ကြေညာသူများရဲ့မေးခွန်း
◼ အိမ်တံခါးဝ ကျမ်းစာသင်အံမှုမှာ ဆုတောင်းသင့်သလား။
ကျမ်းစာသင်တဲ့အခါ အဖွင့်အပိတ်ဆုတောင်းတာက အကျိုးအများကြီးရှိပါတယ်။ ယေဟောဝါထံဆုတောင်းခြင်းအားဖြင့် ဆွေးနွေးတဲ့အကြောင်းအရာကို နားလည်နိုင်ဖို့ ကိုယ်တော့် သန့်ရှင်းသောစွမ်းအားတော်ကို ကျွန်ုပ်တို့တောင်းခံကြတယ်။ (လု. ၁၁:၁၃) ဒါ့အပြင် ကျမ်းစာလေ့လာတာက ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာနဲ့ ဘယ်လိုဆုတောင်းရမယ်ဆိုတာ ကျမ်းစာသင်သားကို သိရှိစေတယ်။ (လု. ၆:၄၀) ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကျမ်းစာသင်တဲ့အခါ ဆုတောင်းခြင်းနဲ့ အစပြုဖို့ မြန်နိုင်သမျှမြန်မြန် လုပ်ဆောင်ပါ။ ဒါပေမဲ့ အခြေအနေတွေအမျိုးမျိုးရှိတဲ့အတွက် အိမ်တံခါးဝကျမ်းစာသင်အံမှုမှာ ဆုတောင်းမလား၊ ဆုမတောင်းဘူးလားဆိုတာကို ဆုံးဖြတ်ဖို့ ကျမ်းစာသင်ပေးတဲ့သူမှာ ပိုင်းခြားသိမြင်မှုရှိဖို့လိုတယ်။
ထည့်စဉ်းစားရမယ့် အရေးကြီးတဲ့အချက်တစ်ချက်က သင်အံမှုပြုလုပ်တဲ့နေရာဖြစ်တယ်။ အကယ်၍ ကျမ်းစာသင်တဲ့နေရာက အတော်အတန်လွတ်လပ်မှုရှိမယ်ဆိုရင် မှန်မှန်ကျင်းပနေပြီဖြစ်တဲ့ ကျမ်းစာသင်အံမှုရဲ့အဖွင့်နဲ့အပိတ်မှာ အတိုချုပ်ဆုတောင်းနိုင်ပါတယ်။ ဒါပေမဲ့ တခြားသူတွေအာရုံစိုက်စရာဖြစ်စေတဲ့ ဒါမှမဟုတ် သင်သားကို မသက်မသာခံစားရစေနိုင်တဲ့ အခြေအနေမျိုးဆိုရင် ပိုပြီး လွတ်လွတ်လပ်လပ်ကျမ်းစာလေ့လာနိုင်တဲ့အခါကျမှ ဆုတောင်းတာက ပိုကောင်းပါလိမ့်မယ်။ ဘယ်နေရာမှာပဲ ကျမ်းစာသင်အံမှုပြုလုပ်ပါစေ အဖွင့်အပိတ်ဆုတောင်းတာကို ဘယ်အချိန်မှာစလုပ်မယ်ဆိုတာ ကောင်းစွာပိုင်းခြားသိမြင်ဖို့လိုတယ်။—မတ် ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ ကိုကြည့်ပါ။