အတွေ့အကြုံရင့်ကျက်တဲ့ ညီအစ်ကိုညီအစ်မတွေ ဆီကနေ သင်ယူပါ
အသင်းတော်ထဲက အတွေ့အကြုံရင့်ကျက်တဲ့ ညီအစ်ကိုညီအစ်မတွေကို ကျွန်ုပ်တို့ တန်ဖိုးထားလေးမြတ်ကြပါတယ်။ တချို့ဟာ ယေဟောဝါဘုရားကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့ကြသူတွေဖြစ်တယ်။ တချို့ကျတော့ မကြာခင်ကမှ အမှုဆောင်လုပ်ငန်းမှာပါဝင်ခဲ့ပေမဲ့ ထိထိရောက်ရောက်လုပ်နိုင်တဲ့ အရည်အချင်းကောင်းရှိသူတွေ ဖြစ်တယ်။ နောက်ဆုံးကာလမှာ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ဖို့ အသင်းတော်ကို ယေရှု လမ်းညွှန်ပေးနေမှန်း အတွေ့အကြုံရင့်ကျက်တဲ့ ညီအစ်ကိုညီအစ်မတွေ တွေ့မြင်ခဲ့ကြပါတယ်။ (မ. ၂၈:၁၉၊ ၂၀) အဲဒီလုပ်ငန်းမှာပါဝင်ခြင်းကြောင့် သူတို့ဟာ “သာမန်ထက် ထူးကဲသော တန်ခိုးတော်” ရရှိကြပြီး ကိုယ်ရေးကိုယ်တာအခက်အခဲတွေနဲ့ စုံစမ်းမှုတွေကို ရင်ဆိုင်နိုင်ကြတယ်။ (၂ ကော. ၄:၇) အတွေ့အကြုံရင့်ကျက်တဲ့ ညီအစ်ကိုညီအစ်မတွေဆီကနေ သင်ယူနိုင်ရာ အများကြီးရှိပါတယ်။ သူတို့သင်ယူသိရှိထားတာတွေကို အခါအခွင့်သင့်တိုင်း တခြားသူတွေကို ဝမ်းသာအားရ ပြောပြကြတယ်။ (ဆာ. ၇၁:၁၈) ဒါကြောင့် သူတို့ဆီကနေ သင်ယူဖို့ မတွန့်ဆုတ်ပါနဲ့။ ဒါဆို ဘယ်လို သင်ယူနိုင်မလဲ။
အမှုဆောင်လုပ်ငန်းမှာ။ အမှုဆောင်လုပ်ငန်းမှာ ထိရောက်ဖို့ဆိုရင် လူသစ်ဖြစ်စေ၊ အတွေ့အကြုံနည်းတဲ့သူဖြစ်စေ လေ့ကျင့်မှုလိုအပ်ပါတယ်။ အတွေ့အကြုံရင့်ကျက်သူတွေ အမှုဆောင်လုပ်ငန်းကို ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို ဂရုတစိုက်လေ့လာရင် သင်ယူနိုင်စရာ အများကြီးရှိပါတယ်။ (၂၀၁၅၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် “အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေပါ” ဆောင်းပါးထဲက “ကြေညာသူအသစ်တွေကို ကူညီပေးပါ” ခေါင်းစဉ်ငယ်အောက်ရှိ စာပိုဒ် ၃ ကိုကြည့်ပါ။) အမှုဆောင်လုပ်ငန်းမှာ သူတို့နဲ့ တွဲအမှုဆောင်ခြင်းကြောင့် သင် ဘယ်လိုအကျိုးရရှိခဲ့သလဲ။
အမှုဆောင်လုပ်ငန်းမှာ အတွေ့အကြုံရင့်ကျက်တဲ့ ညီအစ်ကိုညီအစ်မတွေကို ကိုယ်နဲ့တွဲအမှုဆောင်ဖို့ ဖိတ်ခေါ်နိုင်မလား။ အတွေ့အကြုံရင့်ကျက်သူက အိုမင်းမစွမ်းဖြစ်မယ်ဆိုရင် ကိုယ်ရဲ့သင်သားကို သူ့အိမ်ဆီခေါ်သွားပြီး ကျမ်းစာသင်အံမှု လုပ်နိုင်မလား။ သင်အံမှုပြီးတဲ့နောက် လိုအပ်တဲ့အကြံဉာဏ်နဲ့ လမ်းညွှန်မှုကို သူဆီကနေ တောင်းခံပါ။
သူတို့နဲ့ ပေါင်းသင်းပါ။ အတွေ့အကြုံရင့်ကျက်သူတွေနဲ့ ပေါင်းသင်းတာက သူတို့နဲ့ ပိုခင်မင်ရင်းနှီးလာစေပါတယ်။ ဒါကြောင့် မိသားစုဝတ်ပြုမှုမှာ အတွေ့အကြုံရင့်ကျက်သူတစ်ဦးကို ဖိတ်ခေါ်ပြီး သူ့အကြောင်း မေးပါ။ အိုမင်းမစွမ်းဖြစ်မယ်ဆိုရင် သူ့အိမ်မှာ မိသားစုဝတ်ပြုမှုလုပ်ဖို့ သင် စီစဉ်နိုင်မလား။ အမှန်တရား ဘယ်လိုစသိလာလဲလို့ မေးပါ။ ဘာကောင်းချီးတွေ သူ ခံစားခဲ့ရသလဲ။ ဒေသအတွင်းမှာ ဘယ်တိုးတက်မှုတွေကို သူ မြင်တွေ့ခဲ့ရသလဲ။ ယေဟောဝါဘုရားရဲ့ အမှုတော်ဆောင်ခဲ့လို့ ဘယ်လိုရွှင်လန်းမှုမျိုးကို ခံစားရသလဲ။
အတွေ့အကြုံရင့်ကျက်သူတွေရဲ့ အခြေအနေတွေကို နားလည်ပေးပါ။ သူတို့ဆီကနေ တရားလွန် မမျှော်လင့်ပါနဲ့။ ကျွန်ုပ်တို့အားလုံးလိုပါပဲ သူတို့ဆီမှာလည်း အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး အရည်အချင်းအမျိုးမျိုး ရှိကြပါတယ်။ (ရော. ၁၂:၆-၈) တချို့က အသက်ကြီးနေလို့ ကျွန်ုပ်တို့နဲ့ အမြဲတမ်း အချိန်ပေးပေါင်းသင်းနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ယေဟောဝါဘုရားရဲ့အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်ခဲ့ကြတဲ့ သူတွေဆီကနေ ကျွန်ုပ်တို့ အများကြီး သင်ယူနိုင်ပါတယ်။