေးနိုင်ပါတယ်။