စစ်မက်ပဋိပက္ခရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ
“ဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက်ပိုင်း ကမ္ဘာပေါ်မှာ စစ်မက်ပဋိပက္ခ အများဆုံးအချိန်ဟာ အခုအချိန်ပဲ။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံ ဖြစ်တဲ့ လူသန်းနှစ်ထောင်ဟာ စစ်ဘေးသင့်ဒေသတွေမှာ နေထိုင်ကြရတယ်။”
ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် အမီနာ ဂျိန်း မိုဟာမက်၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။
လောလောဆယ် အေးချမ်းပါတယ်ဆိုတဲ့ ဒေသတွေမှာတောင် အချိန်မရွေး စစ်ထဖြစ်နိုင်တယ်။ ကမ္ဘာဟာ ရွာကြီးတစ်ရွာလို ဖြစ်လာတဲ့အတွက် တစ်နေရာမှာ စစ်ဖြစ်ရင် တခြားနေရာတွေကိုပါ တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိခိုက်နိုင်တယ်။ စစ်ပြီးသွားရင်တောင် နောက်ဆက်တွဲဆိုးကျိုးတွေ အချိန်အတော်ကြာတဲ့အထိ ရှိနိုင်တယ်။ နောက်ဆက်တွဲဆိုးကျိုးတချို့ကို သုံးသပ်ကြည့်ပါ–
အစားအသောက် ရှားပါးမှု။ “ကမ္ဘာပေါ်မှာ မဝရေစာ စားနေရသူ ၇၀ ရာခိုင်နှုန်းဟာ စစ်ဘေးသင့်ဒေသတွေမှာ နေထိုင်နေကြတာ။ ဒါကြောင့် လူတွေ ငတ်မွတ်နေရတဲ့ အဓိက အကြောင်းရင်းက စစ်ပဲ” လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ပြန်တယ်။
စိတ်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး ပြဿနာ။ စစ်ဖြစ်မယ့် အရိပ်အယောင် တွေ့ရရင်ကို ပြည်သူတွေခမျာ စိတ်ဖိစီးလာကြတယ်၊ စိုးရိမ်သောကရောက်ကြတယ်။ စစ်ဖြစ်တဲ့ ဒေသမှာ နေထိုင်သူတွေဆိုရင် ကိုယ်ခန္ဓာ ထိခိုက်နိုင်ချေ များသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ချေလည်း များတယ်။ ထိခိုက်နိုင်ချေ များသလောက် ဆေးကုသမှု ခံယူနိုင်တဲ့ အခွင့်အလမ်းကတော့ တော်တော်နည်းတယ်။
အိုးအိမ်စွန့်ခွာရမှု။ ၂၀၂၃၊ စက်တင်ဘာလ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း အိုးအိမ်စွန့်ခွာရသူ ၁၁၄ သန်းကျော် ရှိတယ်။ အဓိကကတော့ စစ်မက်ပဋိပက္ခကြောင့်ပါ။
စီးပွားရေး ကျဆင်းမှု။ စစ်ဖြစ်တဲ့အခါ စီးပွားရေး ကျဆင်းလာနိုင်တယ်။ ကုန်ဈေးနှုန်း မြင့်တက်လာနိုင်တယ်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး ဝန်ဆောင်မှုအတွက် သုံးမယ့် ငွေတွေ စစ်အသုံးစရိတ် ဖြစ်သွားတဲ့အခါ နစ်နာရတာ ပြည်သူတွေပါပဲ။ စစ်ပြီးသွားရင်လည်း ပြန်လည်ထူထောင်ရေးအတွက် အကုန်အကျက မနည်းဘူး။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု။ ကျွန်တော်တို့ မှီတင်းနေထိုင်တဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတဲ့အခါ သိပ်ဒုက္ခရောက်တယ်။ ရေထု၊ လေထု၊ မြေထု ညစ်ညမ်းမှုကြောင့် အချိန်အတော်ကြာတဲ့အထိ ကျန်းမာရေး ထိခိုက်နိုင်တယ်။ စစ်ပြီးသွားတာတောင် မြေမြှုပ်မိုင်း နင်းမိနိုင်တဲ့ အန္တရာယ်တွေ ရှိသေးတယ်။
စစ်ကြောင့် အပျက်အစီး၊ အဆုံးအရှုံး များတာ ထင်ရှားပါတယ်။