ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jr အခန်း ၇ စာ. ၈၁-၉၁
  • “ခြေကုန်လက်ပန်းကျနေသူကို ငါ လန်းဆန်းစေမယ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခြေကုန်လက်ပန်းကျနေသူကို ငါ လန်းဆန်းစေမယ်”
  • ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဓာတ်ကျစေနိုင်တဲ့ လုပ်ရပ်တွေ
  • ခြေကုန်လက်ပန်းကျနေသူတွေကို သင် လန်းဆန်းစေမလား
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
jr အခန်း ၇ စာ. ၈၁-၉၁

အခန်းခုနစ်

“ခြေကုန်လက်ပန်းကျနေသူကို ငါ လန်းဆန်းစေမယ်”

၁။ ကမ္ဘာသစ်မှာရမယ့် ဘယ်ကောင်းချီးကို သင်စောင့်မျှော်နေသလဲ။

“ကမ္ဘာသစ်။” ဒီစကားလုံးကို ကြားလိုက်ရတဲ့အခါ ကြိုပြောထားတဲ့ ကောင်းချီးတွေကို သင်မြင်ယောင်မိသလား။ ပြီးပြည့်စုံတဲ့ကိုယ်ခန္ဓာ၊ အာဟာရရှိတဲ့ စားကောင်းသောက်ဖွယ်တွေ၊ ယဉ်ပါးတဲ့တိရစ္ဆာန်တွေနဲ့ လုံခြုံတဲ့နေအိမ်ကို မြင်ယောင်မိနိုင်တယ်။ ဒီကတိပြုချက်တွေပါတဲ့ ကျမ်းစာအခန်းငယ်တွေကိုတောင် သင် ကိုးကားပြနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းဆိုတဲ့ ကောင်းချီးတွေကိုလည်း မမေ့ပါနဲ့။ အဲဒါတွေသာမရှိရင် တခြားပျော်ရွှင်မှုအားလုံး ပျောက်ကွယ်သွားလိမ့်မယ်။

၂၊ ၃။ ယေရမိရဲ့ရေးသားချက်တွေအရ ဘယ်လိုထူးခြားတဲ့ ကောင်းချီးတွေကို ကျွန်တော်တို့မျှော်လင့်နိုင်သလဲ။

၂ ဘုရားသခင်က ဗာဗုလုန်ကနေ ဂျူးတွေပြန်လာမယ့်အကြောင်း ယေရမိကို ကြိုပြောခိုင်းတဲ့အချိန်မှာ သူတို့ ဘယ်လိုခံစာရမယ်ဆိုတာကိုပါ ပြောခဲ့တယ်။ “သင်သည် တစ်ဖန် ပတ်သာနှင့်တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကိုပြုသော သူတို့နှင့်အတူ ကခုန်လျက်သွားလိမ့်မည်” ဆိုပြီးပြောခဲ့တယ်။ (ယေရမိ ၃၀:၁၈၊ ၁၉; ၃၁:၄၊ ၁၂-၁၄ ကိုဖတ်ပါ။) “ခြေကုန်လက်ပန်းကျနေသူကို ငါလန်းဆန်းစေမယ်။ အားပြတ်နေသူတိုင်းကို ငါအားဖြည့်ပေးမယ်” လို့လည်း ဘုရားသခင်ကတိပေးခဲ့တယ်။ အဲဒါက သင့်ကို သိပ်အားရှိစေမှာပဲ။—ယေ. ၃၁:၂၅၊ ကဘ။

၃ သိပ်ကောင်းတဲ့ မျှော်လင့်ချက်ပါပဲ။ ခြေကုန်လက်ပန်းကျပြီး စိတ်ဓာတ်ကျနေသူတွေကို လန်းဆန်းစေမယ် ဒါမှမဟုတ် ကျေနပ်စေမယ်ဆိုပြီး ယေဟောဝါ ပြောခဲ့တယ်။ ယေဟောဝါက ကတိတည်တဲ့ဘုရားဖြစ်တယ်။ ယေရမိရဲ့ ရေးသားချက်အရ ကျွန်တော်တို့ကိုလည်း ကိုယ်တော် ကျေနပ်စေမယ်ဆိုတာ စိတ်ချနိုင်တယ်။ သူ့ရေးသားချက်တွေက အခုအချိန်မှာတောင် ကျွန်တော်တို့ ဘယ်လိုအားရှိနိုင်တယ်၊ အကောင်းမြင်သဘောထား ဘယ်လိုရှိနိုင်တယ်ဆိုတာကိုလည်း ဖော်ပြတယ်။ ဒါ့အပြင် ခြေကုန်လက်ပန်းကျနေသူတွေကို အားပေးနိုင်တဲ့၊ သူတို့ကို ကျေနပ်စေနိုင်တဲ့ လက်တွေ့ကျ နည်းလမ်းတွေကိုလည်း ဖော်ပြထားတယ်။

၄။ ယေရမိရဲ့ခံစားချက်ကို ကျွန်တော်တို့ ဘာကြောင့်နားလည်နိုင်သလဲ။

၄ အဲဒီကတိကြောင့် ယေရမိ နှစ်သိမ့်မှုရခဲ့သလို ကျွန်တော်တို့လည်း ရနိုင်ပါတယ်။ ဘာကြောင့်လဲ။ ဒီစာအုပ်ရဲ့ အခန်း ၁ မှာ ယေရမိဟာ ‘ကျွန်တော်တို့ကို ခံစားချက်ရှိ’ တဲ့ ဧလိယလိုပဲဖြစ်တယ်လို့ ဖော်ပြထားတာကို ပြန်အမှတ်ရပါ။ (ယာ. ၅:၁၇) တစ်ခါတလေ ယေရမိ ဘာကြောင့် စိတ်ဓာတ်ကျခဲ့တယ်၊ ဘာကြောင့် စိတ်ပျက်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းတချို့ကို စဉ်းစားကြည့်ပါ။ အဲဒီလိုစဉ်းစားရင်း ယေရမိလိုအခြေအနေမျိုးမှာ သင် ဘယ်လိုခံစားရမယ်၊ သင်ကြုံရတဲ့ အခြေအနေတွေက သင့်ကိုဘာကြောင့် စိတ်ဓာတ်ကျစေနိုင်တယ် ဆိုတာကိုတွေးကြည့်ပါ။—ရော. ၁၅:၄။

၅။ ယေရမိကို ဘာက စိတ်ဓာတ်ကျစေနိုင်ခဲ့သလဲ။

၅ ယေရမိကို စိတ်ဓာတ်ကျစေတဲ့ အကြောင်းရင်းတစ်ခုက သူ့ရဲ့ဇာတိမြို့နဲ့ပတ်သက်နိုင်တယ်။ သူဟာ အာနသုတ်မြို့မှာ ကြီးပြင်းလာခဲ့တယ်။ အဲဒီမြို့က ဂျေရုဆလင်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင်အနည်းငယ်အကွာမှာရှိတဲ့ လေဝိမြို့တစ်မြို့ဖြစ်တယ်။ အဲဒီမြို့မှာ သူ့ရဲ့အသိမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေတောင် ရှိနိုင်တယ်။ ပရောဖက်တစ်ယောက်က သူ့နေရင်းအရပ်မှာ ဂုဏ်အသရေမရှိဘူးဆိုတဲ့ ယေရှုရဲ့စကားက ယေရမိအတွက်လည်း မှန်တယ်။ (ယော. ၄:၄၄) ယေရမိရဲ့ တစ်မြို့တည်းသားတွေဟာ သူ့သတင်းစကားကို စိတ်မဝင်စားရုံ၊ သူ့ကို မလေးစားရုံလောက်ပဲ မဟုတ်ဘူး။ တစ်ခါက “အာနသုတ်မြို့သားတို့က” ‘[ယေရမိ]ကိုသတ်ဖို့ ရှာကြံ’ ခဲ့ကြတယ်လို့ ဘုရားသခင်ပြောခဲ့တယ်။ သူတို့က “ငါတို့လက်ဖြင့် မသေရမည်အကြောင်း ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်” လို့ ဒေါသတကြီး ပြောခဲ့တယ်။ ယေရမိက သူ့ဘက်မှာ ရပ်တည်သင့်တဲ့ အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေရဲ့ ရန်လိုမှုကို ခံခဲ့ရတယ်။—ယေ. ၁:၃; ၁၁:၂၁။

စာမျက်နှာ ၈၃ ပါ ရုပ်ပုံ

၆။ အလုပ်ဖော် ဒါမှမဟုတ် တခြားသူတွေက သင့်ကိုဆန့်ကျင်တဲ့အခါ ယေရမိနဲ့ အာနသုတ်မြို့သားတွေရဲ့ ဖြစ်ရပ်ကနေ သင်ဘာအကျိုးရနိုင်သလဲ။

၆ သင်လည်း အိမ်နီးချင်းတွေ၊ ကျောင်းနေဖက်တွေ၊ အလုပ်ဖော်တွေ ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ ဖိအားပေးမှုခံနေရတယ်ဆိုရင် ယေရမိကို ယေဟောဝါကူညီပေးပုံကနေ နှစ်သိမ့်မှု ရနိုင်ပါတယ်။ ဘုရားသခင်က သူ့ရဲ့ပရောဖက်ကိုဆန့်ကျင်တဲ့ အာနသုတ်မြို့သားတွေကို “စစ်ကြော” မယ်ဆိုပြီး ပြောခဲ့တယ်။ (ယေရမိ ၁၁:၂၂၊ ၂၃ ကိုဖတ်ပါ။) ဘုရားသခင်ရဲ့ အာမခံချက်က ပတ်ဝန်းကျင်ရဲ့ ဆန့်ကျင်မှုကြောင့် စိတ်ဓာတ်ကျတာကို အနိုင်ယူနိုင်ဖို့ ယေရမိကိုကူညီခဲ့မှာ သေချာတယ်။ နောက်ပိုင်း ဘုရားသခင်က သူတို့ကိုစစ်ကြောတဲ့အတွက် “ဘေးဥပဒ်ကို အာနသုတ်မြို့သားတို့အပေါ်” ကျရောက်စေခဲ့တယ်။ သင့်အဖြစ်မှာလည်း ဘုရားသခင်က အခြေအနေတွေကို ကြည့်ရှုနေတယ်၊ စစ်ကြောနေတယ်ဆိုတာ စိတ်ချပါ။ (ဆာ. ၁၁:၄; ၆၆:၇) ဒါပေမဲ့ သင်က ကျမ်းစာစံနှုန်းတွေနဲ့အညီ နေထိုင်ပြီး မှန်ရာကို လုပ်ဆောင်မယ်ဆိုရင် ဆန့်ကျင်သူတချို့ကို ကြုံရမယ့်ဘေးဆိုးကနေ လွတ်မြောက်စေနိုင်ပါတယ်။—၁ တိ. ၄:၁၆။

ဘုရားသခင်က သူ့လူတွေရဲ့ခံစားချက်တွေကို စိတ်ဝင်စားတယ်ဆိုတာ ယေရမိကျမ်းမှာပါတဲ့ ဘယ်အချက်က ဖော်ပြသလဲ။ အဲဒီအချက်က ယေရမိကို ဘယ်လိုကူညီပေးခဲ့မလဲ။

စိတ်ဓာတ်ကျစေနိုင်တဲ့ လုပ်ရပ်တွေ

၇၊ ၈။ ယေရမိ ဘယ်လို မတရားဆက်ဆံခံခဲ့ရသလဲ။ ဒါကသူ့အပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့သလဲ။

၇ ယေရမိက သူ့မြို့ခံလူတွေရဲ့ ခြိမ်းခြောက်ပြောဆိုတာကိုပဲ ခံခဲ့ရတာမဟုတ်ဘူး။ ဂျေရုဆလင်မြို့က ပါရှုရလို့ခေါ်တဲ့ ထင်ပေါ်တဲ့ ယဇ်ပုရောဟိတ်အကြောင်း သုံးသပ်ကြည့်ပါ။a သူက ဘုရားသခင်ဆီကလာတဲ့ ပရောဖက်ပြုချက်ကို ကြားတဲ့အခါ ‘ပရောဖက်ယေရမိကို ရိုက်ပုတ်၍ . . . ထိတ်ခတ်ထားတယ်။’ (ယေ. ၂၀:၁၊ ၂) ပါရှုရက ယေရမိကို ကြိမ်ဒဏ်အချက် ၄၀ အထိ ရိုက်နှက်ခဲ့တယ်လို့ တချို့ကောက်ချက်ချကြတယ်။ (တရား. ၂၅:၃) ယေရမိ နာကျင်တဲ့ ဝေဒနာခံစားနေရချိန်မှာ လူတွေက သူ့ကိုလှောင်ပြောင်ခဲ့ကြတယ်၊ အော်ဟစ်ဆဲဆိုခဲ့ကြတယ်၊ တံတွေးနဲ့တောင် ထွေးခဲ့ကြတယ်။ ဒီလောက်နဲ့တင် မပြီးသေးဘူး။ ပါရှုရက ယေရမိကို တစ်ညလုံး “ထိတ်ခတ်” ထားခဲ့တယ်။ အဲဒီဟီဘရူးစကားလုံးက ကိုယ်ခန္ဓာ လိမ်ကောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် ယေရမိရဲ့ခြေထောက်၊ လက်နဲ့လည်ပင်းကို အပေါက်တွေ ဖောက်ထားတဲ့သစ်သားပြားထဲ ထည့်ပြီးထိတ်ခတ်ထားတာ ဖြစ်နိုင်တယ်။ ဒီလိုနဲ့ သူက တစ်ညလုံး အကြီးအကျယ် နာကျင်ခံစားခဲ့ရတယ်။

၈ အဲဒါတွေက ယေရမိအပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့သလဲ။ “အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏” လို့ ဘုရားသခင်ကို သူပြောခဲ့တယ်။ (ယေ. ၂၀:၃-၇) ဘုရားသခင့်နာမည်ကိုသုံးပြီး ဆက်မဟောတော့ဘူးလို့တောင် သူတွေးလာတယ်။ ဒါပေမဲ့ ယေရမိ အဲဒီလိုမလုပ်နိုင်ခဲ့ဘူး၊ လုပ်လည်းမလုပ်ခဲ့ဘူးဆိုတာ သင်သိပါတယ်။ အဲဒီအစား သူဟောပြောရမယ့် ဘုရားသခင့် သတင်းစကားဟာ “အရိုးတို့၌ချုပ်ထား၍ လောင်သောမီးကဲ့သို့” ဖြစ်တဲ့အတွက် ယေဟောဝါကိုယ်စား သူဆက်ဟော ခဲ့တယ်။ –ယေရမိ ၂၀:၈၊ ၉ ကိုဖတ်ပါ။

စာမျက်နှာ ၈၄၊ ၈၅ ပါ ရုပ်ပုံ

၉။ ယေရမိ ကြုံခဲ့ရတာတွေကို ပြန်သုံးသပ်ခြင်းက ကျွန်တော်တို့ကို ဘာကြောင့် အထောက်အကူဖြစ်စေသလဲ။

၉ ကျွန်တော်တို့က အသိတွေ၊ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေ၊ အလုပ်ဖော်တွေ ဒါမှမဟုတ် ကျောင်းနေဖက်တွေရဲ့ မလိုတမာစိတ်နဲ့ လှောင်ပြောင်တာကို ခံနေရမယ်ဆိုရင် ဒီမှတ်တမ်းက ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်။ တစ်ခါတလေ ဒီလိုဆန့်ကျင်မှုတွေကြုံရလို့ ကျွန်တော်တို့ စိတ်ဓာတ်ကျသွားရင် အံ့ဩစရာမလိုဘူး။ စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်တဲ့အတွက် ကိုယ်ထိလက်ရောက် နှိပ်စက်ခံရတဲ့အခါ ကျွန်တော်တို့ စိတ်ဓာတ်ကျနိုင်တယ်။ အဲဒါတွေက မစုံလင်တဲ့ယေရမိအပေါ် သက်ရောက်မှုရှိခဲ့တယ်။ ကျွန်တော်တို့လည်း သူ့လိုခံစားချက်ရှိတဲ့လူသားတွေပဲ မဟုတ်လား။ ဒါပေမဲ့ ယေရမိက ဘုရားသခင့်အကူအညီကြောင့် ပျော်ရွှင်မှုနဲ့ ရဲစွမ်းသတ္တိ ပြန်ရခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ ယေရမိက အမြဲစိတ်ဓာတ်ကျနေတာမဟုတ်ဘူး။ ကျွန်တော်တို့လည်း အမြဲစိတ်ဓာတ်ကျနေစရာ မလိုဘူး။—၂ ကော. ၄:၁၆-၁၈။

၁၀။ ယေရမိရဲ့ စိတ်အခြေအနေနဲ့ပတ်သက်ပြီး ကျမ်းစာက ဘာဖော်ပြသလဲ။

၁၀ တစ်ခါတလေ ယေရမိရဲ့စိတ် အခြေအနေက သိသိသာသာ ပြောင်းလဲခဲ့တယ်။ သင်လည်း အဲဒီလိုဖြစ်တတ်သလား။ အကောင်းမြင်စိတ်နဲ့ ပျော်နေရင်းကနေ ဝမ်းနည်းပြီး အားငယ်သွားတာမျိုးဖြစ်နိုင်တယ်။ အကောင်းမြင်စိတ်နဲ့ပတ်သက်ပြီး ယေရမိ ၂၀:၁၂၊ ၁၃ မှာပါတဲ့ စကားတွေကို သတိပြုကြည့်ပါ။ (ကျမ်းချက်ဖတ်ပါ။) ပါရှုရ ဒုက္ခပေးတာကို ကြုံရပြီးနောက်မှာ ယေရမိက “မတရားသဖြင့်ပြုသောသူတို့လက်မှ” ကယ်နုတ်ခံရတဲ့ ဆင်းရဲသားတစ်ယောက်လို ပျော်ရွှင်မှု ခံစားခဲ့ရတယ်။ တစ်ခါတလေ သင်လည်း တစ်နည်းနည်းနဲ့ ကယ်နုတ်ခံရတဲ့အခါဖြစ်ဖြစ်၊ သင့်ဘဝမှာ ဒါမှမဟုတ် သင့်အမှုဆောင်လုပ်ငန်းမှာ တိုးတက်လာတဲ့အခါ ဖြစ်ဖြစ် ပျော်ရွှင်ပြီး ယေဟောဝါကို ချီးမွမ်းချင်စိတ် ပြည့်နေမှာပဲ။ ဒီလိုခံစားရတာ ဘယ်လောက်ကောင်းလိုက်သလဲ။—တ. ၁၆:၂၅၊ ၂၆။

စာမျက်နှာ ၈၆ ပါ ရုပ်ပုံ

ဆန့်ကျင်မှု ဒါမှမဟုတ် လှောင်ပြောင်မှုက ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

၁၁။ ကျွန်တော်တို့က စိတ်အပြောင်းအလဲတွေဖြစ်တဲ့အခါ ယေရမိနဲ့ပတ်သက်ပြီး ဘာကိုသတိရသင့်သလဲ။

၁၁ ကျွန်တော်တို့က မစုံလင်တဲ့အတွက် ကျွန်တော်တို့ရဲ့ စိတ်အခြေအနေလည်း ယေရမိလိုပဲ ပြောင်းလဲတတ်တယ်။ ယေရမိက “ဘုရားသခင်ကို ချီးမွမ်း” ပြီးတဲ့နောက်မှာ အရမ်းစိတ်ပျက်ပြီး မျက်ရည်ကျတဲ့ အထိတောင်ဖြစ်ခဲ့တယ်။ (ယေရမိ ၂၀:၁၄-၁၆ ကိုဖတ်ပါ။) သူအရမ်း စိတ်ဓာတ်ကျတဲ့အတွက် အစကတည်းက မမွေးလာခဲ့ရင်တောင် ကောင်းသားလို့ တွေးခဲ့တယ်။ သူသိပ်အားငယ်နေတဲ့အတွက် သူမွေးတဲ့အကြောင်းကို သတင်းပေးတဲ့သူဟာ သောဒုံနဲ့ဂေါမောရမြို့လို ကျိန်စာသင့်ပါစေလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ယေရမိက အမြဲစိတ်ပျက်ခဲ့သလား။ စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေနဲ့ပဲ စခန်းသွားတော့မယ်လို့ တွေးပြီးလက်မြှောက် အရှုံးပေးခဲ့သလား။ မဟုတ်ပါဘူး။ အဲဒီအစား စိတ်ဓာတ်ကျတဲ့ ခံစားချက်ကို အနိုင်ယူဖို့ သူလုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ယေရမိကျမ်းက ဘာထပ်ပြောတယ်ဆိုတာ သုံးသပ်ကြည့်ပါ။ မင်းညီမင်းသားတစ်ယောက်ဖြစ်တဲ့ ပါရှုရက ဘုရင်ဇေဒကိရဲ့ စေခိုင်းချက်အရ ယေရမိဆီလာပြီး ဂျေရုဆလင်မြို့ကို ဗာဗုလုန်တွေ ဝိုင်းရံပိတ်ဆို့မှုအကြောင်း မေးမြန်းခဲ့တယ်။ ယေရမိက ကြောက်လန့်နေမယ့်အစား ယေဟောဝါရဲ့ တရားစီရင်ချက်အကြောင်း၊ အဲဒီစီရင်ချက်ကြောင့်ဖြစ်လာမယ့် အကျိုးဆက်အကြောင်း ရဲရဲဝံ့ဝံ့ကြေညာခဲ့တယ်။ (ယေ. ၂၁:၁-၇) ယေရမိက ပရောဖက်အဖြစ် ဆက်ပြီး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။

၁၂၊ ၁၃။ စိတ်အခြေအနေ ထူးထူးခြားခြားပြောင်းလဲတာကို ရင်ဆိုင်ဖြေရှင်းဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။

၁၂ ဒီနေ့ခေတ် ဘုရားသခင့် ကျေးကျွန်တချို့လည်း စိတ်အပြောင်းအလဲတွေ ဖြစ်တတ်တယ်။ ဟော်မုန်းအပြောင်းအလဲ ဒါမှမဟုတ် ခန္ဓာကိုယ်ထဲက ဓာတုပစ္စည်းတွေ မမျှတတာစတဲ့ ခန္ဓာပိုင်းဆိုင်ရာ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် တတ်ကျွမ်းတဲ့ ဆရာဝန်တွေက အဲဒီစိတ်အပြောင်းအလဲတွေကို ထိန်းချုပ်နိုင်တဲ့နည်းတွေ အကြံပြုပါလိမ့်မယ်။ (လု. ၅:၃၁) ဒါပေမဲ့ ကျွန်တော်တို့အများစုအတွက်ကတော့ တစ်ခါတလေ ပျော်ရွှင်တက်ကြွလိုက်၊ တစ်ခါတလေ အားငယ်လိုက် ဖြစ်တာတွေက ဆိုးဆိုးရွားရွားမဟုတ်သလို တစ်မူထူးတာလည်း မဟုတ်ပါဘူး။ မစုံလင်တဲ့လူ့ဘဝမှာ အပျက်သဘော ခံစားချက်အများစုက ရှိစမြဲပါပဲ။ ခြေကုန်လက်ပန်းကျတာ ဒါမှမဟုတ် ချစ်ရသူတစ်ယောက် ဆုံးပါးသွားတာကြောင့် အဲဒီလိုခံစားရနိုင်တယ်။ ကျွန်တော်တို့က အဲဒီလိုအခြေအနေမျိုး ကြုံတွေ့ရတဲ့အခါ ယေရမိလည်း စိတ်အပြောင်းအလဲတွေဖြစ်ခဲ့ပေမဲ့ ဘုရားသခင့်မျက်နှာသာ ဆက်ရရှိခဲ့တယ်ဆိုတာကို ပြန်အမှတ်ရနိုင်တယ်။ ကျွန်တော်တို့က လုပ်ရိုးလုပ်စဉ်တွေကို ပြုပြင်ပြောင်းလဲပြီး များများအနားယူဖို့ လိုကောင်းလိုလိမ့်မယ်။ ဒါမှမဟုတ် ဝမ်းနည်းစရာဆုံးရှုံးမှုတွေ ကြုံရပြီးနောက် ဖြေဆည်နိုင်အောင် အချိန်ယူဖို့ လိုကောင်းလိုလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရစ်ယာန်စည်းဝေးတွေကို ဆက်ပြီးတက်ရောက်နေဖို့၊ ဘုရားရေးရာလုပ်ငန်းတွေမှာ ပုံမှန်ပါဝင်နေဖို့ သိပ်အရေးကြီးတယ်။ ဒီလုပ်ဆောင်မှုတွေက ဘုရားသခင်အတွက် အမှုဆောင်တဲ့အခါ မျှတမှုရှိပြီး ဆက်ပျော်ရွှင်နိုင်အောင် ကူညီပေးတဲ့ အရေးကြီးတဲ့နည်းလမ်းတွေဖြစ်တယ်။—မ. ၅:၃; ရော. ၁၂:၁၀-၁၂။

၁၃ သင်က တစ်ခါတလေမှ စိတ်ဓာတ်ကျတာပဲဖြစ်ဖြစ်၊ စိတ်အပြောင်းအလဲကြောင့် စိတ်ဓာတ်ကျတာပဲဖြစ်ဖြစ် ယေရမိရဲ့အတွေ့အကြုံက သင့်ကိုထောက်ကူပေးနိုင်တယ်။ ကျွန်တော်တို့လေ့လာခဲ့တဲ့အတိုင်း ယေရမိလည်း တစ်ခါတလေ စိတ်ဓာတ်ကျခဲ့တယ်။ ဒါပေမဲ့ ဒီလိုစိတ်ဓာတ်ကျတဲ့အတွက် သူချစ်ပြီးသစ္စာရှိရှိ အမှုဆောင်နေတဲ့ ဘုရားသခင်ဆီကနေ လှည့်ထွက်မသွားခဲ့ဘူး။ ဆန့်ကျင်သူတွေက ယေရမိလုပ်တဲ့ကောင်းမှုကို အဆိုးနဲ့တုံ့ပြန်ကြပေမဲ့ ယေရမိက ယေဟောဝါကို အားကိုးပြီး ယုံကြည်ကိုးစားခဲ့တယ်။ (ယေ. ၁၈:၁၉၊ ၂၀၊ ၂၃) သင်လည်း ယေရမိကို အတုယူဖို့ စိတ်ပိုင်းဖြတ်ထားပါ။—မြည်. ၃:၅၅-၅၇။

တစ်ခါတလေ စိတ်ဓာတ်ကျတဲ့အခါ ဒါမှမဟုတ် အားငယ်တဲ့အခါ ယေရမိကျမ်းမှာပါတဲ့အချက်ကို သင် ဘယ်လိုကျင့်သုံးနိုင်သလဲ။

ခြေကုန်လက်ပန်းကျနေသူတွေကို သင် လန်းဆန်းစေမလား

၁၄။ အထူးသဖြင့် ဘယ်လိုအားပေးမှုမျိုးကို ယေရမိ ရရှိခဲ့သလဲ။

၁၄ ယေရမိ ဘယ်လိုအားပေးခံရတယ်၊ ခြေကုန်လက်ပန်းကျနေသူတွေကို သူဘယ်လို အားပေးခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ဆန်းစစ်သင့်တယ်။ (ယေ. ၃၁:၂၅) ယေရမိဟာ အထူးသဖြင့် ယေဟောဝါဆီကနေ အားပေးမှုရရှိခဲ့တယ်။ “ခိုင်ခံ့သောမြို့ . . . အရာ၌ သင့်ကို ယနေ့ငါခန့်ထား၏။ သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ ‘သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်’ ဟု ထာဝရဘုရားမိန့်တော်မူ၏” လို့ ယေရမိကို ကိုယ်တော်ပြောခဲ့တယ်။ (ယေ. ၁:၁၈၊ ၁၉) သင့်ကို ယေဟောဝါ အဲဒီလိုပြောခဲ့မယ်ဆိုရင် သင်သိပ်အားရှိသွားမယ် မဟုတ်လား။ ယေရမိက ယေဟောဝါကို “အကျွန်ုပ်အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှုရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာ” လို့ခေါ်ခဲ့တာဟာ ခိုင်လုံတဲ့ အကြောင်းရင်းရှိလို့ပဲ။—ယေ. ၁၆:၁၉။

၁၅၊ ၁၆။ ယေရမိကို ယေဟောဝါအားပေးပုံကနေ တခြားသူတွေကိုအားပေးနိုင်မယ့် ဘယ်နည်းလမ်းကို ကျွန်တော်တို့တွေ့ရသလဲ။

၁၅ ယေဟောဝါက ယေရမိကို “သင်နှင့်အတူငါရှိသည်” ဆိုပြီးပြောခဲ့တာ မှတ်သားစရာပါပဲ။ အားပေးမှု လိုအပ်နေသူ တစ်ယောက်အတွက် သင်လုပ်ပေးနိုင်တဲ့အရာတစ်ခုကို အဲဒီစကားမှာ သင်တွေ့သလား။ ညီအစ်ကိုညီအစ်မတစ်ယောက် ဒါမှမဟုတ် ဆွေမျိုးတစ်ယောက် အားပေးမှု လိုအပ်နေတယ်ဆိုတာကို သိတာက တစ်ကဏ္ဍ၊ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးတာက တစ်ကဏ္ဍဖြစ်တယ်။ အခြေအနေ အတော်များများမှာ အထိရောက်ဆုံးကတော့ ယေရမိနဲ့အတူ ဘုရားသခင် ရှိနေပေးခဲ့သလို လိုအပ်နေသူနဲ့အတူ သင် ရှိနေပေးဖို့ပဲဖြစ်တယ်။ အဲဒီနောက် အားပေးစကား တစ်ခွန်းနှစ်ခွန်း ပြောနိုင်တယ်။ ကရားရေလွှတ်ပြောတာထက် သေချာစဉ်းစားပြီးပြောတဲ့ အားပေးနှစ်သိမ့်စကား အနည်းငယ်က ပိုကောင်းတယ်။ စကားကြီးစကားကျယ်တွေ ဖွဲ့နွဲ့ပြောနေစရာမလိုပါဘူး။ ကိုယ့်ရဲ့စိတ်ဝင်စားမှု၊ စိုးရိမ်ပေးမှုနဲ့ ခရစ်ယာန်မေတ္တာကို ဖော်ပြတဲ့ စကားလုံး ရိုးရိုးလေးတွေကိုသုံးပါ။ အဲဒီလိုစကားလုံးတွေက တကယ့်ကို အကျိုးရှိနိုင်ပါတယ်။—သုတ္တံ ၂၅:၁၁ ကိုဖတ်ပါ။

၁၆ ယေရမိက ‘အကျွန်ုပ်ကို အောက်မေ့ [“အာရုံစိုက်၊” ကဘ] တော်မူပါ’ လို့တောင်းဆိုခဲ့တယ်။ ပြီးတဲ့နောက် “အကျွန်ုပ်တွေ့သော နှုတ်ကပါဌ်တော်စကားကို ခံယူပါပြီ။ နှုတ်ကပါဌ်တော်သည် အကျွန်ုပ်ဝမ်းမြောက် ရွှင်လန်းစရာအကြောင်းဖြစ်ပါ၏” လို့ သူဆက်ပြောတယ်။ (ယေ. ၁၅:၁၅၊ ၁၆) သင် အားပေးချင်တဲ့သူကလည်း ယေရမိလိုပဲ အာရုံစိုက်မှုကို လိုအပ်နေတာဖြစ်နိုင်တယ်။ သင့်စကားတွေက ယေဟောဝါ ပြောသလောက်တော့ အစွမ်းထက်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သင့်စကားတွေထဲမှာ ဘုရားသခင့်စကားတချို့ကို ထည့်ပြောနိုင်တယ်။ အဲဒီလို ကျမ်းစာကိုအခြေခံပြီး စိတ်ရင်းမှန်နဲ့ပြောတဲ့စကားတွေက စိတ်ဓာတ်ကျနေသူကို ပျော်ရွှင်စေနိုင်ပါတယ်။—ယေရမိ ၁၇:၇၊ ၈ ကိုဖတ်ပါ။

၁၇။ ဇေဒကိနဲ့ယောဟနန်ကို ယေရမိပြောဆိုဆက်ဆံပုံကနေ အရေးကြီးတဲ့ ဘာသင်ခန်းစာရနိုင်သလဲ။

၁၇ ယေရမိက ဘုရားသခင်ဆီကနေ အားပေးမှု ရယူရုံသာမက တခြားသူတွေကိုလည်း ပြန်အားပေးခဲ့တယ်ဆိုတာ သတိပြုပါ။ ဘယ်လိုနည်းနဲ့လဲ။ တစ်ကြိမ်မှာ ဘုရင်ဇေဒကိက ဗာဗုလုန်တွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ဂျူးတွေကို ကြောက်တယ်လို့ ယေရမိကို ပြောခဲ့တယ်။ ယေရမိက ဘုရင်ဟာ ယေဟောဝါကို နာခံပြီး ကောင်းကျိုးတွေ ခံစားဖို့တိုက်တွန်းရင်း အားပေးခဲ့တယ်။ (ယေ. ၃၈:၁၉၊ ၂၀) ဂျေရုဆလင်မြို့ ကျဆုံးပြီးနောက် ပြည်ထဲမှာဂျူးအနည်းငယ်ပဲ ကျန်တော့တယ်။ စစ်ခေါင်းဆောင် ယောဟနန်က သူတို့ကို အီဂျစ်ပြည်ကို ခေါ်သွားဖို့ စဉ်းစားနေတယ်။ ဒါပေမဲ့ သူက ယေရမိကို အရင်လာတိုင်ပင်တယ်။ ယေရမိက ယောဟနန် ပြောတဲ့စကားတွေကို နားထောင်ပေးပြီးနောက် ယေဟောဝါဆီ ဆုတောင်းတယ်။ နောက်ပိုင်း ယေရမိက အားရှိစရာကောင်းတဲ့ ယေဟောဝါရဲ့အဖြေကို ပြန်ပြောပြခဲ့တယ်။ ပြည်ထဲမှာပဲ ဆက်နေပါဆိုတဲ့ ဘုရားသခင့်စကားကို နားထောင်မယ်ဆိုရင် အကျိုးရှိမယ်လို့ သူ ပြောခဲ့တယ်။ (ယေ. ၄၂:၁-၁၂) အဲဒီအဖြစ်အပျက်နှစ်ခုစလုံးမှာ ယေရမိက စကားမပြောခင် နားထောင်ပေးခဲ့တယ်။ ဒါကြောင့် တခြားသူတွေကို အားပေးတဲ့အခါ အရေးကြီးဆုံးကတော့ နားထောင်ပေးဖို့ပဲ။ စိတ်ဓာတ်ကျနေသူက သူ့ခံစားချက်တွေကို ရင်ဖွင့်ပါစေ။ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို နားထောင်ပေးပါ။ သင့်တော်တဲ့အခါ အားပေးစကားပြောပါ။ အားပေးမှု လိုအပ်နေသူကို ပြောမယ့်စကားတွေကို ဘုရားသခင်ဆီကနေ သင်တိုက်ရိုက်ရမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ အားရှိစရာအချက်တွေ၊ အနာဂတ်နဲ့ပတ်သက်တဲ့ အချက်တွေကို သင်ထည့်ပြောနိုင်တယ်။—ယေ. ၃၁:၇-၁၄။

စာမျက်နှာ ၉၁ ပါ ရုပ်ပုံ

၁၈၊ ၁၉။ ရေခပ်အမျိုးသားတွေနဲ့ ဧဗဒမေလက်ရဲ့မှတ်တမ်းမှာ တခြားသူတွေကိုအားပေးတဲ့အခါ လုပ်ဆောင်နိုင်တဲ့ ဘယ်အချက်ကို တွေ့ရသလဲ။

၁၈ ဇေဒကိကော ယောဟနန်ပါ ယေရမိရဲ့ အားရှိစရာအကြံပြုချက်ကို လက်မခံခဲ့ကြဘူး။ အဲဒီလိုပဲ တချို့လည်း သင်ပြောတာကို လက်ခံမှာမဟုတ်ဘူး။ ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ ယေရမိရဲ့အားပေးချက်ကို တခြားသူတွေ လက်ခံခဲ့သလို သင့်အားပေးချက်ကိုလည်း တချို့လက်ခံပါလိမ့်မယ်။ ဂျူးတွေနဲ့ နှစ်ပေါင်းများစွာ ပတ်သက်ခဲ့တဲ့ ကေနိလူမျိုး၊ ရေခပ်အမျိုးသားတွေအကြောင်း စဉ်းစားကြည့်ပါ။ သူတို့ကို ဘိုးဘေးယောနဒပ်ပေးခဲ့တဲ့ မိန့်မှာချက်တွေထဲမှာ တိုင်းတစ်ပါးသားတွေအနေနဲ့ စပျစ်ရည်မသောက်ရဘူးဆိုတဲ့အချက်ပါတယ်။ မြို့ကို ဗာဗုလုန်တွေတိုက်ခိုက်နေချိန်မှာ ယေရမိက ရေခပ်အမျိုးသားတွေကို ဗိမာန်တော်စားသောက်ခန်းထဲ ခေါ်လာပြီး ဘုရားသခင်ပြောတဲ့အတိုင်း သူတို့ရှေ့မှာ စပျစ်ရည်ချပေးတယ်။ သူတို့က နာခံမှုမရှိတဲ့အစ္စရေးတွေနဲ့ တခြားစီပဲ။ သူတို့ရဲ့ဘိုးဘေးကိုလေးစားတဲ့အနေနဲ့ သူ့စကားကိုနာခံပြီး စပျစ်ရည်မသောက်ကြဘူး။ (ယေ. ၃၅:၃-၁၀) ယေရမိက ယေဟောဝါရဲ့ချီးမွမ်းစကား၊ သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကိုယ်တော့်ကတိကို သူတို့ကို ပြန်ပြောပြတယ်။ (ယေရမိ ၃၅:၁၄၊ ၁၇-၁၉ ကိုဖတ်ပါ။) ဒါကြောင့် အားပေးစကားပြောတဲ့အခါ သင်လုပ်ဆောင်နိုင်တာတစ်ခုကတော့ ဖြစ်နိုင်တဲ့အခါတိုင်း စိတ်ရင်းမှန်နဲ့ချီးမွမ်းပေးဖို့ပဲ။

၁၉ ယေရမိက ဘုရင်ဇေဒကိရဲ့နန်းတွင်းအရာရှိဖြစ်တဲ့ အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်ကိုလည်း ချီးမွမ်းခဲ့တယ်။ ယုဒမင်းညီမင်းသားတွေက ယေရမိကို သေပါစေဆိုပြီး ရွှံ့နွံတွေရှိတဲ့ ရေလှောင်ကန်ထဲ ပစ်ချကြတယ်။ ဧဗဒမေလက်က ဘုရင်ဇေဒကိဆီ အသနားခံတဲ့အခါ ယေရမိကိုကယ်တင်ဖို့ ခွင့်ပြုမိန့်ရခဲ့တယ်။ တခြားသူတွေ အကြမ်းဖက်နှောင့်ယှက်လာနိုင်တယ်ဆိုတာကို သိပေမဲ့ ဒီတိုင်းတစ်ပါးသားဟာ ယေရမိကို ကယ်တင်ခဲ့တယ်။ (ယေ. ၃၈:၇-၁၃) အဲဒီလုပ်ရပ်ကြောင့် ယုဒမင်းညီမင်းသားတွေနဲ့ ဆက်ဆံရေးပြတ်တောက်သွားနိုင်တဲ့အတွက် ရှေ့ရေးကိုတွေးပြီး သူ စိုးရိမ်ခဲ့မှာပဲ။ အဲဒီစိုးရိမ်စိတ်တွေကို သူ့ဘာသာသူ ကျော်လွှားနိုင်မှာပါဆိုပြီး ယေရမိ နှုတ်ဆိတ်မနေခဲ့ဘူး။ အနာဂတ်မှာ ဧဗဒမေလက်ကို ဘုရားသခင်ပေးမယ့်ကောင်းချီးတွေနဲ့ပတ်သက်တဲ့ အားရှိစရာစကားတွေကို ပြောခဲ့တယ်။—ယေ. ၃၉:၁၅-၁၈။

၂၀။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုညီအစ်မအကြီးအငယ် အားလုံးအတွက် ကျွန်တော်တို့ ဘာလုပ်ပေးချင်စိတ်ရှိသင့်သလဲ။

၂၀ ပေါလုက သက်သာလောနိတ်မြို့မှာရှိတဲ့ ညီအစ်ကိုတွေကို “အချင်းချင်းနှစ်သိမ့်၍ တည်ဆောက်ပေးလျက်နေကြလော့။ . . . ငါတို့သခင် ယေရှုခရစ်၏ မဟာကရုဏာသည် သင်တို့နှင့်အတူ ရှိပါစေ” လို့ အားပေးခဲ့တယ်။ အဲဒီအားပေးချက်ကို ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်တယ်ဆိုတာဖော်ပြတဲ့ အကောင်းဆုံးပုံနမူနာတွေကို ယေရမိကျမ်းမှာ ကျွန်တော်တို့တွေ့ခဲ့ရတယ်။—၁  သက်. ၅:၁၁၊ ၂၈။

ခြေကုန်လက်ပန်းကျနေသူတွေကို အားပေးဖို့ကြိုးစားရာမှာ ယေရမိဆီကရတဲ့ ဘယ်သင်ခန်းစာတွေကို ကျင့်သုံးဖို့ သင်စဉ်းစားထားသလဲ။

a ဇေဒကိနန်းစံချိန်အတွင်းမှာ ပါရှုရလို့ခေါ်တဲ့ နောက်ထပ်မင်းညီမင်းသား တစ်ယောက်ရှိပြီး သူက ယေရမိကိုသတ်ဖို့ ဘုရင့်ဆီတောင်းဆိုခဲ့သူဖြစ်တယ်။—ယေ. ၃၈:၁-၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ