သင့် သွန်သင်ခြင်းစွမ်းရည်ကို တိုးတက်စေမယ့် အကြံပြုချက်သုံးရပ်
၁။ ကျွန်ုပ်တို့ရဲ့ သွန်သင်ခြင်းစွမ်းရည်ကို တိုးတက်အောင် ဘာကြောင့် ကြိုးစားသင့်သလဲ။
၁ ကြေညာသူအားလုံးက သွန်သင်သူတွေ ဖြစ်ကြပါတယ်။ ဦးဆုံးအကြိမ် တွေ့ဆုံဟောပြောတာပဲဖြစ်ဖြစ်၊ စိတ်ဝင်စားသူဆီ ပြန်သွားတဲ့အခါပဲဖြစ်ဖြစ်၊ ကျမ်းစာသင်အံမှု ပြုလုပ်တာပဲဖြစ်ဖြစ် ကျွန်ုပ်တို့က အချက်အလက်တွေကို ပြောပြကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ပြောတဲ့ အချက်အလက်တွေက သာမန်အချက်အလက်တွေတော့ မဟုတ်ဘူး။ “သန့်ရှင်းသောကျမ်းဂန်” တွေထဲမှာပါတဲ့ အချက်အလက်တွေဖြစ်ပြီး အဲဒါတွေက လူတွေကို “ကယ်တင်ခြင်းရရန် . . . ပညာရှိစေနိုင်” တယ်။ (၂ တိ. ၃:၁၅) တကယ့်ကို ထူးမြတ်တဲ့ အခွင့်ထူးပါပဲ။ အောက်မှာဖော်ပြထားတာတွေက ကျွန်ုပ်တို့ရဲ့ သွန်သင်ခြင်းစွမ်းရည်ကို တိုးတက်စေမယ့် အချက်သုံးချက်ဖြစ်တယ်။
၂။ ဘယ်လိုနည်းနဲ့ ရိုးရိုးရှင်းရှင်း သွန်သင်နိုင်သလဲ။
၂ ရိုးရှင်းမှု– အကြောင်းအရာတစ်ခုကို ကျွန်ုပ်တို့ ကောင်းစွာသိထားတဲ့အခါ မသိထားသူတစ်ယောက်အတွက် ဒီအကြောင်းအရာက ဘယ်လောက်ရှုပ်ထွေးသလဲဆိုတဲ့အချက်ကို ကျွန်ုပ်တို့ အလွယ်တကူပဲ သတိလက်လွတ်ဖြစ်တတ်ကြတယ်။ ဒါကြောင့် ကျမ်းစာသင်တဲ့အခါ မလိုအပ်တဲ့အသေးစိတ်အကြောင်းအရာတွေနဲ့ ရှုပ်ထွေးမသွားပါစေနဲ့။ အဲဒီအစား အဓိကအချက်တွေကို ပေါ်လွင်စေပါ။ စကားအများကြီးပြောတိုင်း ကောင်းတဲ့သွန်သင်မှု မဟုတ်ပါဘူး။ (သု. ၁၀:၁၉) အများအားဖြင့် အဓိကကျမ်းချက်တွေကိုသာဖတ်တာက အကောင်းဆုံးပဲ။ ကျမ်းချက်တစ်ချက်ကိုဖတ်ပြီးတဲ့အခါ သုံးသပ်နေတဲ့အကြောင်းအရာနဲ့ သက်ဆိုင်တဲ့အပိုင်းကိုသာ ရှင်းပြပါ။ မဿဲ ၅ ကနေ ၇ မှာမှတ်တမ်းတင်ထားတဲ့ တောင်ပေါ်ဒေသနာမှာ အရမ်းလေးနက်တဲ့အမှန်တရားတွေပါပေမဲ့ ယေရှုက ရိုးရှင်းပြီး ကောင်းကောင်းရွေးချယ်ထားတဲ့ စကားလုံးအနည်းငယ်နဲ့သာ သွန်သင်ခဲ့တယ်။
၃။ ပုံဥပမာတွေနဲ့ ရုပ်ပုံတွေရဲ့ အကျိုးကျေးဇူးက ဘာလဲ၊ ဘယ်လိုပုံဥပမာမျိုးက အကောင်းဆုံးဖြစ်လေ့ရှိသလဲ။
၃ ပုံဥပမာများနဲ့ ရုပ်ပုံများ– ပုံဥပမာတွေနဲ့ ရုပ်ပုံတွေက ခံစားချက်ကို လှုံ့ဆော်ပေးပြီး စဉ်းစားစေတဲ့အပြင် ပိုလည်းမှတ်မိစေတယ်။ ပုံဥပမာ ကောင်းကောင်းပေးနိုင်ဖို့ဆိုရင် အာဝဇ္ဇန်းရွှင်တဲ့သူ ဖြစ်မှရမယ်လို့ မထင်လိုက်ပါနဲ့။ ယေရှုသုံးလေ့ရှိတဲ့ ပုံဥပမာတွေက တိုတိုလေးနဲ့ ရှင်းရှင်းလေးတွေသာ ဖြစ်တယ်။ (မ. ၇:၃-၅; ၁၈:၂-၄) စာရွက်မှာ ရေးဆွဲထားတဲ့ ရိုးရိုးရှင်းရှင်းပုံတွေကလည်း တော်တော်လေးကို အသုံးဝင်နိုင်ပါတယ်။ နည်းနည်းလောက် ကြိုစဉ်းစားထားမယ်ဆိုရင် ထိရောက်တဲ့ပုံဥပမာတွေနဲ့ ရုပ်ပုံတွေ သင့်စိတ်ထဲ ပေါ်လာပါလိမ့်မယ်။
၄။ မေးခွန်းတွေကို ဘယ်လို ထိထိရောက်ရောက် အသုံးပြုနိုင်သလဲ။
၄ မေးခွန်းများ– မေးခွန်းတွေက သင်သားကို စဉ်းစားစေတယ်။ ဒါကြောင့် မေးခွန်းတစ်ခုမေးပြီးတဲ့အခါ စိတ်ရှည်ပါ။ အလျှင်အမြန်ပဲ သင့်ဘာသာသင် အဖြေပေးလိုက်မယ်ဆိုရင်တော့ သင်သား ဘာနားလည်သလဲဆိုတာ သင် သိမှာမဟုတ်ဘူး။ သူ့အဖြေက မှားနေခဲ့ရင် အမှားပြင်ပေးရုံပြင်ပေးတာထက် ထပ်ဆင့်မေးခွန်းတွေမေးပြီး အဖြေမှန်ရောက်အောင် လမ်းကြောင်းပေးတာက ပိုကောင်းပါတယ်။ (မ. ၁၇:၂၄-၂၇) ကျွန်ုပ်တို့တစ်ယောက်မှ စုံလင်တဲ့ သွန်သင်သူ မဟုတ်ဘူးဆိုတာတော့ မှန်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ သွန်သင်ခြင်းကို မပြတ်ဂရုပြုဖို့ ကျမ်းစာက အားပေးခြင်းဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက်ရော နားထောင်သူအတွက်ပါ ထာဝရအကျိုးကျေးဇူး ရရှိပါလိမ့်မယ်။—၁ တိ. ၄:၁၆။