လေ့လာရန် ဆောင်းပါး ၈
သီချင်း ၁၃၀ ခွင့်လွှတ်တတ်ကြပါ
ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ဘယ်လို အတုယူနိုင်သလဲ
“ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ။”—ကော. ၃:၁၃။
အာရုံစိုက်ရာ
ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်ထားသူကို ခွင့်လွှတ်နိုင်ဖို့ ကူညီပေးမယ့် လက်တွေ့ကျ အချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
၁-၂။ (က) ခွင့်လွှတ်ဖို့ အထူးသဖြင့် ဘယ်အချိန်မှာ ခက်နိုင်သလဲ။ (ခ) ခွင့်လွှတ်ကြောင်း ညီအစ်မ ဒန်နိစ် ဘယ်လို ပြသလဲ။
ခွင့်လွှတ်ဖို့ သင့်အတွက် ခက်သလား။ လူများစွာအတွက် ခက်တယ်။ အထူးသဖြင့် တစ်ယောက်ယောက်ရဲ့ အပြောအဆို၊ လုပ်ရပ်ကြောင့် အကြီးအကျယ် စိတ်ထိခိုက်ရချိန်မှာ ဖြစ်တယ်။ ဒါပေမဲ့ စိတ်မနာဘဲ ခွင့်လွှတ်နိုင်ပါတယ်။ ခွင့်လွှတ်ဖို့ ခက်တဲ့ အခြေအနေမျိုးမှာ ခွင့်လွှတ်ပေးနိုင်ခဲ့တဲ့ ညီအစ်မ ဒန်နိစ်a အကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်အဆောက်အအုံသစ်ကို ၂၀၁၇ ခုနှစ်မှာ မိသားစုနဲ့အတူ သွားလည်တယ်။ အိမ်အပြန်လမ်းမှာ သူတို့ကားကို ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တယ်။ ဒန်နိစ် သတိလစ်သွားတယ်။ သတိရလာတော့ ယာဉ်တိုက်မှုကြောင့် သားသမီးတွေ အကြီးအကျယ် ဒဏ်ရာရပြီး ခင်ပွန်း ဘရိုင်ယန် ဆုံးသွားတယ်ဆိုတာ သိလိုက်ရတယ်။ “စိတ်ထဲ ဆို့နင့်ပြီး ကယောက်ကယက် ဖြစ်သွားတာပဲ” လို့ အဲဒီအကြောင်းကို ပြန်တွေးရင်း ပြောတယ်။ ယာဉ်မောင်း သောက်စားထားလို့၊ မဆင်မခြင် မောင်းလို့ ယာဉ်တိုက်မှု ဖြစ်တာ မဟုတ်မှန်း နောက်ပိုင်း သိလိုက်ရတယ်။ ဒါနဲ့ စိတ်ဖြေနိုင်ဖို့ ယေဟောဝါဘုရားဆီ ဆုတောင်းခဲ့တယ်။
၂ ယာဉ်မောင်း အဖမ်းခံရပြီး လူသေစေမှုနဲ့ တရားစွဲခံရတယ်။ ပြစ်မှုထင်ရှားရင် ထောင်ကျနိုင်တယ်။ ဒါပေမဲ့ ဒန်နိစ်ရဲ့ ထွက်ဆိုချက်ကို အခြေခံပြီး စီရင်ချက် ချမယ်လို့ တရားရုံးက အကြောင်းကြားတယ်။ “ကျွန်မဘဝရဲ့ အဆိုးဆုံးအချိန်အကြောင်း ပြန်ပြောရမှာဆိုတော့ ချုပ်ထားတဲ့ ဒဏ်ရာကို ဆွဲဖွင့်ပြီး ဆားသိပ်လိုက်သလိုပဲ” လို့ ဒန်နိစ် ပြောတယ်။ ကိုယ့်မိသားစုကို အကြီးအကျယ် ထိခိုက်နစ်နာအောင် လုပ်ခဲ့သူရှေ့ သက်သေထွက်ဆိုဖို့ အပတ်အနည်းငယ်အကြာမှာ တရားရုံးကို သွားတယ်။ တရားရုံး ရောက်တော့ ဒန်နိစ် ဘာလုပ်သလဲ။ ယာဉ်မောင်းကို သက်ညှာပေးဖို့ တရားသူကြီးကို တောင်းဆိုလိုက်တယ်။b သူ့စကားလည်း ဆုံးကော တရားသူကြီး ငိုပါလေရော။ “ကျွန်တော် တရားသူကြီး လုပ်သက် ၂၅ နှစ် ရှိပြီ။ တရားခံကို သက်ညှာပေးဖို့ နစ်နာသူ မိသားစုဘက်က တောင်းဆိုတာ၊ မေတ္တာစကား၊ ခွင့်လွှတ်စကား ပြောတာ ကျွန်တော့်တရားခွင်မှာ တစ်ခါမှ မကြားဖူးဘူး” လို့ ပြောတယ်။
၃။ ညီအစ်မ ဒန်နိစ် ဘာကြောင့် ခွင့်လွှတ်နိုင်သလဲ။
၃ ညီအစ်မ ဒန်နိစ် ဘာကြောင့် ခွင့်လွှတ်နိုင်သလဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုအကြောင်း တွေးတောဆင်ခြင်လို့ပါ။ (မိ. ၇:၁၈) ကျွန်တော်တို့လည်း ကိုယ့်ကို ယေဟောဝါ ခွင့်လွှတ်ပေးတာတွေအတွက် ကျေးဇူးတင်လေးမြတ်တယ်ဆိုရင် တခြားသူတွေကို ခွင့်လွှတ်ပေးတတ်လာမယ်။
၄။ ကျွန်တော်တို့ကို ယေဟောဝါ ဘာလုပ်စေချင်သလဲ။ (ဧဖက် ၄:၃၂)
၄ ယေဟောဝါက မိမိလိုပဲ မိမိကျေးကျွန်တွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တတ်စေချင်တယ်။ (ဧဖက် ၄:၃၂ ကို ဖတ်ပါ။) ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်သူတွေကို ခွင့်လွှတ်ဖို့ အသင့်ရှိစေချင်တယ်။ (ဆာ. ၈၆:၅။ လု. ၁၇:၄) ပိုခွင့်လွှတ်တတ်လာဖို့ ကူညီပေးမယ့် အချက်သုံးချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
ဘာမှ မခံစားရသလို မနေပါနဲ့
၅။ ပညာအလိမ္မာ ၁၂:၁၈ အရ ကိုယ့်ကို တစ်ယောက်ယောက် ထိခိုက်နစ်နာအောင် လုပ်တဲ့အခါ ဘယ်လို ခံစားရနိုင်သလဲ။
၅ တစ်ယောက်ယောက်ရဲ့ အပြောအဆို၊ လုပ်ရပ်ကြောင့် ကျွန်တော်တို့ အကြီးအကျယ် စိတ်ထိခိုက်ရနိုင်တယ်။ အထူးသဖြင့် ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်သူဟာ ရင်းနှီးတဲ့ မိတ်ဆွေ၊ မိသားစုဝင် ဖြစ်နေတယ်ဆိုရင်ပေါ့။ (ဆာ. ၅၅:၁၂-၁၄) ဓားနဲ့ အထိုးခံရသလို နာကျင်ခံစားရနိုင်တယ်။ (ပညာအလိမ္မာ ၁၂:၁၈ ကို ဖတ်ပါ။) ခံစားချက်ကို မျိုသိပ်ပြီး ဘာမှ မဖြစ်သလို နေလိုက်မလား။ အဲဒီလိုနေတာက ဒဏ်ရာကို ဓားတန်းလန်းနဲ့ ထားသလိုပဲ။ ဘာမှ မခံစားရသလို နေလိုက်ရုံနဲ့ နာကျင်နေတာ သက်သာသွားမှာ မဟုတ်ဘူး။
၆။ ကိုယ့်ကို တစ်ယောက်ယောက် ထိခိုက်နစ်နာအောင် လုပ်တဲ့အခါ ဘယ်လို တုံ့ပြန်မိနိုင်သလဲ။
၆ ကိုယ့်ကို တစ်ယောက်ယောက် ထိခိုက်နစ်နာအောင် လုပ်တဲ့အခါ ဒေါသ ထောင်းခနဲ ထွက်မိနိုင်တယ်။ ဒါကို ကျမ်းစာ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ဒေါသ သိုမထားဖို့ သတိပေးထားတယ်။ (ဆာ. ၄:၄။ ဧ. ၄:၂၆) ဘာကြောင့်လဲ။ လူတွေဟာ ခံစားရတဲ့အတိုင်း ပြုမူလေ့ရှိလို့ပဲ။ ဒေါသထွက်တာ အကျိုးဖြစ်ခဲတယ်။ (ယာ. ၁:၂၀) ဒေါသထွက်မိတာ သဘာဝ ဆိုပေမဲ့ ဒေါသ သိုထားမလားဆိုတာကိုတော့ ကိုယ်တိုင် ရွေးချယ်နိုင်တယ်။
ဒေါသထွက်မိတာ သဘာဝ ဆိုပေမဲ့ ဒေါသသိုထားမလားဆိုတာကိုတော့ ကိုယ်တိုင် ရွေးချယ်နိုင်
၇။ ကိုယ့်ကို တစ်ယောက်ယောက် စိတ်ထိခိုက်အောင် လုပ်တဲ့အခါ တခြားဘယ်ခံစားချက်တွေ ဝင်လာနိုင်သလဲ။
၇ ကိုယ့်ကို တစ်ယောက်ယောက် စိတ်ထိခိုက်အောင် လုပ်တဲ့အခါ တခြားခံစားချက်တွေလည်း ဝင်လာနိုင်တယ်။ “ငယ်ငယ်တုန်းက ကျွန်မကို ထိန်းတဲ့ ကလေးထိန်း ရှိတယ်။ အမေ့ကို အဖေ ထားခဲ့ပြီး အဲဒီကလေးထိန်းနဲ့ ယူသွားတယ်။ အစွန့်ပစ်ခံတစ်ယောက်လို ကျွန်မ ခံစားရတယ်။ သူတို့ သားသမီးတွေ ရလာတော့ ကျွန်မ အစားထိုးခံလိုက်ရသလိုပဲ။ အပယ်ခံဆိုတဲ့ ခံစားချက်နဲ့ ကြီးလာရတယ်” လို့ ညီအစ်မ အန်း ပြောတယ်။ ခင်ပွန်း သစ္စာဖောက်လို့ အိမ်ထောင်ပျက်သွားတဲ့ ညီအစ်မ ဂျောဂျက်ကော။ “ကျွန်မတို့က ငယ်သူငယ်ချင်းတွေ၊ ရှေ့ဆောင်တွဲဖက်တွေ။ တကယ် ခံစားရတယ်” လို့ ပြောတယ်။ ညီအစ်မ နာအိုမိလည်း ဒီလိုပြောတယ်– “ကျွန်မ စိတ်ထိခိုက်အောင် သူ လုပ်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ သူ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ ကြည့်နေတာကို ဖုံးကွယ်ထားမှန်း ဝန်ခံလာချိန်မှာ ကျွန်မ အလိမ်ခံထားရသလို၊ သစ္စာဖောက်ခံရသလို ခံစားရတယ်။”
၈။ (က) တခြားသူတွေကို ခွင့်လွှတ်သင့်တဲ့ အကြောင်းရင်းတချို့က ဘာတွေလဲ။ (ခ) ခွင့်လွှတ်တဲ့အခါ ကျွန်တော်တို့ ဘာအကျိုးရသလဲ။ (“တစ်ယောက်ယောက်ကြောင့် စိတ်ဒဏ်ရာ ရသွားတဲ့အခါ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၈ တခြားသူတွေရဲ့ အပြောအဆိုနဲ့ လုပ်ရပ်ကို ထိန်းချုပ်လို့မရပေမဲ့ ကိုယ့်တုံ့ပြန်ပုံကိုတော့ ထိန်းချုပ်လို့ရတယ်။ ဘယ်လို တုံ့ပြန်တာ အကောင်းဆုံးလဲ။ ခွင့်လွှတ်တာပါ။ ယေဟောဝါကို ချစ်လို့၊ ယေဟောဝါက ခွင့်လွှတ်စေချင်လို့ ကျွန်တော်တို့ ခွင့်လွှတ်ကြတယ်။ ဒေါသထွက်ပြီး နာကြည်းနေမယ်ဆိုရင် မိုက်မိုက်မဲမဲ ပြုမူမိနိုင်တယ်၊ ကျန်းမာရေး ထိခိုက်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ခွင့်လွှတ်ကြတယ်။ (ပညာ. ၁၄:၁၇၊ ၂၉၊ ၃၀) ညီအစ်မ ခရစ်စတင်းအကြောင်း စဉ်းစားကြည့်ပါ။ “နာကြည်းစိတ် များနေတော့ ကျွန်မ အရယ်အပြုံး နည်းလာတယ်။ ကျန်းမာရေးနဲ့ မညီတာတွေ စားလာတယ်။ အိပ်ရေးမဝတော့ဘူး။ စိတ်ထိန်းဖို့ ပိုခက်လာတယ်။ စိတ်မထိန်းနိုင်တော့ အိမ်ထောင်ရေးကော တခြားသူတွေနဲ့ ဆက်ဆံရေးပါ အဆင်မပြေတော့ဘူး” လို့ ပြောတယ်။
၉။ ဘာကြောင့် နာကြည်းစိတ် ဖျောက်သင့်သလဲ။
၉ ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်တဲ့သူဘက်က မတောင်းပန်ရင်ကော။ အထိအခိုက် နည်းအောင် ကိုယ့်ဘက်က လုပ်နိုင်ပါတယ်။ ဘယ်လို လုပ်နိုင်သလဲ။ “ခင်ပွန်းဟောင်းကို နာကြည်းမနေဖို့၊ ခွင့်လွှတ်ဖို့ တော်တော် အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ ခွင့်လွှတ်လိုက်တော့မှပဲ တကယ် စိတ်အေးချမ်းသွားတယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျောဂျက် ပြောတယ်။ နာကြည်းစိတ်ကို ဖျောက်ပစ်လိုက်တာက လူတစ်ယောက်ကို စိတ်နာတာနဲ့ပဲ တခြားသူတွေကိုပါ လိုက်မမဲမိဖို့ ကူညီပေးတယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုရာရောက်ပြီး ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်စေနိုင်တယ်။ (ပညာ. ၁၁:၁၇) ဒါပေမဲ့ နာကြည်းစိတ်ကို ဖျောက်ဖို့ ခက်နေသေးတယ်ဆိုရင်ကော။
နာကြည်းစိတ်ကို ဖျောက်ပါ
၁၀။ စိတ်ဒဏ်ရာကို ကုစားဖို့ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် အချိန်ပေးသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၀ စိတ်ဒဏ်ရာကို ဘယ်လို ကုစားနိုင်မလဲ။ တစ်နည်းကတော့ စိတ်ဒဏ်ရာ သက်သာလာဖို့ အချိန်ပေးခြင်းပါ။ ကိုယ်ခန္ဓာမှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရသွားသူတစ်ယောက်ဟာ ဆေးကုသမှု ခံယူပြီးနောက်မှာတောင် သက်သာလာဖို့ အချိန်လိုတယ်။ အဲဒီလိုပဲ တစ်ယောက်ယောက်ကို စိတ်ရင်းနဲ့ ခွင့်လွှတ်နိုင်ဖို့ဆိုရင် စိတ်ဒဏ်ရာ သက်သာဖို့ အချိန်လိုနိုင်တယ်။—ဒေ. ၃:၃။ ၁ ပေ. ၁:၂၂။
ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာ ရသွားချိန်မှာလိုပဲ စိတ်ဒဏ်ရာ ရသွားချိန်မှာ သေသေချာချာ ဂရုစိုက်ပေးဖို့၊ ဒဏ်ရာ သက်သာအောင် အချိန်ယူဖို့ လိုအပ် (စာပိုဒ် ၁၀ ကို ကြည့်ပါ)
၁၁။ ဆုတောင်းခြင်းက ခွင့်လွှတ်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၁ ခွင့်လွှတ်ပေးတတ်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။c ဆုတောင်းခြင်းက ဘယ်လို အကူအညီ ဖြစ်စေတယ်ဆိုတာ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အန်း ဒီလိုပြောတယ်– “ကျွန်မတို့ဘက်ကလည်း ပြဿနာ ကိုင်တွယ်ပုံ မှားသွားတာတွေ ရှိတယ်။ အဲဒီအတွက် မိသားစုဝင်တစ်ယောက်ချင်းစီကို ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ ပြီးတဲ့နောက် အဖေနဲ့ မိထွေးကို ကျွန်မ ခွင့်လွှတ်ပါတယ်လို့ စာရေးပြောပြလိုက်တယ်။” အဲဒီလိုခွင့်လွှတ်ဖို့ မလွယ်ကြောင်း အန်း ဝန်ခံတယ်။ ဒါပေမဲ့ “ယေဟောဝါကို အတုယူပြီး ကျွန်မ ခွင့်လွှတ်လိုက်လို့ ယေဟောဝါအကြောင်း အဖေနဲ့ မိထွေး သိချင်လာမယ်လို့ မျှော်လင့်မိပါတယ်” ဆိုပြီး ဆက်ပြောတယ်။
၁၂။ ကိုယ့်ခံစားချက်ကို မဟုတ်ဘဲ ယေဟောဝါကို ဘာကြောင့် ယုံသင့်သလဲ။ (ပညာအလိမ္မာ ၃:၅၊ ၆)
၁၂ ကိုယ့်ခံစားချက်ကို မဟုတ်ဘဲ ယေဟောဝါကို ယုံပါ။ ကိုယ့်ခံစားချက် အမြဲ မှန်မယ်လို့ မထင်ပါနဲ့။ (ပညာအလိမ္မာ ၃:၅၊ ၆ ကို ဖတ်ပါ။) ကျွန်တော်တို့အတွက် ဘာအကောင်းဆုံးလဲဆိုတာ ယေဟောဝါ သိတယ်။ (ဟေရှာ. ၅၅:၈၊ ၉) ကျွန်တော်တို့ အကျိုးပျက်မယ့်အရာ လုပ်ဖို့ ဘယ်တော့မှ မတောင်းဆိုဘူး။ ဒါကြောင့် ခွင့်လွှတ်ပါလို့ တောင်းဆိုတဲ့အခါ ကျွန်တော်တို့အတွက် အကျိုးရှိလို့ဆိုတာ စိတ်ချနိုင်တယ်။ (ဆာ. ၄၀:၄။ ဟေရှာ. ၄၈:၁၇၊ ၁၈) ကိုယ့်ခံစားချက် မှန်တယ်လို့ ထင်နေရင်တော့ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ (ပညာ. ၁၄:၁၂။ ယေ. ၁၇:၉) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ နာအိုမိက “ကျွန်မခင်ပွန်း ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ ကြည့်တာကို ခွင့်မလွှတ်တာ မှန်တယ်လို့ အစပိုင်းမှာ တွေးမိတယ်။ ကျွန်မကို နာကျင်အောင် ထပ်လုပ်မှာ၊ သူ့အပြစ်ကို ပေါ့ပေါ့လေး တွေးမှာ ကြောက်တယ်။ ကျွန်မကို ယေဟောဝါ နားလည်မှာပါလို့ ထင်မိတယ်။ ဒါပေမဲ့ ကိုယ့်ခံစားချက်ကို ယေဟောဝါ နားလည်ပေးတာနဲ့ပဲ သဘောတူရာရောက်မသွားဘူး။ ယေဟောဝါက ခံစားချက်ကို နားလည်ပေမဲ့၊ နာကြည်းစိတ်ကို ဖျောက်ဖို့ အချိန်လိုတယ်ဆိုတာ အသိအမှတ်ပြုပေမဲ့ ခွင့်လွှတ်စေချင်တယ်” လို့ ပြောတယ်။d
ခံစားချက်ကို ပြောင်းပစ်ပါ
၁၃။ ရောမ ၁၂:၁၈-၂၁ အရ ကျွန်တော်တို့ ဘာလုပ်ရမလဲ။
၁၃ ကိုယ့်ကို အကြီးအကျယ် ထိခိုက်နစ်နာအောင် လုပ်တဲ့သူကို ခွင့်လွှတ်တယ်ဆိုတာ ဖြစ်ခဲ့တာတွေ စကားထဲ ထည့်မပြောတော့တာကိုပဲ မဆိုလိုဘူး။ ထိခိုက်နစ်နာအောင် လုပ်တဲ့သူဟာ ညီအစ်ကို/မ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပန်းတိုင်က သူနဲ့ ပြေလည်အောင် လုပ်ဖို့ ဖြစ်တယ်။ (မ. ၅:၂၃၊ ၂၄) ပြေလည်နိုင်ဖို့ ဒေါသကို ကရုဏာနဲ့၊ နာကြည်းစိတ်ကို ခွင့်လွှတ်မှုနဲ့ အစားထိုးရမယ်။ (ရောမ ၁၂:၁၈-၂၁ ကို ဖတ်ပါ။ ၁ ပေ. ၃:၉) အဲဒီလိုအစားထိုးဖို့ ဘာက ကူညီပေးနိုင်သလဲ။
၁၄။ ဘာလုပ်ဖို့ ကြိုးစားသင့်သလဲ။ ဘာကြောင့်လဲ။
၁၄ ယေဟောဝါက လူတွေရဲ့ ကောင်းကွက်ကို ရှာတယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို အတုယူသင့်တယ်။ ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်သူရဲ့ ကောင်းကွက်ကို ရှာသင့်တယ်။ (၂ ရာ. ၁၆:၉။ ဆာ. ၁၃၀:၃) ဆိုးကွက်ဖြစ်ဖြစ်၊ ကောင်းကွက်ဖြစ်ဖြစ် ရှာရင်တော့ တွေ့တာပဲ။ ကောင်းကွက်ကို ရှာမယ်ဆိုရင် ခွင့်လွှတ်ဖို့ ပိုလွယ်မယ်။ “ညီအစ်ကိုတစ်ယောက်ရဲ့ အမှားကို သူ့ဆီမှာ ရှိတဲ့ ကျွန်တော် နှစ်သက်တဲ့ ကောင်းကွက် အများကြီးနဲ့ ယှဉ်လိုက်တဲ့အခါ ခွင့်လွှတ်ရ လွယ်သွားတယ်” လို့ ညီအစ်ကို ဂျဲရတ် ပြောတယ်။
၁၅။ ခွင့်လွှတ်တယ်လို့ ထုတ်ပြောတာ ဘာကြောင့် အကျိုးရှိနိုင်သလဲ။
၁၅ အရေးကြီးတာ နောက်တစ်ခုက ခွင့်လွှတ်တယ်လို့ ထုတ်ပြောတာပါပဲ။ ဘာကြောင့်လဲ။ “‘ကို့ကို ခွင့်လွှတ်ပြီလား’ လို့ ကျွန်မခင်ပွန်း မေးတယ်။ ‘ခွင့်လွှတ်ပါတယ်’ ဆိုပြီး ပြောမလို့ လုပ်ပေမဲ့ ပါးစပ်ကနေ မထွက်ဘူး။ အဲဒီတော့မှ သူ့ကို စိတ်ရင်းနဲ့ ခွင့်မလွှတ်နိုင်သေးပါလားဆိုတာ သိသွားတယ်။ ‘ခွင့်လွှတ်ပါတယ်’ လို့ အချိန်တော်တော်ကြာမှ ပြောနိုင်သွားတယ်။ အဲဒီလိုလည်း ပြောလိုက်ရော သူ မျက်ရည်လည်လာတယ်။ သူရော ကျွန်မပါ အံ့သြစရာကောင်းလောက်အောင် စိတ်သက်သာရာရသွားကြတယ်။ ‘ခွင့်လွှတ်ပါတယ်’ ဆိုတဲ့ စကားလုံး လေးလုံးဟာ ဘယ်လောက် အစွမ်းထက်မှန်း သိလိုက်ရတယ်။ အဲဒီအချိန်ကစပြီး သူ့ကို ယုံကြည်ဖို့ ပြန်ကြိုးစားတယ်။ အရင်လို အရင်းနှီးဆုံးသူတွေ ပြန်ဖြစ်လာကြတယ်” လို့ အစောပိုင်းမှာ ဖော်ပြတဲ့ နာအိုမိ ပြောတယ်။
၁၆။ ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီး ဘာတွေ သိခဲ့ပြီလဲ။
၁၆ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်စေချင်တယ်။ (ကော. ၃:၁၃) ခက်တော့ ခက်ပေမဲ့ ခွင့်လွှတ်နိုင်ပါတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ဘာမှ မခံစားရသလို မနေပါနဲ့။ နာကြည်းစိတ်ကို ဖျောက်ပါ။ ခံစားချက်ကို ပြောင်းပစ်ပါ။—“ခွင့်လွှတ်နိုင်ဖို့ အချက်သုံးချက်” လေးထောင့်ကွက်ကို ကြည့်ပါ။
ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားပါ
၁၇။ ဘာကြောင့် ခွင့်လွှတ်သင့်သလဲ။
၁၇ တခြားသူတွေကို ကျွန်တော်တို့ ခွင့်လွှတ်ရတဲ့ အကြောင်းရင်းများစွာ ရှိတယ်။ အကြောင်းရင်းတချို့ကို စဉ်းစားကြည့်ပါ။ ပထမ၊ ခွင့်လွှတ်တဲ့အခါ ကရုဏာရှင်အဖ ယေဟောဝါကို အတုယူရာရောက်ပြီး ယေဟောဝါရဲ့ နှစ်သက်မှု ရတယ်။ (လု. ၆:၃၆) ဒုတိယ၊ ကိုယ့်ကို ယေဟောဝါ ခွင့်လွှတ်ပေးတာတွေအတွက် ကျေးဇူးတင်ရာရောက်တယ်။ (မ. ၆:၁၂) တတိယ၊ ကျန်းမာရေး ကောင်းလာတယ်၊ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲလာတယ်။
၁၈-၁၉။ ခွင့်လွှတ်ရင် ဘာအကျိုးရနိုင်သလဲ။
၁၈ တခြားသူတွေကို ခွင့်လွှတ်တဲ့အခါ မျှော်လင့်မထားတဲ့ ကောင်းချီးတွေ ရနိုင်တယ်။ ဥပမာ၊ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ဒန်နိစ်ရဲ့ တွေ့ကြုံမှုကို သတိပြုပါ။ အမှုရင်ဆိုင်ပြီးရင် ယာဉ်မောင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွေးထားတယ်ဆိုတာ ဒန်နိစ် မသိဘူး။ ဒါပေမဲ့ ဒန်နိစ် ခွင့်လွှတ်ပေးလိုက်တယ်။ ခွင့်လွှတ်ပေးလို့ ယာဉ်မောင်း သိပ်ကျေးဇူးတင်ပြီး ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတော့တယ်။
၁၉ ခွင့်လွှတ်ရတာ အခက်ခဲဆုံးအရာလို့ ကျွန်တော်တို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ အကျိုးအရှိဆုံးအရာလည်း ဖြစ်နိုင်ပါတယ်။ (မ. ၅:၇) ဒါကြောင့် ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို အတုယူဖို့ အတတ်နိုင်ဆုံး ကြိုးစားကြရအောင်။
သီချင်း ၁၂၅ “သနားကြင်နာတတ်သူတွေ ပျော်ရွှင်ချမ်းမြေ့”
a အမည်လွှဲများ။
b ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်မယ်ဆိုတာ ခရစ်ယာန်ယောက်တိုင်း ကိုယ့်ဘာသာ ဆုံးဖြတ်ရမယ်။
c “ခွင့်လွှတ်ကြပါ၊” “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပါ၊” “ပြန်ခင်ကြစို့” စတဲ့ မူရင်းသီချင်း ဗီဒီယိုတွေကို jw.org မှာ ကြည့်ပါ။
d ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တာဟာ အပြစ်ဖြစ်တယ်၊ စိတ်ထိခိုက်စေနိုင်တယ်။ ဒါပေမဲ့ ကွာရှင်းဖို့ အပြစ်မဲ့ အိမ်ထောင်ဖက် ဆုံးဖြတ်နိုင်တဲ့ ကျမ်းစာအကြောင်းရင်းတော့ မဟုတ်ဘူး။