ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
၁။ ၂၀၁၀ ခရိုင်စည်းဝေးကြီးမှာ ဘာစာအုပ်ထုတ်ဝေခဲ့သလဲ၊ အဲဒီစာအုပ်ကို ကျွန်ုပ်တို့ ဘယ်လိုအသုံးပြုမလဲ။
၁ အဲဒါက “ယေဟောဝါနှင့် နီးကပ်စွာနေလော့” ၂၀၁၀ ခရိုင်စည်းဝေးကြီးမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်အသစ်နာမည်ဖြစ်ပြီး အဲဒီတုန်းက ကျွန်ုပ်တို့တကယ်စိတ်လှုပ်ရှားခဲ့ကြပါတယ်။ အဲဒီစာအုပ်က ကျွန်ုပ်တို့ဘဝရဲ့ နေ့စဉ်အသက်တာအတွက် ယေရမိကျမ်းနဲ့ ယေရမိမြည်တမ်းစကားမှာပါတဲ့ သင်ခန်းစာတွေကို အဓိကအလေးပေးထားပါတယ်။ (ရော. ၁၅:၄) ဒီစာအုပ်ကို အသင်းတော်ကျမ်းစာလေ့လာမှုအတွက် ရည်ရွယ်ထားပြီး ၂၀၁၂ နိုဝင်ဘာ ၅ ရက်အပတ်ကနေစတင် လေ့လာပါမယ်။
၂။ ယေရမိကျမ်းနဲ့ ယေရမိမြည်တမ်းစကားကို သုံးသပ်ခြင်းက ကျွန်ုပ်တို့ကို ဘာကြောင့်အကူအညီဖြစ်စေသလဲ။
၂ ဒီနေ့အချိန်အတွက်အကျိုးရှိပုံ– စွမ်းအားတော်တိုက်တွန်းမှုနဲ့ရေးသားခဲ့တဲ့ ကျမ်းရေးသူ ယေရမိဟာ ယုဒပြည်ကသောင်းကနင်းဖြစ်နေချိန်မှာ ပရောဖက်ပြုခဲ့ပါတယ်။ အစပိုင်းမှာ ဒီတာဝန်အတွက် အရည်အချင်းမပြည့်မီဘူးလို့ သူခံစားခဲ့ရတယ်။ (ယေ. ၁:၆) ဇာတိမြို့ဖြစ်တဲ့ အာနသုတ်မြို့က သူ့ကိုသိကျွမ်းသူတွေနဲ့ ဆွေမျိုးတွေဖြစ်နိုင်သူတွေ သူ့ကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ (ယေ. ၁၁:၂၁၊ ၂၂) ယေရမိ စိတ်ဓာတ်ကျချိန်တွေရှိခဲ့တာကို ကျွန်ုပ်တို့ နားလည်နိုင်ပါတယ်။ (ယေ. ၂၀:၁၄) “လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေ” ပါဆိုတဲ့ ကျွန်ုပ်တို့ရရှိထားတဲ့တာဝန်ကို လုပ်ဆောင်နေတဲ့အခါ စိန်ခေါ်ချက်တွေနဲ့ ယေရမိလိုခံစားမှုမျိုး တစ်ခါတစ်ရံ ခံစားရတတ်တယ်။ (မ. ၂၈:၁၉) သူရေးသားခဲ့တာတွေကို သုံးသပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ အမှုဆောင်လုပ်ငန်းမှာ ယုံကြည်စိတ်ချမှုနဲ့ စိတ်ထက်သန်မှုရှိဖို့ အကူအညီရပါလိမ့်မယ်။
၃။ ယေရမိစာအုပ်မှာပါတဲ့ အသွင်အပြင်တွေကို ဘယ်လိုအသုံးပြုမလဲ။
၃ စာအုပ်အသွင်အပြင်– ဆွေးနွေးနေစဉ်မှာဖတ်သင့်တဲ့ အဓိကကျမ်းချက်တွေကို စာလုံးမည်းနဲ့ ရေးထားပါတယ်။ တစ်ပတ်စာလေ့လာမှုအဆုံးကို စာလုံးအမည်းနဲ့ရေးထားတဲ့ မေးခွန်းတစ်ခု ဒါမှမဟုတ် နှစ်ခုနဲ့ မှတ်သားပြထားပြီး အဲဒီမေးခွန်းတွေက သင်ခန်းစာရဲ့ အဓိကအကြောင်းအရာကို အလေးပေးထားပါတယ်။ ဒါကို ပြန်လည်သုံးသပ်တဲ့အနေနဲ့ ပရိသတ်ကို မေးသင့်ပါတယ်။ စာအုပ်မှာ လှပတဲ့ရုပ်ပုံတွေကို ထည့်သွင်းထားတဲ့အတွက် အသင်းတော်မှာ လေ့လာတဲ့အခါ အဲဒီပုံတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးချင်ကြမှာ သေချာတယ်။
၄။ ယေရမိစာအုပ်ကို သုံးသပ်ခြင်းကနေ ကျွန်ုပ်တို့ အကျိုးအပြည့်အဝရအောင် ဘယ်လိုလုပ်ရမလဲ။
၄ အကျိုးအပြည့်အဝရဖို့အတွက် ကြိုတင်ပြင်ဆင်ပါ။ သင့်အသက်တာနဲ့ အမှုဆောင်လုပ်ငန်းမှာ လက်တွေ့ကျင့်သုံးနိုင်တဲ့ အချက်ကိုရှာပါ။ မှတ်ချက်ပေးပါ။ ယေဟောဝါရဲ့ ကောင်းချီးကြောင့် ယေရမိက ရထားတဲ့တာဝန်ကို ပျော်ရွှင်ကျေနပ်စွာ ပြီးမြောက်အောင်လုပ်နိုင်ခဲ့တယ်။ (ယေ. ၁၅:၁၆) ကျွန်ုပ်တို့လည်း ဒီစာအုပ်သစ်အကူအညီကြောင့် အလားတူလုပ်ဆောင်နိုင်ပါစေ။