ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဒီဇင်ဘာ စာ. ၂၂-၂၇
  • စိတ်ဓာတ်ကျမှုကို ဘယ်လို တိုက်လှန်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဓာတ်ကျမှုကို ဘယ်လို တိုက်လှန်မလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှား လုပ်မိတဲ့အခါ၊ အားနည်းချက်တွေ ရှိတဲ့အခါ
  • ကျန်းမာရေး မကောင်းတဲ့အခါ
  • အခွင့်ထူးတွေ မရတဲ့အခါ
  • တိုးတက်မှု မရှိတဲ့ ရပ်ကွက်မှာ အမှုဆောင်ရတဲ့အခါ
  • စိတ်ဓာတ်ကျခြင်းနှင့်စပ်လျဉ်း၍ အဘယ်အရာကို ပြုလုပ်ပေးနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် အချင်းချင်းတို့ကိုတိုက်တွန်းနှိုးဆော်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါအတွက် ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဆက်ခြင်းက ပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • သွေးဆောင်မှုကိုတွန်းလှန်ဖို့နဲ့ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းဖို့ အစွမ်းတန်ခိုးရရှိကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဒီဇင်ဘာ စာ. ၂၂-၂၇

လေ့လာရန် ဆောင်းပါး ၅၂

စိတ်ဓာတ်ကျမှုကို ဘယ်လို တိုက်လှန်မလဲ

“ထမ်းထားရတဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။”—ဆာ. ၅၅:၂၂။

သီချင်း ၃၃ သင့်ရဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ

အကြိုသုံးသပ်ချက်a

၁။ စိတ်ဓာတ်ကျမှုက ကျွန်တော်တို့ကို ဘာဖြစ်စေနိုင်သလဲ။

နေ့တိုင်း ပြဿနာတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတယ်။ အကောင်းဆုံး ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျနေရင် ပြဿနာ ဖြေရှင်းဖို့ ပိုခက်တတ်တယ်ဆိုတာ သဘောတူမှာပါ။ စိတ်ဓာတ်ကျမှုကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှု၊ ရဲစွမ်းသတ္တိနဲ့ ရွှင်လန်းမှု ပျောက်ဆုံးသွားနိုင်တယ်။ “ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်” လို့ ပညာအလိမ္မာ ၂၄:၁၀ မှာ ပြောတယ်။ စိတ်ဓာတ်ကျနေရင် ပြဿနာတွေကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်တော့မှာ မဟုတ်ဘူး။

၂။ ဘာတွေကြောင့် စိတ်ဓာတ်ကျနိုင်သလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၂ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနိုင်တယ်။ အမှား လုပ်မိလို့၊ အားနည်းချက်တွေ ရှိလို့၊ ကျန်းမာရေး မကောင်းလို့၊ ယေဟောဝါရဲ့ အမှုတော်မှာ ကိုယ်လိုချင်တဲ့ တာဝန် မရလို့၊ တုံ့ပြန်မှု မကောင်းတဲ့ ရပ်ကွက်မှာ အမှုဆောင်ရလို့ ဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းဖို့ လုပ်ဆောင်နိုင်တဲ့ အချက်တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

အမှား လုပ်မိတဲ့အခါ၊ အားနည်းချက်တွေ ရှိတဲ့အခါ

၃။ အမှားတွေနဲ့ပတ်သက်ပြီး အမြင်မှန် ရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။

၃ ကိုယ့်အမှားတွေ၊ အားနည်းချက်တွေကြောင့် အလွယ်တကူ စိတ်ပျက်မိနိုင်တယ်။ ကိုယ့်ကို ကမ္ဘာသစ်ထဲ ယေဟောဝါ ဝင်စေချင်ပါ့မလားလို့တောင် တွေးလာနိုင်တယ်။ အဲဒီလိုတွေးတာ အန္တရာယ်ရှိတယ်။ ကိုယ့်အမှားတွေကို ဘယ်လို ရှုမြင်သင့်သလဲ။ ယေရှုခရစ်ကလွဲရင် “လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်” တယ်လို့ ကျမ်းစာမှာ ပြောတယ်။ (ရော. ၃:၂၃) ကျွန်တော်တို့ရဲ့ အမှားတွေကို ယေဟောဝါ အာရုံမစိုက်ဘူး။ ကျွန်တော်တို့ ပြည့်ဝစုံလင်ဖို့ မမျှော်လင့်ဘူး။ အဲဒီအစား ယေဟောဝါဟာ ကျွန်တော်တို့ကို ကူညီပေးချင်တဲ့ မေတ္တာရှင် ဖခင် ဖြစ်တယ်။ စိတ်လည်း ရှည်တယ်။ ကျွန်တော်တို့ အားနည်းချက်တွေကို တိုက်လှန်နေရမှန်း၊ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေမှန်း ယေဟောဝါ သိတယ်။ ကူညီဖို့ အသင့်ရှိတယ်။—ရော. ၇:၁၈၊ ၁၉။

ပုံ– ၁။ ညီအစ်မတစ်ယောက် စားပွဲမှာ ထိုင်ပြီး ဆုတောင်းနေ။ ၂။ အဖွဲ့အစည်းရဲ့ ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ အစားအစာ ပြင်ဆင်ပေးနေ။ ၃။ ဆေးရုံတက်နေတဲ့ ဇနီးမောင်နှံတစ်စုံဆီ စားစရာတချို့ ယူသွားပြီး လည်ပတ်နေ။ ဆေးရုံခုတင်ပေါ်က ခင်ပွန်းကို ဇနီး နှစ်သိမ့်နေ။

ကျွန်တော်တို့ အရင်က လုပ်ခဲ့တဲ့၊ အခု လုပ်နေတဲ့ ကောင်းတဲ့အရာတွေကို ယေဟောဝါ သိတယ် (စာပိုဒ် ၅ ကိုကြည့်ပါ)d

၄-၅။ ၁ ယောဟန် ၃:၁၉၊ ၂၀ အရ စိတ်ဓာတ်ကျမှုကို တိုက်လှန်ဖို့ ညီအစ်မ နှစ်ယောက်ကို ဘာက ကူညီပေးသလဲ။

၄ ဒယ်ဘရာနဲ့ မာရီယာb အကြောင်း စဉ်းစားကြည့်ပါ။ ကလေးဘဝတုန်းက ဒယ်ဘရာဟာ မိသားစုမှာ မကြာခဏ အနှိမ်ခံရတယ်။ ချီးမွမ်း မခံရသလောက်ပဲ။ ဒါကြောင့် သိမ်ငယ်စိတ် ဝင်လာတယ်။ အမှား သေးသေးလေး လုပ်မိရင်တောင် အပြစ်ကြီး လုပ်မိသလို ခံစားရတယ်။ မာရီယာလည်း အဲဒီလိုပဲ။ ဆွေမျိုးတွေက ဝိုင်းနှိမ်ကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားရတယ်။ အမှန်တရား သိလာတဲ့အခါ ဘုရားနာမည် ခံယူဖို့ မထိုက်တန်ဘူးလို့တောင် ခံစားရတယ်။

၅ ဒါပေမဲ့ အဲဒီညီအစ်မ နှစ်ယောက်ဟာ ယေဟောဝါကို ဆက်ဝတ်ပြုခဲ့တယ်။ ဘာကြောင့်လဲ။ တစ်ချက်ကတော့ ထမ်းထားရတဲ့ ဝန်ကို ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းပြီး ပုံအပ်ထားကြလို့ပဲ။ (ဆာ. ၅၅:၂၂) အရင်က ကြုံခဲ့ရတာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်နေတာ ဘုရား နားလည်မှန်း၊ ကိုယ်တိုင်တောင် သတိမထားတဲ့ အရည်အသွေးကောင်းတွေကို ဘုရား မြင်မှန်း သူတို့ သိလာတယ်။—၁ ယောဟန် ၃:၁၉၊ ၂၀ ကိုဖတ်ပါ။

၆။ အကျင့်ဆိုးတစ်ခုကို အထပ်ထပ် ပြန်ကျင့်မိတဲ့အခါ ဘယ်လို ခံစားရနိုင်သလဲ။

၆ အမြစ်စွဲနေတဲ့ အကျင့်ဆိုးတစ်ခုကို တိုက်လှန်ဖို့ ကြိုးစားနေတဲ့ကြားက ပြန်ကျင့်မိတဲ့အခါ စိတ်ဓာတ်ကျနိုင်တယ်။ အမှား လုပ်မိတဲ့အခါ အပြစ်ရှိတယ်လို့ ခံစားရတာ သဘာဝပါပဲ။ (၂ ကော. ၇:၁၀) ဒါပေမဲ့ ‘ငါ တော်တော် အသုံးမကျတာပဲ။ ငါ့ကို ယေဟောဝါ ဘယ်လိုလုပ် ခွင့်လွှတ်မလဲ’ ဆိုတဲ့ တစ်ဖက်စွန်း ရောက်တဲ့ အတွေးမျိုးကို ရှောင်ပါ။ အဲဒီလို တွေးတာ မှားတယ်။ ယေဟောဝါကို ဝတ်မပြုတော့တဲ့အထိတောင် ဖြစ်သွားစေနိုင်တယ်။ စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်လို့ ပြောထားတဲ့ ပညာအလိမ္မာ ၂၄:၁၀ ကို သတိရပါ။ ဆုတောင်းခြင်း၊ ခွင့်လွှတ်မှု တောင်းခံခြင်းအားဖြင့် ယေဟောဝါနဲ့အတူ “အမှုကို ဖြေရှင်း” ပါ။ (ဟေရှာ. ၁:၁၈) သင် စိတ်ရင်းမှန်နဲ့ နောင်တရတာကို ထောက်ပြီး ယေဟောဝါ ခွင့်လွှတ်ပါလိမ့်မယ်။ ဒါ့အပြင် အကြီးအကဲတွေဆီ အကူအညီ တောင်းပါ။ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် စိတ်ရှည်ရှည် ကူညီပေးကြပါလိမ့်မယ်။—ယာ. ၅:၁၄၊ ၁၅။

၇။ အားနည်းချက်တစ်ခုကို တိုက်လှန်နေရတယ်ဆိုရင် ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။

၇ အားနည်းချက်ကို တိုက်လှန်နေရသူတွေနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံက အကြီးအကဲ ဇန်လု ဒီလိုပြောတယ်– “ယေဟောဝါရှေ့ ဖြောင့်မတ်သူဆိုတာ တစ်ခါမှ အမှား မလုပ်တဲ့သူ မဟုတ်ဘူး။ လုပ်မိတဲ့ အမှားအတွက် အမြဲ နောင်တ ရပြီး ပြုပြင်ပြောင်းလဲသူ ဖြစ်တယ်။” (ရော. ၇:၂၁-၂၅) ဒါကြောင့် အားနည်းချက်တစ်ခုကို တိုက်လှန်နေရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ဘုရားသခင်ရှေ့ ဖြောင့်မတ်တဲ့ အနေအထားကို ထိုက်တန်လို့ ရတဲ့သူဆိုတာ မရှိဘူး။ ရွေးဖိုးကတစ်ဆင့် ဘုရား ပြတဲ့ မဟာကရုဏာတော်ကို အားလုံး လိုအပ်တယ်။—ဧ. ၁:၇။ ၁ ယော. ၄:၁၀။

၈။ စိတ်ဓာတ်ကျနေချိန်မှာ ကျွန်တော်တို့ကို ဘယ်သူတွေ ကူညီပေးနိုင်သလဲ။

၈ ညီအစ်ကို/မတွေဆီက အားပေးမှု ရယူပါ။ ကျွန်တော်တို့ ရင်ဖွင့်တဲ့အခါ သူတို့ နားထောင်ပေးပြီး စိတ်အားတက်စေတဲ့ စကားတွေ ပြောနိုင်တယ်။ (ပညာ. ၁၂:၂၅။ ၁ သက်. ၅:၁၄) စိတ်ဓာတ်ကျမှုကို တိုက်လှန်ခဲ့ရတဲ့ နိုင်ဂျီးရီးယားက ညီအစ်မ ဂျွိုင်း ဒီလိုပြောတယ်– “ညီအစ်ကို/မတွေသာ မရှိရင် ကျွန်မ ဘယ်လိုများ ဖြစ်နေမလဲ။ သူတို့ဟာ ကျွန်မဆုတောင်းချက်ရဲ့ အဖြေပဲ။ စိတ်ဓာတ်ကျနေသူတွေကို ဘယ်လို အားပေးရမယ်ဆိုတာ သူတို့ဆီကနေ သင်ယူခဲ့ရတယ်။” ကျွန်တော်တို့ ဘယ်အချိန်မှာ အားပေးမှု လိုအပ်မှန်း ညီအစ်ကို/မတွေ အမြဲ သိနေမှာ မဟုတ်ဘူးဆိုတာကိုတော့ သတိရရမယ်။ ဒါကြောင့် ရင့်ကျက်တဲ့ ယုံကြည်သူချင်းတစ်ယောက်ဆီ ကိုယ့်ဘက်က အစပြုပြီး အကူအညီ တောင်းဖို့ လိုနိုင်တယ်။

ကျန်းမာရေး မကောင်းတဲ့အခါ

၉။ ဆာလံ ၄၁:၃ နဲ့ ၉၄:၁၉ က ကျွန်တော်တို့ကို ဘယ်လို အားရှိစေသလဲ။

၉ ယေဟောဝါဆီ အကူအညီ တောင်းပါ။ ဖျားနာတဲ့အခါ၊ အထူးသဖြင့် နာတာရှည် ရောဂါ ခံစားရတဲ့အခါ အပြုသဘောထား ရှိဖို့ ခက်နိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ အံ့ဖွယ်နည်းနဲ့ ကုသပေးမှာ မဟုတ်ပေမဲ့ နှစ်သိမ့်ပေးပြီး ခံနိုင်ရည် ရှိဖို့ ခွန်အား ပေးနိုင်တယ်။ (ဆာလံ ၄၁:၃။ ၉၄:၁၉ ကိုဖတ်ပါ။) ဥပမာ၊ အိမ်မှုကိစ္စတွေ လုပ်ပေးဖို့၊ ဈေးဝယ်ပေးဖို့၊ ကျွန်တော်တို့နဲ့အတူ ဆုတောင်းဖို့ ညီအစ်ကို/မတွေကို လှုံ့ဆော်ပေးနိုင်တယ်။ ဖျားနာမှု၊ နာကျင်မှု မရှိတော့မယ့် ကမ္ဘာသစ်မှာ စုံလင်တဲ့ အသက် ရမယ်ဆိုတဲ့ မျှော်လင့်ချက်လိုမျိုး နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်တွေကို ပြန်သတိရစေနိုင်တယ်။—ရော. ၁၅:၄။

၁၀။ မတော်တဆမှု ဖြစ်ပြီးနောက် အီဆန်ကို ဘာက ကူညီပေးသလဲ။

၁၀ နိုင်ဂျီးရီးယားမှာ နေတဲ့ အီဆန်ဟာ မတော်တဆမှုတစ်ခုကြောင့် ကိုယ်တစ်ပိုင်း သေသွားတယ်။ လမ်းပြန်လျှောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆရာဝန် ပြောတယ်။ “စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားတယ်” လို့ အီဆန် ပြောတယ်။ သူ့ကို ဘာက ကူညီပေးသလဲ။ “ကျွန်တော်တို့ ဇနီးမောင်နှံ ယေဟောဝါဆီ မပြတ် ဆုတောင်းတယ်။ ကျမ်းစာ လေ့လာတယ်။ ကမ္ဘာသစ် အသက်တာ မျှော်လင့်ချက် အပါအဝင် ကောင်းချီးတွေကို ရေတွက်ဖို့ ဆုံးဖြတ်ထားကြတယ်” လို့ အီဆန် ပြောတယ်။

ပုံ– ၁။ စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကိုတစ်ယောက် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေ။ အောက်ဆီဂျင်ဘူး အကူအညီနဲ့ အသက်ရှူနေ။ ၂။ အများရှေ့ သက်သေခံခြင်းမှာ အမျိုးသားတစ်ယောက်နဲ့ ပျော်ရွှင်စွာ စကားပြောနေ။

ကျန်းမာရေး မကောင်းရင်တောင် အမှုဆောင်လုပ်ငန်းမှာ ပျော်ရွှင်စွာ ပါဝင်နိုင် (စာပိုဒ် ၁၁-၁၃ ကိုကြည့်ပါ)

၁၁။ ကျန်းမာရေး မကောင်းချိန်မှာ စင်ဒီ ဘယ်လိုနည်းနဲ့ စိတ်ရွှင်လန်းနိုင်ခဲ့သလဲ။

၁၁ မက္ကဆီကိုမှာ နေတဲ့ စင်ဒီဟာ ရောဂါဆိုး ရှိမှန်း သိလိုက်ရတယ်။ ဘယ်လို ရင်ဆိုင်သလဲ။ ဆေးကုသမှု ခံယူရင်း နေ့တိုင်း သက်သေခံဖို့ ပန်းတိုင်ထားတယ်။ “အဲဒါက ကိုယ့်ခွဲစိတ်မှု၊ နာကျင်မှု၊ အဆင်မပြေမှုတွေကို အာရုံစိုက်မယ့်အစား တခြားသူတွေကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စကားပြောတဲ့အခါ သူတို့မိသားစုအကြောင်း မေးတယ်။ ဒီလောက် ခက်တဲ့ အလုပ်ကို ဘာကြောင့် လုပ်နေတာလဲလို့ မေးတယ်။ ဒီလိုနဲ့ ဘယ်အကြောင်းအရာက သူတို့စိတ်ကို ထိမိစေမလဲဆိုတာ သိလာတယ်။ လူနာက ပြန်ပြီး ‘နေကောင်းလား’ မေးတာ ခပ်ရှားရှားပဲလို့ တချို့ ပြောတယ်။ သူတို့ကို ဂရုစိုက်လို့ ကျေးဇူးတင်ကြတယ်။ တချို့ဆိုရင် ဆက်သွယ်ဖို့ လိပ်စာ၊ ဖုန်းနံပါတ်တောင် ပေးတယ်။ ဘဝရဲ့ အခက်ခဲဆုံး အချိန်မှာတောင် စိတ်ရွှင်လန်းနေဖို့ မထင်မှတ်တဲ့ နည်းတွေနဲ့ ယေဟောဝါ ကူညီပေးတယ်” လို့ စင်ဒီ ပြောတယ်။—ပညာ. ၁၅:၁၅။

၁၂-၁၃။ ကျန်းမာရေး မကောင်းသူတွေ၊ အသက်ကြီးသူတွေ အမှုဆောင်မှာ ဘယ်လို ပါဝင်နိုင်သလဲ။ ဘာရလဒ် ရသလဲ။

၁၂ ကျန်းမာရေး မကောင်းသူတွေ၊ အသက်ကြီးသူတွေဟာ အမှုဆောင်လုပ်ငန်းမှာ အကန့်အသတ်နဲ့ပဲ ပါဝင်နိုင်လို့ စိတ်ဓာတ်ကျနိုင်တယ်။ ဒါပေမဲ့ ဟောပြောဖို့ နည်းလမ်းတွေ ရှာကြတယ်။ အမေရိကန်နိုင်ငံက ညီအစ်မ လော်ရယ်ဟာ ၃၇ နှစ်လုံး အသက်ရှူစက် အကူအညီနဲ့ အသက်ဆက်ခဲ့ရတယ်။ အကြီးစား ခွဲစိတ်မှုတွေ လုပ်ခဲ့ရတယ်။ ကင်ဆာရောဂါ၊ နာတာရှည် အရေပြားရောဂါလည်း ရှိတယ်။ ဒါပေမဲ့ မဟောပြောဘဲ မနေဘူး။ အိမ်လာတဲ့ သူနာပြုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို သက်သေခံတယ်။ ဘာရလဒ် ရသလဲ။ အနည်းဆုံး လူ ၁၇ ယောက်ကို အမှန်တရား သိလာအောင် ကူညီပေးနိုင်ခဲ့တယ်။c

၁၃ အိမ်ထဲက အိမ်ပြင် မထွက်နိုင်သူတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု ဂေဟာမှာ နေရသူတွေနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံက အကြီးအကဲ ရစ်ချက် ဒီလိုအကြံပေးတယ်– “စာအုပ်စင်လေးတစ်ခု ထားသင့်တယ်။ လူတွေ စိတ်ဝင်တစား လာမေးတဲ့အခါ စကားစမြည် ပြောဖို့ အခွင့်အရေး ရနိုင်တယ်။ ဒါက တစ်အိမ်တက်ဆင်း မသွားနိုင်တဲ့ ညီအစ်ကို/မတွေကို အားရှိစေနိုင်တယ်။” အိမ်ထဲက အိမ်ပြင် မထွက်နိုင်သူတွေဟာ စာရေး သက်သေခံခြင်း၊ ဖုန်းနဲ့ သက်သေခံခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းမှာ ပါဝင်နိုင်တယ်။

အခွင့်ထူးတွေ မရတဲ့အခါ

၁၄။ ဘုရင် ဒါဝိဒ် ဘယ်ပုံနမူနာကောင်း ပြခဲ့သလဲ။

၁၄ အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအကြောင်းရင်းတွေကြောင့် အသင်းတော်မှာ၊ တိုက်နယ်မှာ ကိုယ်လိုချင်တဲ့ တာဝန်၊ အခွင့်ထူး မရတာမျိုး ဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်နေတယ်ဆိုရင် ဘုရင် ဒါဝိဒ်ဆီကနေ သင်ယူနိုင်တယ်။ ဒါဝိဒ်ဟာ ဘုရားရဲ့ ဗိမာန်တော်ကို သိပ်ဆောက်ချင်ပေမဲ့ ရွေးချယ်မခံရတဲ့အခါ ဒီတာဝန်အတွက် ဘုရား ရွေးချယ်တဲ့သူကို အပြည့်အဝ ထောက်မခဲ့တယ်။ စီမံကိန်းအတွက်တောင် ရက်ရက်ရောရော လှူဒါန်းတယ်။ သိပ်ကောင်းတဲ့ ပုံနမူနာပါပဲ။—၂ ရှ. ၇:၁၂၊ ၁၃။ ၁ ရာ. ၂၉:၁၊ ၃-၅။

၁၅။ စိတ်ဓာတ်ကျမှုကို အူဂီ ဘယ်လို ကျော်လွှားခဲ့သလဲ။

၁၅ ပြင်သစ်နိုင်ငံက ညီအစ်ကို အူဂီဟာ ကျန်းမာရေး ပြဿနာကြောင့် အကြီးအကဲ တာဝန် နားလိုက်ရတယ်။ အိမ်မှုကိစ္စလေးတွေတောင် မလုပ်နိုင်တော့ဘူး။ “အစပိုင်းမှာ တော်တော်လေး စိတ်ဓာတ်ကျပြီး အသုံးမဝင်ဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုလိုက်တဲ့အခါ ကိုယ်တတ်နိုင်တာလေးတွေ လုပ်ရင်း အမှုတော်မှာ ပြန်ပျော်ရွှင်လာတယ်။ လက်မလျှော့ဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ထားတယ်။ ဂိဒေါင်နဲ့ လူ ၃၀၀ လိုပဲ မောပန်းနေပေမဲ့ ကျွန်တော် ဆက်တိုက်သွားမှာပါ” လို့ အူဂီ ပြောတယ်။—သူကြီး. ၈:၄။

၁၆။ ကောင်းကင်တမန်တွေဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၆ သစ္စာရှိ ကောင်းကင်တမန်တွေဆီကနေလည်း သင်ယူနိုင်တယ်။ မင်းဆိုး အာဟပ်ကို လှည့်စားနိုင်မယ့် နည်းတွေ အကြံပြုဖို့ ကောင်းကင်တမန်တွေကို ယေဟောဝါ ပြောတယ်။ ကောင်းကင်တမန် အတော်များများ အကြံပြုကြတယ်။ ကောင်းကင်တမန်တစ်ပါးရဲ့ အကြံကို ယေဟောဝါ လက်ခံပြီး သူ့အကြံ အောင်မြင်မယ်လို့ ပြောတယ်။ (၁ ဘု. ၂၂:၁၉-၂၂) တခြားသစ္စာရှိ ကောင်းကင်တမန်တွေ စိတ်ဓာတ်ကျသွားပြီး ‘အလကားသက်သက် ဝင်ပြောမိပြီ’ လို့ တွေးခဲ့သလား။ မတွေးကြပါဘူး။ ကောင်းကင်တမန်တွေဟာ တကယ် နှိမ့်ချပြီး ယေဟောဝါကိုပဲ ဂုဏ်တင်ချင်ကြတယ်။—သူကြီး. ၁၃:၁၆-၁၈။ ဗျာ. ၁၉:၁၀။

၁၇။ လုပ်ငန်းတော် အခွင့်ထူးတွေ မရလို့ စိတ်ဓာတ်ကျတဲ့အခါ ဘာလုပ်သင့်သလဲ။

၁၇ ဘုရားနာမည် ခံယူရတာ၊ နိုင်ငံတော်အကြောင်း ကြေညာရတာ အခွင့်ထူး ဖြစ်ကြောင်း သတိရပါ။ တာဝန်ဆိုတာ မမြဲဘူး။ တာဝန်ကြောင့် ဘုရားရှေ့မှာ ကျွန်တော်တို့ တန်ဖိုးရှိသွားတာ မဟုတ်ဘူး။ နှိမ့်ချကျိုးနွံမယ်ဆိုရင်တော့ ယေဟောဝါနဲ့ ညီအစ်ကို/မတွေအတွက် တန်ဖိုးရှိသူတွေ ဖြစ်လာမယ်။ ဒါကြောင့် ကျိုးနွံမှု၊ နှိမ့်ချမှု ဆက်ရှိနေဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။ ကျမ်းစာမှာ ပါတဲ့ ကျိုးနွံနှိမ့်ချသူတွေရဲ့ ပုံနမူနာကို တွေးတောဆင်ခြင်ပါ။ ညီအစ်ကို/မတွေရဲ့ အကျိုးကို အတတ်နိုင်ဆုံး သယ်ပိုးပါ။—ဆာ. ၁၃၈:၆။ ၁ ပေ. ၅:၅။

တိုးတက်မှု မရှိတဲ့ ရပ်ကွက်မှာ အမှုဆောင်ရတဲ့အခါ

၁၈-၁၉။ တိုးတက်မှု မရှိတဲ့ ရပ်ကွက်မှာ အမှုဆောင်ရရင်တောင် ဘယ်လိုနည်းနဲ့ ပျော်ရွှင်နိုင်သလဲ။

၁၈ တိုးတက်မှု မရှိတဲ့ ရပ်ကွက်မှာ အမှုဆောင်ရလို့၊ အိမ်တွေမှာ လူ သိပ်မတွေ့ရလို့ တစ်ခါတလေ စိတ်ဓာတ်ကျမိသလား။ အဲဒီလို အခြေအနေမှာ ဆက်ပျော်ရွှင်နေနိုင်ဖို့၊ ပိုပျော်လာဖို့ ဘာလုပ်နိုင်သလဲ။ လက်တွေ့ကျ အကြံပြုချက်တချို့ကို “အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်စေနိုင်တဲ့ နည်းလမ်းများ” လေးထောင့်ကွက်မှာ ဖော်ပြထားတယ်။ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး အမြင်မှန် ရှိဖို့လည်း အရေးကြီးတယ်။ ဘာကို ဆိုလိုသလဲ။

၁၉ ဘုရား နာမည်နဲ့ နိုင်ငံတော်အကြောင်း ဟောပြောခြင်းကို အာရုံစိုက်ပါ။ အသက်လမ်းကို ရှာတွေ့သူ နည်းမယ်လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ (မ. ၇:၁၃၊ ၁၄) အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်တွေနဲ့ တွဲလုပ်ခွင့် ရတယ်။ (မ. ၂၈:၁၉၊ ၂၀။ ၁ ကော. ၃:၉။ ဗျာ. ၁၄:၆၊ ၇) ထိုက်တန်သူတွေကို ယေဟောဝါ ဆွဲဆောင်တယ်။ (ယော. ၆:၄၄) ဒါကြောင့် ကျွန်တော်တို့ ဟောတဲ့ သတင်းတရားကို လူတစ်ယောက် ဒီတစ်ကြိမ် နားမထောင်ပေမဲ့ နောက်တစ်ကြိမ် နားထောင်နိုင်တယ်။

အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်စေနိုင်တဲ့ နည်းလမ်းများ

  1. ၁။ အိမ်မှာ လူတွေ ရှိမယ့် အချိန်သွားပါ။

  2. ၂။ ဈေး၊ ပန်းခြံ၊ ကားမှတ်တိုင်လိုမျိုး လူတွေ ရှိမယ့် နေရာကို သွားပါ။

  3. ၃။ စာရေးခြင်း၊ လမ်းပေါ် သက်သေခံခြင်း၊ အများရှေ့ သက်သေခံခြင်းလိုမျိုး အမှုဆောင်လုပ်ငန်း ပုံစံအမျိုးမျိုးကို စမ်းကြည့်ပါ။

  4. ၄။ စကားစမြည် ပြောဆိုနိုင်စွမ်း တိုးတက်လာအောင် လုပ်ပါ။

  5. ၅။ ဒီဂျစ်တယ် ကိရိယာတွေကို ကောင်းကောင်း သုံးတတ်ဖို့ သင်ယူပါ။

  6. ၆။ မဂ္ဂဇင်း ဒါမှမဟုတ် စာစောင်တစ်ခုဟာ လူတစ်မျိုးမျိုးအတွက် ရည်ရွယ်တယ်ဆိုရင် အဲဒီလိုလူတွေကို ရှာပါ။

  7. ၇။ ဘာသာစကားအသစ် သင်ယူခြင်းအားဖြင့် သိပ်အမှုမဆောင်ဖြစ်တဲ့ ရပ်ကွက် ဒါမှမဟုတ် ပိုသီးပွင့်ဖြစ်ထွန်းနေတဲ့ ရပ်ကွက်မှာ ဟောပြောဖို့ ကြိုးစားပါ။

၂၀။ စိတ်ဓာတ်ကျမှုကို တိုက်လှန်ခြင်းနဲ့ပတ်သက်ပြီး ယေရမိ ၂၀:၈၊ ၉ ကနေ ဘာသင်ယူနိုင်သလဲ။

၂၀ ပရောဖက် ယေရမိဆီကနေ များစွာ သင်ယူနိုင်တယ်။ သတင်းတရားကို ကောင်းကောင်း မတုံ့ပြန်တဲ့ လူတွေဆီ ယေရမိ သွားဟောရတယ်။ “တစ်နေ့လုံး” စော်ကားခံရ၊ သရော်ခံရတယ်။ (ယေရမိ ၂၀:၈၊ ၉ ကိုဖတ်ပါ။) တစ်ကြိမ်မှာ စိတ်ဓာတ်ကျလွန်းလို့ ဆက်မဟောချင်တဲ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ မဟောဘဲ မနေဘူး။ ဘာကြောင့်လဲ။ “ယေဟောဝါရဲ့ နှုတ်ထွက်စကား” ဟာ လောင်မြိုက်တဲ့ မီးလို ဖြစ်ပြီး ယေရမိ မချုပ်တည်းနိုင်တော့လို့ပဲ။ ကျွန်တော်တို့လည်း ကျမ်းစာ နေ့တိုင်း ဖတ်၊ တွေးတောဆင်ခြင်ပြီး စိတ်နှလုံးကို ဘုရားသခင့် တရားစကားနဲ့ ဖြည့်ထားမယ်ဆိုရင် ပိုပျော်ရွှင်လာမယ်။ အမှုဆောင်လုပ်ငန်းမှာ ပိုထိရောက်လာမယ်။—ယေ. ၁၅:၁၆။

၂၁။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ စိတ်ဓာတ်ကျတဲ့အခါ ဘယ်လို အောင်မြင်စွာ တိုက်လှန်နိုင်မလဲ။

၂၁ “စိတ်ဓာတ်ကျမှုဟာ စာတန် သိပ်အသုံးတည့်နေတဲ့ အစွမ်းထက် လက်နက်ပဲ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒယ်ဘရာ ပြောတယ်။ ဒါပေမဲ့ စာတန့် လက်နက်တွေဟာ ယေဟောဝါဘုရားကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ စိတ်ဓာတ်ကျတဲ့အခါ ယေဟောဝါဆီ အကူအညီ တောင်းပါ။ ကိုယ့်အမှားတွေ၊ အားနည်းချက်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ဘုရား ကူညီပေးမယ်။ မကျန်းမာချိန်မှာလည်း ထောက်မပေးမယ်။ လုပ်ငန်းတော် တာဝန်တွေနဲ့ပတ်သက်ပြီး အမြင်မှန် ရှိဖို့၊ အမှုဆောင်လုပ်ငန်းမှာ အပြုသဘောထား ရှိဖို့ ကူညီပေးမယ်။ ကောင်းကင်ဖခင်ဆီ ရင်ဖွင့်ဆုတောင်းပါ။ စိတ်ဓာတ်ကျမှုကို ဘုရားအကူအညီနဲ့ အောင်မြင်စွာ တိုက်လှန်နိုင်ပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • ၁ ယောဟန် ၃:၁၉၊ ၂၀ က စိတ်ဓာတ်ကျမှုကို တိုက်လှန်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

  • ဆာလံ ၄၁:၃ က စိတ်ဓာတ်ကျမှုကို တိုက်လှန်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

  • ယေရမိ ၂၀:၈၊ ၉ က စိတ်ဓာတ်ကျမှုကို တိုက်လှန်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

သီချင်း ၄၁ ဆုတောင်းသံကို နားထောင်ပေးပါ

a ကျွန်တော်တို့အားလုံး တစ်ခါတလေ စိတ်ဓာတ်ကျတတ်ကြတယ်။ စိတ်ဓာတ်ကျတဲ့အခါ လုပ်ဆောင်နိုင်တဲ့ သတ်သတ်မှတ်မှတ် အချက်တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ စိတ်ဓာတ်ကျမှုကို ယေဟောဝါရဲ့ အကူအညီနဲ့ တိုက်လှန်နိုင်ကြောင်း သိရပါမယ်။

b အမည်လွှဲများ။

c ၁၉၉၃၊ ဇန်နဝါရီ ၂၂ နိုးလော့! (အင်္ဂလိပ်) မှာပါတဲ့ ညီအစ်မ လော်ရယ်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ဖတ်ကြည့်ပါ။

d ပုံအညွှန်း– စိတ်ဓာတ်ကျနေတဲ့ ညီအစ်မဟာ အရင်က အမှုဆောင်ခဲ့တာတွေကို ပြန်တွေးပြီး ယေဟောဝါဆီ ဆုတောင်းနေ။ အရင်က လုပ်ခဲ့တာတွေ၊ အခု လုပ်နေတာတွေကို ဘုရား သတိရပေးမယ်ဆိုတာ ယုံကြည်စိတ်ချနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ