ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိန်းသိမ်းရန် ကူညီပေးသော တိုက်နယ်စည်းဝေးပွဲ
၁။ သတင်းကောင်းဖြန့်ဝေခြင်းတာဝန်ကို ပြည့်မီအောင်လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့အတွက် ယေဟောဝါပြင်ဆင်ပေးသောအရာတစ်ခုမှာ အဘယ်နည်း။
၁ ကျွန်ုပ်တို့ အပ်နှင်းခံရသော သတင်းကောင်းဖြန့်ဝေခြင်းတာဝန်ကို လုပ်ဆောင်ရာတွင် လိုအပ်သော အချက်အလက်၊ လေ့ကျင့်ပေးမှုနှင့် အားပေးမှုတို့ကို ယေဟောဝါ ရက်ရောစွာ ပြင်ဆင်ပေးသည်။ (မ. ၂၄:၁၄; ၂ တိ. ၄:၁၇) နှစ်စဉ်ကျင်းပသော တိုက်နယ်စည်းဝေးပွဲသည် ယင်းပြင်ဆင်ပေးရာများထဲမှ တစ်ခုဖြစ်သည်။ ၂၀၁၀ လုပ်ငန်းတော်နှစ်အတွက် အစီအစဉ်အသစ်သည် ရောမ ၈:၅ နှင့် ယုဒ ၁၇-၁၉ ပေါ်အခြေခံထားသော “ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ထိန်သိမ်းလော့” ဟူသည့် အဓိကအကြောင်းကို အဆင့်ဆင့် တင်ဆက်ပါလိမ့်မည်။ ယင်းသည် ၂၀၀၉၊ ဩဂုတ် ၃၁ အပတ်မှ စတင်ပါသည်။
၂။ (က) တိုက်နယ်စည်းဝေးပွဲက ကျွန်ုပ်တို့ကို အဘယ်နည်းများဖြင့် အကျိုးပြုမည်နည်း။ (ခ) ယခင်တိုက်နယ်စည်းဝေးပွဲများက သင့်အား ဓမ္မအမှုတွင် မည်သို့ အထောက်အကူပြုခဲ့သနည်း။
၂ အကျိုးပြုပုံ– ကျွန်ုပ်တို့၏အချိန်ကို အလဟဿကုန်ဆုံးစေပြီး အမှန်တကယ်အရေးကြီးသောအရာများမှ ကျွန်ုပ်တို့၏အာရုံကို လွဲသွားစေသည့် စိတ်ပျံ့လွင့်စရာများကဲ့သို့သော အန္တရာယ်ဖြစ်စေသည့်အရာများနှင့်ပတ်သက်၍ ဤအစီအစဉ်က နိုးနိုးကြားကြားရှိစေပါလိမ့်မည်။ လွတ်လပ်ခွင့်ပေးလွန်းသောသဘောထားကို တိုက်လှန်နိုင်ပုံကို သိရှိရမည်ဖြစ်ပြီး ဘုရားရေးရာအရည်အသွေးရှိသူဟူသည် အဘယ်အရာကို ဆိုလိုကြောင်း သုံးသပ်ပါလိမ့်မည်။ တနင်္ဂနွေနေ့အခန်းဆက်တွင် တိုးများလာသောဖိအားများနှင့် ပြင်းထန်သော ယုံကြည်ခြင်းစမ်းသပ်မှုများကို ရင်ဆိုင်ရာ၌ တစ်ဦးစီနှင့် မိသားစုအလိုက် ဘုရားသခင်နှင့် မိမိတို့၏ဆက်ဆံရေး ခိုင်မြဲစေရန် မည်သို့လုပ်ဆောင်နိုင်ပုံကို ဖော်ပြပါလိမ့်မည်။ ဤအစီအစဉ်က ကျွန်ုပ်တို့၏နှလုံးကို ကာကွယ်ရန်၊ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကိုထိန်းသိမ်းရန်နှင့် ဘုရားသခင်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသူတို့အတွက် စောင့်ကြိုလျက်ရှိသော ထူးမြတ်သည့်ကောင်းချီးများကို ရှင်းရှင်းလင်းလင်းမြင်ယောင်ရန် ထောက်ကူပေးပါလိမ့်မည်။
၃။ လာမည့်တိုက်နယ်စည်းဝေးပွဲကို အဘယ်အချိန်တွင် ကျင်းပမည်နည်း၊ သင် အဘယ်အရာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သနည်း။
၃ လာမည့်တိုက်နယ်စည်းဝေးပွဲ ကျင်းပမည့်အချိန်နှင့် နေရာကိုသိလျှင်သိချင်း နှစ်ရက်စလုံး၏ အစီအစဉ်ပိုင်းအားလုံးကို တက်ရောက်ပြီး အာရုံစိုက်နားထောင်ရန် အစီအစဉ်များပြုလုပ်ပါ။ ယေဟောဝါသည် လုံ့လဝီရိယပြုသောသူ၏အကြံအစည်ကို ကောင်းချီးပေးကြောင်း စိတ်ချပါလေ။—သု. ၂၁:၅။
၄။ လာမည့်တိုက်နယ်စည်းဝေးပွဲတွင် အဘယ်အရာများရရှိမည်ကို စိတ်ချနိုင်သနည်း။
၄ ယေဟောဝါသည် အမှန်ပင် ဤကောင်းမွန်သောလက်ဆောင်ကို ပြင်ဆင်ပေးရှင်ဖြစ်သည်။ သစ္စာရှိကျွန်အတန်းအစားအားဖြင့် ပြင်ဆင်ပေးသော ဤအစီအစဉ်သည် ခရစ်ယာန်ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့ဆက်လုပ်ဆောင်ဖို့ အချိန်တန်လိုအပ်ရာ ဖြစ်ပါလိမ့်မည်။ “ငါတို့၏ မျှော်လင့်ခြင်းအကြောင်း ဝန်ခံခြင်းကို ယိမ်းယိုင်ခြင်းမရှိဘဲ ကိုင်စွဲထား” ဖို့ အထောက်အကူဖြစ်စေသည့် ကိုယ်တော်၏မေတ္တာပါပြင်ဆင်ပေးချက်အားလုံးအတွက် ယေဟောဝါကို ကျွန်ုပ်တို့ ကျေးဇူးတင်လေးမြတ်ကြသည်။—ဟေဗြဲ ၁၀:၂၃-၂၅; ယာ. ၁:၁၇။