အပိုင်း ၇–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
သင်အံမှုတွင် ဆုတောင်းခြင်း
၁။ (က) ကျမ်းစာသင်အံမှုအဖွင့်အပိတ်တွင် အဘယ်ကြောင့် ဆုတောင်းသင့်သနည်း။ (ခ) ကျမ်းစာသင်အံမှုတစ်ခုတွင် ဆုတောင်းခြင်းကို ကျွန်ုပ်တို့ မည်သို့အစပျိုးပေးနိုင်သနည်း။
၁ ကျမ်းစာသင်သားများ၏ ဝိညာဉ်ရေးတိုးတက်မှုအတွက် ယေဟောဝါ၏ကောင်းချီး ရဖို့လိုအပ်သည်။ (၁ ကော. ၃:၆) ထို့ကြောင့် သင်အံမှုအဖွင့်အပိတ်၌ ဆုတောင်းသင့်သည်။ အများအားဖြင့် ကျွန်ုပ်တို့သည် ဘာသာတရား ကိုင်းရှိုင်းသူများနှင့် ဦးဆုံးအကြိမ် သင်အံမှုပြုချိန်မှစ၍ ယင်းကို ပြုလုပ်နိုင်သည်။ အချို့သူတို့နှင့်ဆိုလျှင် သင်အံမှုတွင် ဆုတောင်းခြင်းကို မည်သည့်အချိန်၌ အစပျိုးသင့်ကြောင်း ပိုင်းခြားတတ်ဖို့လိုပေမည်။ အဘယ်ကြောင့် ဆုတောင်းသင့်ကြောင်း သင်သားနားလည်ရန်ကူညီပေးဖို့ ဆာလံ ၂၅:၄၊ ၅ နှင့် ၁ ယောဟန် ၅:၁၄ ကို အသုံးပြုနိုင်သည်၊ ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါထံဆုတောင်းခြင်း၏အရေးကြီးမှုကို ရှင်းပြရန် ယောဟန် ၁၅:၁၆ ကိုလည်း အသုံးပြုနိုင်သည်။
၂။ နှစ်ခြင်းခံပြီးသောညီအစ်ကိုတစ်ဦး သို့မဟုတ် နှစ်ခြင်းမခံရသေးသောကြေညာသူအမျိုးသားတစ်ဦးသည် ညီအစ်မတစ်ဦးနှင့်အတူ သင်အံမှုလိုက်သွားလျှင် မည်သူက ဆုတောင်းမည်နည်း။
၂ ကျမ်းစာသင်အံမှုတွင် မည်သူကဆုတောင်းသင့်သနည်း။ နှစ်ခြင်းခံပြီးသောညီအစ်ကိုတစ်ဦးက ညီအစ်မတစ်ဦးနှင့်အတူသင်အံမှုလိုက်သွားလျှင် ညီအစ်မသည် ခေါင်းအုပ်ပြီး သင်အံမှုကျင်းပနိုင်သော်လည်း ညီအစ်ကိုက ဆုတောင်းမည်ဖြစ်သည်။ (၁ ကော. ၁၁:၅၊ ၁၀) သို့သော် နှစ်ခြင်းမခံရသေးသည့် နိုင်ငံတော်ကြေညာသူအမျိုးသားတစ်ဦးက ညီအစ်မတစ်ဦးနှင့်အတူ သင်အံမှုလိုက်သွားလျှင် ညီအစ်မက ဆုတောင်းမည်ဖြစ်သည်။ ထိုသို့သောအခြေအနေတွင် ညီအစ်မသည် ဆုတောင်းချိန်တွင်ရော သင်အံမှုကျင်းပချိန်တွင်ပါ ခေါင်းအုပ်ထားသင့်သည်။
၃။ ကျမ်းစာသင်အံမှုတစ်ခုတွင် ဆုတောင်းသည့်အခါ အဘယ်အရာများကို ထည့်တောင်းသင့်သနည်း။
၃ ဆုတောင်းချက်တွင် ပါဝင်နိုင်သည့်အရာများ– ကျမ်းစာသင်အံမှုတွင် ဆုတောင်းချက်များသည် ရှည်လျားဖို့မလိုသော်လည်း သတ်သတ်မှတ်မှတ်ဖြစ်သင့်၏။ သင်အံမှုအပေါ် ဘုရားသခင်ကောင်းချီးပေးရန် တောင်းခံခြင်းနှင့် သိရှိခဲ့သောသမ္မာတရားအတွက် ကျေးဇူးတင်ကြောင်းဖော်ပြခြင်းအပြင် သွန်သင်မှု၏ရင်းမြစ်အဖြစ် ယေဟောဝါ၏ဂုဏ်တော်ကို ချီးမွမ်းခြင်းဖြစ်သင့်သည်။ (ဟေရှာ. ၅၄:၁၃) သင်သားအား ကျွန်ုပ်တို့ အမှန်တကယ်စိတ်ဝင်စားကြောင်းနှင့် ယေဟောဝါအသုံးပြုနေသောအဖွဲ့အစည်းကို ကျေးဇူးတင်ကြောင်းဖော်ပြသည့် စကားလုံးများကိုလည်း ပါဝင်စေနိုင်သည်။ (၁ သက်. ၁:၂-၄; ၂:၇၊ ၈) သိရှိရာများကို လက်တွေ့ကျင့်သုံးရန် သင်သား၏ကြိုးပမ်းမှုများအပေါ် ယေဟောဝါကောင်းချီးပေးဖို့ ကျွန်ုပ်တို့ဆုတောင်းခြင်းက “တရားကိုကျင့်သောသူ” ဖြစ်ခြင်း၏အရေးကြီးမှုကို သိမြင်ရန် သင်သားအား ကူညီပေးနိုင်သည်။—ယာ. ၁:၂၂။
၄။ ကျမ်းစာသင်အံမှုတစ်ခုကို ဆုတောင်းချက်ဖြင့် အဖွင့်အပိတ်ပြုလုပ်ခြင်းက အဘယ်အကျိုးကျေးဇူးများကို ရရှိစေသနည်း။
၄ ဆုတောင်းခြင်း၏ အကျိုးကျေးဇူးမှာ များစွာရှိ၏။ ယင်းက ဘုရားသခင်၏ကောင်းချီးကို ရရှိစေသည်။ (လု. ၁၁:၁၃) ယင်းက ဘုရားသခင့်နှုတ်ကပါဌ်တော် လေ့လာခြင်း၏အရေးကြီးမှုကို အလေးအနက်ဖော်ပြ၏။ သင်သားသည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားထောင်စဉ် ဆုတောင်းနည်းကို သင်ယူနေသည်။ (လု. ၆:၄၀) ထို့ပြင် ဘုရားသခင်ကိုချစ်သည့်မေတ္တာနှင့် ကိုယ်တော်၏ ပြိုင်ဘက်ကင်းသည့် ဂုဏ်ရည်တော်များအတွက် ကျေးဇူးတင်စိတ်တို့ဖြင့် ပြည့်နေသောနှလုံးမှ ပေါက်ဖွားလာသည့် ဆုတောင်းချက်များက သင်သားအား ယေဟောဝါနှင့် နှစ်ကိုယ်ကြားဆက်ဆံရေးတိုးတက်ရန် ကူညီပေးနိုင်သည်။