ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ မတ် စာ. ၂၀-၂၅
  • ယုံကြည်ခြင်းနဲ့ အသက်ရှင်နေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်းနဲ့ အသက်ရှင်နေပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလုပ်အကိုင် ရွေးချယ်တဲ့အခါ
  • အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ
  • အဖွဲ့အစည်းလမ်းညွှန်ချက်တွေ ရတဲ့အခါ
  • ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • သံသယတွေ ဖျောက်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ မတ် စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၁၂

သီချင်း ၁၁၉ ယုံကြည်ခြင်း ရှိရမယ်

ယုံကြည်ခြင်းနဲ့ အသက်ရှင်နေပါ

“မြင်ရတဲ့အရာတွေကို ကြည့်ပြီး အသက်မရှင်ဘဲ ယုံကြည်ခြင်းနဲ့ အသက်ရှင်နေကြတယ်။”—၂ ကော. ၅:၇။

အာရုံစိုက်ရာ

အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ယုံကြည်ခြင်းနဲ့ ဘယ်လို အသက်ရှင်နေနိုင်သလဲ။

၁။ ကိုယ့်အသက်တာကို ပြန်ကြည့်လိုက်တဲ့အခါ တမန်တော် ပေါလု ဘာကြောင့် ကျေနပ်သလဲ။

တမန်တော် ပေါလု သေဆုံးမယ့်အချိန် နီးလာပြီ။ ကိုယ့်အသက်တာကို ပြန်ကြည့်လိုက်တဲ့အခါ သိပ်ကျေနပ်တယ်။ ဘာကြောင့်လဲ။ “ပြေးပွဲကို အဆုံးအထိ ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ပြီ” လို့ ပြောတယ်။ (၂ တိ. ၄:၆-၈) အမှုတော်ဆောင်ဖို့ ဆုံးဖြတ်ချက်ကောင်းတွေ ချခဲ့တယ်။ ဒါကြောင့် မိမိကို ယေဟောဝါဘုရား နှစ်သက်မယ်ဆိုတာ ပေါလု စိတ်ချတယ်။ ကျွန်တော်တို့လည်း ပေါလုလိုပဲ ဘုရားနှစ်သက်မှု ရစေမယ့် ဆုံးဖြတ်ချက်တွေ ချချင်ကြတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ဘယ်လို ချနိုင်မလဲ။

၂။ ယုံကြည်ခြင်းနဲ့ အသက်ရှင်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၂ မိမိနဲ့ သစ္စာရှိ ခရစ်ယာန်တွေဟာ “မြင်ရတဲ့အရာတွေကို ကြည့်ပြီး အသက်မရှင်ဘဲ ယုံကြည်ခြင်းနဲ့ အသက်ရှင်နေကြတယ်” လို့ ပေါလု ပြောတယ်။ (၂ ကော. ၅:၇) ဘာကို ဆိုလိုသလဲ။ ယုံကြည်ခြင်း မရှိသူဟာ မြင်ရ၊ ကြားရ၊ ခံစားရတဲ့အရာတွေကိုပဲ အခြေခံပြီး ဆုံးဖြတ်တယ်။ ယုံကြည်ခြင်း ရှိသူကတော့ ယေဟောဝါ ဘာနှစ်သက်သလဲဆိုတာကို အခြေခံပြီး ဆုံးဖြတ်တယ်။ ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ အကြံဉာဏ်တွေ လိုက်နာရင် လောလောဆယ် အကျိုးရမယ်၊ အနာဂတ်မှာ ဆုချခံရမယ်ဆိုတာ စိတ်ချတယ်။—ဆာ. ၁၁၉:၆၆။ ဟီ. ၁၁:၆။

၃။ ယုံကြည်ခြင်းနဲ့ အသက်ရှင်ရင် ဘာအကျိုးတွေ ရသလဲ။ (၂ ကောရိန္သု ၄:၁၈)

၃ မြင်ရ၊ ကြားရ၊ ခံစားရတဲ့အရာတွေကို အခြေခံပြီး ဆုံးဖြတ်ရတဲ့အချိန်တွေ ရှိပါတယ်။ ဒါပေမဲ့ အရေးကြီး ဆုံးဖြတ်ချက် ချတဲ့အခါ ဒါတွေကိုပဲ အခြေခံပြီး ဆုံးဖြတ်ရင် အခက်တွေ့နိုင်တယ်။ ယေဟောဝါ မနှစ်သက်တာတွေ လုပ်မိသွားနိုင်တယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ မြင်တာ၊ ကြားတာ၊ ခံစားရတာတွေဟာ အမြဲ မမှန်လို့ပါပဲ။ (ဒေ. ၁၁:၉။ မ. ၂၄:၃၇-၃၉) ယုံကြည်ခြင်းနဲ့ အသက်ရှင်ရင်တော့ “ဘုရားသခင် လက်ခံတဲ့” ဆုံးဖြတ်ချက်မျိုး ချနိုင်မယ်။ (ဧ. ၅:၁၀) ဘုရားအကြံဉာဏ်တွေ လိုက်နာရင် စိတ်ငြိမ်သက်မယ်၊ အတိုင်းမသိ ရွှင်လန်းမယ်။ (ဆာ. ၁၆:၈၊ ၉။ ဟေရှာ. ၄၈:၁၇၊ ၁၈) ထာဝရအသက် ရမယ်။—၂ ကောရိန္သု ၄:၁၈ ကို ဖတ်ပါ။

၄။ မြင်ရတဲ့အရာတွေကို ကြည့်ပြီး အသက်ရှင်နေသလား၊ ယုံကြည်ခြင်းနဲ့ အသက်ရှင်နေသလားဆိုတာ ဘယ်လို သိနိုင်သလဲ။

၄ မြင်ရတဲ့အရာတွေကို ကြည့်ပြီး အသက်ရှင်နေသလား၊ ယုံကြည်ခြင်းနဲ့ အသက်ရှင်နေသလားဆိုတာ ဘယ်လို သိနိုင်သလဲ။ ဆုံးဖြတ်ချက် ချတဲ့အခါ အမြင်ကို အားကိုးသလား၊ ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ အကြံဉာဏ်ကို အားကိုးသလားဆိုတာ စဉ်းစားကြည့်ရင် သိနိုင်တယ်။ အလုပ်အကိုင် ရွေးချယ်တဲ့အခါ၊ အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ၊ အဖွဲ့အစည်းလမ်းညွှန်ချက်တွေ ရတဲ့အခါ ယုံကြည်ခြင်းနဲ့ ဘယ်လို အသက်ရှင်နိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ သုံးသပ်ကြရအောင်။ ကဏ္ဍတစ်ရပ်စီမှာ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘယ်အချက်တွေ စဉ်းစားသင့်တယ်ဆိုတာလည်း ဆွေးနွေးသွားပါမယ်။

အလုပ်အကိုင် ရွေးချယ်တဲ့အခါ

၅။ အလုပ်အကိုင် ရွေးချယ်တဲ့အခါ ဘာကိုပဲ မစဉ်းစားသင့်သလဲ။

၅ ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်သူ၊ မိသားစုကို ထောက်ပံ့နိုင်သူ ဖြစ်ချင်ကြတယ်။ (ဒေ. ၇:၁၂။ ၁ တိ. ၅:၈) တချို့အလုပ်တွေက ဝင်ငွေကောင်းတယ်။ စားဝတ်နေရေး ချောင်လည်ရုံသာမက စုဆောင်းနိုင်တယ်။ တချို့အလုပ်တွေကျတော့ စားဝတ်နေရေး ပြေလည်ရုံပဲ။ အလုပ်အကိုင် ရွေးချယ်တဲ့အခါ ဝင်ငွေကို ထည့်စဉ်းစားတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဝင်ငွေတစ်ခုတည်းကိုပဲ စဉ်းစားရင် အမြင်နဲ့ အသက်ရှင်ရာရောက်သွားနိုင်တယ်။

၆။ အလုပ်အကိုင် ရွေးချယ်တဲ့အခါ ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြောင်း ဘယ်လို ပြနိုင်သလဲ။ (ဟီဘရူး ၁၃:၅)

၆ ကျွန်တော်တို့သာ ယုံကြည်ခြင်းနဲ့ အသက်ရှင်ရင် အလုပ်အကိုင်ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်နိုင်သလားဆိုတာလည်း ထည့်စဉ်းစားမှာ ဖြစ်တယ်။ ဒီလိုစဉ်းစားကြည့်ပါ– ‘အလုပ်မှာ ယေဟောဝါ ရွံမုန်းတဲ့အရာတွေ လုပ်ဖို့ လိုမလား။’ (ပညာ. ၆:၁၆-၁၉) ‘အစည်းအဝေး၊ အမှုဆောင် ပျက်မလား။ ကျမ်းစာလေ့လာမယ့်အချိန် လျော့သွားမလား။ မိသားစုကို ပေးရမယ့်အချိန် လျော့သွားမလား။ မိသားစုနဲ့ အကြာကြီး ခွဲနေရမလား။’ (ဖိ. ၁:၁၀) အဲဒီအချက် တစ်ချက်ချက်နဲ့ ငြိနေရင် အလုပ်ရှာရခက်ရင်တောင် လက်မခံတာ ပညာရှိရာရောက်တယ်။ ယေဟောဝါ တစ်နည်းနည်းနဲ့ ထောက်မပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချတဲ့အတွက် ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြတယ်။—မ. ၆:၃၃။ ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။

၇-၈။ ညီအစ်ကို ဟာဗီယာ ယုံကြည်ခြင်းနဲ့ ဘယ်လို အသက်ရှင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၇ ယုံကြည်ခြင်းနဲ့ အသက်ရှင်ဖို့ အရေးကြီးကြောင်း တောင်အမေရိကမှာ နေတဲ့ ညီအစ်ကို ဟာဗီယာa သိခဲ့တယ်။ ဟာဗီယာ ရှေ့ဆောင်လုပ်ချင်တယ်။ “ကုမ္ပဏီမှာ ကျွန်တော့်နဂိုရာထူးထက် လစာနှစ်ဆ ပိုများတဲ့၊ ကျွန်တော့်အကြိုက်နဲ့လည်း ကိုက်တဲ့ ရာထူးအတွက် အင်တာဗျူး ဖြေဖို့ အခွင့်အရေး ရတယ်။ အင်တာဗျူး မဖြေခင် ဆုတောင်းတယ်။ ကျွန်တော့်အတွက် ဘာအကောင်းဆုံးလဲဆိုတာ ယေဟောဝါ သိမှန်း ယုံလို့ပါ။ အလုပ်မှာ ကျွန်တော် တစ်ဆင့်ပြီး တစ်ဆင့် ရာထူး တိုးချင်တယ်၊ လစာ တိုးချင်တယ်။ ဒါပေမဲ့ ဘုရားရေးရာမှာ တိုးတက်ဖို့ အတားအဆီး ဖြစ်မယ်ဆိုရင်တော့ မလုပ်ချင်ဘူး” လို့ ပြောတယ်။

၈ “အင်တာဗျူးမှာ မန်နေဂျာက အမြဲလိုလို အချိန်ပိုဆင်းရမယ်လို့ ပြောတယ်။ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေ ထိခိုက်မှာ စိုးလို့ အချိန်ပိုမလုပ်နိုင်တဲ့အကြောင်း ကျွန်တော် ယဉ်ယဉ်ကျေးကျေး ရှင်းပြတယ်” လို့ ဟာဗီယာ ပြောတယ်။ ဒါနဲ့ အဲဒီအလုပ်ကို ငြင်းလိုက်တယ်။ နဂိုရာထူးနဲ့ပဲ ဆက်လုပ်ရင်း နှစ်ပတ်အကြာမှာ ရှေ့ဆောင်စလုပ်တယ်။ လအနည်းငယ်အကြာမှာ အချိန်ပိုင်းအလုပ်တစ်ခု ရသွားတယ်။ “ယေဟောဝါက ကျွန်တော့်ဆုတောင်းချက်တွေကို နားညောင်းတယ်။ ရှေ့ဆောင်လုပ်လို့ရမယ့် အလုပ် ရှာတွေ့ဖို့ ကူညီပေးတယ်။ ယေဟောဝါအတွက်၊ ညီအစ်ကို/မတွေအတွက် အချိန်ပိုပေးနိုင်မယ့် အလုပ်မျိုး ရသွားလို့ သိပ်ဝမ်းသာတယ်” လို့ ပြောတယ်။

အလုပ်အဝတ်အစား ဝတ်ပြီး လုပ်ငန်းခွင်သုံး ဦးထုပ် ကိုင်ထားတဲ့ ညီအစ်ကိုကို ကြီးကြပ်ရေးမှူးက လစ်လပ်နေတဲ့ ရုံးခန်းတစ်ခန်းကို ခေါ်လာ။ ရာထူးတိုးပေးမယ်လို့ ကမ်းလှမ်းနေ။

ရာထူးတိုးဖို့ ကမ်းလှမ်းခံရတဲ့အခါ ဘာလုပ်မလဲ။ သင့်အတွက် ဘာက အကောင်းဆုံး ဖြစ်မှန်း ယေဟောဝါ သိကြောင်း သင် ယုံတယ်၊ မယုံဘူးဆိုတာ သင့်ရွေးချယ်မှုက ဖော်ပြ (စာပိုဒ် ၇-၈ ကို ကြည့်ပါ)


၉။ ညီအစ်ကို ထရက်ဇာရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။

၉ လက်ရှိအလုပ်ကြောင့် ယုံကြည်ခြင်းနဲ့ အသက်ရှင်ဖို့ အခက်တွေ့နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ ကွန်ဂိုနိုင်ငံက ညီအစ်ကို ထရက်ဇာအကြောင်း စဉ်းစားကြည့်ပါ။ “လက်ရှိအလုပ်က တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အလုပ်မျိုး။ အရင်အလုပ်ထက် လစာသုံးဆ ပိုရတယ်။ လူလေးစားခံရတယ်” လို့ ပြောတယ်။ ဒါပေမဲ့ အချိန်ပိုဆင်းရလို့ အစည်းအဝေးတွေ တောက်လျှောက် ပျက်လာတယ်။ အလုပ်မှာ မရိုးမသား လုပ်ရပ်တွေကို ဖုံးဖိပေးဖို့ ဖိအားပေးခံရတယ်။ ဒါကြောင့် ထရက်ဇာ အလုပ်ထွက်ချင်လာတယ်။ ဒါပေမဲ့ အလုပ်လက်မဲ့ ဖြစ်မှာလည်း စိုးရိမ်တယ်။ “ဝင်ငွေ မရှိတော့ရင်တောင် တစ်နည်းမဟုတ် တစ်နည်းနဲ့ ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ဟဗက္ကုတ် ၃:၁၇-၁၉ က နားလည်စေတယ်။ ဒါကြောင့် အလုပ်ထွက်လိုက်တယ်” လို့ ပြောတယ်။ “လူတစ်ယောက်ဟာ ဝင်ငွေသာ ကောင်းမယ်ဆိုရင် မိသားစုအတွက်၊ ဝတ်ပြုရေးအတွက် ပေးရမယ့်အချိန် အပါအဝင် ဘာမဆို စတေးမှာပဲလို့ လူတော်တော်များများ ထင်ကြတယ်။ ကျွန်တော်ကတော့ ယေဟောဝါနဲ့ ဆက်ဆံရေးကို ကာကွယ်နိုင်ခဲ့လို့ ဝမ်းသာမဆုံးဘူး။ ဝင်ငွေ အသင့်အတင့် ကောင်းတဲ့၊ ဝတ်ပြုရေးအတွက် အချိန်ပိုပေးနိုင်တဲ့ အလုပ်တစ်ခု တစ်နှစ်အကြာမှာ ရသွားတယ်။ ယေဟောဝါကို ကျွန်တော်တို့ ဦးစားထားတဲ့အခါ ခဏတာ ငွေကြေးခက်ခဲသွားတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ယေဟောဝါ အမြဲ ဂရုစိုက်ပေးတယ်” လို့ ထရက်ဇာ ပြောတယ်။ မှန်ပါတယ်၊ ယေဟောဝါရဲ့ အကြံဉာဏ်၊ ကတိတွေကို ယုံကြည်စိတ်ချမယ်ဆိုရင် ယုံကြည်ခြင်းနဲ့ အသက်ရှင်နိုင်မယ်။ ယေဟောဝါရဲ့ ကောင်းချီး ခံစားရမယ်။

အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ

၁၀။ အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ အမြင်နဲ့ ဘယ်လို ဆုံးဖြတ်မိနိုင်သလဲ။

၁၀ အိမ်ထောင်ဆိုတာ ယေဟောဝါဆီက လက်ဆောင်မွန် ဖြစ်ပြီး အိမ်ထောင်ပြုချင်တာဟာ သဘာဝဆန္ဒပါ။ ညီအစ်ကိုတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်မသင့် ညီအစ်မတစ်ယောက် ဘယ်လို ဆုံးဖြတ်မိနိုင်သလဲ။b ညီအစ်ကို့ရဲ့ စရိုက်၊ ရုပ်ရည်၊ ငွေကြေးပိုင်ဆိုင်မှု၊ မိမိအပေါ် ဆက်ဆံပုံ၊ နာမည်ကောင်း ရှိမရှိ၊ မိသားစုတာဝန်တွေ ရှိမရှိဆိုတာကို အခြေခံပြီး ဆုံးဖြတ်တာ ဖြစ်နိုင်တယ်။ ထည့်စဉ်းစားသင့်တဲ့ အရေးကြီး အချက်တွေပါပဲ။ ဒါပေမဲ့ ဒါတွေကိုပဲ စဉ်းစားရင် အမြင်နဲ့ အသက်ရှင်ရာရောက်သွားနိုင်တယ်။

၁၁။ အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြောင်း ဘယ်လို ပြနိုင်သလဲ။ (၁ ကောရိန္သု ၇:၃၉)

၁၁ အိမ်ထောင်ဖက် ရွေးချယ်ရာမှာ မိမိရဲ့ အကြံဉာဏ်ကို ကျေးကျွန်တွေ လိုက်နာတဲ့အခါ ယေဟောဝါ သိပ်ဂုဏ်ယူမှာပဲ။ ဥပမာ၊ “ပျိုမျစ်ချိန်” လွန်မှ အိမ်ထောင်ပြုပါဆိုတဲ့ အကြံဉာဏ်ကို ညီအစ်ကို/မတွေ လိုက်နာကြတယ်။ (၁ ကော. ၇:၃၆) ခင်ပွန်းကောင်း၊ ဇနီးကောင်းမှာ ရှိသင့်တယ်လို့ ယေဟောဝါ သတ်မှတ်ထားတဲ့ အရည်အသွေးတွေ ကိုယ် ရည်ရွယ်ထားသူဆီမှာ ရှိမရှိ အဓိကထား ကြည့်ကြတယ်။ (ပညာ. ၃၁:၁၀-၁၃၊ ၂၆-၂၈။ ဧ. ၅:၃၃။ ၁ တိ. ၅:၈) နှစ်ခြင်းမခံရသေးသူတစ်ယောက် ကိုယ့်ကို ချစ်ကြိုက်ကြောင်း ပြတဲ့အခါ “သခင့် နောက်လိုက်ဖြစ်သူနဲ့ပဲ လက်ထပ်ရမယ်” ဆိုတဲ့ အကြံဉာဏ်ကို လိုက်နာကြတယ်။ (၁ ကောရိန္သု ၇:၃၉ ကို ဖတ်ပါ။) စိတ်နွေးထွေးလုံခြုံမှုကို ဘယ်သူ့ထက်မဆို ယေဟောဝါ ပေးနိုင်တယ်ဆိုတာ သိထားတဲ့အတွက် ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြတယ်။—ဆာ. ၅၅:၂၂။

၁၂။ ညီအစ်မ ရိုဆာရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။

၁၂ ကိုလံဘီယာနိုင်ငံက ရှေ့ဆောင် ညီအစ်မ ရိုဆာအကြောင်း စဉ်းစားကြည့်ပါ။ အွန်လိုင်းကနေ စာသင်တဲ့အလုပ် လုပ်တယ်။ သက်သေခံ မဟုတ်တဲ့ သင်တန်းသားတစ်ယောက်က ရိုဆာကို စိတ်ဝင်စားလာတယ်။ ရိုဆာလည်း သူ့ကို သဘောကျတယ်။ “သူက ပရဟိတသမား။ လူကြီးလူကောင်းဆန်တယ်။ အသောက်အစား ကင်းတယ်။ ကျွန်မအပေါ်လည်း သိပ်ကောင်းတယ်။ အိမ်ထောင်ဖက်ဆီမှာ ကျွန်မ ရှိစေချင်တဲ့ အရည်အသွေးတွေ သူ့မှာ ရှိတယ်။ သက်သေခံ မဟုတ်တာလေးတစ်ခုပဲ။ အဲဒီတုန်းက ကျွန်မ သိပ်အထီးကျန်ပြီး အိမ်ထောင်ပြုချင်နေတဲ့အချိန်။ ခက်တာက ညီအစ်ကိုတွေထဲမှာ ရှာလို့ မတွေ့ဘူး။ ဒါကြောင့် ဒီတစ်ယောက်ကို ငြင်းဖို့ ကျွန်မအတွက် သိပ်ခက်တာပဲ” လို့ ပြောတယ်။ ဒါပေမဲ့ မြင်ရတဲ့အရာတွေကိုပဲ ရိုဆာ အာရုံမစိုက်ဘူး။ ယေဟောဝါနဲ့ ဆက်ဆံရေး ဘယ်လို ထိခိုက်မယ်ဆိုတာ စဉ်းစားတယ်။ နောက်တော့ အဲဒီအမျိုးသားနဲ့ အဆက်အသွယ် လုံးဝ ဖြတ်လိုက်တယ်။ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေမှာ အာရုံနှစ်ထားလိုက်တယ်။ သိပ်မကြာခင်မှာပဲ သတင်းကောင်း ဟောပြောသူများအတွက်သင်တန်း တက်ခွင့်ရပြီး အခု အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေတယ်။ “ယေဟောဝါဆီက ကောင်းချီး အလျှံပယ် ခံစားရလို့ ကျွန်မ သိပ်ပျော်တယ်” လို့ ရိုဆာ ပြောတယ်။ ခံစားချက်နဲ့ဆိုင်တဲ့ ကိစ္စမျိုးမှာ ယုံကြည်ခြင်းနဲ့ အသက်ရှင်ဖို့ ခက်နိုင်တယ်။ ခက်ပေမဲ့ ယုံကြည်ခြင်းနဲ့ အသက်ရှင်တဲ့အခါ အမြဲ အကျိုးရတယ်။

အဖွဲ့အစည်းလမ်းညွှန်ချက်တွေ ရတဲ့အခါ

၁၃။ အဖွဲ့အစည်းလမ်းညွှန်ချက်တွေ ရတဲ့အခါ အမြင်နဲ့ ဘယ်လို ဆုံးဖြတ်မိနိုင်သလဲ။

၁၃ ဝတ်ပြုရေးနဲ့ပတ်သက်ပြီး အသင်းတော် အကြီးအကဲ၊ တိုက်နယ်ကြီးကြပ်မှူး၊ ဌာနခွဲရုံး၊ အုပ်ချုပ်ရေးအဖွဲ့ဆီကနေ လမ်းညွှန်ချက်တွေ ကျွန်တော်တို့ မကြာခဏ ရကြတယ်။ ဒါပေမဲ့ လမ်းညွှန်ရတဲ့ အကြောင်းရင်းကို နားမလည်တဲ့အချိန်တွေ ရှိနိုင်တယ်။ လမ်းညွှန်ချက် အလုပ်ဖြစ်ပါ့မလားလို့ တွေးမိနိုင်တယ်။ လမ်းညွှန်တဲ့ ညီအစ်ကိုတွေရဲ့ အားနည်းချက်ကို အာရုံစိုက်မိနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုတွေးရင်၊ အာရုံစိုက်ရင် အမြင်နဲ့ အသက်ရှင်ရာရောက်သွားနိုင်တယ်။

၁၄။ အဖွဲ့အစည်းလမ်းညွှန်ချက်တွေ ရတဲ့အခါ ယုံကြည်ခြင်းနဲ့ ဘာကြောင့် အသက်ရှင်ကြသလဲ။ (ဟီဘရူး ၁၃:၁၇)

၁၄ အဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်နေပြီး အခြေအနေအရပ်ရပ်ကို သိတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ကြတယ်။ ဒါကြောင့် လမ်းညွှန်ချက်တွေကို အကောင်းမြင်သဘောထားနဲ့ ချက်ချင်း လိုက်နာကြတယ်။ (ဟီဘရူး ၁၃:၁၇ ကို ဖတ်ပါ။) လမ်းညွှန်ချက်တွေ လိုက်နာတာဟာ အသင်းတော် စည်းလုံးနေဖို့ ကူညီရာရောက်တယ်ဆိုတာ အသိအမှတ်ပြုကြတယ်။ (ဧ. ၄:၂၊ ၃) ဦးဆောင်နေသူတွေ မစုံလင်ပေမဲ့ ကျွန်တော်တို့ နာခံမှု ရှိတယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချကြတယ်။ (၁ ရှ. ၁၅:၂၂) တကယ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ လမ်းညွှန်ချက်ဆိုရင် အချိန်တန်တဲ့အခါ ယေဟောဝါ ပြုပြင်ပြောင်းလဲပေးမယ်ဆိုတာလည်း ကျွန်တော်တို့ ယုံကြတယ်။—မိ. ၇:၇။

၁၅-၁၆။ လမ်းညွှန်ချက်နဲ့ပတ်သက်ပြီး သံသယဝင်မိပေမဲ့ ညီအစ်ကို ကယ်ဗင် ယုံကြည်ခြင်းနဲ့ ဘယ်လို အသက်ရှင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ ယုံကြည်ခြင်းနဲ့ အသက်ရှင်တဲ့အခါ ဘယ်လို အကျိုးရတယ်ဆိုတာ ပေါ်လွင်စေတဲ့ တွေ့ကြုံမှုတစ်ခု သုံးသပ်ကြည့်ပါ။ ပီရူးနိုင်ငံမှာ စပိန်စကား အပြောများပေမဲ့ အိမ်ရှင်တော်တော်များများက တိုင်းရင်းသားဘာသာစကားတွေ ပြောကြတယ်။ တစ်ခုကတော့ ကက်ချူဝါစကားပါ။ ကက်ချူဝါစကားပြော ညီအစ်ကို/မတွေဟာ ကက်ချူဝါစကားပြောသူတွေကို ရပ်ကွက်မှာ လိုက်ရှာတဲ့နည်း သုံးတာ နှစ်နဲ့ချီနေပြီ။ ဒါပေမဲ့ အစိုးရ ဥပဒေအသစ်နဲ့အညီ အမှုဆောင်နည်းလမ်း ပြောင်းဖို့ အဖွဲ့အစည်း လမ်းညွှန်တယ်။ (ရော. ၁၃:၁) အလုပ်ဖြစ်ပါ့မလားလို့ ညီအစ်ကို/မတချို့ တွေးကြတယ်။ ဒါပေမဲ့ လမ်းညွှန်ချက်ကို လိုက်နာတဲ့အတွက် ကက်ချူဝါစကားပြောသူ အများကြီး ရှာတွေ့ဖို့ ယေဟောဝါ ကူညီပေးတယ်။

၁၆ လမ်းညွှန်ချက် အလုပ်ဖြစ်ပါ့မလားလို့ တွေးသူတွေထဲမှာ ကက်ချူဝါစကားပြော အသင်းတော်က အကြီးအကဲ ညီအစ်ကို ကယ်ဗင်လည်း ပါတယ်။ “‘နည်းလမ်းအသစ်နဲ့ဆိုရင် ကက်ချူဝါစကားပြောသူတွေ ရှာတွေ့ပါ့မလား’ လို့ စိတ်ပူခဲ့တယ်။ ဒါပေမဲ့ ပညာအလိမ္မာ ၃:၅ ကို စဉ်းစားလိုက်တယ်။ မောရှေအကြောင်းလည်း စဉ်းစားတယ်။ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ပင်လယ်နီဘက် ခေါ်လာဖို့ မောရှေကို ယေဟောဝါ လမ်းညွှန်တယ်။ နောက်က လိုက်လာတဲ့ အီဂျစ်တွေနဲ့ ရှေ့က ပင်လယ်နီကြား ချောင်ပိတ်သွားနိုင်တဲ့အတွက် လက်တွေ့မကျတဲ့ လမ်းညွှန်ချက်လို့ ထင်စရာပဲ။ ဒါပေမဲ့ လမ်းညွှန်ချက်ကို မောရှေ လိုက်နာတယ်။ ဒါကြောင့် အံ့ဖွယ်နည်း သုံးပြီး အစ္စရေးတွေကို ကယ်တင်ခြင်းအားဖြင့် မောရှေရဲ့ နာခံမှုကို ယေဟောဝါ ကောင်းချီးပေးတယ်” လို့ ကယ်ဗင် ပြောတယ်။ (ထွ. ၁၄:၁၊ ၂၊ ၉-၁၁၊ ၂၁၊ ၂၂) ဒါနဲ့ နည်းလမ်းအသစ်ကို ကယ်ဗင် လိုလိုလားလား ပြောင်းသုံးတယ်။ ဘာရလဒ် ရသလဲ။ “ယေဟောဝါ ကောင်းချီးပေးပုံကို ကြည့်ပြီး ကျွန်တော် အံ့ဩသွားရတယ်။ အရင်ကဆိုရင် အမှုဆောင်မှာ အကြာကြီး လမ်းလျှောက်ပြီး လိုက်ရှာတာတောင် ကက်ချူဝါစကားပြောသူ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ တွေ့တယ်။ ဒါတောင် တစ်ခါတလေမှ တွေ့တာ။ အခုတော့ ကက်ချူဝါစကားပြောသူ အများကြီး နေတဲ့ ရပ်ကွက်တွေကို ကျွန်တော်တို့ အာရုံစိုက်တယ်။ ဒါကြောင့် စကားလက်ဆုံပြောခွင့် ပိုရလာတယ်။ ပြန်လည်ပတ်မှုတွေ၊ သင်အံမှုတွေ ပိုရလာတယ်။ အစည်းအဝေး တက်ရောက်သူလည်း တိုးလာတယ်” လို့ ကယ်ဗင် ပြောတယ်။ ယုံကြည်ခြင်းနဲ့ အသက်ရှင်တဲ့အခါ ယေဟောဝါ အမြဲ ဆုချတယ်။

အမှုဆောင် ထွက်နေတဲ့ သက်သေခံမောင်နှံကို ကက်ချူဝါစကားပြော အမျိုးသားတစ်ယောက် စကားပြောနေ။ ကက်ချူဝါစကားပြောသူတစ်ယောက်ရဲ့ အိမ်ကို လမ်းညွှန်နေ။

ညီအစ်ကိုတွေနဲ့ တွေ့တဲ့ လူတော်တော်များများက ကက်ချူဝါစကားပြောသူတွေ ဘယ်မှာ ရှိတယ်ဆိုတာ ပြောပြ (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ)


၁၇။ ဒီဆောင်းပါးကနေ ဘာတွေ သိခဲ့ကြပြီလဲ။

၁၇ ဘဝကဏ္ဍသုံးရပ်မှာ ယုံကြည်ခြင်းနဲ့ ဘယ်လို အသက်ရှင်နေနိုင်သလဲဆိုတာ သိခဲ့ကြပြီ။ ဒါပေမဲ့ ဒီကဏ္ဍတွေမှာသာမက ကဏ္ဍတိုင်းမှာ ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြရမှာ။ ဥပမာ၊ အပန်းဖြေမှု၊ ဖျော်ဖြေရေး၊ ပညာရေး၊ သားသမီး ပြုစုပျိုးထောင်ရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချတဲ့အခါ ဖြစ်တယ်။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် အမြင်နဲ့ပဲ မဆုံးဖြတ်သင့်ဘူး။ ဘုရားနဲ့ ဆက်ဆံရေး၊ ဘုရားရဲ့ အကြံဉာဏ်၊ ဘုရားရဲ့ ကတိတွေကို ထည့်စဉ်းစားရမယ်။ ဒါဆိုရင် “ကျွန်တော်တို့ဘုရား ယေဟောဝါရဲ့ နာမည်ကို ခံယူပြီး အစဉ်ထာဝရ အသက်ရှင်” နိုင်ပါလိမ့်မယ်။—မိ. ၄:၅။

သင် ဘယ်လို ဖြေမလဲ

  • အလုပ်အကိုင် ရွေးချယ်တဲ့အခါ ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

  • အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

  • အဖွဲ့အစည်းလမ်းညွှန်ချက်တွေ ရတဲ့အခါ ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

သီချင်း ၁၅၆ ယုံကြည်ခြင်းအစွမ်း

a အမည်လွှဲများ။

b ဒီစာပိုဒ်မှာ အိမ်ထောင်ဖက် ရှာနေသူကို ညီအစ်မအဖြစ် ဖော်ပြထားပေမဲ့ အကြံပြုချက်ဟာ ညီအစ်ကိုတွေနဲ့လည်း သက်ဆိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ