ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ—ဇေဖနိ
၁။ ဇေဖနိဟာ ဘယ်လိုအခြေအနေမျိုးမှာ တရားစီရင်ချက်အကြောင်း ကြေညာခဲ့ရသလဲ။ ဒီနေ့အချိန်မှာ သူ့ရဲ့စံနမူနာကို ဘယ်လိုတုပနိုင်သလဲ။
၁ ဘီစီခုနစ်ရာစုအလယ်ပိုင်းမှာ ယုဒလူတွေဟာ ဗာလနတ်ဘုရားကို ပြောင်ပြောင်တင်းတင်း ကိုးကွယ်လာကြတယ်။ မကြာခင်မှာ ဘုရင်ဆိုးဖြစ်တဲ့ အာမုန်ဟာ လုပ်ကြံခံလိုက်ရတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ယောရှိဟာ ဘုရင်ဖြစ်လာတယ်။ (၆ ရာ. ၃၃:၂၁-၃၄:၁) အဲဒီအချိန်မှာ ယေဟောဝါက ယုဒလူတွေကို တရားစီရင်မယ့်အကြောင်း ဇေဖနိကို ကြေညာခိုင်းတယ်။ ဇေဖနိဟာ ယုဒတော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ယုဒပြည်မှာရှိတဲ့ ခေါင်းဆောင်တွေကို ယေဟောဝါ တရားစီရင်မယ့်အကြောင်း သတ္တိရှိရှိပြောခဲ့တယ်။ (ဇေ. ၁:၁; ၃:၁-၄) အလားတူ၊ ကျွန်ုပ်တို့လည်း ဇေဖနိရဲ့ ရဲစွမ်းသတ္တိကို တုပပြီး မယုံကြည်သူဆွေမျိုးတွေက ကျွန်ုပ်တို့ရဲ့ ဝတ်ပြုရေးမှာ နှောင့်ယှက်တာကို ခွင့်မပြုကြဘူး။ (မ. ၁၀:၃၄-၃၇) ဘယ်စီရင်ချက်ကို ဇေဖနိ ကြေညာခဲ့သလဲ။ ဘာအကျိုး ရခဲ့သလဲ။
၂။ ယေဟောဝါတရားစီရင်မယ့်နေ့မှာ ကယ်တင်ခံရဖို့ ဘာတွေ လုပ်ဆောင်ရမလဲ။
၂ ယေဟောဝါကိုရှာပါ– တရားစီရင်ရာနေ့မှာ ယေဟောဝါကလွဲလို့ ဘယ်သူမှ လူတွေကို ကယ်တင်ပေးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျန်ရှိနေတဲ့အချိန်လေးမှာ ယေဟောဝါကိုရှာဖို့၊ ဖြောင့်မတ်ခြင်းကို ရှာဖို့၊ စိတ်နူးညံ့ခြင်းကို ရှာဖို့ ယုဒလူတွေကို ဇေဖနိ တိုက်တွန်းခဲ့ပါတယ်။ (ဇေ. ၂:၂၊ ၃) အဲဒီအချက်က ဒီနေ့ခေတ် ကျွန်ုပ်တို့နဲ့လည်း သက်ဆိုင်ပါတယ်။ ယေဟောဝါကိုရှာဖို့ လူတွေကို ဇေဖနိလိုပဲ ကျွန်ုပ်တို့ တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ယေဟောဝါကို ရှာဖွေနေဖို့လိုတယ်။ “ယေဟောဝါနောက် မလိုက်တော့ဘဲ ပြန်လှည့်သွားသူတွေ” မဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ (ဇေ. ၁:၆၊ ကဘ) ကျွန်ုပ်တို့ဟာ ကျမ်းစာကို ဂရုတစိုက်ဖတ်ရှုလေ့လာခြင်းအားဖြင့်၊ လမ်းညွှန်ပေးဖို့ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို ရှာဖွေနေကြတယ်။ ကိုယ်ကျင့်တရားပိုင်းမှာ သန့်သန့်ရှင်းရှင်း နေထိုင်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရှာဖွေနေကြတယ်။ ကျိုးနွံတတ်တဲ့သဘောထားကို မွေးမြူခြင်းအားဖြင့်၊ ယေဟောဝါအဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို တလိုတလားလက်ခံခြင်းအားဖြင့် စိတ်နူးညံ့ခြင်းကို ရှာဖွေနေကြပါတယ်။
၃။ အမှုဆောင်လုပ်ငန်းမှာ အကောင်းမြင်သဘောထားကို ဆက်ထိန်းထားဖို့ ဘာကြောင့် လိုအပ်သလဲ။
၃ ရလဒ်ကောင်းများ– ဇေဖနိကြေညာတဲ့ တရားစီရင်ချက်သတင်းကို ယုဒလူတချို့ တုံ့ပြန်ခဲ့ကြတယ်။ အထူးသဖြင့် ငယ်ငယ်လေးကတည်းက ယေဟောဝါဘုရားကို ရှာဖွေခဲ့တဲ့ လူငယ်လေးယောရှိက နားထောင်ရုံသာမက လုပ်ရပ်နဲ့ပါ တုံ့ပြန်ခဲ့တယ်။ နောက်ပိုင်းမှာ ယောရှိဟာ ရုပ်တုကိုးကွယ်ခြင်းနဲ့ဆိုင်တဲ့အရာတွေကို ထက်ထက်သန်သန် ဖယ်ရှားခဲ့တယ်။ (၆ ရာ. ၃၄:၂-၅) ဒီနေ့အချိန်မှာ နိုင်ငံတော်မျိုးစေ့တချို့က လမ်းဘေးမှာ၊ ကျောက်ခံမြေပေါ်မှာ၊ ဆူးပင်တွေကြားမှာ ကျသွားတာရှိပေမဲ့ မျိုးစေ့တချို့က ကောင်းတဲ့မြေပေါ်မှာကျပြီး သီးပွင့်ဖြစ်ထွန်းတာတွေ ရှိပါတယ်။ (မ. ၁၃:၁၈-၂၃) နိုင်ငံတော်မျိုးစေ့ကြဲခြင်းဖြစ်တဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ အလုပ်များပြီး ကြိုးစားနေတာကို ယေဟောဝါ ကောင်းချီးပေးနေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာ. ၁၂၆:၆။
၄။ ဘာကြောင့် ‘ယေဟောဝါကို စောင့်မျှော်နေ’ သင့်သလဲ။
၄ ယေဟောဝါက ဘယ်တော့မှ အရေးယူမှာ မဟုတ်ဘူးလို့ ယုဒလူတချို့ ထင်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့ တရားစီရင်မယ့်နေ့က နီးနေပြီဆိုတာ ကိုယ်တော် အခိုင်အမာပြောခဲ့တယ်။ (ဇေ. ၁:၁၂၊ ၁၄) ယေဟောဝါကိုရှာဖွေပြီး ခိုလှုံတဲ့သူတွေပဲ ကယ်တင်ခံရမှာဖြစ်တယ်။ (ဇေ. ၃:၁၂၊ ၁၇) ‘ယေဟောဝါကို စောင့်မျှော်နေ’ ရင်း ယုံကြည်သူချင်းတွေနဲ့ စည်းစည်းလုံးလုံး အမှုဆောင်ခြင်းကနေ ပျော်ရွှင်မှုခံစားနိုင်ကြပါစေ။—ဇေ. ၃:၈၊ ၉၊ ကဘ။