တောင်အာဖရိကတွင် ယေဟောဝါ၏ အဖွဲ့အစည်းနှင့်အတူတိုးတက်ကြီးပွားခြင်း
ဖရန့်စ်မလာ ပြောပြသည်
ကျွန်တော်နှင့် ကျွန်တော့်အကိုဒေးဗစ်တို့သည် ကိပ်တောင်းမြို့ဘူတာကြီးမှ စီးနေကျညနေပိုင်းရထားဆီသို့ချဉ်းကပ်လာသောအခါ “မျက်နှာဖြူများသာ” ဟူသောဆိုင်းဘုတ်ကို တအံ့တသြတွေ့လိုက်ကြသည်။ ၁၉၄၈ ခုနှစ်တွင် အမျိုးသားပါတီမဲနိုင်သဖြင့် လူဖြူလူမဲခွဲခြားရေးမူဝါဒကို စတင်ကျင့်သုံးလာခဲ့သည်။
မှန်ပါသည်။ တိုင်းတစ်ပါးလက်အောက်ခံဖြစ်နေစဉ်အတွင်းက အာဖရိကရှိနိုင်ငံအများစုတွင်တည်ရှိလာခဲ့သည့် လူမျိုးခွဲခြားရေးဝါဒကို တောင်အာဖရိကတွင် ကျင်သုံးလာခဲ့သည်မှာ အတော်ပင်ကြာညောင်းခဲ့ပြီဖြစ်သည်။ သို့သော် ယခုတွင် ဥပဒေဖြင့်ပြဌာန်းလာသောကြောင့် ကျွန်တော်တို့သည် အသားမဲတောင်အာဖရိကနိုင်ငံသားများနှင့် ရထားတစ်တွဲတည်းစီးခွင့်မရတော့ပါ။ လေးဆယ့်လေးနှစ်ကြာပြီးနောက်ပိုင်းတွင် လူဖြူလူမဲခွဲခြားခြင်းကို ဖျက်သိမ်းလိုက်သည်။
လူဖြူလူမဲခွဲခြားခြင်းကို တရားဥပဒေဖြင့်ပြဌာန်းထားသည့်အချိန်ကာလတစ်လျှောက်လုံး ကျွန်တော်တို့ဓမ္မအမှုဆောင်ခြင်းကို စိတ်ကြိုက်လုပ်ဆောင်နိုင်ရန် စိန်ခေါ်မှုများရင်ဆိုင်နေရသည့်အချိန်၌ ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်အဖြစ် ကျွန်တော်အမှုထမ်းခဲ့သည်။ ယခုကျွန်တော့်အသက် ၆၅ နှစ်ရောက်သောအခါ တောင်အာဖရိကတွင် ယေဟောဝါအဖွဲ့အစည်း၌ အံ့ဖွယ်တိုးတက်ကြီးပွားမှုကိုပြန်တွေ့နိုင်ပြီး ကျွန်တော်လည်း ယင်းနှင့်အတူတိုးတက်နေခွင့်ရသည့်အတွက် အလွန်ကျေးဇူးတင်မိသည်။
ခရစ်ယာန်အမွေ
ကျွန်တော့်အဖေငယ်စဉ်က နေ့တိုင်းနံနက်စောစောထ၍ အဖိုးကိုကျမ်းစာဖတ်ပေးရန် အဖိုးကတောင်းဆိုခဲ့သည်။ သို့နှင့် အဖေသည် ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် နှစ်သက်မှုပိုမိုတိုးပွားလာခဲ့သည်။ ကျွန်တော်မွေးဖွားလာခဲ့သည့် ၁၉၂၈ ခုနှစ်တွင် ကျွန်တော့်အဖေသည် ပေါ့တ်ဂီတယ်ဇရပ်ဇ်မြို့ရှိ ဒတ်ချ်ပြုပြင်ပြောင်းလဲရေးချာ့ချ်မှ ချာ့ချ်ကောင်စီတွင် အမှုထမ်းနေသည်။ ထိုနှစ်တွင် ကျွန်တော့်ဦးလေးက The Harp of God အမည်ရှိသောစာအုပ်ကို အဖေအား ပေးခဲ့သည်။
သို့သော် အဖေက ထိုစာအုပ်သည် အခြားဂိုဏ်းခွဲတစ်ခုမှဖြစ်သည်ဆိုပြီး အမေအားမီးရှို့ပစ်ခိုင်းသည်။ သို့သော် အမေကသိမ်းထားခဲ့သည်။ တစ်နေ့ ထိုစာအုပ်ကိုအဖေကောက်ကိုင်မိသောအခါ “လူတစ်ဦးတစ်ယောက်ကို ဘုရားသခင်ညှဉ်းဆဲသလော” ဟူသည့်ခေါင်းစဉ်ဖွင့်ထားလျက်သားဖြစ်သည်။ နောက်ပိုင်းတွင် ယေဟောဝါသက်သေများဟုခေါ်သော အပြည်ပြည်ဆိုင်ရာကျောင်းသားများသည် မှားသည်ဟုသူသေချာပေါက်ယူမှတ်ထားသည့်တိုင် သူ၏သိလိုစိတ်ကအနိုင်ယူသွားခဲ့ရာ ယင်းစာအုပ်ကိုသူစဖတ်တော့သည်။ သူသည် စာအုပ်ကို လက်မှမချနိုင်အောင်ဖြစ်ခဲ့သည်။ မနက်မိုးမလင်းမီ အဖေအိပ်ရာဝင်ရာ “ကလေးတို့အမေရေ သူတို့ဆီမှာသမ္မာတရားရှိတယ်ကွ” ဟုသူပြောခဲ့သည်။
နောက်တစ်နေ့တွင် အနီးဆုံးနေရာရှိကျမ်းစာကျောင်းသားများထံမှ နောက်ထပ်စာအုပ်များရရှိရန် မိုင် ၃၀ ခရီးကို အဖေစက်ဘီးနင်းသွားခဲ့သည်။ ညတိုင်းညနက်သန်းခေါင်အထိ သူမှန်မှန်ဖတ်လေ့ရှိသည်။ သူသိရှိလာရသည့် ကျမ်းစာပါအမှန်တရားများကို ဒတ်ချ်ပြုပြင်ပြောင်းလဲရေးချာ့ချ်အမှုဆောင်အား ရှင်းလင်းတင်ပြရန်ပင်သူကြိုးစားခဲ့သည်။ ချာ့ချ်က ပြုပြင်ပြောင်းလဲမှုများပြုနိုင်မည်ဟူသောမျှော်လင့်ချက်ဖြင့်ဖြစ်သည်။ သူ့ကြိုးစားမှုအကောင်အထည်မပေါ်သဖြင့် ချာ့ချ်မှသူနှုတ်ထွက်ကာ ဇွဲရှိရှိဖြင့်စတင်ဟောပြောတော့သည်။ ကျမ်းစာသမ္မာတရားသည် အဖေ့အသက်တာနှင့် ကျွန်တော်တို့အိမ်အတွက် အရေးအကြီးဆုံးအရာဖြစ်လာခဲ့သည်။ ကျွန်တော်သည် ထိုအသိုင်းအဝိုင်းတွင် ကြီးပြင်းလာခဲ့သည်။
နောက်ပိုင်းတွင် အဖေသည် အချိန်ပြည့်ဓမ္မအမှုဆောင်ခေါ် ရှေ့ဆောင်တစ်ဦးဖြစ်လာသည်။ အဖေသည် သူ၏တီဖို့ဒ်ကားအဟောင်းကြီးဖြင့် ဝေးလံသောဒေသများတွင် သွားရောက်ဟောပြောသည်။ နှစ်အနည်းငယ်ကြာလာသောအခါ အရွယ်အစားကြီးမားလာသော ကျွန်တော်တို့မိသားစု၏လိုအပ်ရာအတွက် ရှေ့ဆောင်လုပ်ငန်းကို မဖြစ်မနေအဖေနားလိုက်ရသည့်တိုင် ဟောပြောခြင်းလုပ်ငန်းတွင် သူတက်တက်ကြွကြွရှိနေမြဲဖြစ်သည်။ အချို့သောတနင်္ဂနွေနေ့များတွင် ကျွန်တော်တို့သည် မိုင် ၆၀ ခန့်ဝေးသောပစ္စဘာ့ဂ်မြို့ထဲတွင် သွားရောက်ဟောပြောရန် သူနှင့်အတူလိုက်လေ့ရှိသည်။
အောင်မြင်သောစီးပွားရေး
နောက်ဆုံးတွင် အဖေသည် လက်လီကုန်စုံဆိုင်ကလေးတစ်ဆိုင်ဖွင့်ခဲ့သည်။ မကြာမီ ယင်းသည်နှစ်ဆကြီးလာပြီး ဒုတိယထပ်ပါဖွင့်လှစ်ရောင်းချလာရသည်။ ချမ်းသာသောလယ်သမားအချို့က အဖေနှင့်စပ်တူလုပ်ရာ ကြာလာသောအခါ မြေကွက်ကြီးကြီးတွင် လက်ကားဆိုင်တစ်ဆိုင်နှင့် လက်လီဆိုင်ခွဲခြောက်ဆိုင်အထိ တိုးချဲ့နိုင်ခဲ့ကြသည်။
ကျွန်တော့်အစ်ကိုအချို့တို့က လုပ်ငန်းတွင်ဖက်စပ်ပါဝင်လာခဲ့ကြရာ ယခုသူတို့သည် သူဌေးလောင်းများဖြစ်နေကြသည်။ သို့သော် ကျွန်တော်တို့၏ဝိညာဉ်ရေးစတင်ထိခိုက်လာတော့သည်။ မိမိတို့၏ပါတီပွဲများသို့ ကျွန်တော်တို့အားခေါ်ဖိတ်သော လောကအပေါင်းအသင်းများနှင့် အိမ်နီးချင်းများက ကျွန်တော်တို့အားပို၍လက်ခံလာကြသည်။ အန္တရာယ်ကိုမြင်သဖြင့် အဖေက မိသားစုစည်းဝေးပွဲတစ်ရပ်ကို ခေါ်လိုက်ပြီး ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်တော်တို့ပိုမိုပါဝင်နိုင်ရန် လုပ်ငန်းကိုရောင်းပစ်ခါ ပရီတိုးရီးယားသို့ပြောင်းရွှေ့နေထိုင်ကြရန် ဆုံးဖြတ်လိုက်သည်။ ဆိုင်တစ်ဆိုင်တည်းသာ လူငှားဖြင့်ထားခဲ့သည်။
ကျွန်တော့်အစ်ကို ကွစ်စ် နှင့် ဒေးဗစ်တို့သည် ရှေ့ဆောင်စလုပ်ခြင်းအားဖြင့် ကျွန်တော့်အစ်မလီနာနှင့် နောက်ပိုင်းတွင် သမ္မတရားကိုစွန့်ခွာသွားသော ကျွန်တော့်အစ်ကိုအကြီးဆုံးတို့နှင့်အတူ ပူးပေါင်းခဲ့ကြသည်။ ၁၉၄၂ ခုနှစ်၏ တစ်ခုသောလတွင် ကျွန်တော်တို့မိသားစုဆယ်ယောက်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင် နာရီပေါင်း ၁,၀၀၀ အသုံးပြုခဲ့ကြသည်။ ထိုနှစ်တွင်ပင် ကျွန်တော်သည် ယေဟောဝါအားဘဝကိုဆက်ကပ်အပ်နှံသည့်အနေနှင့် ရေတွင်နှစ်ခြင်းခံခဲ့သည်။
ကျွန်တော်ကျောင်းထွက်စောရသည့်အကြောင်း
ဒုတိယကမ္ဘာစစ်ပွဲပြင်းထန်နေသော ၁၉၄၄ ခုနှစ်တွင် နယ်လှည့်ကြီးကြပ်မှူး ကတ်နဲလ်က ကျွန်တော်ရှေ့ဆောင်လုပ်ရန်အစီအစဉ်ရှိသလောဟုမေးမြန်းခဲ့သည်။ “ဟုတ်ကဲ့၊ နှစ်နှစ်အတွင်း ကျွန်တော်အထက်တန်းကျောင်းပြီးတဲ့အခါ” ဟုကျွန်တော်ဖြေခဲ့သည်။
ထိုအချိန်က ယေဟောဝါသက်သေများစွာတို့၏အမြင်ကို သံယောင်လိုက်နေသည်၊ “မင်းကျောင်းခန်းထဲမှာထိုင်နေရင်းနဲ့ အာမဂေဒုန်ရောက်လာတဲ့အဖြစ်မျိုးမရောက်အောင် သတိထား” ဟု သူကသတိပေးခဲ့သည်။ ထိုသို့မဖြစ်လိုသည့်အတွက် ကျွန်တော်ကျောင်းထွက်လိုက်ပြီး ၁၉၄၅ ခု၊ ဇန်နဝါရီလတွင် ရှေ့ဆောင်လုပ်ငန်းသို့ စတင်ဝင်ရောက်ခဲ့သည်။
ကျွန်တော်ပထမဆုံးတာဝန်ကျသည့်နေရာမှာ ဂျိုဟန်နက်စဘတ်မြို့အနီးရှိ ဖရေးနဂျင်မြို့ဖြစ်ပြီး ကျွန်တော်၏ရှေ့ဆောင်ဖက်များမှာ ပိ (တ်) ဝဲန်စလ် နှင့် ဒယ်နီအော်တိုတို့ဖြစ်ကြသည်။ တစ်လလျှင် နာရီ ၂၀၀ ကျော်မက ကျွန်တော်အသုံးပြုရသည်က များသည်။ အတန်ကြာသော် ပိ (တ်) သည် ပရီတိုးရီးယားသို့ ပြန်ပြောင်းခဲ့ရပြီး ဒယ်နီက သူဖခင်အိုကြီး၏လယ်ယာတွင်ကူညီရန် ရှေ့ဆောင်နားလိုက်ရသည်။ ယင်းက ဖရေးနဂျင်မြို့ရှိ အိမ်တွင်းကျမ်းစာသင်အံမှု ၂၃ ခုကို တစ်ဦးတည်းသောသက်သေခံဖြစ်သူကျွန်တော်က ကျင်းပပြုလုပ်ပေးရခြင်းကို ဖြစ်စေခဲ့သည်။
နောက်မကြာမီတွင် ကျွန်တော်ပရီတိုးရီးယားသို့ပြောင်းရွှေ့ရန် ဌာနခွဲရုံးမှစာရရှိသည်။ ထိုအချိန်က အဘယ့်ကြောင့်ပြောင်းရွှေ့ခိုင်းသည်ကို ကျွန်တော်မသိခဲ့သော်လည်း ၁၇ နှစ်အရွယ်တစ်ယောက်တည်းကို လွှတ်ထားခြင်းသည် ပညာရှိရာမကျကြောင်း နောက်ပိုင်းတွင်သိလာရသည်။ များစွာလေ့ကျင့်ခံရရန်လိုနေသေးပြီး စိတ်ဓာတ်ကျဆင်းနိုင်သောကြောင့်ဖြစ်သည်။
ပရီတိုးရီးယားတွင်အမှုဆောင်ပြီး လိုအပ်သောအတွေ့အကြုံများရလာသောအခါ အထူးရှေ့ဆောင်တစ်ဦးဖြစ်ရန် ကျွန်တော်ကမ်းလှမ်းခြင်းခံခဲ့ရသည်။ ထိုအခါ ပိ (တ်) နှင့်ကျွန်တော်တို့က ရှေ့ဆောင်လုပ်ရန် ပရီတိုးရီးယားသို့ရောက်လာသော လူငယ်လူသစ်များကို လက်တွေ့ကျသောဓမ္မအမှုဆောင်ခြင်းသင်တန်းပေးရန် စီစဉ်ခဲ့ကြသည်။ ထိုအချိန်တွင် ပိ (တ်) သည် ထိုဒေသအတွက် နယ်လှည့်ကြီးကြပ်မှူးအဖြစ်ခန့်အပ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ကျွန်တော့်အစ်မလီနာနှင့်လက်ထပ်လိုက်ပြီး ယခုအခါ သူတို့နှစ်ဦးလုံး တောင်အာဖရိကဌာနခွဲရုံးတွင် အမှုဆောင်နေကြသည်။
ရှေ့ဆောင်လုပ်ရန် ပရီတိုးရီးယားသို့လာသူများထဲတွင် သက်သေခံမိသားစုတစ်ခုမှကြီးပြင်းလာသော ဆွဲဆောင်မှုအလွန်ရှိသည့်မိန်းကလေးတစ်ဦးဖြစ်သူ မာတီဗော့စ်လည်းပါသည်။ ကျွန်တော်တို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးမေတ္တာမျှနေကြသော်လည်း နှစ်ဦးလုံးမှာ ဆယ်ကျော်သက်များသာရှိသေးပြီး အိမ်ထောင်ပြုရန်အလွန်ငယ်ကြသေးသည်။ သို့သော် အခြားနေရာသို့ကျွန်တော်တို့ပြောင်းရွှေ့ရသောအခါ စာဖြင့်အဆက်အသွယ်ပြုခဲ့ကြသည်။
ဗေသလလုပ်ငန်းနှင့်ဂိလဒ်ကျောင်း
၁၉၄၈ ခုနှစ်ရောက်သော် ကိပ်တောင်းမြို့ရှိ ကင်းမျှော်စင်အသင်းဌာနခွဲရုံးတွင်အမှုဆောင်ရန် ခေါ်ဖိတ်ခံခဲ့ရသည်။ ထိုအချိန်က ငှားရမ်းထားသောရုံးခန်းသုံးခုနှင့် အနီးအနားရှိစက်ရုံကလေးတစ်ခုတို့တွင် အလုပ်လုပ်သောကျွန်တော်တို့ ၁၇ ဦးအတွက် တစ်နေရာတည်းသောနေစရာ မရှိသေးချေ။ အချို့က မိသားစုနှင့်အတူနေကြပြီး အချို့တို့က တည်းခိုဆောင်များတွင်ငှားနေကြသည်။
အဖွဲ့ဝင် ၁၇ ဦးတို့သည် နံနက်ဝတ်ပြုရေးအတွက် စက်ရုံငယ်ကလေးရှိအဝတ်လဲသည့်အခန်းထဲတွင် အလုပ်ဆင်းသည့်နေ့နံနက်တိုင်း စုဝေးကြသည်။ ကျွန်တော်တို့အများစုသည် မိမိအစီအစဉ်ဖြင့် နေ့လည်စာ စီစဉ်ကြရသည်။ တစ်နေ့တာလုပ်ငန်းပြီးဆုံးသောအခါ ကိပ်တောင်းမြို့၏နေရာအသီးသီးတွင်ရှိသော ကျွန်တော်တို့၏နေထိုင်ရာများသို့ အသီးသီးပြန်သွားကြလေ့ရှိသည်။ အထက်တွင်ဖော်ပြခဲ့ပြီးသော ကျွန်တော်နှင့်ကျွန်တော့်အစ်ကိုဒေးဗစ်တို့ “လူဖြူများသာ” ဟူသောဆိုင်းဘုတ်ကို တအံ့တသြတွေ့လိုက်ရသည့် ခရီးစဉ်ပင်ဖြစ်သည်။
ကိပ်တောင်းဌာနခွဲရုံးသို့ ကျွန်တော်ရောက်ခါစက သင်ယူစရာများစွာရှိကြောင်းကို ကျွန်တော်သဘောပေါက်ခဲ့သည်။ သို့နှင့် ကျွန်တော်တို့၏ဌာနခွဲကြီးကြပ်မှူးဖြစ်သူအား “ကျွန်တော်အမီလိုက်နိုင်အောင် ဘာလုပ်ရမလဲ” ဟုမေးခဲ့သည်။
“ဖရန့်၊ အမီလိုက်နိုင်ဖို့အတွက် ဘာမှမပူနဲ့။ ဒီတိုင်းသာဆက်လုပ်နေ” ဟုသူပြန်ဖြေခဲ့သည်။ ထိုသို့ဆက်လုပ်နေရန် ကျွန်တော်အမြဲကြိုးစားခဲ့သည်။ လူတစ်ဦးသည် ဝိညာဏအစာနှင့်လမ်းညွှန်မှုများတွင် ယေဟောဝါ၏အဖွဲ့အစည်းပေးကမ်းသောနည်းလမ်းများအတိုင်း ဆက်လက်လုပ်ဆောင်နေခြင်းအားဖြင့် အဖွဲ့အစည်းနှင့်အတူ တိုးတက်ကြီးပွားလာကြောင်းကို ကျွန်တော်သိလာခဲ့သည်။
၁၉၅၀ ခုနှစ်တွင် သာသနာပြုသင်တန်းအတွက် ၁၆ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာသင်ကျောင်းကိုတက်ရောက်ရန် ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရသည်။ ထိုအချိန်က ကျောင်းသည် ဘရွတ်ကလင်နယူးယောက်၏မြောက်ဖက် မိုင် ၂၅၀ ခန့်အကွာရှိ တောင်လဲန်စင်းနယူးယောက်တွင် တည်ရှိခဲ့သည်။ ဘရွတ်ကလင်ရှိ ယေဟောဝါသက်သေများ၏ဌာနချုပ်တွင် ခေတ္တလုပ်အားပေးရသောအချိန်အတွင်း ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းကို အတွင်းကျကျ တိုက်ရိုက်မြင်တွေ့ခဲ့ရသည်။ ထိုတွင်ဦးဆောင်နေသောသူများ၏ စိုးလ်အကြွင်းမဲ့ဆက်ကပ်အပ်နှံမှုသည် ယေဟောဝါအဖွဲ့အစည်းကို နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ရန် ကျွန်တော့်အား ဖြစ်စေခဲ့သည်။
ဆက်လက်ဓမ္မအမှုဆောင်ခြင်း
တောင်အာဖရိကသို့ကျွန်တော်ပြန်ရောက်သောအခါ ကျွန်တော်ကြီးခဲ့ရာထရန်စ္စဗားလ်ပြည်နယ်မြောက်ပိုင်းတွင် နယ်လှည့်ကြီးကြပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံခဲ့ရသည်။ စာအပေးအယူခြောက်နှစ်ကြာပြီးနောက် ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မာတီနှင့်ကျွန်တော်တို့လက်ထပ်လိုက်ကြပြီး ကျွန်တော်နှင့်အတူ နယ်လှည့်လုပ်ငန်းတွင် သူမ,ပါဝင်လုပ်ဆောင်သည်။ ကျွန်တော်တို့လည်ပတ်မှုအပေါ် ကျွန်တော်တို့ညီအစ်ကိုများ၏ကျေးဇူးတင်လေးမြတ်မှုက ရင်ကိုနွေးထွေးစေသည်။
ဥပမာအားဖြင့် စိုက်ပျိုးရေးလုပ်သားများဖြင့် ဖွဲ့စည်းထားသောအသင်းတော်တစ်ခုသို့ ကျွန်တော်တို့လည်ပတ်ခဲ့စဉ် ကျွန်တော်တို့တည်းခိုသည့်မိသားစုက လက်ဘက်ရည် သို့မဟုတ် ကော်ဖီဖျော်ပေးရန် နို့မရနိုင်ကြောင်းကို ကျွန်တော်တို့အားတောင်းပန်ကြသည်။ ကျွန်တော်တို့ကိုခေါ်၍ သူတို့ဒေသအရပ်ရပ်ရှိလယ်သမားများအား သွားရောက်လည်ပတ်ကာ သက်သေခံနိုင်ရန် လိုအပ်သောဓာတ်ဆီဖိုးအတွက် သူတို့တွင်တစ်ကောင်တည်းသော နို့စားနွားကိုရောင်းလိုက်ရကြောင်း နောက်ပိုင်းမှ ကျွန်တော်တို့သိခဲ့ရသည်။ ထိုသို့သောညီအစ်ကိုမျိုးကို ကျွန်တော်တို့မည်မျှမေတ္တာပွားများရပါသည်တကား။
တစ်ခါတစ်ရံ တိုက်နယ်လုပ်ငန်းအတွက်အရည်အချင်းမပြည့်မီဟု ကျွန်တော်ခံစားရသည်။ အထူးသဖြင့် အသက်ကြီးသူများနှင့်ပတ်သက်သောပြဿနာများကို ကိုင်တွယ်ရသောအခါတွင်ဖြစ်သည်။ တစ်ခါကဆိုလျှင် ကျွန်တော်၏အတွေ့အကြုံနည်းပါးမှုကြောင့် ရှေ့ဆောင်လုပ်ငန်းကိုပြန်လည်လုပ်ကိုင်ရမည်ဆိုပါက မအံ့သြသင့်ကြောင်း မာတီအားကျွန်တော်ပြောမိသည်အထိပင် ကျွန်တော်စိတ်ဓာတ်ကျဆင်းခဲ့သည်။ သူမက အချိန်ပြည့်လုပ်ငန်းတွင်သာဆက်ရှိနေရပါက မည်သည့်ကဏ္ဍတွင်မဆို ပျော်ရွှင်စွာအမှုဆောင်နိုင်ကြောင်း ကျွန်တော့်အား စိတ်ချစေသည်။
နောက်အသင်းတော်တစ်ခုသို့ရောက်သောအခါ ကျွန်တော်တို့ထံရောက်လာသောစာများတွင် ခရိုင်ကြီးကြပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ရန်ခန့်အပ်စာပါကြောင်းသိရသောအခါ ကျွန်တော်တို့မည်မျှအံ့သြလိုက်မည်ကိုစဉ်းစားသာကြည့်ပါ။ နှစ်နှစ်နီးပါးအတွင်း တောင်အာဖရိကတစ်ခွင်နှင့် နမီးဘီးယား၊ ထို့နောက် အနောက်မြောက်အာဖရိကတို့သို့ ကျွန်တော်တို့လည်ပတ်ရောက်ရှိခဲ့သည်။ သို့သော် လူဖြူလူမဲခွဲခြားရေးစနစ်ကြောင့် ကျွန်တော်တို့၏လုပ်ငန်းသည် မကြာခဏအခက်တွေ့ခဲ့ရသည်။ မကြာခဏဆိုသလို ကျွန်တော်တို့သည် လူမဲများ၏မြို့နယ်တွင်းသို့မဝင်ရန် တားမြစ်ခံရပြီး တစ်ခါတစ်ရံ စည်းဝေးပွဲများကျင်းပရန် ခွင့်ပြုချက်မရရှိဘဲဖြစ်တတ်သည်။
ဥပမာ၊ ၁၉၆၀ ပြည့်နှစ်က စိုဝဲတိုးမြို့၌ ခရိုင်စည်းဝေးပွဲကျင်းပရန် ကျွန်တော်တို့ခွင့်ပြုချက်ရခဲ့ကြသည်။ ရပ်ဝေးအသင်းတော်များမှ ကျွန်တော်တို့၏အသားမဲညီအစ်ကိုများက ကား၊ ရထားလက်မှတ်များဝယ်ပြီးသားဖြစ်သည်။ သို့သော် ကျွန်တော်တို့၏အစီအစဉ်ကို အစိုးရသိသွားသောအခါ ခွင့်ပြုချက်ကို ပယ်ဖျက်လိုက်သည်။ ဂျိုဟန်နက်စဘတ်မြို့နှင့် ၁၂ မိုင်ဝေးသောမြို့တစ်မြို့ရှိ အုပ်ချုပ်ရေးမှူးတစ်ယောက်ထံ လျှို့ဝှက်စွာ ကျွန်တော်တို့ချဉ်းကပ်ခဲ့ကြသည်။ သူက ကျွန်တော်တို့အား သာ၍ကောင်းမွန်သောအဆောက်အအုံများပင် အသုံးပြုခွင့်ပေးပြီး လူပေါင်း ၁၂,၀၀၀ တက်ရောက်သော ပျော်ရွှင်ဖွယ်ရာစည်းဝေးကြီးဖြစ်မြောက်ခဲ့သည်။
မကြာမီနှစ်များက အခြေအနေများမည်မျှပြောင်းလဲသွားသည်တကား။ ယခုအခါ လူဖြူလူမဲခွဲခြားခြင်းကို ရုတ်သိမ်းလိုက်ပြီဖြစ်၍ လူမဲ၊ လူဖြူ၊ အသားအရောင်ရှိသူ သို့မဟုတ် အင်းဒီယန်းလူမျိုးများရှိရာ မည်သည့်ဒေသ၌မဆို ကျွန်တော်တို့လွတ်လပ်စွာတွေ့ဆုံနိုင်ကြပြီဖြစ်သည်။ လူမျိုးမခွဲတမ်း လူတိုင်းအတူထိုင်၍ မိတ်သဟာယဖွဲ့နိုင်ကြပြီ။ ဘာသာစကားမတူညီမှုကသာလျှင် လူတစ်ဦးမည်သည့်နေရာတွင်ထိုင်လိုသည်ကို အကျိုးသက်ရောက်မည်ဖြစ်သည်။
အထိနာသောသင်ခန်းစာ
လွန်ခဲ့သည့် ၁၉၄၇ ခုက ကျွန်တော့်အဖေသည် မဟာအမှားကြီးတစ်ရပ်ကို ပြုခဲ့မိသည်။ သူနှင့်အမေတို့နေသည့်နေရာနှင့် မိုင် ၁၂၀ ဝေးသောသူ၏စတိုးဆိုင်သည် မရိုးသားမှုများကြောင့် အရှုံးပေါ်လာသဖြင့် ကိုယ်တိုင်ဦးစီးရန် ဆိုင်ရှိရာသို့ သူတစ်ယောက်တည်းပြောင်းရွှေ့ခဲ့သည်။ အမေနှင့်ကြာမြင့်စွာခွဲခွာနေရခြင်းက သွေးဆောင်မှုထဲသို့သူ့အားကျရောက်စေခဲ့သည်။ ရလဒ်အနေနှင့် သူနှင်ထုတ်ခံခဲ့ရသည်။
ကျမ်းစာသမ္မာတရားအတွက် စိတ်ဇောထက်သန်ရုံနှင့်မလုံလောက်ကြောင်း အထိနာသောသင်ခန်းစာကို ကျွန်တော်ရရှိခဲ့သည်။ အားလုံးတို့သည် သမ္မာကျမ်းစာ၏စည်းမျဉ်းမူများကို လိုက်လျှောက်ကြရမည်။ (၁ ကောရိန္သု ၇:၅) နှစ်အတန်ကြာပြီးနောက် အဖေသည် ခရစ်ယာန်အသင်းတော်သားအဖြစ် ပြန်လည်လက်ခံခြင်းကိုခံခဲ့ရပြီး သူသေဆုံးသည့် ၁၉၇၀ ပြည့်နှစ်အထိ သစ္စာရှိသွားခဲ့သည်။ ကျွန်တော်ချစ်သောအမေသည် သူမကွယ်လွန်သည့် ၁၉၉၁ ခုနှစ်အထိ သစ္စာတည်ကြည်ခဲ့သည်။
ထပ်ဆင့်ကောင်းချီးများ
၁၉၅၈ ခုနှစ်တွင် နယူးယောက်မြို့၊ ရန်ကီအားကစားရုံနှင့် ပိုလိုကစားကွင်းတို့တွင်ကျင်းပသော ယေဟောဝါသက်သေများ၏စည်းဝေးများတွင် အကြီးဆုံးဖြစ်သည့်စည်းဝေးပွဲကြီးကို မာတီနှင့်ကျွန်တော်တို့တက်ရောက်ခဲ့ကြသည်။ ယေဟောဝါ၏အံ့သြဘွယ်ကောင်းလှသောအဖွဲ့အစည်းတော်အဝင်ဖြစ်ရခြင်းအတွက် ကျွန်တော်တို့ရွှင်လန်းမှုအမှန်တိုးပွားခဲ့ရသည်။ တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ၂၅၃,၀၀၀ ယောက်မကသော ထိုပရိသတ်ကြီးနှင့်အတူရှိနေရသောတွေ့ကြုံမှုသည် မည်သည့်အခါမျှမမေ့နိုင်စရာဖြစ်ခဲ့သည်။ ယခုကျွန်တော်တို့သည် ငြိမ်းချမ်းစွာအတူတကွစည်းဝေးကြသည့် ‘လူမျိုးအသီးသီးမှ မရေမတွက်နိုင်သောလူအုပ်ကြီး’ ကို အမှန်ပင်ကြုံတွေ့ရတော့သည်။ (ဗျာဒိတ် ၇:၉၊ ၁၀) မာတီက ဂိလဒ်ကျောင်းတက်ရန် နယူးယောက်မြို့တွင်နေခဲ့ပြီး ကျွန်တော်က ခရိုင်အမှုထမ်းရန် တောင်အာဖရိကသို့ပြန်လာခဲ့သည်။
၁၉၅၉ ခုနှစ်၊ မာတီသည် ၃၂ ကြိမ်မြောက်ဂိလဒ်ကျောင်းတက်ပြီးပြန်လာသောအခါ ဂျိုဟန်နက်စဘတ်မြို့အရှေ့ဖက်၊ အီလန်စဖောန်တိန်းမြို့အနီးတွင်ရှိသော တောင်အာဖရိကဌာနခွဲရုံးတွင် အမှုဆောင်ရန် ကျွန်တော်တို့ခေါ်ဖိတ်ခံရကြသည်။ နှစ်များတစ်လျှောက် အဖွဲ့အစည်းသည် နည်းအမျိုးမျိုးဖြင့်တိုးတက်နေသည်ကို ကျွန်တော်သိမြင်ခဲ့ရသည်။ အထူးသဖြင့် မေတ္တာနှင့်စာနာမှုတို့တွင်ဖြစ်သည်။ ယေဟောဝါသည် ယေရှုခရစ်အားဖြင့် မိမိ၏အဖွဲ့အစည်းကိုညွှန်ကြားနေပြီး မိမိတို့ကိုယ်ကိုပေးဆက်သူများအား အသုံးပြုမည်ဖြစ်ကြောင်း ကျွန်တော်သိမြင်လာခဲ့သည်။
၁၉၆၂ ခုနှစ်ရောက်သောအခါ ဆယ်လဌာနခွဲသင်တန်းတက်ရောက်ရန် ဘရွတ်ကလင်နယူးယောက်သို့ ကျွန်တော်ပြန်ခဲ့သည်။ ယင်းသည် များစွာအကူအညီဖြစ်စေခဲ့ကြောင်းကို ၁၉၆၇ ခုနှစ်၊ တောင်အာဖရိကဌာနခွဲကြီးကြပ်မှူးအဖြစ် ကျွန်တော်ခန့်အပ်ခံရသောအခါ သိလာရသည်။ ၁၉၇၆ ခုနှစ်တွင် ဌာနခွဲကော်မတီဝင်များခန့်အပ်ခံရကြပြီး ယခုအခါ တောင်အာဖရိကတွင် အရေးကြီးသောဆုံးဖြတ်ချက်များချမှတ်ရန်တာဝန်သည် အတွေ့အကြုံရှိခရစ်ယာန်အကြီးအကဲငါးဦး၏ခေါင်းပေါ်တွင် ကျရောက်လာသည်။
လူမျိုးရေးခွဲခြားခြင်းအောက်ရှိအသက်တာ
လူဖြူလူမဲခွဲခြားခြင်းဥပဒေသည် ဌာနခွဲလုပ်ငန်းလည်ပတ်မှုကိုထိခိုက်သည်။ ၁၉၅၂ ခုနှစ်တွင် အီလန်စဖောန်တိန်းမြို့ရှိဗေသလအိမ်ကိုဆောက်လုပ်သောအခါ ယင်း၏နောက်ဘက်တွင် လူမဲနှင့် လူဖြူမဟုတ်သောညီအစ်ကိုများအတွက် အဆောင်တစ်ဆောင်ထပ်ဆောက်ရန် ဥပဒေကတောင်းဆိုခဲ့သည်။ အာဖရိကန်တန်းလျားဟုခေါ်သော ထိုနေရာ၌ပင် အသားဖြူများနှင့်သီးခြားစားသောက်ကြရန်ကိုပါ ဥပဒေကတောင်းဆိုသည်။ နောက်ပိုင်းတွင် သူတို့အား ဗေသလအိမ်မီးဖိုဆောင်တွင်စားသောက်ကြရန် စီစဉ်ပေးသည်။ ယင်းကား ၁၉၅၉ ခုနှစ်၊ ဗေသလအိမ်သို့ကျွန်တော်တို့ရောက်ချိန်က စားသောက်ခြင်းအစီအစဉ်ဖြစ်သည်။ လူမျိုးပေါ်အခြေပြု၍ ထိုသို့ကွဲပြားရခြင်းကို ကျွန်တော့်ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးက ဆန့်ကျင်ကြသည်။
တစ်ချိန်တွင် ဗေသလအိမ်မ၏နောက်ဘက်ရှိအဆောက်အအုံ၌ ကျွန်တော်တို့၏လူမဲညီအစ်ကိုများနေခွင့်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ထိုညီအစ်ကိုများသည် ၁၂ မိုင်ခန့်ဝေးသည့် လူမဲများနေထိုင်ရာမြို့နယ်တွင် သွားနေကြရသည်။ အချို့တို့က အိမ်ငှားနေကြပြီး လူလွတ်များက တည်းခိုဆောင်များတွင်နေကြသည်။ ဤမပြေလည်နိုင်သောအခြေအနေသည် နှစ်ပေါင်းများစွာဆက်သွားနေခဲ့သည်။
ဗေသလအိမ်တိုးချဲ့ခြင်း
တစ်ချိန်တည်းတွင် အီလန်စဖောန်တိန်းမြို့ရှိဗေသလအိမ်ကို တိုးချဲ့ရန်လိုအပ်လာခဲ့သည်။ ယင်းကို သုံးကြိမ်တိုင်တိုင်တိုးချဲ့ပြီးနောက်ပိုင်းတွင် ကျွန်တော်တို့၏မြေကွက်လည်းပြည့်သွားတော့သည်။ ကျွန်တော်တို့၏လူမဲညီအစ်ကိုများပါအတူနေနိုင်သည့် ဗေသလအဆောက်အအုံဆောက်လုပ်ပိုင်ခွင့်ပေးမည့် ဒေသဆိုင်ရာအာဏာပိုင်၏နယ်မြေအတွင်း၌ မြေကွက်ရှာရန် အုပ်ချုပ်ရေးအဖွဲ့က ကျွန်တော်တို့ကိုညွှန်ကြားခဲ့သည်။ ယင်းအတွက် တစ်နည်းနည်းဖြင့် ယေဟောဝါလမ်းဖွင့်ပေးပါမည်အကြောင်း ဗေသလမိသားစုသည် နံနက်တိုင်းဆုတောင်းကြလေ့ရှိသည်။
နောက်ဆုံး ဂျိုဟန်နက်စဘတ်မြို့အနောက်ဘက်ရှိ ခရူဂျယ်စ်ဒေါ့ပ်မြို့ ပြင်ဘက်တွင် မြေကွက်တစ်ကွက်ကိုကျွန်တော်တို့ရသောအခါ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ သို့သော် ဤတွင်လည်း လူမဲညီအစ်ကိုများအတွက် သီးခြားအဆောက်အအုံဆောက်လုပ်ပေးရန် တောင်းဆိုခံရပြန်သည်။ ကျွန်တော်တို့လိုက်လျောခဲ့သော်လည်း ထိုတွင် မျက်နှာမဲညီအစ်ကို ၂၀ ထက်ပိုနေခွင့်မရပါ။ ဝမ်းသာစရာကား ၁၉၈၀ ပြည့်လွန်နှစ်များအလယ်လောက်တွင် အခြေအနေများစတင်ပြောင်းလဲလာသည်။ အစိုးရသည် တင်းကြပ်သောလူဖြူလူမဲခွဲခြားရေးဥပဒေများကို လျှော့ပေါ့လိုက်ရာ မျက်နှာမဲသူ၊ အသားအရောင်ရှိသူ၊ အင်းဒီးယန်းလူမျိုးအသီးသီးဖြစ်ကြသော ကျွန်တော်တို့ညီအစ်ကိုများ ကျွန်တော်တို့နှင့်အတူအမှုဆောင်ရန် ဖိတ်ခေါ်ခံခဲ့ကြရသည်။
ယခုအခါ ကျွန်တော်တို့သည် စည်းလုံးပျော်ရွှင်သောဗေသလမိသားစုအနေနှင့် လူမျိုးမရွေး၊ အသားအရောင်မရွေး မိမိတို့ကြိုက်သည့်အဆောက်အအုံတွင် နေနိုင်ကြပြီဖြစ်သည်။ နှစ်ပေါင်းများစွာကြိုးစားပြီးနောက်ဆုံးတွင် ကျွန်တော်တို့သည် တရားဝင်ဘာသာတစ်ခုအဖြစ် အသိအမှတ်ခံခဲ့ရသည်။ “တောင်အာဖရိကယေဟောဝါသက်သေများ” ဟူသောအမည်ဖြင့်မှတ်ပုံတင်ကာ ဒေသခံတရားဝင်အဖွဲ့ ဖွဲ့စည်းလိုက်သည်။ ယခုအခါ ကျွန်တော်တို့တွင် လက်ထပ်ပေးခွင့်ရသူရှိပြီး အသားမဲဒေသများတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမများ မှိုလိုပေါက်လျက်ရှိသည်။
ကိပ်တောင်းမြို့ရှိဌာနခွဲရုံးတွင် ကျွန်တော်စတင်အမှုဆောင်ချိန်မှစ၍ ယေဟောဝါ၏အဖွဲ့အစည်းသည် မည်မျှတိုးတက်လာခဲ့ပါသည်တကား။ ဗေသလအိမ်မရှိသော ၁၇ ယောက်အဖွဲ့မှ ယခုအခါ ဗေသလမိသားစု ၄၀၀ ကျော်တိုးပွားလာပြီး ကွန်ပြူတာများ၊ ပတ်လည်ပုံနှိပ်စက်များနှင့် လှပသောဗေသလအိမ်များပါဝင်သည့် တိုးတက်ပြောင်းလဲလာသောအဆောက်အအုံများကို ရရှိလာသည်။ မှန်ပါသည်။ တောင်အာဖရိကတွင် ယေဟောဝါအဖွဲ့အစည်းနှင့်အတူတိုးတက်ခွင့်ကို ကျွန်တော်ရခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၊ ကျွန်တော်စတင်ဓမ္မအမှုဆောင်ချိန်တွင် ကြေညာသူ ၄၀၀ ခန့်မှ ယခုအခါ ကြေညာသူ ၅၅,၀၀၀ ခန့် အထိရှိလာပြီဖြစ်သည်။
လွန်ခဲ့သည့် ၃၉ နှစ်တာအတွင်း ကျွန်တော့်အပါးတွင် အထောက်အမပေးသောဇနီးသည်ကို ရသည့်အတွက် ယေဟောဝါကို ကျေးဇူးတင်မိသည်။ “အကျွန်ုပ်၏ခွက်ဖလားသည် လျှံလျက်ရှိပါ၏။” (ဆာလံ ၂၃:၅) မာတီနှင့်ကျွန်တော်တို့သည် ယေဟောဝါ၏ဝိညာဉ်တော်လမ်းညွှန်သည့်အဖွဲ့အစည်းအဝင်ဖြစ်ရခြင်းကို ကျေးဇူးတင်ကြပြီး ဗေသလအိမ်တော်တွင် ကိုယ်တော်အားဆက်လက်အမှုဆောင်ကာ ရှေ့သို့တက်လှမ်းနေသောကိုယ်တော့်အဖွဲ့အစည်းနှင့် ရင်ဘောင်တန်းလိုက်လျှောက်ရန် ကျွန်တော်တို့ဆုံးဖြတ်ချက်ချထားသည်။
[စာမျက်နှာ ၁၉ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အင်ဂိုလာ
ဇိုင်ယာ
ဇမ်ဘီယာ
ဇင်ဘာဘွေ
ဘော့တ်စ်ဝါနာ
နမီးဘီးယား
ဆွာဇီလန်
လီဆိုသို
တောင်အာဖရိက
ပရီတိုးရီးယား
ဂျိုဟန်နက်စဘတ်
ကိပ်တောင်း
ပို့တ်အဲလီဇဘက်
တောင် အတ္တလန်တိတ်သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ
မိုဇမ်ဘစ် တူးမြောင်း
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
၁၉၄၅ ခုနှစ်က ရှေ့ဆောင် လုပ်ငန်းတွင် ပိ (တ်) ဝဲန်စလ်နှင့် ဖရန့်စ်မလာ (ဝဲဘက်)
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဖရန့်စ်နှင့် မာတီမလာ