သားသမီးတွေကို သွန်သင်ပေးဖို့ အဖွဲ့အစည်းဝက်ဘ်ဆိုက်ကို အသုံးပြုပါ
၁။ “ကလေးများ” ဆိုတဲ့အပိုင်းက ဘာအတွက် ရည်ရွယ်သလဲ။
၁ လူကြီးလူငယ်မရွေး စိတ်ဝင်စားအောင် အဖွဲ့အစည်းဝက်ဘ်ဆိုက်ဖြစ်တဲ့ jw.org ကို ဖန်တီးထားပါတယ်။ “ကလေးများ” ဆိုတဲ့ အပိုင်းက ကလေးတွေနဲ့ မိဘတွေ အချင်းချင်းသာမက ယေဟောဝါဘုရားနဲ့ပါ ပိုရင်းနှီးလာစေတယ်။ (တရား. ၆:၆၊ ၇) (ဒီခေါင်းစဉ်အောက်မှာ ကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > ကလေးများ) ကလေးတွေကို သင်ပေးဖို့ ဒီအပိုင်းကို မိဘတွေ ဘယ်လိုအသုံးပြုနိုင်သလဲ။
၂။ လေ့လာမယ့်အကြောင်းအရာတွေကို ကလေးတွေရဲ့ အသက်အရွယ်အလိုက် ဘယ်လိုရွေးချယ်နိုင်သလဲ။
၂ ပြောင်းသာလဲသာရှိပါ– ကလေးတစ်ဦးစီမှာ လိုအပ်ချက် တစ်မျိုးစီ ရှိတယ်။ (၁ ကော. ၁၃:၁၁) ဒါဆိုရင် လေ့လာမယ့်အကြောင်းအရာတွေကို ကလေးတွေရဲ့ အသက်အရွယ်အလိုက် ဘယ်လိုရွေးချယ်နိုင်သလဲ။ ကိုယ့်ကိုယ်ကို ဒီလိုမေးပါ– ‘ငါ့ကလေးက ဘယ်အကြောင်းကို စိတ်ဝင်စားနိုင်မလဲ။ သူဘယ်လောက်အထိ နားလည်နိုင်မလဲ။ ဘယ်လောက်ကြာကြာ အာရုံစိုက်နိုင်မလဲ။’ သုံးနှစ်နဲ့ သုံးနှစ်အောက်ကလေးတွေ ရှိမယ်ဆိုရင် “ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ” ဆိုတဲ့ ခေါင်းစဉ်အောက်က ဇာတ်လမ်းတွေကို အသုံးပြုနိုင်တယ်။ “သားသမီးတွေကို သွန်သင်ပေးပါ” ဆိုတဲ့ အပိုင်းက ကျမ်းစာရုပ်ပြဇာတ်လမ်းတွေကိုလည်း သုံးနိုင်တယ်။ အောက်ဖော်ပြပါ အစီအစဉ်တွေကိုလည်း သုံးသပ်ကြည့်ပါ။
၃။ “မိသားစုဝတ်ပြုမှုအတွက် အစီအစဉ်များ” အောက်က ကျမ်းစာရုပ်ပြ ဇာတ်လမ်းနဲ့ နောက်ထပ်ကဏ္ဍများ စတဲ့ အပိုင်းတွေကို မိဘတွေ ထိထိရောက်ရောက် ဘယ်လိုအသုံးပြုနိုင်မလဲ။
၃ မိသားစုဝတ်ပြုမှုအတွက် အစီအစဉ်များ– ကလေးတွေနဲ့အတူ လေ့လာနိုင်ဖို့ မိဘတွေကို ဒီအစီအစဉ်က ကူညီပေးတယ်။ ကူးယူပါဆိုတဲ့ လေးထောင့်ကွက်ကို နှိပ်ပါ။ “မိဘများအတွက် လမ်းညွှန်” ကို ဖတ်ပါ။ အဲဒီမှာ ကျမ်းစာရုပ်ပြဇာတ်လမ်းတွေနဲ့ နောက်ထပ်ကဏ္ဍတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ဖော်ပြထားတယ်။ ရောင်စုံချယ်ကြစို့ စတဲ့ အရာတွေပါရှိတဲ့ “ရုပ်ပုံမှာလုပ်စရာများ” အပိုင်းကိုသုံးပြီး သုံးနှစ်အထက် ကလေးငယ်တွေကို သင်ပေးပါ။ ခြောက်နှစ်နဲ့အထက်ကလေးတွေအတွက် “လေ့လာသင်ယူကြရအောင်” ဆိုတဲ့ အပိုင်းကို သုံးပါ။ ကဏ္ဍအားလုံးက ကျမ်းစာဇာတ်လမ်းတစ်ခုတည်းကိုအခြေခံထားလို့ မိသားစုဝတ်ပြုမှုအစီအစဉ်တစ်ခုတည်းမှာ အသက်အရွယ်မရွေး ကလေးအားလုံးပါဝင်နိုင်မှာဖြစ်တယ်။
၄။ “ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ပါ” ခေါင်းစဉ်အောက်မှာ ဘာတွေတွေ့နိုင်သလဲ။
၄ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ပါ– ဗီဒီယိုများ၊ သီချင်းများနဲ့ လုပ်ဆောင်စရာများ ဆိုတဲ့ ကဏ္ဍတစ်ခုစီဟာ ကလေးငယ်တွေကို ကျမ်းစာသင်ပေးတဲ့အခါ မိဘတွေအတွက် အကူအညီဖြစ်စေတယ်။ (တရား. ၃၁:၁၂) ဗီဒီယိုကာတွန်းတိုလေးတွေက အရေးကြီးသင်ခန်းစာတွေ သင်ပေးတယ်။ လုပ်ဆောင်စရာများ ခေါင်းစဉ်အောက်က ကစားနည်းလေးတွေကလည်း အရေးကြီး သင်ခန်းစာတွေ ပေးတယ်။ ကလေးတွေက သီချင်းဆိုတာကို ကြိုက်ကြပြီး သီချင်းတွေက ကျမ်းစာသင်ခန်းစာတွေကို မှတ်မိလွယ်စေတယ်။ ဒါကြောင့် နိုင်ငံတော်သီချင်းတွေနဲ့ သူတို့အတွက်ရည်ရွယ်ပြီး ရေးစပ်ထားတဲ့ သီချင်းတွေကို ပုံမှန်တင်ထားပေးတယ်။
၅။ မိဘတွေအနေနဲ့ သားသမီးတွေကို ကျမ်းစာအမှန်တရား သင်ပေးနိုင်ဖို့ ယေဟောဝါဘုရားထံ ဘာကြောင့်အကူအညီ တောင်းသင့်တာလဲ။
၅ မိဘတို့၊ ယေဟောဝါက သင်တို့ကို မိဘကောင်းတွေ ဖြစ်စေလိုပါတယ်။ ဒါကြောင့် ကလေးတွေကို ကျမ်းစာအမှန်တရား သင်ပေးနိုင်ဖို့ ဘုရားသခင်ဆီ အကူအညီတောင်းပါ။ (သူကြီး. ၁၃:၈) ဘုရားပေးအကူအညီနဲ့ သင်တို့ရဲ့ကလေးတွေကို ‘ခရစ်တော်ယေရှုနှင့်ဆိုင်သော ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရန် ပညာရှိ’ စေဖို့ သွန်သင်ပေးနိုင်ပါတယ်။—၂ တိ. ၃:၁၅; သု. ၄:၁-၄။