ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါလူမျိုးရဲ့ ယုံကြည်ခြင်းကို ကျွန်တော် မြင်ခွင့်ရ
ကိုယ့်အတွက် အရေးပါတဲ့ စကားဝိုင်းတွေကို အမှတ်ရတတ်ကြတယ်။ ကျွန်တော်ဆိုရင် လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်တုန်းက ကင်ညာနိုင်ငံမှာ မိတ်ဆွေတစ်ယောက်နဲ့ မီးပုံဘေး ထိုင်ပြီး စကားပြောခဲ့တာကို အမှတ်ရနေတုန်းပဲ။ လပေါင်းများစွာ ခရီးထွက်ထားလို့ အသားအရေတွေ နေလောင်ပြီး မာကျစ်နေတယ်။ ဘာသာရေးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်အကြောင်း စကားစပ်မိတော့ “ဒီရုပ်ရှင်က ကျမ်းစာကို တလွဲ ပုံဖော်ထားတာပဲ” လို့ သူ ထပြောတယ်။
ကျွန်တော် ရယ်မိသွားတယ်။ သူ့ကို ဘာသာရေးသမားလို့ ထင်မှ မထင်ထားတာ။ ဒါနဲ့ “ကျမ်းစာအကြောင်း ဘာတွေ သိထားသလဲ” လို့ မေးလိုက်တယ်။ ချက်ချင်းတော့ မဖြေဘူး။ သူ့အမေက ယေဟောဝါသက်သေ ဖြစ်တယ်၊ အမေ့ဆီက သိထားတာတချို့ ရှိတယ်ဆိုပြီး နောက်မှ ပြောပြတယ်။ စိတ်ဝင်စားသွားတာနဲ့ ဆက်ပြောပြခိုင်းလိုက်တယ်။
ပြောလိုက်ကြတာ ညနက်တဲ့အထိပဲ။ ကျမ်းစာမှာ စာတန်ကို ဒီလောကရဲ့မင်းလို့ ခေါ်ထားတဲ့အကြောင်း ပြောပြတယ်။ (ယော. ၁၄:၃၀) ခင်ဗျားတို့တော့ သိထားပြီးသား ဖြစ်မှာပါ။ ကျွန်တော့်အတွက်တော့ ဒါ အသစ်အဆန်းပဲ။ ကမ္ဘာကို ဘုရား အုပ်ချုပ်နေတယ်လို့ပဲ ကြားဖူးတာ။ ဒါပေမဲ့ ယုတ္တိမရှိဘူး ဖြစ်နေတယ်။ အသက် ၂၆ နှစ်ပဲ ရှိသေးပေမဲ့ စိတ်ပျက်စရာကောင်းတာတွေ မြင်ဖူးထားလို့လေ။
အဖေက အမေရိကန်လေတပ်က လေယာဉ်မှူးပါ။ စစ်တပ်က ခလုတ် တစ်ချက် နှိပ်လိုက်ရုံနဲ့ နျူကလီးယားစစ် ဖြစ်နိုင်ချေ ရှိတယ်ဆိုတာ ကလေးဘဝကတည်းက သိထားတယ်။ ကျွန်တော် ကယ်လီဖိုးနီးယားမှာ ကောလိပ် တက်နေတုန်း ဗီယက်နမ်စစ် ဖြစ်တယ်။ ကျောင်းသား သပိတ်တွေမှာ ကျွန်တော် ပါဝင်တယ်။ ရဲတွေ လိုက်ရိုက်လို့ ထွက်ပြေးကြရတယ်။ မျက်ရည်ယိုဗုံးတွေကြောင့် အသက်ရှူကြပ်၊ မမြင်မစမ်းနဲ့ပေါ့။ နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဆန္ဒပြမှုတွေ၊ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေနဲ့ ဗြောင်းဆန်နေခဲ့တာ။ ခံယူချက် တစ်ယောက်တစ်မျိုးစီနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။
လန်ဒန်ကနေ ဗဟို အာဖရိက
၁၉၇၀ မှာ အလက်စကာ မြောက်ဘက် ကမ်းရိုးတန်းမှာ ကျွန်တော် အလုပ်သွားလုပ်တယ်။ တော်တော် ဝင်ငွေဖြောင့်တယ်။ နောက်တော့ လန်ဒန်ကို သွားတယ်။ မော်တော်ဆိုင်ကယ် တစ်စီး ဝယ်ပြီး ဦးတည်ရာ မရှိ တောင်ဘက်ကို ထွက်လာလိုက်တာ လပေါင်းများစွာ ကြာတော့ အာဖရိကကို ရောက်လာတယ်။ ပြဿနာမျိုးစုံကနေ ရုန်းထွက်ချင်နေတဲ့ လူတွေကို လမ်းတစ်လျှောက်မှာ တွေ့ခဲ့ရတယ်။
ကမ္ဘာ့အရေးကိစ္စတွေကို နတ်ဆိုးတစ်ပါး ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတဲ့ ကျမ်းစာသွန်သင်ချက်ဟာ မြင်ရ၊ ကြားရတာတွေကြောင့် ကျွန်တော့်အတွက် ယုတ္တိရှိလာတယ်။ ဒါပေမဲ့ ဘုရား ဘယ်ရောက်နေသလဲဆိုတာ သိပ်သိချင်နေမိတယ်။
နောက်ပိုင်းလတွေမှာ အဖြေ ရှာတွေ့သွားတယ်။ အခြေအနေ အမျိုးမျိုးကြား စစ်မှန်တဲ့ ဘုရားကို သစ္စာစောင့်သိနေတဲ့ အမျိုးသား/သမီး အများကြီးကိုလည်း ချစ်ခင်ရင်းနှီးခွင့် ရခဲ့တယ်။
အိုင်ယာလန် မြောက်ပိုင်း—“ဗုံးနဲ့ ကျည်ဆန် တိုင်းပြည်”
လန်ဒန်ကို ပြန်လာတော့ ကျွန်တော့်မိတ်ဆွေရဲ့ အမေနဲ့ အဆက်အသွယ် ရပြီး ကျွန်တော့်ကို ကျမ်းစာတစ်အုပ် ပေးတယ်။ နောက်ပိုင်း၊ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ကို ရောက်တော့ လမ်းမီးတိုင်အောက်မှာ ကျွန်တော် ကျမ်းစာဖတ်နေတာ သက်သေခံတစ်ယောက် တွေ့သွားပြီး ထပ်လေ့လာသင်ယူဖို့ ကူညီပေးတယ်။ အဲဒီနောက် အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့ကို ရောက်တော့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို ရှာပြီး သွားတယ်။ အဲဒီမှာ အတွေ့အကြုံရှိ ညီအစ်ကို အာသာ မက်သရူးနဲ့ ဆုံတယ်။ ကျမ်းစာသင်ပေးဖို့ ကျွန်တော် တောင်းဆိုတော့ သူ သဘောတူတယ်။
သက်သေခံတွေ ထုတ်တဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ သဲသဲမဲမဲ ဖတ်တယ်။ ကျမ်းစာလည်း ဖတ်တာပေါ့။ စိတ်လှုပ်ရှားစရာပါပဲ။ ‘ဆင်းရဲဒုက္ခတွေ ဘာကြောင့် များနေရသလဲ၊ ဘုရား ဘယ်သူလဲ၊ လူသေရင် ဘာဖြစ်သွားသလဲ’ စတဲ့ ပညာတတ်တွေ ရာစုနှစ်ချီ ကြိုးစားရှာဖွေနေတဲ့ မေးခွန်းတွေရဲ့ အဖြေကို အသင်းတော် အစည်းအဝေးမှာ ကလေးတွေတောင် လက်ထောင် ဖြေနေကြတာ။ သက်သေခံတွေနဲ့ပဲ ကျွန်တော် ပေါင်းဖြစ်တော့တယ်။ တစ်တိုင်းပြည်လုံးမှာ ကိုယ်နဲ့ သိတဲ့ လူခံလည်း မရှိတော့ သက်သေခံတွေနဲ့ ပိုပေါင်းဖြစ်သွားတာပေါ့။ ကျွန်တော် ယေဟောဝါကို ချစ်လာဖို့၊ အလိုတော် ဆောင်ချင်စိတ် ပေါ်လာဖို့ သူတို့ ကူညီပေးကြတယ်။
နီဂျဲလ်၊ ဒန်းနစ်နဲ့ ကျွန်တော်
၁၉၇၂ မှာ ကျွန်တော် နှစ်ခြင်းခံတယ်။ တစ်နှစ်ကြာတော့ ရှေ့ဆောင် စလုပ်တယ်။ အိုင်ယာလန် မြောက်ပိုင်း၊ နယူရီမြို့က အသင်းတော်ငယ်လေးနဲ့ ပူးပေါင်းတယ်။ တောင်စောင်းက ကျောက်တုံးအိမ်လေးမှာ ငှားနေတယ်။ အိမ်နားမှာ နွားစားကျက် ရှိတယ်။ နွားတွေရှေ့မှာ ကျွန်တော် ဟောပြောချက် လေ့ကျင့်တယ်။ မြက်စားရင်း အာရုံစိုက် နားထောင်ကြပုံပါပဲ။ ဘာအကြံဉာဏ်မှတော့ မပေးကြပေမဲ့ ပရိတ်သတ်နဲ့ ဘယ်လို ကြည့်မြင်ဆက်သွယ်ရမယ်ဆိုတာ ကျွန်တော် သိလာတယ်။ ၁၉၇၄ မှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ နီဂျဲလ် ပစ်နဲ့ တွဲရတယ်။ ကျွန်တော်တို့ မိတ်ဆွေကောင်းတွေ ဖြစ်လာကြတယ်။
အဲဒီတုန်းက အိုင်ယာလန် မြောက်ပိုင်းမှာ ပဋိပက္ခတွေ အများကြီးပဲ။ ဒါကြောင့် “ဗုံးနဲ့ ကျည်ဆန် တိုင်းပြည်” လို့ ခေါ်ကြတယ်။ လမ်းပေါ်ရန်ပွဲတွေ၊ ပစ်ခတ်မှုတွေ၊ စနိုက်ပါ တိုက်ခိုက်မှုတွေ၊ ကားဗုံး ဖောက်ခွဲမှုတွေ မကြာမကြာ ဖြစ်တယ်။ နိုင်ငံရေး၊ ဘာသာရေး ပဋိပက္ခတွေပေါ့။ ဒါပေမဲ့ နိုင်ငံရေးမှာ သက်သေခံတွေ ဘယ်ဘက်မှ မပါဘူးဆိုတာ ပရိုတက်စတင့်နဲ့ ကက်သလစ်တွေ အသိအမှတ်ပြုကြလို့ လွတ်လွတ်လပ်လပ်၊ ဘေးကင်းကင်း ဟောပြောနိုင်ခဲ့ကြတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ အကြမ်းဖက်မှု ဖြစ်မယ်ဆိုတာ အိမ်ရှင်တွေ သိနေတတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရှောင်နိုင်အောင် သတိပေးကြတယ်။
ဒါပေမဲ့ အန္တရာယ် ရှိတဲ့ အခြေအနေတွေလည်း ကြုံရတယ်။ တစ်ရက်၊ သက်သေခံ မရှိတဲ့ အနီးအနားက မြို့လေးမှာ ရှေ့ဆောင် ဒန်းနစ် ကယ်ရီဂန်နဲ့ ကျွန်တော် ဟောပြောနေကြတယ်။ အရင်က အဲဒီကို တစ်ခေါက်ပဲ ရောက်ဖူးတာ။ အိုင်းရစ်စကား မပီတဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံးကို ဗြိတိသျှ သူလျှိုတွေပါဆိုပြီး အမျိုးသမီး တစ်ယောက် စွပ်စွဲပါလေရော။ ကျွန်တော်တို့ လန့်သွားတာပေါ့။ စစ်သားတွေနဲ့ ဖက်လဲတကင်း စကားပြောမိရုံနဲ့တင် အသတ်ခံရ၊ ဒူးခေါင်းကို သေနတ်နဲ့ အပစ်ခံရနိုင်တဲ့ ကာလကိုး။ ချမ်းချမ်းစီးစီးထဲမှာ ကားရပ်စောင့်နေတုန်း ကျွန်တော်တို့ကို စွပ်စွဲတဲ့ အမျိုးသမီး ရှိတဲ့ ကော်ဖီဆိုင်ရှေ့ ကားတစ်စီး လာရပ်တယ်။ အဲဒီအမျိုးသမီး ထွက်လာပြီး ကျွန်တော်တို့ဘက် လက်ညှိုး တထိုးထိုးနဲ့ ကားထဲက အမျိုးသားနှစ်ယောက်ကို ပြောပြနေတာ။ နောက်တော့ ကျွန်တော်တို့ဘက် ဖြည်းဖြည်းချင်း ကားမောင်းလာပြီး ဘတ်စကား အချိန်တွေ လာမေးတယ်။ ဘတ်စကားလည်း ရောက်ရော ကားဒရိုင်ဘာနဲ့ သူတို့ စကားပြောကြတယ်။ ကြားတော့ မကြားရဘူး။ ကားပေါ်မှာလည်း တခြားခရီးသည်တွေ မရှိတော့ ကျွန်တော်တို့ကို မြို့ပြင် ခေါ်ထုတ်ပြီး ရှင်းပစ်ဖို့ စီစဉ်နေတာများလားလို့ စိုးရိမ်သွားတယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့ပါဘူး။ ကားပေါ်ကနေ ဆင်းတော့ “ခုနက လူတွေ ကျွန်တော်တို့အကြောင်း မေးနေတာလား” လို့ ကားဒရိုင်ဘာကို မေးကြည့်တယ်။ “ခင်ဗျားတို့ ဘယ်သူမှန်း ကျွန်တော် သိပါတယ်။ အဲဒါကြောင့် ပြောပြလိုက်ပြီ။ မစိုးရိမ်နဲ့။ ဘာမှ မဖြစ်ဘူး” လို့ သူ ပြန်ဖြေတယ်။
၁၉၇၇၊ မတ်လ၊ ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့
၁၉၇၆၊ ဒပ်ဘလင်မြို့ ခရိုင်အစည်းအဝေးမှာ အင်္ဂလန်ကနေ လာလည်တဲ့ အထူးရှေ့ဆောင် ပေါ်လင်း လိုမတ်နဲ့ ဆုံတယ်။ ပေါ်လင်း က ဘုရားရေးရာစိတ် ရှိတယ်။ နှိမ့်ချတယ်။ ချစ်စရာကောင်းတယ်။ သူနဲ့ သူ့မောင် ရေးက အမှန်တရားထဲမှာ ကြီးပြင်းလာကြတာ။ တစ်နှစ်ကြာပြီးနောက် ပေါ်လင်းနဲ့ ကျွန်တော် လက်ထပ်လိုက်တယ်။ အိုင်ယာလန် မြောက်ပိုင်း၊ ဘယ်လီမီနာမှာ အထူးရှေ့ဆောင် ဆက်လုပ်ကြတယ်။
တိုက်နယ်လုပ်ငန်းမှာ ပါဝင်နေတုန်း ဘဲဖတ်စ်၊ လန်ဒန်ဒရီနဲ့ အန္တရာယ် ရှိတဲ့ ဒေသတွေမှာ အမှုဆောင်ကြရတယ်။ အမြစ်စွဲနေတဲ့ ဘာသာရေး ယုံကြည်ချက်၊ တစ်ဖက်သတ် အစွဲ၊ မုန်းတီးမှုတွေကို စွန့်ပစ်ပြီး ယေဟောဝါကို ဝတ်ပြုနေကြတဲ့ ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို မြင်တွေ့ရတာ အားရှိစရာပါပဲ။ သူတို့ကို ယေဟောဝါ ကောင်းချီးပေးပြီး ကာကွယ်စောင့်ရှောက်တယ်။
အိုင်ယာလန်မှာ ဆယ်နှစ်လောက် ကျွန်တော် နေခဲ့တယ်။ ၁၉၈၁ မှာ ၇၂ ကြိမ်မြောက် ဂိလဒ် သင်တန်း တက်ဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ခံရတယ်။ သင်တန်းဆင်းတော့ အာဖရိက အနောက်ပိုင်း၊ ဆီရာလီယွန်မှာ တာဝန်ကျတယ်။
ဆီရာလီယွန်က ညီအစ်ကိုတွေ ဆင်းရဲပေမဲ့ သစ္စာရှိ
လူ ၁၁ ယောက် ရှိတဲ့ သာသနာပြုအိမ်မှာ ကျွန်တော်တို့ နေကြတယ်။ မီးဖိုချောင် တစ်ခု၊ အိမ်သာ သုံးလုံး၊ ရေချိုးခန်း နှစ်ခန်း၊ တယ်လီဖုန်း တစ်လုံး၊ အဝတ်လျှော်စက် တစ်ခု၊ အဝတ်ခြောက်စက် တစ်ခု မျှသုံးကြရတယ်။ မထင်ရင် မထင်သလို မီးပျက်တတ်တယ်။ မျက်နှာကြက်မှာ ကြွက်တွေ အပြည့်ပဲ။ မြေအောက်ခန်းကိုလည်း မြွေဟောက်တွေ ဝင်လာတတ်တယ်။
အိမ်နီးချင်းနိုင်ငံ ဂီနီမှာ အစည်းအဝေးကြီး သွားတက်ဖို့ မြစ်ကူးနေ
လူနေမှု အဆင့်အတန်း နိမ့်ပေမဲ့ အမှုဆောင်ရတာ သိပ်ပျော်ဖို့ကောင်းတယ်။ လူတွေက ကျမ်းစာကို လေးမြတ်ကြတယ်။ ကောင်းကောင်း နားထောင်ကြတယ်။ လူအများကြီး အမှန်တရားကို လေ့လာ၊ လက်ခံကြတယ်။ ဒေသခံတွေက ကျွန်တော်တို့ကို “မစ္စတာ ရောဘတ်၊” “မစ္စ ရောဘတ်” လို့ ခေါ်ကြတယ်။ နောက်ပိုင်း၊ ကျွန်တော် ဌာနခွဲရုံးမှာ အလုပ်လုပ်တဲ့အချိန် ပိုများလာလို့ ပေါ်လင်းကိုပဲ အတွေ့များလာတဲ့အခါမှာတော့ ပေါ်လင်းနာမည်နဲ့ တပ်ပြီး “မစ္စတာ ပေါ်လင်း၊” “မစ္စ ပေါ်လင်း” လို့ ခေါ်လာကြတယ်။ အဲဒီလို ခေါ်တာကို ပေါ်လင်း ကြိုက်တယ်။
ဆီရာလီယွန်မှာ ဟောပြောခြင်း ခရီးစဉ်
ညီအစ်ကို/မများစွာဟာ ဆင်းရဲကြပေမဲ့ သူတို့ရဲ့ လိုအပ်ရာတွေကို ယေဟောဝါ အမြဲ ဖြည့်ဆည်းပေးတယ်။ တစ်ခါတလေ ထူးခြားတဲ့နည်းနဲ့ပေါ့။ (မ. ၆:၃၃) မှတ်မိသေးတယ်။ တစ်ခါက ညီအစ်မတစ်ယောက်မှာ သူနဲ့ ကလေးတွေအတွက် တစ်ရက်စာ ဈေးဖိုးပဲ ရှိတော့တာ။ ဒါပေမဲ့ ငှက်ဖျား ဖြစ်နေတဲ့ ညီအစ်ကိုတစ်ယောက် ဆေးဖိုး မရှိလို့ အကုန် ပေးလိုက်တယ်။ အဲဒီနေ့မှာပဲ အမျိုးသမီးတစ်ယောက် ဗြုန်းစားကြီး ရောက်လာပြီး ဆံပင်ညှပ်ပေးခိုင်းတယ်။ ပြီးတော့ ညှပ်ခ ပေးသွားတယ်။ ဒီလို တွေ့ကြုံမှုတွေ အများကြီးပဲ။
နိုင်ဂျီးရီးယားမှာ ယဉ်ကျေးမှုအသစ် သင်ယူခြင်း
ဆီရာလီယွန်မှာ ကိုးနှစ်လောက် နေပြီးနောက် နိုင်ဂျီးရီးယား ဗေသလကို ပြောင်းရတယ်။ ဌာနခွဲရုံးက အကြီးကြီးပဲ။ ဆီရာလီယွန်မှာ လုပ်ရတဲ့ ရုံးအလုပ်ကိုပဲ ကျွန်တော် လုပ်ရတယ်။ ပေါ်လင်းအတွက်တော့ ခက်ခဲတဲ့ အပြောင်းအလဲကြီးပါပဲ။ အရင်တုန်းကဆိုရင် အမှုဆောင်မှာ လတိုင်း နာရီ ၁၃၀ ပါဝင်ခဲ့တာ။ တိုးတက်တဲ့ ကျမ်းစာသင်အံမှုတွေလည်း အများကြီးပဲ။ အခုတော့ စက်ချုပ်ခန်းမှာ အထည်တွေ ပြုပြင်ဖာထေးရတဲ့ အလုပ် လုပ်ရတော့မယ်။ အသားကျဖို့ တော်တော်တော့ အချိန်ယူခဲ့ရတယ်။ သူ လုပ်ပေးတာကို ညီအစ်ကို/မတွေ ကျေးဇူးတင်လေးမြတ်ကြတာ မြင်လာတယ်။ ဗေသလအိမ်သား အချင်းချင်းကို ပေါ်လင်း အမြဲ အခွင့်အရေးရှာ အားပေးတယ်။
နိုင်ဂျီးရီးယား ယဉ်ကျေးမှုက ကျွန်တော်တို့အတွက် အသစ်အဆန်းပဲ။ သင်ယူစရာ အများကြီး ရှိတယ်။ တစ်ခေါက်၊ ဗေသလကို အသစ်ရောက်လာတဲ့ ညီအစ်မနဲ့ မိတ်ဆက်ပေးဖို့ ညီအစ်ကိုတစ်ယောက် ကျွန်တော့်ရုံးခန်းကို လာတယ်။ လက်ဆွဲနှုတ်ဆက်မလို့ လုပ်နေတုန်း အဲဒီညီအစ်မ ကျွန်တော့်ခြေထောက်နားမှာ ပျပ်ဝပ်လိုက်တယ်။ ကျွန်တော် တအား အံ့ဩသွားတယ်။ တမန်တော် ၁၀:၂၅၊ ၂၆ နဲ့ ဗျာဒိတ် ၁၉:၁၀ ခေါင်းထဲ တန်းပေါ်လာတယ်။ ‘ဒီလို မလုပ်ပါနဲ့လို့ ပြောလိုက်ရမလား’ ဆိုပြီး စဉ်းစားမိသေးတယ်။ ဒါပေမဲ့ ဗေသလကို ဖိတ်ခေါ်ခံရမှတော့ ကျမ်းစာ သွန်သင်ချက်ကို သိမှာပဲလို့ တွေးမိလိုက်တယ်။
စကားဆက်ပြောနေပေမဲ့ ကျွန်တော် တော်တော်လေး စနိုးစနောင့် ဖြစ်သွားတယ်။ ရှာဖွေလေ့လာကြည့်တော့မှ နိုင်ငံအတွင်း ဒေသတချို့မှာ ကျင့်သုံးနေဆဲ ဓလေ့အတိုင်း ဒီညီအစ်မ လုပ်ခဲ့မှန်း သိလိုက်ရတယ်။ အမျိုးသားတွေလည်း အဲဒီလိုပဲ ပျပ်ဝပ်ကြတာ။ လေးစားမှု ပြတဲ့ တစ်နည်းပေါ့။ ဝတ်ပြုကိုးကွယ်တာ မဟုတ်ဘူး။ ကျမ်းစာမှာလည်း အဲဒီလို ဥပမာတွေ ရှိတယ်။ (၁ ရှ. ၂၄:၈) ညီအစ်မ စိတ်ထိခိုက်အောင် မပြောမိလို့ တော်သေးတယ်။
နှစ်တွေတစ်လျှောက် ထူးထူးခြားခြား သစ္စာရှိခဲ့တဲ့ နိုင်ဂျီးရီးယား ညီအစ်ကို/မများစွာနဲ့ ဆုံခဲ့ရတယ်။ ညီအစ်ကို အိုက်ဇ်အာရ် အာဒါးဂ်ဘိုန်a အကြောင်း ပြောပြပါရစေ။ လူငယ်ဘဝမှာ သူ အမှန်တရား သိလာတယ်။ နောက်တော့ အနာကြီးရောဂါ ဖြစ်သွားလို့ အနာကြီးရောဂါသည်တွေ နေတဲ့ နေရာကို ပို့ခံရတယ်။ အဲဒီမှာ သက်သေခံဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။ ဆန့်ကျင်မှုတွေ ရှိပေမဲ့ အနာကြီးရောဂါသည် အယောက် ၃၀ ကျော်ကို အမှန်တရား သိလာအောင်၊ အဲဒီမှာ အသင်းတော်တစ်ခု ဖြစ်လာအောင် ကူညီပေးခဲ့တယ်။
ကင်ညာက ညီအစ်ကိုတွေ ကျွန်တော့်ကို စိတ်ရှည်
ကင်ညာမှာ မိဘမဲ့ ကြံ့တစ်ကောင်နဲ့ တွေ့
၁၉၉၆ မှာ ကျွန်တော်တို့ ကင်ညာ ဌာနခွဲမှာ တာဝန်ကျတယ်။ ဆောင်းပါးအစမှာ ပြောခဲ့တဲ့တစ်ခေါက် ပြီးကတည်းက ဦးဆုံးအကြိမ် ပြန်ရောက်တာပါ။ ကျွန်တော်တို့ ဗေသလမှာ နေကြတယ်။ ဗေသလကို လာလည်တဲ့ ဧည့်သည်တွေထဲမှာ ဗာဗတ် မျောက်တွေလည်း ပါတယ်။ အသီး သယ်တဲ့ ညီအစ်မတွေဆီကနေ အသီးတွေ လုစားတတ်ကြတယ်။ တစ်ရက်၊ ညီအစ်မတစ်ယောက် ပြတင်းပေါက် ဖွင့်ထားခဲ့မိတယ်။ အခန်းလည်း ပြန်ရောက်ရော မျောက်မိသားစု တစ်သိုက် ပျော်ပျော်ပါးပါး စားသောက်နေလိုက်ကြတာ။ ညီအစ်မလည်း လန့်၊ မျောက်တွေလည်း လန့်ပြီး ထွက်ပြေးကြပါလေရော။
ကျွန်တော်တို့ ဇနီးမောင်နှံ ဆွာဟီလီ အသင်းတော်နဲ့ ပေါင်းတယ်။ သိပ်မကြာခင်မှာ အသင်းတော် စာအုပ်ကြီးသင်တန်း (အခုအခေါ် အသင်းတော် ကျမ်းစာလေ့လာမှု) ကိုင်ရတယ်။ ဆွာဟီလီစကား ကျွန်တော် ကောင်းကောင်း မတတ်သေးဘူး။ အကြောင်းအရာကို ကြိုလေ့လာတယ်။ ဒါပေမဲ့ မေးခွန်းတွေ ဖတ်နိုင်ရုံလောက် အဆင့်ပဲ ရှိသေးတယ်။ စာပိုဒ်မှာ ရေးထားတာနဲ့ နည်းနည်းလေး ကွဲရင်တောင် ညီအစ်ကို/မတွေ ဘာမှတ်ချက်ပေးမှန်း နားမလည်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး စိတ်ပျက်မိတယ်။ ညီအစ်ကို/မတွေကိုလည်း အားနာမိတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ရှည်မှု၊ နှိမ့်ချမှုကြောင့် ကျွန်တော် စိတ်ထိမိတယ်။
အမေရိကန်က ညီအစ်ကိုတွေ ချမ်းသာပေမဲ့ သစ္စာရှိ
ကင်ညာမှာ တစ်နှစ် မပြည့်လိုက်ဘူး။ ၁၉၉၇ မှာ နယူးယောက်၊ ဘရွတ်ကလင် ဗေသလကို ဖိတ်ခေါ်ခံရတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကို ရောက်လာကြပြီ။ လူတွေ ချမ်းသာကြပြန်တော့လည်း တစ်ဒုက္ခ။ (ပညာ. ၃၀:၈၊ ၉) ဒါပေမဲ့ ဒီလိုနိုင်ငံမှာတောင် ညီအစ်ကို/မတွေ ယုံကြည်ခြင်း ခိုင်မာကြတယ်။ ဇိမ်ကျကျ နေနိုင်ဖို့ မဟုတ်ဘဲ အဖွဲ့အစည်း လုပ်ငန်းကို ထောက်မဖို့ ကိုယ့်အချိန်၊ ပိုင်ဆိုင်ရာတွေ အသုံးပြုကြတယ်။
နှစ်တွေတစ်လျှောက် အခြေအနေ အမျိုးမျိုးကြားက ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို ကျွန်တော်တို့ မြင်တွေ့ခွင့် ရခဲ့ကြတယ်။ ပြည်တွင်းရေး မငြိမ်သက်တဲ့ အိုင်ယာလန်မှာ ဖြစ်ဖြစ်၊ ဆင်းရဲပြီး သက်သေခံ သိပ်မရှိတဲ့ အာဖရိကမှာ ဖြစ်ဖြစ်၊ ချမ်းသာကြွယ်ဝတဲ့ အမေရိကန်မှာ ဖြစ်ဖြစ် ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို တွေ့ခဲ့ရတယ်။ အခြေအနေ အမျိုးမျိုးကြားကနေ ဘုရားကို ချစ်ကြောင်း ပြနေကြတာ မြင်ရလို့ ယေဟောဝါ သိပ်ပျော်ရွှင်မှာပဲ။
ဝေါဝစ် ဗေသလမှာ ပေါ်လင်းနဲ့အတူ
အချိန်ကုန် မြန်လိုက်တာ။ “ရက်ကန်းသမရဲ့ လွန်းထက်တောင် မြန်သေးတယ်။” (ယောဘ ၇:၆) အခု၊ နယူးယောက်၊ ဝေါဝစ် ကမ္ဘာ့ဌာနချုပ်မှာ ကျွန်တော်တို့ အမှုဆောင်နေကြတယ်။ အချင်းချင်း တကယ် ချစ်မြတ်နိုးကြသူတွေနဲ့အတူ ဆက်အမှုဆောင်ခွင့် ရလို့ သိပ်ဝမ်းသာတယ်။ မရေတွက်နိုင်တဲ့ သစ္စာရှိသူတွေကို မကြာခင် ဆုချတော့မယ့် ဘုရင် ခရစ်တော် ယေရှုကို အတတ်နိုင်ဆုံး ထောက်မခွင့် ရနေလို့ ပျော်ရွှင်ကျေနပ်နေကြပါတယ်။—မ. ၂၅:၃၄။
a ၁၉၉၈၊ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင် စာ. ၂၂-၂၇ မှာ အိုက်ဇ်အာရ် အာဒါးဂ်ဘိုန်ရဲ့ ဘဝအတ္ထုပ္ပတ္တိ ပါတယ်။ ၂၀၁၀ မှာ သူ သေဆုံးသွားတယ်။