လယ်ကွင်းဓမ္မအမှုတွင်စိုးလ်အပြည့်ရှိလေ
အပိုင်း ၃။ သူတစ်ထူး၏တိုးတက်မှုအတွက် ထောက်ပံ့ကူညီလေ
၁ သက်ကြီးသူညီကိုပေါလုနှင့် ဆက်ကပ်အပ်နှံဝတ်ပြုသူ လူငယ်တိမောသေတို့၏ဆက်ဆံရေးကို ဓမ္မအမှုအတွက်လေ့ကျင့်ခြင်းပုံသက်သေကောင်းအဖြစ် ကြိမ်ဖန်များစွာဥပမာတင်ပြခဲ့ပြီ။ (၁ ကော၊ ၄:၁၇) မိမိဆည်းပူးထားသည့်ပညာနှင့်လေ့ကျင့်မှုကို သူတစ်ပါးအားတစ်ဆင့်ပို့ချရမည်ဟု ပေါလုကတိမောသေအားညွှန်ကြားခဲ့သည်။ (၂ တိ၊ ၂:၁၊ ၂) အသင်းတော်တွင် ထပ်တူလမ်းစဉ်အတိုင်း ယနေ့ကျွန်ုပ်တို့ပြုလုပ်သင့်သည်။
၂ သူတစ်ပါးကိုလေ့ကျင့်ပေးပါ။ လွန်ခဲ့သောသုံးနှစ်တာကာလထက် ယနေ့မြန်မာနိုင်ငံတွင် ကြေညာသူ တိုးများလာသည်ကိုထောက်ရှု၍ လေ့ကျင့်မှုပေးရန်လိုအပ်နေကြောင်းထင်ရှားသည်။ အတွေ့အကြုံများသောကြေညာများလေ့ကျင့်ပေးခြင်းဖြင့် ဤသူများစွာတို့ အကျိုးရရှိမည်အမှန်။ တစ်လလျှင် တစ်နာရီနှစ်နာရီသာ လယ်ကွင်းလုပ်ငန်း၌ပါဝင်လေ့ရှိသောညီမတစ်ဦးသည် အတွေ့အကြုံရှိသောကြေညာသူထံမှအကူအညီရရှိပြီးနောက် အိမ်တိုင်းတွင်ထိရောက်စွာဟောပြောတတ်လာသည်။ ဓမ္မအမှုတွင်ပါဝင်ရန် သူ၏မဝံ့မရဲသောစိတ်ထား ပျောက်လွင့်သွားပြီး သတင်းကောင်းကိုဇွဲရှိရှိဟောပြောသူတစ်ဦးဖြစ်လာလေသည်။ ယခုကျွမ်းကျင်သောရှေ့ဆောင်တစ်ဦးအနေနှင့် သူစားမြုံ့ပြန်သည်ကား “ဘာပြောရမယ်ဆိုတာကိုပဲ ကျွန်မကိုသင်ပေးဖို့လိုခဲ့တာ။ အဲ့ဒီနောက် ကျွန်မဓမ္မအမှုမှာ ပျော်လာတော့တယ်” ဟူ၍ဖြစ်သည်။
၃ သင်သည် အကြီးအကဲ၊ ဓမ္မအမှုထမ်း၊ ရှေ့ဆောင်၊ သို့မဟုတ် အတွေ့အကြုံရှိကြေညာသူတစ်ဦးဖြစ်လျှင် သူတစ်ထူး၏တိုးတက်ရေးတွင် မည်သို့ထောက်ပံ့ကူညီပေးနိုင်မည်နည်း။ ဦးဆုံးအဆင့်ကား ကြေညာသူတစ်ဦးတစ်ယောက်ကို သင်အကူအညီပေးလိုကြောင်း သင့်အသင်းတော်စာအုပ်ကြီးသင်တန်းမှူးအား အကြောင်းကြားပါ။
၄ စည်းစနစ်ရှိ၍ပြင်ဆင်မှုလည်းရှိပါ။ အတူတူတွဲဘက်အမှုဆောင်ရန် အတိအကျချိန်းထားခြင်းသည် အကူအညီဖြစ်စေသည်။ အစကနဦးတွင် သင့်အဖော်သည် ကြောက်စိတ်အနည်းငယ်ရှိနေမည်။ သို့သော် လိုအပ်လာလျှင် မိမိအားထောက်ကူမည့်သူ အနားတွင်ရှိသည်ကိုသိ၍ အားယူပေမည်။ (ဒေ၊ ၄:၉) ဖြစ်နိုင်ပါက ကျမ်းစာအကြောင်းဆွေးနွေးလိုသူများရှိသည့်ရပ်ကွက်ကို ရွေးချယ်ပါ။ သို့မှသာ လူသစ်သည် ပါဝင်ပြောဆိုချင်စိတ်ရှိလာ၍ ပြောရဲဆိုရဲလာမည်။
၅ ဆက်တိုးတက်စေရန် စိတ်ဝင်စားသူထံပြန်လည်ပတ်မှုကို မည်သို့ပြုလုပ်နိုင်ကြောင်းဆွေးနွေးကြလျှင် အကျိုးရှိသည်။ သို့ပြုရန် ပထမအကြိမ်ရောက်ကတည်းက သင်ပြန်လာမည့်အခါ အဘယ်မေးခွန်းကိုဖြေဆိုမည်ဟု အိမ်ရှင်အားကြိုတင်အကြောင်းကြားထားမည်။ အတွေ့အကြုံနည်းသောကြေညာသူသည် မည်သို့ကြိုပြင်ဆင်ရမည်ကိုသိပါလေစေ။ ထိုနောက် ပြန်လည်ပတ်မှုသို့ အတူတူသွားပါ။ သင်အံမှုကိုစနိုင်၍ ကြေညာသူသစ်သည်မဝံ့မရဲဖြစ်နေသေးမည်ဆိုလျှင် အတွေ့အကြုံပိုများသောကြေညာသူသည် သင်အံမှုကိုတစ်ကြိမ်နှစ်ကြိမ်ကျင်းပပေးပြီးနောက်မှ ကြေညာသူလူသစ်အားလွှဲပေးလျှင်ကောင်းပေမည်။
၆ အဖွဲ့အစည်းထဲ လူသစ်များ အလျင်အမြန်ဝင်လာနေကြသည့်အတွက် လယ်ကွင်းဓမ္မအမှုအတွင်အထူးဂရုစိုက်သွန်သင်လေ့ကျင့်ပေးခြင်းသည် ပညာရှိကြောင်း ထင်ရှားနေသည်။ ဟောပြောခြင်းလုပ်ငန်းတွင် တိုး၍ကျွမ်းကျင်လာသူများ၏အကူအညီ များစွာလိုအပ်နေပါသည်။ တစ်ဦးတစ်ယောက်ကိုကူညီပေးနိုင်မည်ဆိုလျှင် သူသည်လည်း အချိန်တန်လျှင် “သူတစ်ပါးတို့ကိုသွန်သင်ခြင်းငှာ တတ်စွမ်းနိုင်သောသူ” ဖြစ်လာပါလိမ့်မည်။—၂ တိ၊ ၂:၂။