ခရစ်ယာန်ဓမ္မအမှုဆောင်များအတွက် ပြင်ဆင်ပေးချက်တစ်ခု
၁။ ၁၉၃၈ ခုနှစ်ကစပြီး ဘယ်အစီအစဉ်အသစ် စတင်ခဲ့သလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ။
၁ ၁၉၃၈ ခုနှစ်မှာ ယေဟောဝါရဲ့အဖွဲ့အစည်းက အစီအစဉ်သစ်တစ်ခုကို စတင်ခဲ့တယ်။ အခု တိုက်နယ်စည်းဝေးပွဲလို့ခေါ်တဲ့ ဇုန်စည်းဝေးပွဲကို တက်ရောက်ဖို့ အသင်းတော်အုပ်စုတွေ ဖိတ်ခေါ်ခံခဲ့ရတယ်။ ဘာရည်ရွယ်ချက်အတွက်လဲ။ ၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလထုတ် သတင်းပေးသူ (ယခု ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု) မှာ ဒီလိုဖော်ပြထားတယ်– “ဒီစည်းဝေးပွဲတွေက နိုင်ငံတော်လုပ်ငန်းလုပ်ဆောင်ဖို့အတွက် ယေဟောဝါရဲ့ သီအိုကရက်တစ်အဖွဲ့အစည်းရဲ့ ပြင်ဆင်ပေးချက်တစ်ခုဖြစ်တယ်။ အဲဒီကနေရရှိတဲ့ညွှန်ကြားချက်တွေက ရရှိထားတဲ့တာဝန်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ တစ်ဦးစီအတွက် အရေးပါတယ်။” ၁၉၃၈ ခုနှစ်မှာ နိုင်ငံတော်သတင်းကြွေးကြော်သူ ၅၈,၀၀၀ ကနေ ၂၀၀၉ ခုနှစ်မှာ ၇,၀၀၀,၀၀၀ ကျော် တိုးတက်လာတာကို ကြည့်ခြင်းအားဖြင့် ဓမ္မအမှုဆောင်တွေ “ရရှိထားတဲ့တာဝန်တွေကို” လုပ်ဆောင်ရာမှာ ကူညီဖို့ဆိုတဲ့ တိုက်နယ်စည်းဝေးပွဲတွေရဲ့ရည်ရွယ်ချက် အထမြောက်အောင်မြင်ကြောင်း ထင်ရှားတယ်။
၂။ လုပ်ငန်းတော်နှစ်သစ် တိုက်နယ်စည်းဝေးပွဲမှာ ဘယ်အကြောင်းအရာတွေ တင်ဆက်မလဲ။
၂ ဒီနှစ်အတွက် အဓိကအကြောင်း– တိုက်နယ်စည်းဝေးပွဲတွေနဲ့ အဲဒီကနေရရှိမယ့် အားပေးမှုတွေကို ကျွန်ုပ်တို့ မျှော်လင့်စောင့်စားနေကြတယ်။ အဓိကအကြောင်းက “သင်တို့သည် ဤလောကနှင့် မသက်ဆိုင်” ဖြစ်ပြီး ယောဟန် ၁၅:၁၉ ကနေ ကောက်နုတ်ထားတယ်။ ခရစ်ယာန်ဓမ္မအမှုဆောင်တွေ တကယ်အကျိုးရရှိမယ့် ဟောပြောချက်တချို့က ဘာတွေလဲ။ စနေနေ့မှာ “အချိန်ပြည့်လုပ်ငန်းက ကျွန်ုပ်တို့ကို ကာကွယ်—မည်သို့အားဖြင့်နည်း” ဆိုတဲ့ ဟောပြောချက်ကို ကြားနာရပါလိမ့်မယ်။ “သားရဲ၊” “ပြည့်တန်ဆာကြီး၊” “နယ်လှည့်ကုန်သည်များကြောင့် မညစ်ညူးစေနှင့်” ဆိုတဲ့ အပိုင်းသုံးပိုင်းပါတဲ့ အခန်းဆက်ကိုလည်း ကြားနာရမှာဖြစ်တယ်။ တနင်္ဂနွေနေ့မှာ “လောကကိုမဟုတ်ဘဲ ယေဟောဝါကိုချစ်ပါ” ဆိုတဲ့ အခန်းဆက်ဟောပြောချက်ကို ကြားနာရပါမယ်။ တခြားဟောပြောချက်တွေကတော့ “‘တိုင်းတစ်ပါးဧည့်သည်များအဖြစ်’ ဆက်အသက်ရှင်ပါ” နဲ့ “အားယူပါ၊ လောကကို သင်အောင်နိုင်တယ်” တို့ဖြစ်ပါတယ်။
၃။ တိုက်နယ်စည်းဝေးပွဲကို တက်ရောက်ခြင်းကနေ ကျွန်ုပ်တို့ ဘာအကျိုးရရှိနိုင်သလဲ။
၃ ဓမ္မအမှုမှာ သိပ်မပါဝင်တော့တဲ့ ညီအစ်မတစ်ဦးက မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ တိုက်နယ်စည်းဝေးပွဲကို တက်ရောက်ပြီးတဲ့နောက် သူ့ရဲ့အခြေအနေကို ပြန်ဆန်းစစ်ခဲ့ပြီး “ဆင်ခြေမပေးတော့ဘဲ အမှုဆောင်ထွက်” ဖို့စိတ်ပိုင်းဖြတ်ခဲ့တယ်လို့ ရေးခဲ့တယ်။ လုပ်ငန်းတော်နှစ်သစ်အတွက် တိုက်နယ်စည်းဝေးပွဲအစီအစဉ်က လောကကိုမချစ်ဘဲ ယေဟောဝါကိုချစ်ဖို့ ကျွန်ုပ်တို့အားလုံးကို ကူညီပေးမယ်ဆိုတာ သေချာပါတယ်။ (၁ ယော. ၂:၁၅-၁၇) ခရစ်ယာန်ဓမ္မအမှုဆောင်တွေအတွက် ဒီမေတ္တာပါ ပြင်ဆင်ပေးချက်ကနေ အကျိုးအပြည့်အဝရရှိဖို့ မပျက်မကွက်တက်ရောက်ပြီး အာရုံစိုက်နားထောင်ပါ။