ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဇူလိုင် စာ. ၂၆-၂၉
  • ယေဟောဝါရဲ့ အမှုတော်မှာ ပျော်ရွှင်ဖွယ် အသက်တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ အမှုတော်မှာ ပျော်ရွှင်ဖွယ် အသက်တာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တောင်အာဖရိကကို ထွက်ခွာ
  • အိမ်ထောင်ပြုခြင်းနဲ့ တာဝန်သစ်
  • ဗေသလ ပြန်ရောက်
  • ပုံနှိပ်တိုက် ပြန်ရောက်
  • နောက်ထပ် တာဝန်သစ်
  • တောင်အာဖရိကတွင် ယေဟောဝါ၏ အဖွဲ့အစည်းနှင့်အတူတိုးတက်ကြီးပွားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဌာနခွဲမှစာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အားလုံးကို ဖိတ်ခေါ်ပါသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဇူလိုင် စာ. ၂၆-၂၉
ဂျွန်နဲ့ လော်ရာ ကစ်ကော့။

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါရဲ့ အမှုတော်မှာ ပျော်ရွှင်ဖွယ် အသက်တာ

ဂျွန် ကစ်ကော့ ပြောပြတယ်

ကနေဒါ ဗေသလမှာ လုပ်ရတဲ့ ဦးဆုံးအလုပ်တာဝန်ကတော့ ပုံနှိပ်အဆောက်အအုံ ကြမ်းပြင် တံမြက်စည်း လှည်းရတာပဲ။ အဲဒါ ၁၉၅၈ တုန်းကပါ။ ကျွန်တော် အသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ ဘဝက ပျော်စရာကောင်းတယ်။ သိပ်မကြာခင်မှာပဲ ပုံနှိပ်တိုက်က ထွက်လာတဲ့ မဂ္ဂဇင်းတွေကို အနားဖြတ်ပေးတဲ့စက် ကိုင်ရတယ်။ ဗေသလမှာ အမှုဆောင်ရတာ ပျော်လိုက်တာ။

နောက်နှစ်ရောက်တော့ ပုံနှိပ်စက် အသစ် တပ်ဆင်မယ့် တောင်အာဖရိက ဌာနခွဲမှာ အမှုဆောင်ဖို့ လုပ်အား လိုတယ်လို့ ဗေသလမှာ ကြေညာတယ်။ ကျွန်တော် နာမည်စာရင်း ပေးလိုက်တယ်။ အရွေးခံရလို့ ပျော်လိုက်တာ။ ကနေဒါ ဗေသလအိမ်သား နောက်သုံးယောက်လည်း အရွေးခံရတယ်။ ကန် နော်ဒင်၊ ဒန်းနစ် လိချ်၊ ဘီလ် မက်ကလန်။ ကျွန်တော်တို့ အဲဒီမှာ အကြာကြီး နေရတော့မှာ။

အမေ့ကို ဖုန်းဆက်ပြီး “အမေ၊ ကျွန်တော် တောင်အာဖရိက သွားရတော့မှာ” လို့ ပြောလိုက်တယ်။ အမေဟာ အေးအေးဆေးဆေးသမား ဖြစ်ပေမဲ့ ယုံကြည်ခြင်း ခိုင်မာပြီး ဘုရားရေးရာစိတ်ဓာတ် ရှိတယ်။ ဘာမှ သိပ်မပြောပေမဲ့ ထောက်မပေးမှာပါဆိုတာတော့ ကျွန်တော် သိတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်ကို အမေကော၊ အဖေကော မကန့်ကွက်ပေမဲ့ အဝေးကြီး သွားရတော့မှာမို့ ဝမ်းနည်းကြတယ်။

တောင်အာဖရိကကို ထွက်ခွာ

၁၉၅၉ မှာ ဒန်းနစ် လိချ်၊ ကန် နော်ဒင်၊ ဘီလ် မက်ကလန်တို့နဲ့အတူ ကိပ်တောင်းကနေ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ကို သွားမယ့် ရထားပေါ်မှာ

နှစ်ပေါင်း ၆၀ ကြာပြီးနောက် ၂၀၁၉၊ တောင်အာဖရိက ဌာနခွဲမှာ လေးယောက်သား ပြန်ဆုံစည်း

ဘရွတ်ကလင် ဗေသလမှာ ကျွန်တော်တို့ လေးယောက်ကို ပုံနှိပ်စက်အတွက် သုံးလ လေ့ကျင့်ပေးတယ်။ အဲဒီနောက် တောင်အာဖရိက၊ ကိပ်တောင်းမြို့ကို သွားမယ့် သင်္ဘောနဲ့ ထွက်လာကြတယ်။ ကျွန်တော် အသက် ၂၀ ပဲ ရှိသေးတယ်။ ကိပ်တောင်းကနေ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ကို ရထား စီးရတယ်။ ညနေပိုင်းမှာ ရထား စထွက်တယ်။ အရုဏ်တက်ချိန် ရောက်တော့ ကာရူးလို့ ခေါ်တဲ့ ကန္တာရ မကျတကျ မြို့လေးမှာ ဦးဆုံး ရပ်နားတယ်။ ဖုန်ထူပြီး ပူလိုက်တာ။ လေးယောက်သား ပြတင်းပေါက်ကနေ ကြည့်ပြီး ဘယ်လို မြို့များပါလိမ့်လို့ စဉ်းစားမိတယ်။ ဘာတွေ ဆက်ကြုံရဦးမယ် မသိဘူး။ နောက်ပိုင်း၊ ဒီမြို့လေးကို ပြန်ရောက်တော့မှ သိပ်လှပြီး အေးချမ်းတဲ့ မြို့လေး ဖြစ်မှန်း သိလာကြတယ်။

နောက်နှစ်အနည်းငယ်အထိ လိုင်နိုတိုက် အမျိုးအစား ပုံနှိပ်စက် ကိုင်ဖို့ တာဝန်ရတယ်။ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေ ပုံနှိပ်ဖို့ ခဲစာလုံးတွေ စီပေးရတယ်။ ဌာနခွဲရုံးက မဂ္ဂဇင်းတွေကို တောင်အာဖရိကအတွက်သာမက တခြား အာဖရိကနိုင်ငံတွေအတွက်လည်း ပုံနှိပ်တယ်။ ဒီပုံနှိပ်စက်အတွက်ပဲ ကနေဒါကနေ ကျွန်တော်တို့ လာအလုပ်လုပ်ကြတာ။ အခု ဒီစက် သိပ်အသုံးဝင်လို့ ပျော်လိုက်တာ။

နောက်ပိုင်း၊ ပုံနှိပ်လုပ်ငန်း၊ ထုပ်ပို့လုပ်ငန်း၊ ဘာသာပြန်လုပ်ငန်းတွေကို ကြီးကြပ်ပေးတဲ့ စက်ရုံဌာနမှာ လုပ်ရတယ်။ အလုပ်များပေမဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝ၊ ကျေနပ်စရာ ဘဝပါပဲ။

အိမ်ထောင်ပြုခြင်းနဲ့ တာဝန်သစ်

၁၉၆၈ မှာ လော်ရာနဲ့ ကျွန်တော် အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေ

ဗေသလအနီးမှာ နေတဲ့ ရှေ့ဆောင် ညီအစ်မ လော်ရာ ဘိုဝဲန်နဲ့ ၁၉၆၈ မှာ လက်ထပ်လိုက်တယ်။ သူက ဘာသာပြန်ဌာနအတွက်လည်း လက်နှိပ်စက် ရိုက်ပေးတယ်။ အဲဒီအချိန်တုန်းက ညားခါစ အိမ်ထောင်သည်တွေအတွက် ဘာအစီအစဉ်မှ မရှိလို့ ကျွန်တော်တို့ အထူးရှေ့ဆောင်အဖြစ် တာဝန်ပေးခံရတယ်။ နည်းနည်းတော့ စိုးရိမ်မိတယ်။ ဆယ်နှစ်လောက် ဗေသလမှာ နေစရာ၊ စားစရာ မပူရဘူး။ အခု ရှေ့ဆောင် ထောက်ပံ့ငွေလေးနဲ့ ဘယ်လို ရပ်တည်မလဲ။ သတ်မှတ်ထားတဲ့ နာရီ၊ ပြန်လည်ပတ်မှု၊ စာပေဝေငှမှုတွေ ပြည့်မီတယ်ဆိုမှ တစ်ယောက်ကို ထောက်ပံ့ကြေး တစ်လ ၃၅ ဒေါ်လာ ရမယ်။ အဲဒီငွေနဲ့ အိမ်ငှားဖို့၊ အစားအစာ၊ ခရီးစရိတ်၊ ဆေးကုသစရိတ်နဲ့ တခြား ကိုယ်ပိုင် အသုံးစရိတ်တွေ ကျခံရမှာ။

အိန္ဒိယ သမုဒ္ဒရာ ကမ်းရိုးတန်းမှာ ရှိတဲ့ ဒါဘန်မြို့နားက အုပ်စုငယ်လေးမှာ ကျွန်တော်တို့ တာဝန်ကျတယ်။ အဲဒီမှာ အိန္ဒိယလူမျိုးတွေ များတယ်။ အများစုက ၁၈၇၅ လောက်မှာ တောင်အာဖရိက သကြားလုပ်ငန်းအတွက် အလုပ် လာလုပ်သူတွေရဲ့ သားစဉ်မြေးဆက်တွေ ဖြစ်တယ်။ အခုတော့ တခြားအလုပ်တွေ လုပ်နေကြပြီ။ ကိုယ့်ယဉ်ကျေးမှု၊ အရသာရှိတဲ့ ဟင်းလျာတွေ အပါအဝင် ရိုးရာ ချက်ပြုတ်နည်းတွေကိုတော့ ထိန်းသိမ်းထားကြတုန်းပဲ။ အင်္ဂလိပ်စကား ပြောကြလို့ ကျွန်တော်တို့ စကားအသစ် သင်စရာ မလိုတော့ဘူး။

အထူးရှေ့ဆောင်တွေဟာ အမှုဆောင်မှာ လတိုင်း နာရီ ၁၅၀ ပါဝင်ရလို့ ဦးဆုံးနေ့မှာ ခြောက်နာရီ ပါဝင်ဖို့ လော်ရာနဲ့ ကျွန်တော် ဇယားဆွဲထားတယ်။ ပူပြင်းစိုထိုင်းလိုက်တာ။ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှု တစ်ခုမှ မရှိလို့ တစ်အိမ်တက်ဆင်းပဲ ခြောက်နာရီ သွားရမှာ။ အမှုဆောင် စပြီး တော်တော်ကြာမှ နာရီကြည့်လိုက်တော့ မိနစ် ၄၀ ပဲ ရှိသေးတယ်။ ဒီပုံစံနဲ့ ဘယ်လို ဆက်သွားရပါ့မလဲလို့ တွေးမိတယ်။

မကြာခင်မှာပဲ ကောင်းကောင်း စီစဉ်တတ်လာတယ်။ နေ့တိုင်း အသားညှပ်ပေါင်မုန့် လုပ်သွားတယ်။ ဓာတ်ဘူးထဲမှာ စွတ်ပြုတ် ဒါမှမဟုတ် ကော်ဖီ ထည့်သွားတယ်။ နားဖို့ လိုလာပြီဆိုရင် ကျွန်တော်တို့ရဲ့ လိပ်ခုံးကားလေးကို အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ရပ်လိုက်တယ်။ တစ်ခါတလေ အိန္ဒိယကလေးတွေ ဝိုင်းလာပြီး အထူးတဆန်း ကြည့်ကြတယ်။ အမှုဆောင်မှာ ပထမ နှစ်နာရီ၊ သုံးနာရီလောက် ပြီးတာနဲ့ ကျန်တဲ့အချိန်တွေ ခဏလေး ကုန်သွားတယ်ဆိုတာ နောက်ရက်တွေမှာပဲ သိလာတယ်။

ဖော်ရွေတဲ့ ဒေသခံတွေကို ကျမ်းစာအမှန်တရား သိလာအောင် ကူညီခွင့်ရလို့ ပျော်ရွှင်ရတယ်။ အိန္ဒိယလူမျိုးတွေဟာ လေးစားတတ်မှန်း၊ ယဉ်ကျေးပျူငှာပြီး ဘုရားကို ချစ်မှန်း သိခဲ့ရတယ်။ ဟိန္ဒူများစွာ သတင်းကောင်းကို လက်ခံခဲ့ကြတယ်။ ယေဟောဝါ၊ ယေရှု၊ ကျမ်းစာ၊ အနာဂတ် ငြိမ်းချမ်းတဲ့ ကမ္ဘာ၊ သေလွန်သူအတွက် မျှော်လင့်ချက် စတာတွေအကြောင်း သိရတာကို မြတ်နိုးကြတယ်။ တစ်နှစ်ကြာပြီးနောက် ကျွန်တော်တို့မှာ ကျမ်းစာသင်အံမှု ၂၀ ရှိလာတယ်။ နေ့တိုင်း သင်အံမှု မိသားစုတစ်စုနဲ့အတူ နေ့လယ်စာ စားလေ့ရှိတယ်။ သိပ်ပျော်ခဲ့ကြတယ်။

မကြာခင်မှာပဲ လှပတဲ့ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက် တိုက်နယ်လုပ်ငန်းမှာ ပါဝင်ဖို့ တာဝန်ရတယ်။ အပတ်တိုင်း အသင်းတော်တစ်ခုကို လည်ပတ်အားပေးရင်း မိသားစုတစ်စု အိမ်မှာ တည်းကြတယ်။ မိသားစုဝင်တွေလို ဖြစ်လာပြီး သားသမီးတွေ၊ အိမ်မှာ မွေးထားတဲ့ ခွေး၊ ကြောင်တွေနဲ့ ရင်းနှီးသွားတယ်။ ဒီလိုနဲ့ နှစ်နှစ် ကုန်လွန်ပြီးနောက် ရုတ်တရက် ဌာနခွဲကနေ ဖုန်းဝင်လာတယ်။ “ခင်ဗျားတို့ကို ဗေသလ ပြန်ခေါ်မလို့” တဲ့။ “ကျွန်တော်တို့ ဒီမှာ သိပ်ပျော်နေတာ” လို့ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ ဘယ်မှာပဲ တာဝန်ကျကျ လိုလိုလားလား အမှုဆောင်ဖို့ အသင့်ပါပဲ။

ဗေသလ ပြန်ရောက်

ဗေသလ လုပ်ငန်းတော်ဌာနမှာ ကျွန်တော် တာဝန်ရတယ်။ ရင့်ကျက်ပြီး အတွေ့အကြုံရှိ ညီအစ်ကိုများစွာနဲ့ တွဲလုပ်ခွင့် ရတယ်။ အဲဒီတုန်းက အသင်းတော်တစ်ခုကို တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ပြီးတိုင်း ဌာနခွဲကို မှတ်တမ်းပို့တယ်။ အဲဒီမှတ်တမ်းကို အခြေခံပြီး လုပ်ငန်းတော်ဌာနက အသင်းတော်တိုင်းဆီ စာပြန်ရေးတယ်။ အားပေးဖို့၊ လိုအပ်မယ့် ညွှန်ကြားချက်တွေ ပေးဖို့ပါ။ အဲဒီတော့ အတွင်းရေးမှူးတွေက စာတွေကို ဇိုဆာ၊ ဇူလူ၊ တခြားဘာသာစကားတွေကနေ အင်္ဂလိပ်လို ဘာသာပြန်၊ အင်္ဂလိပ်ကနေ အာဖရိကစကားတွေကို ဘာသာပြန်ရတာပေါ့။ အာဖရိက ညီအစ်ကို/မတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျွန်တော် သိလာအောင် ကူညီပေးတဲ့ အလုပ်ကြိုးစားတဲ့ ဘာသာပြန်တွေကို သိပ်ကျေးဇူးတင်ပါတယ်။

အဲဒီတုန်းက တောင်အာဖရိက အစိုးရစနစ်အရ ကိုယ့်လူမျိုးစုအလိုက် နေထိုင်ရာဒေသတွေ သတ်မှတ်ထားတယ်။ ဒါကြောင့် လူမျိုးစု အချင်းချင်း ပေါင်းသင်းဆက်ဆံတာ သိပ်မရှိဘူး။ လူမည်း ညီအစ်ကိုတွေဟာ ကိုယ့်ဘာသာစကားနဲ့ပဲ ဟောကြပြီး ကိုယ့်ဘာသာစကားပြော အသင်းတော်တွေမှာပဲ အစည်းအဝေး တက်ကြတယ်။

အင်္ဂလိပ် စကားပြော ရပ်ကွက်မှာပဲ အမြဲ တာဝန်ကျလို့ အာဖရိကလူမျိုးတွေအကြောင်း ကျွန်တော် သိပ်မသိဘူး။ အခုတော့ သူတို့ယဉ်ကျေးမှု၊ ဓလေ့တွေ သိခွင့်ရပြီ။ ဒေသခံ ဓလေ့ထုံးစံတွေ၊ ဘာသာရေး ယုံကြည်ချက်တွေကြောင့် ညီအစ်ကိုတွေ ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း သိလာတယ်။ သူတို့ရဲ့ သတ္တိကတော့ စံထားစရာပဲ။ မိသားစုနဲ့ ရွာသားတွေရဲ့ အပြင်းအထန် ဆန့်ကျင်မှု ကြုံရတာတောင် ကျမ်းစာနဲ့ မညီတဲ့ ဓလေ့ထုံးစံတွေ၊ နတ်ဆိုးပညာတွေကို လုံးဝ အဆက်ဖြတ်ကြတယ်။ ကျေးလက်ဒေသတွေမှာ လူတွေ သိပ်ဆင်းရဲကြတယ်။ ကျောင်းပညာ သိပ်မတတ်ကြပေမဲ့ ကျမ်းစာကိုတော့ လေးစားကြတယ်။

လွတ်လပ်စွာ ဝတ်ပြုခွင့်၊ ကြားနေခွင့်နဲ့ဆိုင်တဲ့ တရားရေးကိစ္စတချို့မှာ ကျွန်တော် ပါဝင်လုပ်ကိုင်ခွင့် ရတယ်။ ဆုတောင်းတာ၊ ဓမ္မတေး ဆိုတာတွေမှာ မပါဝင်လို့ ကျောင်းထုတ်ခံရတဲ့ သက်သေခံ ကလေးတွေရဲ့ သစ္စာနဲ့ သတ္တိကို တွေ့ရတာ တကယ် ယုံကြည်ခြင်း ခိုင်မာစေတယ်။

ဆွာဇီလန်လို့ ခေါ်တဲ့ အာဖရိက နိုင်ငံငယ်လေးမှာ ညီအစ်ကိုတွေ နောက်အခက်အခဲတစ်ခု ရင်ဆိုင်ရတယ်။ ဘုရင် ဆိုဘူဇာ ၂ ဆုံးသွားတော့ နိုင်ငံသားအားလုံး ဝမ်းနည်းပူဆွေးမှုဆိုင်ရာ ဓလေ့ထုံးစံတွေ လုပ်ဖို့ တောင်းဆိုခံရတယ်။ အမျိုးသားတွေ ခေါင်းတုံး တုံးရတယ်။ အမျိုးသမီးတွေ ဆံပင်တိုတို ညှပ်ရတယ်။ ညီအစ်ကို/မများစွာဟာ ဘိုးဘေးကိုးကွယ်မှုနဲ့ဆိုင်တဲ့ ဓလေ့တွေ မလုပ်လို့ နှိပ်စက်ညှဉ်းပန်းခံရတယ်။ သူတို့ရဲ့ သစ္စာစောင့်သိမှုက ယေဟောဝါရဲ့ စိတ်ကို ရွှင်လန်းစေတယ်။ အာဖရိက ညီအစ်ကိုတွေရဲ့ သစ္စာ၊ စိတ်ရှည်မှုအကြောင်း သိရတာ ကျွန်တော်တို့ကို ယုံကြည်ခြင်း ခိုင်မာစေတယ်။

ပုံနှိပ်တိုက် ပြန်ရောက်

၁၉၈၁ မှာ ကွန်ပျူတာသုံး ပုံနှိပ်နည်းတွေမှာ ကူညီပေးဖို့ တာဝန်ရတယ်။ ဒါကြောင့် ပုံနှိပ်တိုက်ကို ပြန်ရောက်သွားတာပေါ့။ စိတ်လှုပ်ရှားစရာ အချိန်ပါပဲ။ ပုံနှိပ်လောက ပြောင်းလဲသွားပြီ။ ဒေသခံ အရောင်းကိုယ်စားလှယ်တစ်ယောက်က စက်သစ်တစ်လုံးကို အခမဲ့ စမ်းသုံးကြည့်ဖို့ ပေးတယ်။ ဒါကြောင့် လိုင်နိုတိုက် ကိုးလုံးနေရာမှာ စက်အသစ် ငါးလုံး တပ်ဆင်လိုက်တယ်။ ပုံနှိပ်စက် အသစ်တစ်လုံးလည်း တပ်ဆင်တယ်။ ပုံနှိပ်တာ အရင်ထက် ပိုမြန်လာပြီ။

ကွန်ပျူတာစနစ်ကြောင့် မက်ပ်စ် (MEPS) လို့ ခေါ်တဲ့ အီလက်ထရောနစ် ဓာတ်ပုံစာစီစနစ်ကို တီထွင်နိုင်ခဲ့ကြတယ်။ တောင်အာဖရိကကို ကနေဒါ ဗေသလအိမ်သား လေးယောက် ရောက်လာချိန်ကထက် နည်းပညာတွေ သိပ်တိုးတက်သွားပြီ။ (ဟေရှာ. ၆၀:၁၇) ကျွန်တော်တို့ လေးယောက်စလုံး ယေဟောဝါကို ချစ်တဲ့ ရှေ့ဆောင် ညီအစ်မ လေးယောက်နဲ့ အိမ်ထောင်ကျနေတယ်။ ဘီလ်နဲ့ ကျွန်တော်က ဗေသလမှာ အမှုဆောင်နေတုန်းပဲ။ ကန်နဲ့ ဒန်းနစ်ကတော့ သားသမီးတွေ ရပြီး ဗေသလအနီးမှာပဲ မိသားစုနဲ့ နေတယ်။

ဌာနခွဲ လုပ်ငန်းတွေ တိုးတက်လာပြီ။ ကျမ်းစာစာပေ ဘာသာပြန်တဲ့၊ ပုံနှိပ်တဲ့ ဘာသာစကားတွေ တိုးများလာတယ်။ အဲဒီစာပေတွေကို တခြားဌာနခွဲတွေဆီ ပို့ပေးတယ်။ ဒါကြောင့် ဗေသလ အဆောက်အအုံသစ် လိုလာတယ်။ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ အနောက်ဘက်က လှပတဲ့နေရာမှာ ညီအစ်ကိုတွေ ဗေသလ အဆောက်အအုံသစ် ဆောက်လုပ်ပြီး ၁၉၈၇ မှာ ဆက်ကပ်အပ်နှံခဲ့တယ်။ အဲဒီတိုးချဲ့မှု အားလုံးမှာ ပါဝင်ခွင့် ရလို့၊ တောင်အာဖရိကမှာ ဌာနခွဲ ကော်မတီဝင်အဖြစ် နှစ်ပေါင်းများစွာ အမှုဆောင်ခွင့် ရလို့ သိပ်ပျော်တယ်။

နောက်ထပ် တာဝန်သစ်

အသစ်ဖွဲ့စည်းခါစ အမေရိကန် ဌာနခွဲ ကော်မတီမှာ အမှုဆောင်ဖို့ ၂၀၀၁ မှာ ဖိတ်ခေါ်ခံရလို့ သိပ်အံ့ဩခဲ့ရတယ်။ တောင်အာဖရိကမှာ ရှိတဲ့ လုပ်ငန်းနဲ့ မိတ်ဆွေတွေကို ထားခဲ့ရလို့ ဝမ်းနည်းပေမဲ့ အမေရိကန် ဗေသလ မိသားစုဝင်အဖြစ် ဘဝသစ် စရမှာကို စိတ်လှုပ်ရှားမိတယ်။

လော်ရာရဲ့ သက်ကြီးရွယ်အို မိခင်ကို ထားခဲ့ရမှာမို့ စိတ်တော့ ပူမိတယ်။ နယူးယောက်ကနေ ဘာမှ သိပ်မလုပ်ပေးနိုင်ပေမဲ့ လော်ရာရဲ့ ညီမ သုံးယောက်က ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ငွေကြေးပိုင်း ကူညီပေးကြတယ်။ “အချိန်ပြည့်လုပ်ငန်းမှာ ကျွန်မတို့ မပါဝင်နိုင်ပေမဲ့ အမေ့လိုအပ်ရာတွေကို ကြည့်ရှုပေးတာက အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်ဖို့ အစ်မကို ကူညီပေးရာရောက်တယ်” လို့ သူတို့ ပြောတယ်။ အဲဒီအတွက် သိပ်ကျေးဇူးတင်ပါတယ်။

အဲဒီလိုပဲ ကနေဒါနိုင်ငံ၊ တိုရွန်တိုမှာ နေတဲ့ ကျွန်တော့်အစ်ကိုနဲ့ ဇနီးလည်း အမေမုဆိုးမကို ကြည့်ရှုပေးကြတယ်။ အစ်ကိုတို့ မိသားစုနဲ့ အမေ နေတာ နှစ် ၂၀ ကျော်ပြီ။ နယူးယောက်ကို ကျွန်တော်တို့ ရောက်ပြီး မကြာခင်မှာပဲ အမေ ဆုံးသွားတယ်။ အဲဒီအချိန်အထိ အမေ့ကို မေတ္တာနဲ့ ဂရုစိုက်စောင့်ရှောက်ပေးလို့ အစ်ကိုတို့ မိသားစုကို တကယ် ကျေးဇူးတင်ပါတယ်။ သက်ကြီးမိဘတွေကို ပြုစုရတာ တစ်ခါတလေ ခက်နိုင်ပေမဲ့ ဒီတာဝန်ယူဖို့ ကိုယ့်ဘဝကို လိုလိုလားလား ပြုပြင်ပြောင်းလဲတဲ့ မိသားစုဝင်တွေ ရထားတာ တကယ့် ကောင်းချီးပါပဲ။

အမေရိကန်မှာ နှစ်အတော်များများ စာပေထုတ်ဝေရေးမှာ လုပ်ခဲ့ရတယ်။ အခုတော့ ပိုခေတ်မီ၊ ပိုရိုးရှင်းလာပြီ။ မကြာသေးခင်ကစပြီး ဝယ်ယူရေးဌာနမှာ လုပ်ရတယ်။ ဒီဌာနခွဲကြီးမှာ နှစ်ပေါင်း ၂၀ လောက် လုပ်ခွင့်ရခဲ့တာ တကယ့် အခွင့်ထူးပါပဲ။ အခုဆို ဗေသလအိမ်သား ၅၀၀၀ လောက်နဲ့ အပြင်ကနေ လာလုပ်အားပေးသူ ၂၀၀၀ လောက် ရှိတယ်။

ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်တုန်းက မတွေးမိခဲ့ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်ကို လော်ရာ စိတ်ရောကိုယ်ပါ ထောက်မပေးတယ်။ တကယ့်ကို ကြွယ်ဝတဲ့ အသက်တာပါပဲ။ ရခဲ့တဲ့ တာဝန်အမျိုးမျိုးနဲ့ အတူတွဲလုပ်ခွင့်ရခဲ့သူတွေကို ကျွန်တော်တို့ သိပ်တန်ဖိုးထားတယ်။ အဲဒီထဲမှာ ဌာနခွဲတာဝန်နဲ့ လည်ပတ်ခဲ့တဲ့ ကမ္ဘာ့ဒေသ အတော်များများက ဌာနခွဲတွေလည်း ပါတယ်။ အခု ကျွန်တော် အသက် ၈၀ ကျော်ပြီ။ အလုပ်တွေ လက်လွှဲယူနိုင်မယ့် အရည်အချင်းရှိ လူငယ်ညီအစ်ကိုတွေ များလာလို့ အလုပ်တာဝန် နည်းသွားပြီ။

‘ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်တဲ့ လူမျိုးဟာ ပျော်ရွှင်ချမ်းမြေ့တယ်’ လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၃၃:၁၂) အဲဒါ သိပ်မှန်တယ်။ ပျော်ရွှင်တဲ့ လူမျိုးနဲ့အတူ ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်ခွင့် ရလို့ သိပ်ကျေးဇူးတင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ