မတွန့်ဆုတ်ပါနဲ့
၁။ ဘာအတွက် သတ္တိရှိဖို့ လိုအပ်သလဲ၊ ဘာကြောင့်လဲ။
၁ ကဲ့ရဲ့လှောင်ပြောင်ခံရမှာကြောက်လို့ ကျောင်းမှာ သက်သေခံဖို့တွန့်ဆုတ်ဖူးပါသလား။ အထူးသဖြင့် ရှက်တတ်တယ်ဆိုရင် သက်သေခံနိုင်အောင် သတ္တိရှိဖို့လိုအပ်ပါတယ်။ သတ္တိရှိအောင် သင့်ကို ဘာကကူညီပေးမလဲ။
၂။ ကျောင်းမှာသက်သေခံတဲ့အခါ ကောင်းစွာချင့်ချိန်မှုရှိဖို့ဘာကြောင့်လိုအပ်သလဲ။
၂ ကောင်းစွာချင့်ချိန်ပါ– ကျောင်းကို သင်တို့ရဲ့ ကိုယ်ပိုင်ရပ်ကွက်လို့ ယူမှတ်နိုင်ပေမဲ့ တစ်အိမ်တက်ဆင်းဟောပြောသလို ကျောင်းမှာရှိတဲ့လူတိုင်းကို သက်သေခံရမယ်ဆိုပြီး သင်တို့ဆီက မမျှော်လင့်ထားကြောင်း သတိရပါ။ ကောင်းစွာချင့်ချိန်နိုင်စွမ်းကိုသုံးပြီး စကားပြောသင့်တဲ့အချိန်ကို ဆုံးဖြတ်ပါ။ (ဒေ. ၃:၁၊ ၇) အတန်းထဲမှာ အကြောင်းအရာတစ်ခုကိုဆွေးနွေးတဲ့အခါ ဒါမှမဟုတ် ဆရာ/ဆရာမက သင်ခန်းစာနဲ့ပတ်သက်ပြီး တာဝန်တစ်ခုခုပေးလာတဲ့အခါ သင့်ယုံကြည်ချက်ကို ပြောပြဖို့ အခွင့်အရေးရလာနိုင်ပါတယ်။ ဒါမှမဟုတ် အတန်းတူသူငယ်ချင်းတစ်ယောက်က တချို့လုပ်ဆောင်မှုတွေမှာ သင် ဘာကြောင့်မပါဝင်တာလဲဆိုပြီး မေးလာနိုင်တယ်။ တချို့ခရစ်ယာန်တွေကျတော့ သူတို့ဟာ ယေဟောဝါသက်သေတွေဖြစ်ကြောင်း စာသင်နှစ်စကတည်းက ဆရာ/ဆရာမတွေကို အသိပေးထားပြီး သက်သေခံတွေရဲ့ယုံကြည်ချက်ကို ရှင်းပြတဲ့ စာအုပ်စာပေတွေကို ဝေငှထားလိုက်ကြတယ်။ တချို့ကျတော့ သူတို့ရဲ့စားပွဲပေါ်မှာ စာအုပ်စာပေတွေကိုထားကြတယ်၊ ဒီအတွက် အတန်းဖော်တွေက အဲဒါတွေနဲ့ပတ်သက်ပြီး မေးလာတတ်ကြတယ်။
၃။ ကျောင်းမှာသက်သေခံနိုင်ဖို့ သင် ဘယ်လိုကြိုတင်ပြင်ဆင်နိုင်သလဲ။
၃ ကြိုတင်ပြင်ဆင်ပါ– ကြိုတင်ပြင်ဆင်ထားရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်စိတ်ချလာပါလိမ့်မယ်။ (၁ ပေ. ၃:၁၅) ဒါကြောင့် မေးလာနိုင်တဲ့မေးခွန်းတွေကို ကြိုတင်စဉ်းစားပါ၊ ဘယ်လိုပြန်ဖြေနိုင်သလဲဆိုတာ စဉ်းစားပါ။ (သု. ၁၅:၂၈) ဖြစ်နိုင်မယ်ဆိုရင် ကျိုးကြောင်းဆင်ခြင်စာအုပ်၊ လူငယ်များအမေးစာအုပ်၊ ဖန်ဆင်းခြင်းအကြောင်းပါတဲ့ စာအုပ်စာပေတွေနဲ့ သင့်ကျမ်းစာအုပ်ကို ကျောင်းကို ယူသွားပါ၊ ဒါမှ လိုအပ်လာတဲ့အခါ အဲဒီစာအုပ်တွေကို ပြန်ညွှန်းနိုင်မှာဖြစ်တယ်။ မိသားစုဝတ်ပြုမှုမှာ လက်တွေ့ လုပ်ကြည့်လိုကြောင်း သင့်မိဘတွေကို ပြောပါ။
၄။ ကျောင်းမှာ ဘာကြောင့် ဆက်ပြီးသက်သေခံသင့်သလဲ။
၄ အပြုသဘောရှိပါ– သင် သက်သေခံတဲ့အခါတိုင်း အတန်းဖော်တွေက အမြဲ ကဲ့ရဲ့လှောင်ပြောင်မယ်လို့ မယူမှတ်ထားပါနဲ့။ သင့် သတ္တိရှိပုံကို တချို့ လေးစားနိုင်ဖွယ်ရှိပြီး နားထောင်လာနိုင်စရာအကြောင်းတောင် ရှိတယ်။ တစ်ယောက်မှမတုံ့ပြန်ဘူးဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့။ သင့် ကြိုးစားလုပ်ဆောင်မှုကြောင့် ယေဟောဝါ ရွှင်လန်းအားရပါလိမ့်မယ်။ (ဗြဲ ၁၃:၁၅၊ ၁၆) သင့်ကို “အလွန်ရဲရင့်စွာ ဟောပြောနိုင်ခွင့်” ပေးဖို့ ယေဟောဝါကို တောင်းဆိုနေပါ။ (တ. ၄:၂၉; ၂ တိ. ၁:၇၊ ၈) သူငယ်ချင်းတစ်ယောက်ယောက်က နားထောင်တဲ့အခါ သင် ဘယ်လောက်အထိဝမ်းသာလိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။ နောက်ဆုံးမှာ အဲဒီသူငယ်ချင်းက ယေဟောဝါကို ဝတ်ပြုတဲ့သူတစ်ဦးတောင် ဖြစ်လာနိုင်တယ်။