ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဖေဖော်ဝါရီ စာ. ၂၀-၂၅
  • ယေဟောဝါ သင့်ကို စိတ်သက်သာရာ ရစေမယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ သင့်ကို စိတ်သက်သာရာ ရစေမယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သစ္စာရှိ ဟန္နဆီကနေ သင်ယူနိုင်တဲ့အရာ
  • တမန်တော် ပေါလုဆီကနေ သင်ယူနိုင်တဲ့အရာ
  • ဘုရင် ဒါဝိဒ်ဆီကနေ သင်ယူနိုင်တဲ့အရာ
  • ဘုရားသခင်ဆီ သူရင်ဖွင့်ဆုတောင်းခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ဘုရားသခင်ထံ သူ ရင်ဖွင့်ဆုတောင်းခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဟန္န သားလေးမွေးဖို့ ဆုတောင်း
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဟန္နစိတ်ငြိမ်သက်မှုခံစားခဲ့ရပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဖေဖော်ဝါရီ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၉

ယေဟောဝါ သင့်ကို စိတ်သက်သာရာ ရစေမယ်

“စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။”—ဆာ. ၉၄:၁၉။

သီချင်း ၄၄ နိမ့်ကျသူရဲ့ ဆုတောင်းစကား

အကြိုသုံးသပ်ချက်a

၁။ ဘာတွေက စိုးရိမ်ပူပန်စေနိုင်သလဲ။ သင့်ကို ဘယ်လို ထိခိုက်နိုင်သလဲ။

သင် စိုးရိမ်ပူပန်ဖူးသလား။b တခြားသူတွေရဲ့ အပြော၊ လုပ်ရပ်ကြောင့် စိတ်ထိခိုက်တာ ဒါမှမဟုတ် ကိုယ်တိုင် ပြောမိ၊ လုပ်မိတာတွေကြောင့် စိုးရိမ်ပူပန်တာ ဖြစ်နိုင်တယ်။ ကိုယ်လုပ်ခဲ့တဲ့ အမှားကို ယေဟောဝါ ခွင့်မလွှတ်မှာ စိုးရိမ်တာလည်း ဖြစ်နိုင်တယ်။ စိုးရိမ်ပူပန်နေတာဟာ ယုံကြည်ခြင်း မရှိတဲ့ သဘောပဲဆိုတဲ့ အထင်နဲ့ ကိုယ့်ကိုယ်ကိုယ် တော်တော်ဆိုးတဲ့သူအဖြစ် ခံစားရနိုင်တယ်။ အဲဒါ မှန်သလား။

၂။ စိုးရိမ်ပူပန်တာဟာ ယုံကြည်ခြင်း မရှိတဲ့သဘော မဟုတ်ကြောင်း ဘယ်ကျမ်းစာ ပုံနမူနာတွေက ဖော်ပြသလဲ။

၂ ကျမ်းစာ ပုံနမူနာတချို့ကို သုံးသပ်ကြည့်ပါ။ ပရောဖက် ရှမွေလရဲ့ မိခင်ဖြစ်လာတဲ့ ဟန္နဟာ ယုံကြည်ခြင်း ခိုင်မာသူ ဖြစ်ပေမဲ့ အိမ်သားတစ်ယောက်ကြောင့် စိတ်သောက ရောက်ခဲ့ရတယ်။ (၁ ရှ. ၁:၇) တမန်တော် ပေါလုလည်း ယုံကြည်ခြင်း သန်မာသူ ဖြစ်ပေမဲ့ ‘အသင်းတော်တွေအတွက် စိတ်ပူ’ ခဲ့တယ်။ (၂ ကော. ၁၁:၂၈) ဘုရင်ဒါဝိဒ်ဟာ ယုံကြည်ခြင်း ခိုင်ခံ့သူ ဖြစ်ပြီး ယေဟောဝါ အလွန်ချစ်ခင်သူ ဖြစ်တယ်။ (တ. ၁၃:၂၂) ဒါတောင် အမှားတွေ လုပ်မိပြီး အကြီးအကျယ် စိတ်သောက ရောက်ခဲ့တယ်။ (ဆာ. ၃၈:၄) သူတို့အားလုံးကို ယေဟောဝါ နှစ်သိမ့်ပေးပြီး စိတ်သက်သာစေခဲ့တယ်။ သူတို့ဆီကနေ ဘာသင်ယူနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။

သစ္စာရှိ ဟန္နဆီကနေ သင်ယူနိုင်တဲ့အရာ

၃။ တခြားသူတွေရဲ့ အပြောအဆိုက ကျွန်တော်တို့ကို ဘာကြောင့် စိတ်ထိခိုက်စေနိုင်သလဲ။

၃ တခြားသူတွေ ကိုယ့်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတဲ့အခါ၊ မကြင်မနာ ဆက်ဆံတဲ့အခါ စိတ်ထိခိုက်မိနိုင်တယ်။ အထူးသဖြင့် မိတ်ဆွေ၊ ဆွေမျိုးတွေက အဲဒီလို ပြောဆိုဆက်ဆံတဲ့အခါ ဖြစ်တယ်။ သူတို့နဲ့ ဆက်ဆံရေး ပြတ်သွားမှာ စိုးရိမ်မိနိုင်တယ်။ တစ်ခါတလေ မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်တဲ့စကားက ကိုယ့်ကို ဓားနဲ့ ထိုးသလို နာကျင်စေနိုင်တယ်။ (ပညာ. ၁၂:၁၈) တချို့ကျတော့ တမင်တကာ စကားနာထိုးတာ ဖြစ်နိုင်တယ်။ “လွန်ခဲ့တဲ့နှစ် အနည်းငယ်တုန်းက သူငယ်ချင်းကောင်းလို့ ကိုယ်ထင်ထားသူ တစ်ယောက်က အွန်လိုင်းမှာ ကျွန်မအကြောင်း မဟုတ်တာတွေ လျှောက်ဖြန့်တယ်။ စိတ်ထိခိုက်မိပြီး ဘာကြောင့် နောက်ကျောကို ဓားနဲ့ ထိုးတာလဲလို့ နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်” ဆိုပြီး ညီအစ်မငယ်တစ်ယောက် ပြောတယ်။ မိတ်ဆွေ၊ ဆွေမျိုးတစ်ယောက်ကြောင့် သင် စိတ်ထိခိုက်နေတယ်ဆိုရင် ဟန္နဆီကနေ များစွာ သင်ယူနိုင်ပါတယ်။

၄။ ဘယ်အခက်အခဲတွေ ဟန္န ရင်ဆိုင်ခဲ့ရသလဲ။

၄ ဟန္နမှာ အခက်အခဲတချို့ ရှိတယ်။ နှစ်ပေါင်းများစွာ သားသမီး မရဘူး။ (၁ ရှ. ၁:၂) အစ္စရေးခေတ်မှာ မြုံနေတဲ့ မိန်းမဟာ ကျိန်ခြင်းခံရတဲ့ မိန်းမလို့ ယူမှတ်ခံရတဲ့အတွက် ရှက်စရာ ဖြစ်တယ်။ (က. ၃၀:၁၊ ၂) ပိုဆိုးတာက ဟန္န ယောက်ျားရဲ့ နောက်မိန်းမ ပေနိန္နမှာ သားသမီးတွေ ရှိတယ်။ ပေနိန္နက ဟန္နကို ပြိုင်ဖက်လို သဘောထားပြီး “စိတ်ဆင်းရဲအောင်၊ မခံချိမခံသာဖြစ်အောင် အမြဲ ပြောလေ့ရှိတယ်။” (၁ ရှ. ၁:၆) အစပိုင်းမှာတော့ အဲဒီအခက်အခဲတွေကို ဟန္န ကောင်းကောင်း မဖြေရှင်းနိုင်ဘူး။ “စိတ်ဆင်းရဲလွန်းလို့” “မစားနိုင် မသောက်နိုင်ဘဲ ငိုနေရ” တယ်။ (၁ ရှ. ၁:၇၊ ၁၀) ဟန္န ဘယ်လို နှစ်သိမ့်မှု ရသလဲ။

၅။ ဆုတောင်းခြင်းက ဟန္နကို ဘယ်လို ကူညီပေးသလဲ။

၅ ဟန္နဟာ ခံစားချက်တွေကို ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ ဆုတောင်းပြီးနောက် ပုရောဟိတ်မင်း ဧလိကိုလည်း အကျိုးအကြောင်း ပြောပြတယ်။ ဧလိက “စိတ်အေးအေး ထားပြီး သွားပါ။ အစ္စရေးတို့ရဲ့ ဘုရားသခင်က မင်းအသနားခံတဲ့အတိုင်း လုပ်ပေးပါစေ” လို့ ပြောတယ်။ ဟန္နလည်း “ထွက်သွားပြီး စားသောက်တယ်။ မျက်နှာညှိုးငယ် မနေတော့ဘူး။” (၁ ရှ. ၁:၁၇၊ ၁၈) ဆုတောင်းခြင်းက စိတ်ငြိမ်သက်မှု ပြန်ရဖို့ ဟန္နကို ကူညီပေးတယ်။

ရုပ်ပုံ– ၁။ ဟန္နရဲ့ မျက်နှာ အေးချမ်းနေပြီး ပြုံးနေ။ ၂။ ယေဟောဝါဆီ ညီအစ်မတစ်ယောက် စိတ်ထက်သန်စွာ ဆုတောင်းနေ။ ၃။ အဲဒီညီအစ်မ အစည်းအဝေးမှာ ပျော်ရွှင်စွာ သီချင်းဆိုနေ။ ၄။ စိတ်ငြိမ်သက်မှု ခံစားရလို့ ညီအစ်မ ပြုံးရယ်နေ။

ရှေးခေတ်က ဟန္နလိုပဲ ဘယ်လိုနည်းနဲ့ စိတ်ငြိမ်သက်မှု ပြန်ရပြီး ထိန်းထားနိုင်သလဲ (စာပိုဒ် ၆-၁၀ ကိုကြည့်ပါ)

၆။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ဟန္နဆီကနေ ဘာသင်ယူနိုင်သလဲ။ ဖိလိပ္ပိ ၄:၆၊ ၇ ကနေ ဘာသင်ယူနိုင်သလဲ။

၆ ဇွဲမလျှော့တမ်း ဆုတောင်းရင် စိတ်ငြိမ်သက်မှု ပြန်ရနိုင်တယ်။ ဘုရားဆီ ဟန္န အကြာကြီး ဆုတောင်းတယ်။ (၁ ရှ. ၁:၁၂) ကျွန်တော်တို့လည်း စိုးရိမ်ပူပန်မှုတွေ၊ အားနည်းချက်တွေကို ယေဟောဝါဆီ အကြာကြီး ဆုတောင်းပြောပြနိုင်တယ်။ ဆုတောင်းချက်တွေဟာ ကဗျာဆန်ဖို့၊ စင်းလုံးချော ဖြစ်ဖို့ မလိုပါဘူး။ စိတ်သောကတွေ၊ နာကြည်းချက်တွေအကြောင်း ပြောရင်း ငိုကြွေးမိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ မမောနိုင်မပန်းနိုင် နားထောင်ပေးတယ်။ ပြဿနာတွေအတွက် ဆုတောင်းတဲ့အပြင် ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ အကြံပြုချက်ကိုလည်း သတိရဖို့လိုတယ်။ (ဖတ်ပါ။) ကျေးဇူးတော် ချီးမွမ်းခြင်းအကြောင်း ပေါလု သတ်သတ်မှတ်မှတ် ပြောတယ်။ ယေဟောဝါကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်းများစွာ ရှိတယ်။ အသက်ဆု၊ ဖန်ဆင်းခြင်းလက်ရာ၊ ခိုင်မြဲတဲ့ မေတ္တာ၊ အံ့ဖွယ် မျှော်လင့်ချက်တွေအတွက် ကျေးဇူးတင်နိုင်တယ်။ ဟန္နဆီကနေ ဘာသင်ယူနိုင်သေးသလဲ။

၇။ ပြဿနာတွေ ရှိပေမဲ့ ဟန္န ပုံမှန် ဘာလုပ်သလဲ။

၇ ဟန္နဟာ ပြဿနာတွေ ရှိပေမဲ့ ရှိလောမြို့က ဝတ်ပြုရာနေရာကို ခင်ပွန်းနဲ့အတူ ပုံမှန်သွားတယ်။ (၁ ရှ. ၁:၁-၅) တဲတော်မှာ ရှိနေတုန်း ပုရောဟိတ်မင်း ဧလိက ဟန္နရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေကြားပေးမှာပါဆိုပြီး နှစ်သိမ့်ပေးတယ်။—၁ ရှ. ၁:၉၊ ၁၇။

၈။ အစည်းအဝေးတွေက ဘာလုပ်ပေးနိုင်သလဲ။ ရှင်းပြပါ။

၈ အသင်းတော် အစည်းအဝေးတွေ မပြတ် တက်ရောက်ရင် စိတ်ငြိမ်သက်မှု ပြန်ရနိုင်တယ်။ အစည်းအဝေး အဖွင့်ဆုတောင်းချက်တွေမှာ ဘုရားသခင့် စွမ်းအားတော်ကို တောင်းခံလေ့ရှိတယ်။ ငြိမ်သက်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခု ဖြစ်တယ်။ (ဂလ. ၅:၂၂) စိတ်ဖိစီးနေချိန်မှာတောင် အစည်းအဝေးတွေ တက်မယ်ဆိုရင် ကျွန်တော်တို့ကို အားပေးဖို့၊ စိတ်ငြိမ်သက်မှု ပြန်ရအောင် ကူညီပေးဖို့ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို အခွင့်အရေး ပေးရာရောက်တယ်။ ဆုတောင်းခြင်းနဲ့ အစည်းအဝေးတွေက ကျွန်တော်တို့ကို ယေဟောဝါ စိတ်သက်သာစေတဲ့ အဓိကနည်းတွေ ဖြစ်တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ဟန္နဆီကနေ နောက်သင်ခန်းစာတစ်ခု သင်ယူနိုင်သေးတယ်။

၉။ ဟန္နရဲ့ ပြဿနာတွေ ချက်ချင်း ပြေလည်သွားသလား။ ဘာက ဟန္နကို ကူညီပေးသလဲ။

၉ ဟန္နကို စိုးရိမ်ပူပန်စေတဲ့ ပြဿနာတွေ ချက်ချင်း ပြေလည်သွားတာ မဟုတ်ဘူး။ တဲတော်ကနေ ဟန္န အိမ်ပြန်ပြီးနောက် ပေနိန္နနဲ့ တစ်အိမ်တည်းမှာ ဆက်နေရတယ်။ ပေနိန္နရဲ့ သဘောထား ပြောင်းလဲသွားတယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါကြောင့် ပြိုင်ဖက် စကားနာထိုးတာကို ဟန္န ဆက်ခံရပုံရှိတယ်။ ဒါပေမဲ့ စိတ်ငြိမ်သက်မှုကို ဆက်ထိန်းထားနိုင်ခဲ့တယ်။ ကိစ္စရပ်တွေကို ယေဟောဝါလက်ထဲ အပ်ပြီးနောက် ဟန္န မစိုးရိမ်တော့ဘူး။ ယေဟောဝါကိုပဲ ယုံကြည်အားကိုးခဲ့တယ်။ နောက်ပိုင်း၊ ယေဟောဝါက ဟန္နကို သားသမီး မွေးဖွားခွင့် ကောင်းချီးပေးခဲ့တယ်။—၁ ရှ. ၁:၁၉၊ ၂၀။ ၂:၂၁။

၁၀။ ဟန္နဆီကနေ ဘာသိရသလဲ။

၁၀ စိုးရိမ်ပူပန်စေတဲ့ ပြဿနာတွေ ဆက်ရှိနေရင်တောင် စိတ်ငြိမ်သက်မှု ပြန်ရနိုင်တယ်။ ပြင်းပြင်းပြပြ ဆုတောင်းပြီး အစည်းအဝေးတွေ ပုံမှန်တက်နေပေမဲ့ တချို့ပြဿနာတွေကတော့ ဆက်ရှိနေမှာပဲ။ ဒါပေမဲ့ ဟန္နဆီကနေ သိရတဲ့အတိုင်း စိုးရိမ်ပူပန်နေတဲ့ စိတ်နှလုံးကို သက်သာအောင် လုပ်ပေးဖို့ ဘာကမှ ယေဟောဝါကို မတားဆီးနိုင်ဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော်တို့ရဲ့ သစ္စာရှိမှုအတွက် အနှေးနဲ့ အမြန် ဆုချပါလိမ့်မယ်။—ဟီ. ၁၁:၆။

တမန်တော် ပေါလုဆီကနေ သင်ယူနိုင်တဲ့အရာ

၁၁။ ဘယ်အကြောင်းရင်းတွေကြောင့် ပေါလု စိုးရိမ်ပူပန်ခဲ့သလဲ။

၁၁ ပေါလုမှာ စိုးရိမ်ပူပန်စရာ ကိစ္စတွေ အများကြီး ရှိတယ်။ ချစ်ရတဲ့ ညီအစ်ကို/မတွေ ဒုက္ခရောက်နေလို့ သူတို့အတွက် စိတ်ပူနေတယ်။ (၂ ကော. ၂:၄။ ၁၁:၂၈) ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်သူတွေက ပေါလုကို ရိုက်နှက်ထောင်ချခဲ့ကြတယ်။ ‘အထောက်အပံ့ နည်းနည်းပဲရှိခြင်း’ စတဲ့ အခက်အခဲတွေကြောင့်လည်း ပေါလု စိုးရိမ်ပူပန်ခဲ့ရတယ်။ (ဖိ. ၄:၁၂) သင်္ဘောပျက်ဘေး သုံးကြိမ်လောက် ကြုံခဲ့ရတဲ့အတွက် သင်္ဘောနဲ့ ခရီးသွားတဲ့အခါ စိုးရိမ်မိမှာပဲ။ (၂ ကော. ၁၁:၂၃-၂၇) အဲဒီစိုးရိမ်ပူပန်မှုတွေကို ပေါလု ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့သလဲ။

၁၂။ ပေါလုရဲ့ စိုးရိမ်ပူပန်မှုတွေကို ဘာက သက်သာစေသလဲ။

၁၂ အခက်အခဲ ကြုံနေရတဲ့ ညီအစ်ကို/မတွေအတွက် ပေါလု စိုးရိမ်ပေမဲ့ သူတို့ရဲ့ ပြဿနာတိုင်းကိုတော့ လိုက်ဖြေရှင်းပေးဖို့ မကြိုးစားဘူး။ ကိုယ်မလုပ်နိုင်တာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုတယ်။ အသင်းတော်ကို တခြားသူတွေ ကူညီဖို့ စီစဉ်ပေးတယ်။ ဥပမာ၊ တိမောသေ၊ တိတုစတဲ့ ယုံကြည်စိတ်ချရသူတွေကို တာဝန်လွှဲပေးတယ်။ အဲဒီညီအစ်ကိုတွေဟာ ပေါလုရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေခဲ့မှာပဲ။—ဖိ. ၂:၁၉၊ ၂၀။ တိ. ၁:၁၊ ၄၊ ၅။

ရုပ်ပုံ– ၁။ ပေါလုရဲ့ မျက်နှာ အေးချမ်းနေပြီး ပြုံးနေ။ ၂။ ထပ်ဆင့်တာဝန်တွေအတွက် ညီအစ်ကိုငယ်တစ်ယောက်ကို အကြီးအကဲ လေ့ကျင့်ပေးနေ။ ၃။ အဲဒီအကြီးအကဲကို တခြား အကြီးအကဲ နှစ်သိမ့်ပေးနေ။ ၄။ အကြီးအကဲဟာ ကျမ်းစာ အခြေပြုစာပေ သုံးပြီး ပျော်ရွှင်စွာ ကျမ်းစာ လေ့လာနေ။

တမန်တော် ပေါလုလိုပဲ စိုးရိမ်ပူပန်စိတ်ကို ရှောင်ဖို့ ဘာလုပ်နိုင်သလဲ (စာပိုဒ် ၁၃-၁၅ ကိုကြည့်ပါ)

၁၃။ ပေါလုကို အကြီးအကဲတွေ ဘယ်လို တုပနိုင်သလဲ။

၁၃ တခြားသူတွေဆီ အကူအညီတောင်းပါ။ ပေါလုလိုပဲ ဒီနေ့ခေတ် အကြီးအကဲတွေဟာ အသင်းတော်မှာ အခက်အခဲ ကြုံနေရသူတွေအတွက် စိုးရိမ်ပူပန်ကြတယ်။ ဒါပေမဲ့ အကြီးအကဲတစ်ယောက်ဟာ အခက်အခဲတိုင်းကိုတော့ လိုက်ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ကျိုးနွံမှုက အရည်အချင်းရှိတဲ့ အမျိုးသားတွေကို တာဝန်လွှဲပေးဖို့၊ လူငယ်တွေကို လေ့ကျင့်ပေးဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။—၂ တိ. ၂:၂။

၁၄။ ပေါလု ဘာကို မစိုးရိမ်သလဲ။ သူ့ရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။

၁၄ နှစ်သိမ့်ခံရဖို့ လိုတယ်ဆိုတာ အသိအမှတ်ပြုပါ။ ပေါလုဟာ နှိမ့်ချတယ်။ မိတ်ဆွေတွေရဲ့ အားပေးမှုကို တောင်းခံတဲ့အတွက် အားပေးမှု ရခဲ့တယ်။ တခြားသူတွေဆီကနေ အားပေးမှု ယူရလို့ အားနည်းသူဆိုပြီး အထင်ခံရမှာကို မစိုးရိမ်ဘူး။ “ခင်ဗျားရဲ့ မေတ္တာအကြောင်း ကြားသိရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး နှစ်သိမ့်မှု ခံစားရပါတယ်” လို့ ဖိလေမုန်ဆီ စာရေးခဲ့တယ်။ (ဖိလေ. ၇) ဒုက္ခရောက်ချိန်မှာ အားပေးခဲ့တဲ့ လုပ်ဖော်ဆောင်ဖက်များစွာ အကြောင်းလည်း ပေါလု ဖော်ပြတယ်။ (ကော. ၄:၇-၁၁) ကျွန်တော်တို့လည်း အားပေးမှု လိုအပ်တယ်ဆိုတာ နှိမ့်ချစွာ အသိအမှတ်ပြုမယ်ဆိုရင် ညီအစ်ကို/မတွေ ဝမ်းသာအားရ အားပေးကြပါလိမ့်မယ်။

၁၅။ စိတ်သက်သာရာရဖို့ ပေါလု ဘာလုပ်ခဲ့သလဲ။

၁၅ ကျမ်းစာကို မှီခိုအားထားပါ။ ကျမ်းစာဟာ နှစ်သိမ့်ပေးနိုင်ကြောင်း ပေါလု သိတယ်။ (ရော. ၁၅:၄) ဘယ်စမ်းသပ်မှုကိုမဆို ရင်ဆိုင်ဖို့ ဉာဏ်ပညာ ပေးနိုင်ကြောင်းလည်း သိတယ်။ (၂ တိ. ၃:၁၅၊ ၁၆) ရောမမြို့မှာ ဒုတိယအကြိမ် ထောင်ချခံရတုန်းက သေဆုံးမယ့်အချိန် နီးလာပြီဆိုတာ ပေါလု ရိပ်မိတယ်။ ဒီအခြေအနေမှာ ပေါလု ဘာလုပ်သလဲ။ မိမိဆီ အမြန်ဆုံးလာဖို့၊ “စာလိပ်တွေ” ယူလာဖို့ တိမောသေကို မှာတယ်။ (၂ တိ. ၄:၆၊ ၇၊ ၉၊ ၁၃) ဘာကြောင့်လဲဆိုတော့ ဟီဘရူးကျမ်းစောင်တွေ ဖြစ်နိုင်တဲ့ အဲဒီစာလိပ်တွေကို ကိုယ်ပိုင် ကျမ်းစာလေ့လာမှုမှာ သုံးဖို့ပဲ။ ပေါလုလိုပဲ ကျွန်တော်တို့လည်း ကျမ်းစာ ပုံမှန် လေ့လာမယ်ဆိုရင် ဘယ်လို အခက်အခဲပဲ ကြုံရပါစေ ကျွန်တော်တို့ကို ယေဟောဝါက ကျမ်းစာကတစ်ဆင့် စိတ်သက်သာစေပါလိမ့်မယ်။

ဘုရင် ဒါဝိဒ်ဆီကနေ သင်ယူနိုင်တဲ့အရာ

ရုပ်ပုံ– ၁။ ဘုရင်ဒါဝိဒ် အေးချမ်းစွာ ပြုံးနေ။ ၂။ ညီအစ်ကိုငယ်တစ်ယောက် အကြီးအကျယ် စိတ်ထိခိုက် ငိုကြွေးနေ။ ၃။ အဲဒီလူငယ်ကို အကြီးအကဲနှစ်ယောက် ဆုံးမနေ။ ၄။ လူငယ်ဟာ အကြီးအကဲတစ်ယောက်နဲ့အတူ အမှုဆောင်မှာ ပျော်ရွှင်စွာ ပါဝင်နေ။

ဘုရင် ဒါဝိဒ်လိုပဲ ကြီးလေးတဲ့အပြစ် လုပ်မိရင် ကျွန်တော်တို့ကို ဘာက ကူညီပေးနိုင်သလဲ (စာပိုဒ် ၁၆-၁၉ ကိုကြည့်ပါ)

၁၆။ ကြီးလေးတဲ့အမှား ကျူးလွန်မိလို့ ဒါဝိဒ် ဘယ်လို ခံစားရသလဲ။

၁၆ ဒါဝိဒ်လည်း ကိုယ်တိုင်ရဲ့ အမှားတွေကြောင့် စိတ်ဒုက္ခရောက်ခဲ့တယ်။ ဗာသရှေဘနဲ့ အိမ်ထောင်ရေး ဖောက်ပြန်တယ်။ သူ့ယောက်ျားကို လုပ်ကြံတယ်။ အပြစ်တွေကို ဖုံးဖိဖို့ ကြိုးစားတယ်။ (၂ ရှ. ၁၂:၉) ဒါဝိဒ်ဟာ အမှားအမှန်သိစိတ်ကို လျစ်လျူရှုခဲ့လို့ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စီးရုံသာမက စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရတယ်။ (ဆာ. ၃၂:၃၊ ၄) ကိုယ့်အမှားတွေကြောင့် ကြုံရတဲ့ စိုးရိမ်ပူပန်မှုကို ဒါဝိဒ် ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့သလဲ။ ကြီးလေးတဲ့အမှားတွေ ကျူးလွန်မိတဲ့အခါ ကျွန်တော်တို့ကို ဘာက ကူညီပေးနိုင်သလဲ။

၁၇။ ဆာလံ ၅၁:၁-၄ က ဒါဝိဒ်ရဲ့ စစ်မှန်တဲ့ နောင်တကို ဘယ်လို ဖော်ပြသလဲ။

၁၇ ခွင့်လွှတ်မှုရဖို့ ဆုတောင်းပါ။ ဒါဝိဒ်ဟာ နောက်ဆုံးတော့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ စစ်မှန်တဲ့ နောင်တနဲ့ အပြစ်တွေကို ဝန်ချတောင်းပန်တယ်။ (ဆာလံ ၅၁:၁-၄ ကိုဖတ်ပါ။) ဒါကြောင့် စိတ်သက်သာသွားတယ်။ (ဆာ. ၃၂:၁၊ ၂၊ ၄၊ ၅) သင်လည်း ကြီးလေးတဲ့အပြစ် ကျူးလွန်မိရင် ဖုံးဖိမထားပါနဲ့။ ဆုတောင်းပြီး ယေဟောဝါဆီ ဝန်ချတောင်းပန်ပါ။ ဒါဆိုရင် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကြောင့် စိုးရိမ်ပူပန်နေတာတွေ သက်သာသွားလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းဖို့ ဆုတောင်းတာထက်မက လုပ်ရမယ်။

၁၈။ ဆုံးမမှုကို ဒါဝိဒ် ဘယ်လို တုံ့ပြန်သလဲ။

၁၈ ဆုံးမမှုကို လက်ခံပါ။ ဒါဝိဒ်ရဲ့ အပြစ်ကို ဖော်ထုတ်ဖို့ ပရောဖက် နာသန်ကို ယေဟောဝါ စေလွှတ်တဲ့အခါ ဒါဝိဒ် ဆင်ခြေမပေးဘူး။ အပြစ်ကို လျှော့ပေါ့ပြီး မပြောဘူး။ ဗာသရှေဘရဲ့ ယောက်ျားကိုသာမက ယေဟောဝါကိုပါ ပြစ်မှားမိကြောင်း ချက်ချင်း ဝန်ခံတယ်။ ဆုံးမတာကို လက်ခံတဲ့အတွက် ဒါဝိဒ်ကို ယေဟောဝါ ခွင့်လွှတ်လိုက်တယ်။ (၂ ရှ. ၁၂:၁၀-၁၄) ကျွန်တော်တို့လည်း ကြီးလေးတဲ့အပြစ် ကျူးလွန်မိရင် သိုးထိန်းအဖြစ် ယေဟောဝါ ခန့်အပ်ထားသူတွေကို ပြောပြရမယ်။ (ယာ. ၅:၁၄၊ ၁၅) ဆင်ခြေမပေးရဘူး။ ဆုံးမမှုကို မြန်မြန် လက်ခံကျင့်သုံးလေ စိတ်ငြိမ်သက်မှုနဲ့ ရွှင်လန်းမှု မြန်မြန် ပြန်ရလေပဲ။

၁၉။ ကျွန်တော်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားရမလဲ။

၁၉ ထပ်တူအမှားမျိုး ပြန်မလုပ်မိအောင် ရှောင်ဖို့ စိတ်ပိုင်းဖြတ်ပါ။ ထပ်တူအမှားမျိုး မလုပ်မိအောင် ရှောင်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုအပ်ကြောင်း ဘုရင် ဒါဝိဒ် သိတယ်။ (ဆာ. ၅၁:၇၊ ၁၀၊ ၁၂) ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရပြီးနောက် အန္တရာယ်ရှိတဲ့ အတွေးတွေ မတွေးတော့ဘူး။ ဒါကြောင့် စိတ်ငြိမ်သက်မှု ပြန်ရခဲ့တယ်။

၂၀။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၂၀ ခွင့်လွှတ်မှုရဖို့ ဆုတောင်းတာ၊ ဆုံးမမှုကို လက်ခံတာ၊ ထပ်တူအမှားမျိုး ပြန်မလုပ်မိအောင် ကြိုးစားတာက ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျေးဇူးတင်ကြောင်း ဖော်ပြရာရောက်တယ်။ စိတ်ငြိမ်သက်မှု ပြန်ရစေတယ်။ ကြီးလေးတဲ့အမှား လုပ်မိတဲ့ ညီအစ်ကို ဂျိမ်းစ်က “အပြစ်ကို အကြီးအကဲတွေဆီ ဝန်ချတောင်းပန်လိုက်တဲ့အခါ ပခုံးပေါ်က ဝန်ထုပ်ကြီး ကျသွားသလိုပဲ။ စိတ်ငြိမ်သက်မှု ပြန်ရလာတယ်” လို့ ပြောတယ်။ ‘ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိမှန်း၊ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်မှန်း’ သိရတာ အားရှိစရာပါပဲ။—ဆာ. ၃၄:၁၈။

၂၁။ ယေဟောဝါ ပေးတဲ့ စိတ်သက်သာမှု ရဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။

၂၁ ဒီနောက်ဆုံးကာလရဲ့ အဆုံးနီးလာလေ စိုးရိမ်ပူပန်စရာ ကိစ္စတွေ ပိုများလာလေပဲ။ သင် စိုးရိမ်ပူပန်တဲ့အခါ ယေဟောဝါဆီ ချက်ချင်း အကူအညီတောင်းပါ။ ကျမ်းစာကို ဝီရိယရှိရှိ လေ့လာပါ။ ဟန္န၊ ပေါလု၊ ဒါဝိဒ်ရဲ့ ပုံသက်သေကနေ သင်ယူပါ။ စိုးရိမ်ပူပန်ရတဲ့ အကြောင်းရင်းကို သိအောင် ကူညီပေးဖို့ ကောင်းကင်ဖခင်ဆီ ဆုတောင်းပါ။ (ဆာ. ၁၃၉:၂၃) သင့်ရဲ့ ဝန်ထုပ်တွေ၊ အထူးသဖြင့် သင် ဘာမှ မတတ်နိုင်တဲ့ ပြဿနာတွေကို ဘုရားဆီ ပုံအပ်ထားပါ။ ဒါဆိုရင် “စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်” လို့ ပြောခဲ့တဲ့ ဆာလံဆရာလို ခံစားရပါလိမ့်မယ်။—ဆာ. ၉၄:၁၉။

သင် ဘယ်လို ဖြေမလဲ

  • ဟန္နကို ယေဟောဝါ စိတ်သက်သာစေပုံကနေ ဘာသိရသလဲ။

  • ပေါလုကို ယေဟောဝါ စိတ်သက်သာစေပုံကနေ ဘာသိရသလဲ။

  • ဒါဝိဒ်ကို ယေဟောဝါ စိတ်သက်သာစေပုံကနေ ဘာသိရသလဲ။

သီချင်း ၄ “ယေဟောဝါဟာ ငါ့သိုးထိန်းပါ”

a ကျွန်တော်တို့အားလုံးဟာ ကြုံရတဲ့ ပြဿနာတွေကြောင့် စိုးရိမ်ပူပန်တတ်တယ်။ စိုးရိမ်ပူပန်စရာ ကိစ္စတွေ ကြုံခဲ့ရတဲ့ ယေဟောဝါရဲ့ ကျေးကျွန် သုံးယောက်အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။ သူတို့ကို ယေဟောဝါ ဘယ်လို နှစ်သိမ့်ပြီး စိတ်သက်သာစေခဲ့ကြောင်းလည်း ဆွေးနွေး ထားပါတယ်။

b စကားလုံး ရှင်းလင်းချက်– စိုးရိမ်ပူပန်မှုဆိုတာ ငွေကြေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက် ဖြစ်တယ်။ အရင်က လုပ်မိတဲ့ အမှား ဒါမှမဟုတ် အနာဂတ်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေအတွက် တွေးပူနေတာလည်း ဖြစ်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ