၁ | ဆုတောင်းခြင်း—“စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ”
ကျမ်းစာအဆို– “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇။
ဘာကို ဆိုလိုသလဲ
ဝန်ထုပ်ကြီးတစ်ခုလို စိတ်ထဲ လေးနေတာ ဘာမဆို ဖွင့်ပြောဖို့ ယေဟောဝါဘုရား ဖိတ်ခေါ်ထားတယ်။ (ဆာလံ ၅၅:၂၂) ပြဿနာ ကြီးကြီး၊ သေးသေး ဆုတောင်းပြောပြနိုင်တယ်။ ယေဟောဝါဘုရားက ကျွန်တော်တို့ရဲ့ အပူကို သူ့အပူလို့ သဘောထားတယ်။ ဘုရားဆီ ဆုတောင်းခြင်းဟာ စိတ်ငြိမ်သက်စေမယ့် လမ်းစပါပဲ။—ဖိလိပ္ပိ ၄:၆၊ ၇။
ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ
စိတ်ကျန်းမာရေး ပြဿနာ ကြုံရတဲ့အခါ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေး ဝင်လာနိုင်တယ်။ တစ်ခါတလေ ကိုယ့်ဝမ်းနာ ကိုယ်ပဲ သိတယ်။ (ပညာအလိမ္မာ ၁၄:၁၀) ဒါပေမဲ့ ကိုယ့်ခံစားချက်ကို ဘုရားဆီ ရင်ဖွင့်ပြောပြပါ။ ကြင်ကြင်နာနာ နားထောင်ပြီး နားလည်ပေးပါလိမ့်မယ်။ ယေဟောဝါက လူကိုလည်း မြင်တယ်။ အပူကိုလည်း မြင်တယ်။ ဘယ်လောက် ရုန်းကန်နေရတယ်ဆိုတာလည်း သိတယ်။ ဘယ်ပူပင်သောကကိုမဆို မိမိဆီ ဆုတောင်းပြောပြစေချင်တယ်။—၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀။
ဘုရားဆီ ဆုတောင်းပြောပြတဲ့အခါ ကိုယ့်ကို ဘုရား ဂရုစိုက်ကြောင်း ပိုယုံကြည်စိတ်ချလာတယ်။ “ကျွန်တော် ဒုက္ခရောက်နေတာကို ကိုယ်တော် မြင်တယ်။ အကြီးအကျယ် သောကရောက်နေတာကို သိတယ်” လို့ ဆုတောင်းပြောပြတဲ့ ဆာလံကျမ်းရေးသူလို ခံစားရနိုင်တယ်။ (ဆာလံ ၃၁:၇) ကျွန်တော်တို့ ကြုံတွေ့နေရတာတွေကို ဘုရား သတိထားမိတယ်ဆိုတာ သိရုံနဲ့တင် ရှေ့ဆက်ဖို့ အများကြီး ခွန်အားဖြစ်စေတယ်။ ဒါပေမဲ့ ဘုရားက သတိထားမိရုံပဲ မဟုတ်ဘူး။ ကျွန်တော်တို့ ကြုံတွေ့နေရတာတွေကို ဘယ်သူ့ထက်မဆို နားလည်တယ်။ ကျမ်းစာကတစ်ဆင့် နှစ်သိမ့်အားပေးတယ်။