ကြေညာသူများရဲ့မေးခွန်း
◼ ကလေးတွေကို ယေဟောဝါဘုရားနဲ့ပိုရင်းနှီးလာစေဖို့ ဘာတွေသင်ပေးရမလဲ။
ခရစ်ယာန်မိဘတွေဟာ သားသမီးတွေကို “ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်” နဲ့အညီ ပြုစုပျိုးထောင်ဖို့ ကြိုးစားနေကြပါတယ်။ (ဧ. ၆:၄) ဥပမာ၊ မနက်တိုင်း ကလေးတွေနဲ့အတူ နေ့စဉ်ကျမ်းချက်ဖတ်ကြတယ်။ မိသားစုဝတ်ပြုချိန်နဲ့ တခြားအချိန်တွေမှာ အဖွဲ့အစည်းထုတ်အခွေကို မိသားစုလိုက်ကြည့်ပြီး ဆွေးနွေးတာ၊ လူငယ်များအမေး ဆောင်းပါးတွေထဲက သတ်သတ်မှတ်မှတ်အချက်တွေကို ပြောဆိုတာ၊ ကျမ်းစာမှတ်တမ်းတစ်ခုကို သရုပ်ဆောင်တာ၊ လက်တွေ့လေ့ကျင့်တာတွေ လုပ်ကြတယ်။ ဒါပေမဲ့ ကလေးတွေ “ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်း” နိုင်ဖို့ နက်နဲတဲ့ကျမ်းစာအမှန်တရားတွေကိုလည်း သင်ပေးရမှာဖြစ်တယ်။—ဟေဗြဲ ၆:၁။
စိတ်ဝင်စားသူတွေကို သင်ပေးရတဲ့ စာအုပ်တွေကို စဉ်းစားကြည့်ပါ။ အစပိုင်းမှာ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ကိုသုံးပြီး သင်အံမှုစနိုင်ဖို့ ကျွန်ုပ်တို့ ကြိုးစားကြတယ်။ အဲဒီစာအုပ်ကို သင်ပြီးတဲ့နောက် “ဘုရားသခင့်မေတ္တာတော်၌ တည်နေလော့” စာအုပ်ကို သင်ပေးကြတယ်။ ဘာကြောင့်လဲ။ သွန်သင်ရာစာအုပ်မှာ အခြေခံကျမ်းစာအသိပညာကို ဖော်ပြပေးထားပြီး “ဘုရားသခင့်မေတ္တာတော်” စာအုပ်က ကျမ်းစာမူတွေကို နေ့စဉ်အသက်တာမှာ ဘယ်လိုကျင့်သုံးနိုင်သလဲဆိုတာ ဖော်ပြပေးထားလို့ဖြစ်တယ်။ စိတ်ဝင်စားတဲ့သူတွေနဲ့ အဲဒီစာအုပ်နှစ်အုပ်လုံးကို ဆွေးနွေးပြီးတဲ့အခါ သူတို့က ခရစ်တော်ကို “စွဲမြဲ” ပြီး “ယုံကြည်ခြင်း၌ တည်မြဲ” လာပါလိမ့်မယ်။ (ကော. ၂:၆၊ ၇) ကိုယ့်သားသမီးတွေကိုလည်း အဲဒီစာအုပ်တွေနဲ့ သင်ပေးရင် မကောင်းဘူးလား။ ရွေးနုတ်ဖိုး၊ ဘုရားသခင့်နိုင်ငံတော်နဲ့ သေလွန်သူတွေရဲ့ အခြေအနေတွေကို သူတို့လည်း သိထားဖို့လိုတယ်။ ဒါ့အပြင် ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားတာလဲ၊ ဒီအစီအစဉ်စနစ်ရဲ့ နောက်ဆုံးနေ့ရက်တွေကို ဘယ်လိုခွဲခြားသိနိုင်သလဲဆိုတာတွေကိုလည်း သင်ပေးရမယ်။ ကလေးတွေဟာ ယေဟောဝါသက်သေတွေမှာ အမှန်တရားရှိတယ်ဆိုတာကို ယုံကြည်စိတ်ချမှုရှိရမယ်။ ကျမ်းစာမူတွေကို နားလည်ပြီး ကိုယ့်ရဲ့ “သိနားလည်နိုင်စွမ်းကို” ဘယ်လိုအသုံးပြုရမလဲဆိုတာကိုလည်း သဘောပေါက်ရမယ်။ (ဟေဗြဲ ၅:၁၄) မိဘတွေက ကိုယ့်ကလေးတွေရဲ့ အသက်အရွယ်အလိုက်၊ ဉာဏ်ရည်အလိုက် သင်ပေးရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကလေးအတော်များများဟာ နက်နဲတဲ့ကျမ်းစာအမှန်တရားတွေကို ငယ်ငယ်ကတည်းက သင်ယူနိုင်စွမ်းရှိကြပါတယ်။—လု. ၂:၄၂၊ ၄၆၊ ၄၇။
သွန်သင်ရာစာအုပ်ကို အခြေခံထားတဲ့ လေ့လာမှုအထောက်အကူပြု အစီအစဉ်ကို jw.org ဝက်ဘ်ဆိုက်ပေါ် တင်ပေးပါတော့မယ်။ အဲဒီအစီအစဉ်ကို သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက်များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့နိုင်မှာဖြစ်တယ်။ နောက်ပိုင်း“ဘုရားသခင့်မေတ္တာတော်” စာအုပ်ကို အခြေခံထားတဲ့ လေ့လာမှုအထောက်အကူပြု အစီအစဉ်ကိုလည်း ပြင်ဆင်ပေးပါမယ်။ ဒါပေမဲ့ ပုံနှိပ်ထားတဲ့ အဲဒီစာအုပ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အဲဒီစာအုပ်တွေကို မိသားစုဝတ်ပြုမှုမှာသုံးမလား၊ သားသမီးတစ်ယောက်စီနဲ့ သီးသန့်သင်အံမှုလုပ်မလား၊ ကလေးကို ကိုယ်ပိုင်လေ့လာမှုလုပ်တတ်အောင် အဲဒီစာအုပ်တွေနဲ့ လေ့ကျင့်ပေးမလားဆိုတာကိုတော့ မိဘတွေ ဆုံးဖြတ်နိုင်ပါတယ်။