နိုင်ငံတော်သတင်းတရားပျံ့နှံ့စေဖို့ အခွင့်အရေးတွေကို အသုံးချပါ
၁။ ဒါဝိဒ်ဆီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။
၁ ဘုရင်ဒါဝိဒ်ဟာ အခြေအနေမပေးတာနဲ့ပဲ ဘာမှမလုပ်ဘဲ မနေခဲ့ပါဘူး။ ဥပမာ၊ ဒါဝိဒ်က ဗိမာန်တော်ကို တည်ဆောက်ချင်တယ်။ ဒါပေမဲ့ ဆောက်ခွင့်မရတဲ့အခါ သူ့ရည်ရွယ်ချက်တွေကို ပြောင်းလဲခဲ့တယ်။ ဗိမာန်တော်ကို ရှောလမုန် တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းဥစ္စာတွေ အသင့်ပြင်ဆင်ပေးခဲ့တယ်။ (၃ ရာ. ၈:၁၇-၁၉; ၅ ရာ. ၂၉:၃-၉) ဒါဝိဒ်ဟာ မလုပ်နိုင်တဲ့အရာကို တွေးပြီးစိတ်မကောင်းဖြစ်မယ့်အစား လုပ်နိုင်ရာကိုပဲ အာရုံစိုက်ခဲ့တယ်။ ကျွန်ုပ်တို့လည်း နိုင်ငံတော်သတင်းတရား ပျံ့နှံ့စေမယ့်နည်းတွေကို ရှာဖွေတဲ့အခါ ဒါဝိဒ်ကို ဘယ်လိုတုပနိုင်မလဲ။
၂။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆန်းစစ်နိုင်မလဲ။
၂ လုပ်နိုင်တဲ့အရာကိုလုပ်ဆောင်ပါ– ညီအစ်ကို၊ ညီအစ်မတော်တော်များများဟာ ဘဝကို ရိုးရိုးရှင်းရှင်းထားပြီး အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင် လုပ်နေကြတယ်။ (မ. ၆:၂၂) သင်ကော ရှေ့ဆောင်လုပ်နိုင်မလား။ ကိုယ့်ရဲ့အခြေအနေကို ဆုတောင်းပြီး ဆန်းစစ်မယ်ဆိုရင် ကိုယ့်ရှေ့မှာ “ဆောင်ရွက်စရာ လုပ်ငန်းတံခါးကြီး ပွင့်” နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် ရရှိတဲ့အခွင့်အရေးတွေကို အမိအရ အသုံးချပါ။—၁ ကော. ၁၆:၈၊ ၉။
၃။ ရှေ့ဆောင်မလုပ်နိုင်ရင်တောင် သက်သေခံဖို့ ဘယ်အခွင့်အရေးတွေကို အမိအရအသုံးချမလဲ။
၃ သင့်အခြေအနေကြောင့် ရှေ့ဆောင်မလုပ်နိုင်ရင်ကော။ သင်ရရှိထားတဲ့ အခွင့်အရေးတွေကို အမိအရအသုံးချပါ။ ဥပမာ၊ အလုပ်ခွင်မှာ အပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံရပြီဆိုရင် သူတို့ကို သက်သေခံဖို့ အခွင့်အရေးတွေ ရှာယူနိုင်မလား။ သင်ဟာ ကျန်းမာရေးမကောင်းသူဆိုရင် သင့်ကျန်းမာရေးကို ပြုစုစောင့်ရှောက်နေတဲ့ ဆရာဝန် ဒါမှမဟုတ် သူနာပြုတွေကို အခွင့်အရေးယူပြီး သက်သေခံနိုင်မလား။ အသက်အရွယ်ကြီးရင့်လို့ ဒါမှမဟုတ် ကျန်းမာရေးမကောင်းလို့ အမှုဆောင်လယ်ကွင်းမှာ မပါဝင်နိုင်တဲ့သူတွေဟာ တစ်လကို ၁၅ မိနစ် မှတ်တမ်းသွင်းနိုင်တဲ့ အစီအစဉ်ရှိတယ်ဆိုတာကို သတိရပါ။ မှတ်တမ်းသွင်းတဲ့အခါ အလွတ်သဘောသက်သေခံခဲ့တဲ့ အချိန်တွေ၊ ဝေငှခဲ့တဲ့စာပေတွေကို ထည့်သွင်းဖော်ပြပါ။ အဲဒီစာပေတွေထဲမှာ ဝေစာ၊ အောက်မေ့ရာပွဲဖိတ်စာနဲ့ စည်းဝေးဖိတ်စာတွေလည်း ပါဝင်ပါတယ်။ ဟောခဲ့တဲ့ အချိန်နည်းနည်းစီကို ပေါင်းလိုက်ရင် ဘယ်လောက်ထိ များသွားမလဲဆိုတာ တွေ့မြင်လိုက်ရတဲ့အခါ သင်အံ့သြသွားပါလိမ့်မယ်။
၄။ ကျွန်ုပ်တို့ ဘယ်လိုဆုံးဖြတ်ထားကြမလဲ။
၄ ကျွန်ုပ်တို့ရဲ့ အခြေအနေ ဘယ်လိုပဲရှိပါစေ၊ နိုင်ငံတော်သတင်းတရား ပျံ့နှံ့စေဖို့ ကိုယ့်မှာရှိတဲ့ အခွင့်အရေးတွေကို အသုံးချကြပါစို့။ နိုင်ငံတော်အကျိုးအတွက် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့တာကို သိတဲ့အခါ စိတ်ကျေနပ်မှု ခံစားရပါလိမ့်မယ်။—မာ. ၁၄:၈; လု. ၂၁:၂-၄။