ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဖေဖော်ဝါရီ စာ. ၁၄-၁၉
  • အသင်းတော်ထဲက ဦးစီးမှု အစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော်ထဲက ဦးစီးမှု အစီအစဉ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညီအစ်မတွေကို ဘယ်လို သဘောထားသင့်သလဲ
  • ညီအစ်ကိုတိုင်းဟာ ညီအစ်မတိုင်းရဲ့ ဦးခေါင်း ဖြစ်သလား
  • အိမ်ထောင်ဦးစီးတွေနဲ့ အကြီးအကဲတွေရဲ့ အခွင့်အာဏာ
  • ခရစ်တော်ကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် လေးစားပါ
  • “ယောက်ျားရဲ့ ဦးခေါင်းဟာ ခရစ်တော်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခရစ်ယာန် အမျိုးသမီးတွေကို ထောက်မပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • အမျိုးသမီးတွေကို ယေဟောဝါ ဆက်ဆံသလို ဆက်ဆံနေသလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဖေဖော်ဝါရီ စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၇

အသင်းတော်ထဲက ဦးစီးမှု အစီအစဉ်

“ခရစ်တော်ဟာ အသင်းတော်ရဲ့ ဦးခေါင်း ဖြစ်သလို ခင်ပွန်းကလည်း ဇနီးရဲ့ ဦးခေါင်း ဖြစ်လို့ပဲ။ ခရစ်တော်က မိမိရဲ့ ခန္ဓာကိုယ် ဖြစ်တဲ့ အသင်းတော်ကို ကယ်တင်ခဲ့တယ်။”—ဧ. ၅:၂၃။

သီချင်း ၁၃၇ သစ္စာရှိ အမျိုးသမီးများ

အကြိုသုံးသပ်ချက်a

၁။ ယေဟောဝါရဲ့ မိသားစု စည်းလုံးနေရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်ရတာကို ကျွန်တော်တို့ လေးမြတ်တယ်။ ကျွန်တော်တို့ ဘာကြောင့် ဒီလောက် ငြိမ်သက်စည်းလုံးနေတာလဲ။ အကြောင်းရင်းတစ်ခုကတော့ ယေဟောဝါ ချမှတ်ထားတဲ့ ဦးစီးမှု အစီအစဉ်ကို လေးစားဖို့ ယောက်တိုင်း အတတ်နိုင်ဆုံး ကြိုးစားနေကြလို့ပဲ။ ဦးစီးမှု အစီအစဉ်အကြောင်း ပိုနားလည်လေ ပိုစည်းလုံးလေ ဖြစ်လာမယ်။

၂။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေ ဆွေးနွေးမလဲ။

၂ အသင်းတော်အတွင်းက ဦးစီးမှု အစီအစဉ်အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒီမေးခွန်းတွေကိုလည်း ဆွေးနွေးပါမယ်– ညီအစ်မတွေရဲ့ ကဏ္ဍက ဘာလဲ။ ညီအစ်ကိုတိုင်းဟာ ညီအစ်မတိုင်းရဲ့ ဦးခေါင်း ဖြစ်သလား။ ညီအစ်ကို/မတွေအပေါ် အကြီးအကဲရဲ့ အခွင့်အာဏာနဲ့ ဇနီး၊ သားသမီးတွေအပေါ် အိမ်ထောင်ဦးစီးရဲ့ အခွင့်အာဏာ တူသလား။ အရင်ဆုံး၊ ညီအစ်မတွေကို ဘယ်လို သဘောထားသင့်ကြောင်း ဆွေးနွေးကြစို့။

ညီအစ်မတွေကို ဘယ်လို သဘောထားသင့်သလဲ

၃။ ညီအစ်မတွေကို တန်ဖိုးထားလေးမြတ်စိတ် ဘယ်လို တိုးများလာနိုင်သလဲ။

၃ မိသားစုကို ဂရုစိုက်စောင့်ရှောက်ဖို့၊ သတင်းကောင်း ဟောပြောဖို့၊ အသင်းတော်ကို ထောက်မဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ ညီအစ်မတွေကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်တယ်။ သူတို့ကို ယေဟောဝါနဲ့ ယေရှု ဘယ်လို သဘောထားကြောင်း သုံးသပ်ခြင်းအားဖြင့် တန်ဖိုးထားလေးမြတ်စိတ် တိုးများလာနိုင်တယ်။ အမျိုးသမီးတွေကို တမန်တော် ပေါလု ဘယ်လို ဆက်ဆံကြောင်း သုံးသပ်ခြင်းကနေလည်း အကျိုးရပါလိမ့်မယ်။

၄။ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ ယေဟောဝါ တန်ဖိုးထားကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြသလဲ။

၄ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ ယေဟောဝါ တန်ဖိုးထားတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဥပမာ၊ ပထမရာစုတုန်းက အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ ဘာသာစကား အမျိုးမျိုး ပြောဆိုခြင်း စတဲ့ အံ့ဖွယ်အမှုတွေ လုပ်ဖို့ ယေဟောဝါ သန့်ရှင်းသော စွမ်းအားတော် ပေးတယ်။ (တ. ၂:၁-၄၊ ၁၅-၁၈) သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရပြီး ခရစ်တော်နဲ့အတူ အုပ်ချုပ်ခွင့် ရမယ့်သူတွေထဲမှာ အမျိုးသားရော အမျိုးသမီးရော ပါတယ်။ (ဂလ. ၃:၂၆-၂၉) မြေကြီးပေါ် ထာဝရအသက် ဆုကျေးဇူး ရမယ့်သူတွေထဲမှာလည်း အမျိုးသားရော အမျိုးသမီးရော ပါတယ်။ (ဗျာ. ၇:၉၊ ၁၀၊ ၁၃-၁၅) ဟောပြောသွန်သင်ဖို့ တာဝန်ကိုလည်း အမျိုးသားရော အမျိုးသမီးပါ ရထားတယ်။ (မ. ၂၈:၁၉၊ ၂၀) ညီအစ်မ ပြစ်ကိလရဲ့ ကြိုးစားမှုကို တမန်တော်ကျမ်းမှာ မှတ်တမ်းတင်ထားတယ်။ ပညာတတ် အာပေါလု အမှန်တရားအကြောင်း တိတိကျကျ နားလည်အောင် ခင်ပွန်း အာကုလနဲ့အတူ ကူညီပေးခဲ့တယ်။—တ. ၁၈:၂၄-၂၆။

၅။ အမျိုးသမီးတွေအပေါ် ထားတဲ့ ယေရှုရဲ့ သဘောထားကို လုကာ ၁၀:၃၈၊ ၃၉၊ ၄၂ က ဘယ်လို ဖော်ပြသလဲ။

၅ အမျိုးသမီးတွေကို ယေရှု ဂုဏ်တင်လေးစားတယ်။ ဖာရိရှဲတွေဟာ အမျိုးသမီးတွေကို အထင်သေးတယ်။ သူတို့နဲ့ ကျမ်းစာအကြောင်း ဆွေးနွေးဖို့ မပြောနဲ့၊ လူရှေ့သူရှေ့မှာတောင် စကားမပြောဘူး။ ယေရှုကတော့ အဲဒီလို မဟုတ်ဘူး။ တပည့်တွေနဲ့ ကျမ်းစာအမှန်တရားအကြောင်း ဆွေးနွေးချိန်တွေမှာ အမျိုးသမီးတွေကိုလည်း ပါဝင်စေတယ်။b (လုကာ ၁၀:၃၈၊ ၃၉၊ ၄၂ ကိုဖတ်ပါ။) ဟောပြောခြင်း ခရီးစဉ်တွေမှာ အမျိုးသမီးတွေကို လိုက်ခွင့်ပေးတယ်။ (လု. ၈:၁-၃) မိမိ သေရာကနေ အသက်ပြန်ရှင်ပြီဆိုတာ တမန်တော်တွေကို ပြောပြဖို့ အမျိုးသမီးတွေကို အခွင့်အရေး ပေးခဲ့တယ်။—ယော. ၂၀:၁၆-၁၈။

၆။ အမျိုးသမီးတွေကို လေးစားကြောင်း တမန်တော် ပေါလု ဘယ်လို ပြသလဲ။

၆ အမျိုးသမီးတွေကို ဂုဏ်တင်ဖို့ တိမောသေကို တမန်တော် ပေါလု သတ်သတ်မှတ်မှတ် ညွှန်ကြားတယ်။ “အသက်ကြီးတဲ့ အမျိုးသမီးတွေကို မိခင်လို” ဆက်ဆံဖို့၊ “ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို နှမလို” သဘောထားဖို့ ပြောတယ်။ (၁ တိ. ၅:၁၊ ၂) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ တိမောသေကို ပေါလု များစွာ ကူညီပေးပေမဲ့ “ကျမ်းစာ” အကြောင်း သင်ပေးတဲ့ လက်ဦးဆရာကတော့ အမေနဲ့ အဖွား ဖြစ်ကြောင်း အသိအမှတ်ပြုတယ်။ (၂ တိ. ၁:၅။ ၃:၁၄၊ ၁၅) ရောမအသင်းတော်ဆီ ရေးတဲ့စာမှာ ညီအစ်မတွေကို နာမည်နဲ့တကွ နှုတ်ဆက်ထားတယ်။ ညီအစ်မတွေရဲ့ လုပ်ဆောင်မှုကို သတိပြုမိရုံသာမက တန်ဖိုးထားလေးမြတ်ကြောင်း ထုတ်ပြောတယ်။—ရော. ၁၆:၁-၄၊ ၆၊ ၁၂။ ဖိ. ၄:၃။

၇။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

၇ ရှေ့စာပိုဒ်တွေမှာ ဖော်ပြတဲ့အတိုင်း ညီအစ်မတွေဟာ ညီအစ်ကိုတွေထက် ပိုနိမ့်ကျတယ်လို့ ကျမ်းစာမှာ မပြောဘူး။ ချစ်ခင်ရက်ရောတဲ့ ညီအစ်မတွေဟာ အသင်းတော်ကို များစွာ အကျိုးပြုတယ်။ အသင်းတော်မှာ ငြိမ်သက်စည်းလုံးမှု တိုးများလာအောင် သူတို့ရဲ့ အကူအညီကို အကြီးအကဲတွေ အားထားကြတယ်။ ဒါပေမဲ့ မေးခွန်းတချို့လည်း ပေါ်လာတယ်။ ဥပမာ၊ အခြေအနေတချို့မှာ ခေါင်းဖုံးဖို့ ညီအစ်မတွေကို ယေဟောဝါ ဘာကြောင့် တောင်းဆိုသလဲ။ အကြီးအကဲနဲ့ အသင်းတော် အမှုထမ်းအဖြစ် ညီအစ်ကိုတွေပဲ ခန့်အပ်ခံရတာ ဖြစ်လို့ ညီအစ်ကိုတိုင်းဟာ ညီအစ်မတိုင်းရဲ့ ဦးခေါင်း ဖြစ်သလား။

ညီအစ်ကိုတိုင်းဟာ ညီအစ်မတိုင်းရဲ့ ဦးခေါင်း ဖြစ်သလား

ကောင်းကင် ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ယေရှုပေါ် ယေဟောဝါရဲ့ ဘုန်းတော် ဖြာကျနေ။ ယေရှုရဲ့ အောက်ဘက်မှာ အသင်းတော် အစည်းအဝေး၊ မိသားစု ဝတ်ပြုမှု၊ တစ်ယောက်တည်း လေ့လာမှု လုပ်နေတဲ့ ညီအစ်မတစ်ယောက် ပုံတွေ ပြထား။ အဲဒါတွေအကြောင်း စာပိုဒ် ၈ နဲ့ ၁၁-၁၄ မှာ ဆွေးနွေးထား။

၈။ ဧဖက် ၅:၂၃ အရ ညီအစ်ကိုတိုင်းဟာ ညီအစ်မတိုင်းရဲ့ ဦးခေါင်း ဖြစ်သလား။ ရှင်းပြပါ။

၈ ရိုးရိုးလေး ဖြေရရင်တော့ မဟုတ်ပါဘူး။ အသင်းတော်မှာ ရှိတဲ့ ညီအစ်မ အားလုံးရဲ့ ဦးခေါင်းဟာ ညီအစ်ကိုတစ်ယောက် မဟုတ်ဘူး။ ခရစ်တော်ပါ။ (ဧဖက် ၅:၂၃ ကိုဖတ်ပါ။) အိမ်ထောင်မှာ ဇနီးကို ဦးစီးဖို့ ခင်ပွန်းမှာ အခွင့်အာဏာ ရှိတယ်။ နှစ်ခြင်းခံပြီးသား သားဟာ မိခင်ရဲ့ ဦးခေါင်း မဟုတ်ဘူး။ (ဧ. ၆:၁၊ ၂) အသင်းတော်မှာ အကြီးအကဲတွေဟာ ညီအစ်ကို/မတွေအပေါ် အခွင့်အာဏာ အကန့်အသတ်ပဲ ရှိတယ်။ (၁ သက်. ၅:၁၂။ ဟီ. ၁၃:၁၇) မိဘနဲ့ မနေတော့တဲ့ တစ်ကိုယ်ရေ အမျိုးသမီးတွေဟာ မိဘနဲ့ အကြီးအကဲတွေကို ဆက်ရိုသေလေးစားကြပေမဲ့ အသင်းတော်မှာ ရှိတဲ့ အမျိုးသားတွေလိုပဲ သူတို့ရဲ့ ဦးခေါင်းဟာ ယေရှု ဖြစ်တယ်။

တစ်ယောက်တည်း လေ့လာမှု လုပ်နေတဲ့ ညီအစ်မ။

မိဘနဲ့အတူ မနေတော့တဲ့ တစ်ကိုယ်ရေသမားတွေဟာ ယေရှုရဲ့ ဦးစီးမှုအောက်မှာ ရှိကြ (စာပိုဒ် ၈ ကိုကြည့်ပါ)

၉။ ညီအစ်မတွေ တစ်ခါတလေ ခေါင်းဖုံးဖို့ ဘာကြောင့် လိုအပ်သလဲ။

၉ အသင်းတော်မှာ ဦးဆောင်ဖို့ အမျိုးသားတွေကို ယေဟောဝါ ခန့်အပ်ထားတယ်။ အမျိုးသမီးတွေကိုတော့ အဲဒီလို အခွင့်အာဏာ မပေးထားဘူး။ (၁ တိ. ၂:၁၂) ဘာကြောင့်လဲ။ အမျိုးသားရဲ့ ဦးခေါင်းအဖြစ် ယေရှုကို ခန့်အပ်ထားတဲ့ အကြောင်းရင်းနဲ့ အတူတူပါပဲ။ စည်းစနစ်တကျ ဖြစ်စေဖို့ပါ။ အခြေအနေအရ ညီအစ်ကိုတစ်ယောက် ပုံမှန် လုပ်ဆောင်နေကျ တာဝန်ကို ညီအစ်မတစ်ယောက် လုပ်ရတော့မယ့်အခါ ခေါင်းဖုံးဖို့ ယေဟောဝါ တောင်းဆိုတယ်။c (၁ ကော. ၁၁:၄-၇ ) ညီအစ်မတွေ ပိုနိမ့်ကျလို့ အဲဒီလို တောင်းဆိုတာ မဟုတ်ပါဘူး။ ဘုရား ချမှတ်ထားတဲ့ ဦးစီးမှု အစီအစဉ်ကို လေးစားကြောင်း ပြနိုင်အောင် အခွင့်အရေး ပေးဖို့ပါ။ အဲဒီအချက်တွေကို စိတ်စွဲမှတ်ရင်း အိမ်ထောင်ဦးစီးတွေနဲ့ အကြီးအကဲတွေမှာ အခွင့်အာဏာ ဘယ်လောက် ရှိသလဲဆိုတဲ့ မေးခွန်းကို ဆွေးနွေးကြစို့။

ညီအစ်မတစ်ယောက် ဘယ်အချိန်မှာ ခေါင်းဖုံးသင့်သလဲ

လယ်ကွင်း စုဆုံမှု အစည်းအဝေး လုပ်နေတဲ့ ညီအစ်မ ထိုင်နေပြီး ခေါင်းကို ပဝါနဲ့ ဖုံးထား။

ညီအစ်မတစ်ယောက် ဘယ်အချိန်မှာ ခေါင်းဖုံးသင့်သလဲဆိုတာ သိဖို့ ဒီမေးခွန်း သုံးခုကို ဖြေကြည့်ပါ–

  1. ၁။ နှစ်ခြင်းခံပြီးသား ညီအစ်ကို ရှိနေချိန်မှာ လူထုရှေ့ ဆုတောင်းဖို့၊ ကျမ်းစာသင်ဖို့ လိုသလား။—၁ ကော. ၁၁:၄၊ ၅။

  2. ၂။ နှစ်ခြင်းခံပြီးသား ညီအစ်ကို မရှိရင်တောင် ပုံမှန်အားဖြင့် နှစ်ခြင်းခံပြီးသား ညီအစ်ကို လုပ်ရမယ့် တာဝန်လား။—၁ တိ. ၂:၁၁၊ ၁၂။ ဟီ. ၁၃:၁၇။

  3. ၃။ ညီအစ်မဟာ အိမ်ထောင်သည် ဖြစ်မယ်ဆိုရင် တခြားသူတွေအတွက် ဆုတောင်းပေးချိန်၊ ကျမ်းစာသင်ပေးချိန်မှာ ခင်ပွန်း ရှိနေသလား။—၁ ကော. ၁၁:၃။

အဲဒီမေးခွန်းတွေရဲ့ အဖြေက ဟုတ်တယ်ဆိုရင် ညီအစ်မ ခေါင်းဖုံးသင့်တယ်။ မဟုတ်ဘူးဆိုရင်တော့ ခေါင်းဖုံးဖို့ မလိုဘူး။e

အိမ်ထောင်ဦးစီးတွေနဲ့ အကြီးအကဲတွေရဲ့ အခွင့်အာဏာ

၁၀။ အကြီးအကဲတစ်ယောက် အသင်းတော်အတွက် စည်းမျဉ်းတွေ ဘာကြောင့် ထုတ်မိနိုင်သလဲ။

၁၀ အကြီးအကဲတွေဟာ ခရစ်တော်ကို ချစ်တယ်။ ယေဟောဝါနဲ့ ယေရှု အပ်ထားတဲ့ သိုးတွေကိုလည်း ချစ်တယ်။ (ယော. ၂၁:၁၅-၁၇) အကြီးအကဲတစ်ယောက်ဟာ အသင်းတော်ကို ချစ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဖေတစ်ယောက်လို ခံစားမိနိုင်တယ်။ မိသားစုကို ကာကွယ်ဖို့ အိမ်ထောင်ဦးစီးမှာ စည်းမျဉ်း ထုတ်ပိုင်ခွင့် ရှိတယ်ဆိုရင် အကြီးအကဲမှာလည်း ဘုရားသိုးတော်စုကို ကာကွယ်ဖို့ စည်းမျဉ်း ထုတ်ပိုင်ခွင့် ရှိတယ်လို့ ယူဆမိနိုင်တယ်။ ညီအစ်ကို/မတချို့ကလည်း သူတို့ကိုယ်စား ဆုံးဖြတ်ချက်တွေ ချပေးဖို့ တောင်းဆိုလာနိုင်တယ်။ ဒါပေမဲ့ အသင်းတော် အကြီးအကဲနဲ့ အိမ်ထောင်ဦးစီးရဲ့ အခွင့်အာဏာ တူသလား။

အသင်းတော် အစည်းအဝေးမှာ ဟောပြောချက် ပေးနေတဲ့ အကြီးအကဲ။

အကြီးအကဲတွေဟာ အသင်းတော်မှာ ရှိသူတွေရဲ့ ဘုရားရေးရာနဲ့ စိတ်ပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးကြ။ အသင်းတော် သန့်ရှင်းနေအောင် ထိန်းပေးဖို့ သူတို့ကို ယေဟောဝါ တာဝန်ပေးထား (စာပိုဒ် ၁၁-၁၂ ကိုကြည့်ပါ)

၁၁။ အိမ်ထောင်ဦးစီးနဲ့ အကြီးအကဲတွေမှာ ဘယ်လို ဆင်တူချက်တွေ ရှိသလဲ။

၁၁ အိမ်ထောင်ဦးစီးနဲ့ အကြီးအကဲရဲ့ ဆင်တူချက်တချို့ကို တမန်တော် ပေါလု ပြောတယ်။ (၁ တိ. ၃:၄၊ ၅) ဥပမာ၊ ယေဟောဝါက မိသားစုဝင်တွေကို အိမ်ထောင်ဦးစီးရဲ့ စကား နာခံစေချင်တယ်။ (ကော. ၃:၂၀) အသင်းတော်ကိုလည်း အကြီးအကဲတွေရဲ့ စကား နာခံစေချင်တယ်။ ကိုယ့်အုပ်ထိန်းမှုအောက်မှာ ရှိသူတွေကို ဘုရားနဲ့ ဆက်ဆံရေး ကောင်းအောင် ကူညီပေးဖို့၊ စိတ်ပိုင်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့၊ ဘုရားပညတ်တွေ လိုက်နာအောင် ကူညီပေးဖို့၊ “ကျမ်းစာမှာ ရေးထားတာထက် မလွန်” ဖို့ အကြီးအကဲနဲ့ အိမ်ထောင်ဦးစီးတွေဆီကနေ ယေဟောဝါ မျှော်လင့်တယ်။ (၁ ကော. ၄:၆) အိမ်ထောင်ဦးစီးကောင်းလိုပဲ အကြီးအကဲတွေဟာ အသင်းတော်မှာ ရှိသူတွေ အခက်အခဲ ကြုံရချိန်မှာ ကူညီပေးကြတယ်။—ယာ. ၂:၁၅-၁၇။

မိသားစု ဝတ်ပြုမှု လုပ်နေတဲ့ ညီအစ်ကို။

မိသားစုကို ဦးဆောင်ဖို့ အိမ်ထောင်ဦးစီးတွေကို ယေဟောဝါ အခွင့်အာဏာ ပေးထား။ မေတ္တာရှိတဲ့ အိမ်ထောင်ဦးစီးဟာ ဆုံးဖြတ်ချက် မချခင် ဇနီးနဲ့ တိုင်ပင် (စာပိုဒ် ၁၃ ကိုကြည့်ပါ)

၁၂-၁၃။ ရောမ ၇:၂ အရ အိမ်ထောင်ဦးစီးနဲ့ အကြီးအကဲမှာ ဘာကွာခြားချက်တွေ ရှိသလဲ။

၁၂ ဒါပေမဲ့ အကြီးအကဲနဲ့ အိမ်ထောင်ဦးစီးမှာ ကွာခြားချက်တွေလည်း ရှိတယ်။ ဥပမာ၊ ယေဟောဝါက အကြီးအကဲတွေကို တရားသူကြီးတွေအဖြစ် တာဝန်ပေးထားတယ်။ နောင်တမယူတဲ့ အပြစ်ပြုသူတွေကို အသင်းတော်ကနေ ဖယ်ရှားဖို့ တာဝန်ပေးထားတယ်။—၁ ကော. ၅:၁၁-၁၃။

၁၃ အိမ်ထောင်ဦးစီးတွေကိုတော့ အကြီးအကဲတွေကို မပေးထားတဲ့ အခွင့်အာဏာတချို့ ယေဟောဝါ ပေးထားတယ်။ ဥပမာ၊ အိမ်ထောင်ဦးစီးဟာ မိသားစုအတွက် စည်းကမ်း ထုတ်ပိုင်ခွင့်၊ စည်းကမ်းအတိုင်း လိုက်နာအောင် ကြပ်မတ်ပိုင်ခွင့် ရှိတယ်။ (ရောမ ၇:၂ ကိုဖတ်ပါ။) သားသမီးတွေအတွက် အိမ်ပြန်ချိန် သတ်မှတ်ပိုင်ခွင့်၊ စည်းကမ်း မလိုက်နာရင် အပြစ်ပေးပိုင်ခွင့် ရှိတယ်။ (ဧ. ၆:၁) မေတ္တာရှိတဲ့ အိမ်ထောင်ဦးစီးဟာ မိသားစုအတွက် စည်းကမ်းတွေ မထုတ်ခင် ဇနီးနဲ့ တိုင်ပင်တယ်။ သူတို့နှစ်ယောက်ဟာ “တစ်သားတစ်ကိုယ်တည်း” ဖြစ်လို့ပဲ။d—မ. ၁၉:၆။

ခရစ်တော်ကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် လေးစားပါ

ကောင်းကင် ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ယေရှုပေါ် ယေဟောဝါရဲ့ ဘုန်းတော် ဖြာကျနေ။

ယေရှုဟာ ယေဟောဝါရဲ့ ဦးစီးမှုအောက်မှာ အသင်းတော်ကို လမ်းညွှန်နေ (စာပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ (က) မာကု ၁၀:၄၅ အရ ယေရှုကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် ယေဟောဝါ ခန့်အပ်တာ ဘာကြောင့် သင့်တော်သလဲ။ (ခ) အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်က ဘာလဲ။ (“အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၄ ယေဟောဝါဟာ အသင်းတော်မှာ ရှိတဲ့ ယောက်တိုင်းရဲ့ အသက်ကို ရွေးဖိုး ပေးပြီး ဝယ်ယူထားတယ်။ (မာကု ၁၀:၄၅ ကိုဖတ်ပါ။ တ. ၂၀:၂၈။ ၁ ကော. ၁၅:၂၁၊ ၂၂) ဒါကြောင့် ရွေးဖိုးအဖြစ် အသက်ပေးခဲ့တဲ့ ယေရှုကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် ခန့်အပ်တာ သင့်တော်ပါတယ်။ ယေရှုဟာ ကျွန်တော်တို့ရဲ့ ဦးခေါင်းအနေနဲ့ တစ်ယောက်စီ၊ မိသားစုလိုက်၊ အသင်းတော် တစ်ခုလုံးအတွက် စည်းမျဉ်း ထုတ်ပိုင်ခွင့်၊ စည်းမျဉ်းအတိုင်း လိုက်အောင် ကြပ်မတ်ပိုင်ခွင့် ရှိတယ်။ (ဂလ. ၆:၂) စည်းမျဉ်း ထုတ်ရုံလောက်သာ မဟုတ်ဘဲ ကျွန်တော်တို့ တစ်ယောက်စီကို ကျွေးမွေးပြီး မြတ်နိုးတယ်။—ဧ. ၅:၂၉။

အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်

အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ အစည်းအဝေး လုပ်နေ။

အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်သူတွေ မဟုတ်ဘူး။ (၂ ကော. ၁:၂၄) ယေရှုခရစ်ကို ခရစ်ယာန် အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် အသိအမှတ်ပြုကြတယ်။ “ခင်ဗျားတို့အားလုံးဟာ ညီအစ်ကိုတွေပဲ” ဆိုတဲ့ ခရစ်တော်ရဲ့ စကားကို အပြည့်အဝ သဘောတူကြတယ်။ (မ. ၂၃:၈) ညီအစ်ကို/မတွေကို အလွန် ချစ်ပြီး သူတို့ရဲ့ လိုအပ်ရာတွေကို အတတ်နိုင်ဆုံး ဂရုစိုက်စောင့်ရှောက်ပေးတယ်။ ခရစ်တော်ယေရှုရဲ့ ဦးစီးမှုအောက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ယေဟောဝါလူမျိုးကို စီစဉ်ဖွဲ့စည်းဖို့ အထောက်အကူပြု လမ်းညွှန်ချက်တွေ ပေးတယ်။ ဌာနခွဲ ကော်မတီဝင်တွေနဲ့ တိုက်နယ်ကြီးကြပ်မှူးတွေ ခန့်အပ်ပေးတယ်။ (ဧ. ၄:၇-၁၃) တိုက်နယ်ကြီးကြပ်မှူးတွေက အသင်းတော် အကြီးအကဲတွေကို ခန့်အပ်ပေးတယ်။ (တ. ၁၄:၂၃။ တိ. ၁:၅) အုပ်ချုပ်ရေးအဖွဲ့ဟာ အချိန်တန်အစာနဲ့ ကျမ်းစာ လမ်းညွှန်ချက်တွေ ပေးရမယ့် တာဝန်ကိုလည်း အလေးအနက်ထားတယ်။ စာတွေ၊ လမ်းညွှန်ချက်တွေ၊ စာပေ၊ JW ရုပ်သံ®၊ သင်တန်းကျောင်း၊ အစည်းအဝေး၊ အစည်းအဝေးကြီး၊ အစည်းအဝေးပွဲ အစီအစဉ်တွေအားဖြင့် အဲဒီလို လုပ်ဆောင်ပေးတယ်။ သဘာဝဘေး ကျရောက်တဲ့အခါ၊ တခြား ကပ်ဘေးတွေ ကြုံရတဲ့အခါ အုပ်ချုပ်ရေးအဖွဲ့ဟာ ညီအစ်ကို/မတွေကို ချစ်တဲ့ မေတ္တာကြောင့် လက်တွေ့ကျကျ ကူညီဖို့ ချက်ချင်း စီစဉ်ပေးတယ်။f

၁၅-၁၆။ ညီအစ်မ မာလီနဲ့ ညီအစ်ကို ဘင်ဂျမင်ရဲ့ စကားကနေ ဘာသိရသလဲ။

၁၅ ညီအစ်မတွေဟာ ခရစ်တော် ခန့်အပ်ထားတဲ့ အမျိုးသားတွေရဲ့ လမ်းညွှန်မှုကို လိုက်နာခြင်းအားဖြင့် ခရစ်တော်ကို လေးစားကြောင်း ပြကြတယ်။ အမေရိကန်မှာ နေတဲ့ ညီအစ်မ မာလီ ပြောတာကို ညီအစ်မတွေ သဘောတူကြမှာပါ။ “ဇနီးတစ်ယောက်၊ အသင်းတော်မှာ ညီအစ်မတစ်ယောက်အဖြစ် ကိုယ့်နေရာကို ကျွန်မ တန်ဖိုးထားတယ်။ ယေဟောဝါရဲ့ ဦးစီးမှု အစီအစဉ်နဲ့ပတ်သက်ပြီး သဘောထားမှန် ရှိအောင် အမြဲ ကြိုးစားတယ်။ ကျွန်မယောက်ျားနဲ့ အသင်းတော်မှာ ရှိတဲ့ ညီအစ်ကိုတွေလည်း ကျွန်မကို တန်ဖိုးထားလေးစားကြောင်း ပြတဲ့အတွက် ကိုယ့်တာဝန်ကို ကျေပွန်ဖို့ ပိုလွယ်တယ်” လို့ မာလီ ပြောတယ်။

၁၆ ညီအစ်မတွေကို လေးစားဂုဏ်တင်ခြင်းအားဖြင့် ဦးစီးမှု အစီအစဉ်ကို နားလည်ကြောင်း ညီအစ်ကိုတွေ ပြကြတယ်။ အင်္ဂလန်မှာ နေတဲ့ ညီအစ်ကို ဘင်ဂျမင်က “အစည်းအဝေးမှာ ညီအစ်မတွေရဲ့ မှတ်ချက်တွေ၊ ကိုယ်ပိုင်လေ့လာမှုနဲ့ အမှုဆောင်မှာ ပိုထိရောက်စေမယ့် အကြံပြုချက်တွေကနေ ကျွန်တော် အများကြီး သင်ယူရတယ်။ သူတို့ရဲ့ ကြိုးစားလုပ်ဆောင်မှုတွေ သိပ်တန်ဖိုးရှိတယ်” လို့ ပြောတယ်။

၁၇။ ဦးစီးမှု အစီအစဉ်ကို ဘာကြောင့် လေးစားသင့်သလဲ။

၁၇ ယောက်ျား၊ မိန်းမ၊ အိမ်ထောင်ဦးစီး၊ အကြီးအကဲ စတဲ့ အသင်းတော်မှာ ရှိသူအားလုံး ဦးစီးမှု အစီအစဉ်ကို နားလည်၊ လေးစားမယ်ဆိုရင် အသင်းတော်တစ်ခုလုံး ငြိမ်သက်မှု ခံစားရတယ်။ အရေးကြီးဆုံးကတော့ ကောင်းကင်ဖခင် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေတယ်။—ဆာ. ၁၅၀:၆။

သင် ဘယ်လို ဖြေမလဲ

  • အသင်းတော်မှာ ညီအစ်မတွေကို ဘယ်လို သဘောထားသင့်သလဲ။

  • ညီအစ်ကိုတိုင်းဟာ ညီအစ်မတိုင်းရဲ့ ဦးခေါင်း ဖြစ်သလား။ ရှင်းပြပါ။

  • အိမ်ထောင်ဦးစီးနဲ့ အကြီးအကဲတွေမှာ ဘယ်လို ကွာခြားချက်တွေ ရှိသလဲ။

သီချင်း ၁၂၃ ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း

a အသင်းတော်မှာ ညီအစ်မတွေရဲ့ ကဏ္ဍက ဘာလဲ။ ညီအစ်ကိုတိုင်းဟာ ညီအစ်မတိုင်းရဲ့ ဦးခေါင်း ဖြစ်သလား။ အကြီးအကဲတွေနဲ့ အိမ်ထောင်ဦးစီးတွေ ရထားတဲ့ အခွင့်အာဏာ တူသလား။ အဲဒီမေးခွန်းတွေကို ကျမ်းစာ ဘယ်လို ဖြေပေးကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ၂၀၂၀၊ စက်တင်ဘာလထုတ် ကင်းမျှော်စင် “ခရစ်ယာန် အမျိုးသမီးတွေကို ထောက်မပါ” ဆောင်းပါး၊ စာပိုဒ် ၆ ကို ကြည့်ပါ။

c “ညီအစ်မတစ်ယောက် ဘယ်အချိန်မှာ ခေါင်းဖုံးသင့်သလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။

d ဘယ်အသင်းတော်နဲ့ ပူးပေါင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ၂၀၂၀၊ ဩဂုတ်လထုတ် ကင်းမျှော်စင် “အသင်းတော်မှာ တခြားသူတွေရဲ့ နေရာကို လေးစားပါ” ဆောင်းပါး၊ စာပိုဒ် ၁၇-၁၉ ကို ကြည့်ပါ။

e ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် ဆွေးနွေးချက်ကို ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲ လုပ်ဆောင်ပါ’ စာအုပ်၊ စာ. ၂၀၉-၂၁၂ မှာ ကြည့်ပါ။

f အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်နဲ့ပတ်သက်တဲ့ အသေးစိတ် ဆွေးနွေးမှုကို ၂၀၁၃၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၂၀-၂၅ မှာ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ