ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၄ ဇူလိုင် စာ. ၂၆-၂၉
  • အသင်းတော် ပြောင်းတဲ့အခါ နေသားကျဖို့ ဘာက ကူညီပေးမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော် ပြောင်းတဲ့အခါ နေသားကျဖို့ ဘာက ကူညီပေးမလဲ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နေသားကျဖို့ ကူညီပေးမယ့် အချက်လေးချက်
  • “အချင်းချင်းကို ကြိုဆိုလက်ခံကြပါ”
  • ပိုရင့်ကျက်လာဖို့ အခွင့်အရေး
  • သင်ပြောင်းရွှေ့မည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • အသင်းတော်သစ်မှာ နေသားကျအောင် ဘယ်လို လုပ်နိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အသင်းတော်မှာ ကိုယ့်နေရာကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
က၂၄ ဇူလိုင် စာ. ၂၆-၂၉

အသင်းတော် ပြောင်းတဲ့အခါ နေသားကျဖို့ ဘာက ကူညီပေးမလဲ

သင် အသင်းတော် ပြောင်းဖူးသလား။ ပြောင်းဖူးတယ်ဆိုရင် ညီအစ်ကို ဇရောန်း ရှာလေ ပြောသလိုပဲ “မိသားစုဝင် ယောက်တိုင်းရဲ့ ဘုရားရေးရာကို ဂရုစိုက်ရင်း အသင်းတော်အသစ်မှာ နေသားကျဖို့ ကြိုးစားရတာ သိပ်ခက်တယ်” လို့ ခံစားရနိုင်တယ်။ အလုပ်အသစ်၊ နေစရာ နေရာအသစ် ရှာရနိုင်တယ်။ သားသမီးတွေအတွက် ကျောင်းအသစ် ရှာရနိုင်တယ်။ ရာသီဥတု၊ ယဉ်ကျေးမှု၊ အမှုဆောင်ရပ်ကွက်အသစ်နဲ့ အသားကျဖို့ ကြိုးစားရနိုင်တယ်။

နီကိုးလတ်စ်နဲ့ ဆီလင်းရဲ့ အခက်အခဲကျတော့ နောက်တစ်မျိုး။ အသင်းတော် ပြောင်းဖို့ ပြင်သစ်ဌာနခွဲကနေ တာဝန်ရတယ်။ “စစချင်းတော့ ပျော်တာပေါ့။ နောက်တော့ မိတ်ဆွေတွေကို လွမ်းလာတယ်။ အသင်းတော်အသစ်က ညီအစ်ကို/မတွေနဲ့ သိပ်မရင်းနှီးသေးဘူးလေ” လို့ ပြောကြတယ်။a အသင်းတော် ပြောင်းတဲ့အခါ အခက်အခဲတွေ ရှိနိုင်ပေမဲ့ ပျော်အောင်၊ အဆင်ပြေအောင် ဘယ်လို လုပ်နိုင်သလဲ။ တခြားသူတွေကော ဘယ်လို ကူညီပေးနိုင်သလဲ။ အသင်းတော်အသစ်မှာ တခြားသူတွေကို ဘယ်လို အားပေးနိုင်သလဲ။ တခြားသူတွေဆီက ဘယ်လို အားယူနိုင်သလဲ။

နေသားကျဖို့ ကူညီပေးမယ့် အချက်လေးချက်

အထုပ်အပိုး ဖြေလက်စ ခဏရပ်ပြီး ညီအစ်မ ကျမ်းစာဖတ်နေ။

ယေဟောဝါကို အားကိုးပါ

၁။ ယေဟောဝါကို အားကိုးပါ။ (ဆာ. ၃၇:၅) ဂျပန်နိုင်ငံက ညီအစ်မ ခါဇုမိဟာ ခင်ပွန်း အလုပ်နေရာ ပြောင်းသွားလို့ အနှစ် ၂၀ လောက် ပူးပေါင်းခဲ့တဲ့ အသင်းတော်ကနေ ပြောင်းသွားရတယ်။ ဘယ်လိုနည်းနဲ့ “[သူ့] လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်” သလဲ။ “ထိတ်လန့်မိတာ၊ အထီးကျန်မိတာ၊ စိုးရိမ်မိတာ အားလုံး ယေဟောဝါဆီ ရင်ဖွင့်တယ်။ ရင်ဖွင့်လိုက်တဲ့ အချိန်တိုင်း လိုအပ်တဲ့ ခွန်အား ယေဟောဝါ ပေးတယ်” လို့ ပြောတယ်။

ယေဟောဝါကို ဘယ်လို ပိုအားကိုးတတ်လာမလဲ။ အပင်ကြီးထွားဖို့ ရေဓာတ်၊ မြေဆီလွှာ အာဟာရဓာတ် လိုသလိုပဲ ကျွန်တော်တို့ ယုံကြည်ခြင်း ခိုင်ခံ့ဖို့ ပုံဆောင် ရေ၊ အာဟာရ လိုတယ်။ ဘုရားအလိုဆောင်ဖို့ အများကြီး ကိုယ်ကျိုးစွန့်ခဲ့သူတွေအကြောင်း တွေးတောဆင်ခြင်နိုင်တယ်။ ဥပမာ၊ အာဗြဟံ၊ ယေရှု၊ ပေါလုတို့အကြောင်း တွေးတောတာက ကိုယ့်ကို ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ပိုစိတ်ချလာစေမှန်း အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ နီကိုးလတ်စ် သတိထားမိတယ်။ ဒါ့အပြင် ကိုယ်ပိုင်လေ့လာမှု မှန်မှန် လုပ်တာက ဘဝအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားစေနိုင်တယ်။ အသင်းတော်အသစ်က ညီအစ်ကို/မတွေကို အားပေးရာမှာ သုံးနိုင်တဲ့ အကြောင်းအရာတွေ သိလာစေတယ်။

အစည်းအဝေးခန်းမမှာ အသံပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဘာတွေ ဘယ်လို လုပ်ရကြောင်း ညီအစ်ကိုငယ်နှစ်ယောက် ရှင်းပြတာကို အကြီးအကဲ နားထောင်နေ။

မနှိုင်းယှဉ်ပါနဲ့

၂။ မနှိုင်းယှဉ်ပါနဲ့။ (ဒေ. ၇:၁၀) ဘီနင်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ညီအစ်ကို ဇူအယ် ပြောင်းလာချိန်မှာ ယဉ်ကျေးမှု အကြီးအကျယ် ကွာဟတဲ့ဒဏ် ခံရတယ်။ “တွေ့ဆုံရသမျှ လူတိုင်းကို ကိုယ့်အကြောင်း အစကနေ အဆုံး ပြောပြနေရတော့တာပဲ” လို့ ပြောတယ်။ ကိုယ့်အကြောင်း အဲဒီလိုပြောပြတတ်တဲ့ အကျင့် မရှိတော့ အသင်းတော်အသစ်က ညီအစ်ကို/မတွေနဲ့ ဇူအယ် ခပ်တန်းတန်း နေလိုက်တယ်။ ညီအစ်ကို/မတွေနဲ့ ခင်သွားပြီးနောက်တော့ ခံစားချက် ပြောင်းသွားတယ်။ “ကမ္ဘာ့ ဘယ်ဒေသမှာပဲ နေနေ လူလူချင်း အတူတူပါပဲ။ ပြောဆိုပြုမူပုံ ကွာသွားတာလေးပဲ ရှိတာ။ လူတွေကို အရှိအတိုင်း လက်ခံပေးတတ်ဖို့ သိပ်အရေးကြီးတယ်ဆိုတာ သဘောပေါက်သွားပါပြီ” လို့ ပြောတယ်။ ဒါကြောင့် လက်ရှိ အသင်းတော်နဲ့ အရင် အသင်းတော်ကို မနှိုင်းယှဉ်ပါနဲ့။ ရှေ့ဆောင် ညီအစ်မ အန်းလဇ် ပြောသလိုပဲ “အသစ်အသစ်တွေ ရှာဖွေဖို့ ပြောင်းလာခဲ့တာလေ။ ထားခဲ့တာနဲ့ တစ်ထပ်တည်း တူတာတွေ လိုက်ရှာဖို့မှ မဟုတ်တာ။”

အကြီးအကဲတွေလည်း လက်ရှိ အသင်းတော်နဲ့ အရင် အသင်းတော်ကို မနှိုင်းယှဉ်သင့်ဘူး။ လုပ်ပုံလုပ်နည်းတွေ မတူတာနဲ့ပဲ မှားနေတာ မဟုတ်ဘူး။ အကြံမပေးခင် ဒေသအခြေအနေ သိအောင် လုပ်တာ ပညာရှိရာရောက်တယ်။ (ဒေ. ၃:၁၊ ၇ခ) ကိုယ်တွေးသလို တွေးဖို့ ညီအစ်ကို/မတွေကို ဖိအားပေးမယ့်အစား စံနမူနာနဲ့ သင်ပေးတာ ပိုကောင်းပါတယ်။—၂ ကော. ၁:၂၄။

အစည်းအဝေးခန်းမ ပြတင်းပေါက်ကို ညီအစ်ကိုနှစ်ယောက် သန့်ရှင်းရေး လုပ်နေ။

ထဲထဲဝင်ဝင် ပါဝင်ပါ

၃။ ထဲထဲဝင်ဝင် ပါဝင်ပါ။ (ဖိ. ၁:၂၇) အပြောင်းအရွှေ့ကာလမှာ အချိန်ကုန် လူပင်ပန်းတယ်။ ဒါပေမဲ့ မြန်နိုင်သမျှ မြန်မြန် အသင်းတော်အသစ်မှာ အစည်းအဝေး သွားတက်ပါ။ ဖြစ်နိုင်ရင် လူကိုယ်တိုင် သွားတက်ပါ။ အသင်းတော်အသစ်က ညီအစ်ကို/မတွေ ကိုယ့်ကို တစ်ခါမှ မတွေ့ဘူး ဒါမှမဟုတ် သိပ်မတွေ့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ကူညီပေးတတ်မလဲ။ တောင်အာဖရိက,က မြို့ကြီးတစ်မြို့ကို သမီးနှစ်ယောက်နဲ့အတူ ပြောင်းသွားတဲ့ ညီအစ်မ လူဇင်ဒါ ဒီလိုပြောတယ်– “မိတ်ဆွေတွေ အကြံပေးတဲ့အတိုင်း အသင်းတော်အသစ်က ညီအစ်ကို/မတွေနဲ့ ခင်ခင်မင်မင် နေတယ်၊ တွဲအမှုဆောင်တယ်၊ အစည်းအဝေးမှာ မှတ်ချက်ပေးတယ်။ လယ်ကွင်း စုဆုံမှုတွေအတွက် ကျွန်မတို့အိမ်ကို ပေးသုံးတယ်။”

ညီအစ်ကို/မတွေနဲ့ အသင်းတော် အစီအစဉ်တွေမှာ “တညီတညွတ်တည်း ကြိုးစား” တာက ကိုယ်တိုင်နဲ့ တခြားသူတွေကို ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။ အသင်းတော်အသစ်က ညီအစ်ကို/မ ယောက်တိုင်းနဲ့ တွဲအမှုဆောင်ဖို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အန်းလဇ်ကို အကြီးအကဲတွေ အားပေးကြတယ်။ ဘာရလဒ် ရသလဲ။ “ဒါ နေသားကျဖို့ နည်းလမ်းကောင်း ဖြစ်မှန်း သဘောပေါက်သွားတယ်” လို့ အန်းလဇ် ပြောတယ်။ အစည်းအဝေးခန်းမ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ ကူညီပေးတာကလည်း ကိုယ့်အသင်းတော်လို သဘောထားနေပြီဆိုတာ ပြတာပဲ။ အသင်းတော်မှာ ထဲထဲဝင်ဝင် ပါဝင်လေ ကိုယ့်ကို ညီအစ်ကို/မတွေ ပိုခင်လေ၊ ကိုယ်လည်း သူတို့ကို မိသားစုလို ခံစားရလေ ဖြစ်လာမယ်။

မောင်နှံနှစ်စုံ အတူစားသောက်နေကြ။

မိတ်ဆွေသစ် ဖွဲ့ပါ

၄။ မိတ်ဆွေသစ် ဖွဲ့ပါ။ (၂ ကော. ၆:၁၁-၁၃) လူတွေကို စိတ်ဝင်တစား ရှိတာဟာ မိတ်ဖွဲ့ဖို့ အကောင်းဆုံးနည်းပဲ။ ဒါကြောင့် အစည်းအဝေး မစခင်နဲ့ အစည်းအဝေးအပြီးမှာ တခြားသူတွေနဲ့ စကားပြောဖို့၊ မိတ်ဖွဲ့ဖို့ အချိန်ယူပါ။ နာမည်တွေ မှတ်မိဖို့ ကြိုးစားပါ။ နာမည်တွေ မှတ်မိရင်၊ ဖော်ရွေရင် ကိုယ့်ကို ခင်လာကြမယ်။ မိတ်ဆွေတွေ ဖြစ်လာကြမယ်။

ခင်စရာကောင်းအောင် အတင်း လုပ်ယူပြီး နေပြမယ့်အစား ကိုယ့်ကို ညီအစ်ကို/မတွေ အရှိအတိုင်း သိလာပါစေ။ “ကိုယ့်ဘက်က စပြီး တခြားသူတွေကို အိမ်အလည်ခေါ်တယ်။ အခုဆိုရင် သိပ်ခင်ရတဲ့ မိတ်ဆွေတွေ ရှိနေပြီ” လို့ လူဇင်ဒါ ပြောတယ်။

“အချင်းချင်းကို ကြိုဆိုလက်ခံကြပါ”

ကိုယ်နဲ့ မရင်းနှီးသူတွေ ပြည့်နေတဲ့ အစည်းအဝေးခန်းမထဲ ဝင်ဖို့ တချို့ ရှိန်နေနိုင်တယ်။ ကိုယ့်အသင်းတော်ကို ပြောင်းလာသူတွေ နေရမခက်အောင် ဘာလုပ်နိုင်သလဲ။ “ခရစ်တော်က . . . ကျွန်တော်တို့ကို ကြိုဆိုလက်ခံခဲ့သလို အချင်းချင်းကို ကြိုဆိုလက်ခံကြပါ” လို့ တမန်တော် ပေါလု အားပေးတယ်။ (ရော. ၁၅:၇) ခရစ်တော်ကို အတုယူပြီး အကြီးအကဲတွေဟာ ပြောင်းလာခါစ ညီအစ်ကို/မတွေ ကြိုဆိုခံရတယ်လို့ ခံစားရအောင် လုပ်သင့်တယ်။ (“အပြောင်းအရွှေ့ကာလမှာ အဆင်ပြေဖို့ ကူညီပေးမယ့်အရာများ” လေးထောင့်ကွက်ကို ကြည့်ပါ။) ဒါပေမဲ့ ကလေးတွေ အပါအဝင် အသင်းတော်မှာ ရှိသူတိုင်း ပြောင်းလာခါစ ညီအစ်ကို/မတွေနဲ့ ရင်းနှီးအောင် လုပ်နိုင်ပါတယ်။

အပြောင်းအရွှေ့ကာလမှာ အဆင်ပြေဖို့ ကူညီပေးမယ့်အရာများ

သင် လုပ်သင့်ရာ။ မပြောင်းခင်ကတည်းက လက်ရှိ အသင်းတော်က အကြီးအကဲတွေနဲ့ကော ပြောင်းမယ့် အသင်းတော်က အကြီးအကဲတွေနဲ့ပါ ဆက်သွယ်ပါ။ ပြောင်းဖို့ စီစဉ်ထားတဲ့ ရက်၊ လိပ်စာအသစ်၊ ဆက်သွယ်ရမယ့် အချက်အလက်တွေ ပြောပြပါ။ အစည်းအဝေးခန်းမ နေရာ၊ အစည်းအဝေးအချိန် သေသေချာချာ သိအောင် လုပ်ပါ။ အစည်းအဝေး ဦးဆုံး သွားတက်တဲ့အခါ အကြီးအကဲတွေ၊ ညီအစ်ကို/မတွေနဲ့ မိတ်ဆက်ပါ။

အကြီးအကဲတွေ လုပ်သင့်ရာ။ အရင် အသင်းတော်က အသင်းတော် အတွင်းရေးမှူးဟာ အသင်းတော်အသစ်ဆီ မိတ်ဆက်စာနဲ့ အသင်းတော် ကြေညာသူ မှတ်တမ်း ကတ် ချက်ချင်း ပို့သင့်တယ်။ အသင်းတော်အသစ်က အသင်းတော် လုပ်ငန်းတော် ကော်မတီဟာ ပြောင်းလာသူတွေကို အမှုဆောင်အုပ်စုတစ်စုထဲ ချက်ချင်း ထည့်ပေးသင့်တယ်။ သူတို့ဆီ အုပ်စုကြီးကြပ်မှူး သွားလည်ပတ်ပြီး အားပေးနိုင်ရင် သိပ်ကောင်းပါတယ်။

ကြိုဆိုလက်ခံတယ်လို့ ပြောတဲ့အခါ အိမ်အလည်ခေါ်တာ ပါသလို လက်တွေ့ကျကျ ကူညီတာလည်း ပါတယ်။ ညီအစ်မတစ်ယောက်ဆိုရင် ပြောင်းလာခါစ ညီအစ်မကို အချိန်ပေးပြီး မြို့တစ်ပတ် လိုက်ပြတယ်။ ဘတ်စကား၊ ရထား ဘယ်လို စီးရမလဲ လိုက်ပြတယ်။ ညီအစ်မ ကူညီပေးလို့ ပြောင်းလာခါစ ညီအစ်မ စိတ်ထိမိသွားတယ်။ နေရာသစ်မှာ နေသားကျလာတယ်။

ပိုရင့်ကျက်လာဖို့ အခွင့်အရေး

ငှက်လေးတွေ အပျံသင်ခါစမှာ အသိုက်ကနေ ထွက်ဖို့ ကြောက်နေနိုင်တယ်။ ဒါပေမဲ့ အရဲစွန့်ပြီး တစ်ခါ ပျံပြီးသွားရင်တော့ တဖြည်းဖြည်း မြင့်သည်ထက် မြင့်အောင် ပျံသန်းနိုင်လာတယ်။ အဲဒီလိုပဲ အသင်းတော် ပြောင်းတဲ့အခါ စိုးရိမ်မိတာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ကြောက်စိတ် ဖျောက်နိုင်ပြီဆိုရင်တော့ ယေဟောဝါရဲ့ အမှုဆောင်လုပ်ငန်းမှာ ပုံဆောင်သဘောနဲ့ ပျံသန်းနိုင်လာမယ်။ “နေရာတစ်ခုကို ပြောင်းတာဟာ သိပ်ကောင်းတဲ့ လေ့ကျင့်မှုတစ်မျိုးပဲ။ လူသစ်၊ နေရာသစ်နဲ့ အသားကျဖို့ အရည်အသွေးသစ်တွေ ရှိလာအောင် လုပ်ခဲ့ရတယ်” လို့ နီကိုးလတ်စ်နဲ့ ဆီလင်း ပြောတယ်။ မိသားစုလိုက် အကျိုးရခဲ့ပုံနဲ့ပတ်သက်ပြီး အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဇရောန်း ရှာလေ ဒီလိုပြောတယ်– “အသင်းတော်အသစ် ရောက်တော့ အပြောင်းအလဲတွေကြောင့် ကျွန်တော်တို့သားသမီးတွေ ပိုရင့်ကျက်လာတယ်။ ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်။ လအနည်းငယ်အတွင်းမှာပဲ သမီးလေးက ကြားရက်အစည်းအဝေးမှာ တာဝန်တွေ ရလာတယ်။ သားလေးက နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ ဖြစ်လာတယ်။”

ပိုလိုအပ်တဲ့ ဒေသကို ပြောင်းဖို့ အခြေအနေ မပေးရင်ကော။ ဒီဆောင်းပါးမှာ ပါတဲ့ အကြံပြုချက်တချို့အတိုင်း လက်ရှိ အသင်းတော်မှာပဲ စိတ်သစ်လူသစ်နဲ့ ပါဝင်ကြည့်ပါ။ ယေဟောဝါကို အားကိုးပါ။ အသင်းတော်မှာ ထဲထဲဝင်ဝင် ပါဝင်ပါ။ ညီအစ်ကို/မတွေနဲ့ တွဲအမှုဆောင်ဖို့ စီစဉ်ပါ။ မိတ်ဆွေသစ် ဖွဲ့ပါ။ ခင်ပြီးသားသူတွေအတွက် ပိုကောင်းတဲ့ မိတ်ဆွေ ဖြစ်အောင် လုပ်ပါ။ လူသစ်တွေ၊ အကူအညီ လိုသူတွေကို ကိုယ့်ဘက်က အစပြုပြီး လက်တွေ့ကျကျ ကူညီပါ။ မေတ္တာဟာ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသား ဖြစ်လို့ တခြားသူတွေကို မေတ္တာပြတဲ့အခါ ယေဟောဝါနဲ့ သင် ပိုရင်းနှီးလာမယ်။ (ယော. ၁၃:၃၅) “အဲဒီလိုပူဇော်သက္ကာတွေကို ဘုရားသခင် နှစ်သက်တယ်” ဆိုတာ စိတ်ချနိုင်ပါတယ်။—ဟီ. ၁၃:၁၆။

အခက်အခဲတွေ ရှိပေမဲ့ အသင်းတော် ပြောင်းသွားတဲ့ ညီအစ်ကို/မများစွာဟာ ပျော်နေကြတယ်၊ အဆင်ပြေကြတယ်။ သင်လည်း ပျော်နိုင်ပါတယ်၊ အဆင်ပြေနိုင်ပါတယ်။ “အသင်းတော် ပြောင်းတာက ကျွန်မနှလုံးသားကို ကျယ်ကျယ် ဖွင့်ထားဖို့ ကူညီပေးတယ်” လို့ အန်းလဇ် ပြောတယ်။ “အသင်းတော် ပြောင်းတဲ့အခါ ယေဟောဝါရဲ့ အကူအညီကို တစ်ခါနဲ့မှ မတူတဲ့ နည်းနဲ့ ခံစားရနိုင်တယ်” ဆိုတာ ခါဇုမိ သိသွားပြီ။ “မိတ်ဆွေသစ်တွေ ဖွဲ့ထားလို့ နေရာသစ်က ကိုယ့်နေရာလို ဖြစ်နေပြီ။ အသင်းတော်အသစ်မှာ အသားကျနေပြီ။ ခွဲတောင် မခွဲနိုင်တော့ဘူး” လို့ ဇူအယ်လည်း ပြောတယ်။

a ၁၉၉၄၊ မေ ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “ဘုရားသခင်၏လုပ်ငန်းတော်၌ အိမ်ကိုလွမ်းခြင်းအားရင်ဆိုင်ဖြေရှင်းခြင်း” ဆောင်းပါးမှာ အကြံပြုချက်တွေ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ