ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဇူလိုင် စာ. ၂-၇
  • အကြံဉာဏ် ဘယ်လို တောင်းသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြံဉာဏ် ဘယ်လို တောင်းသင့်သလဲ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာအရည်အသွေးတွေ ရှိရမလဲ
  • ဘယ်သူတွေက အကြံဉာဏ်ကောင်း ပေးနိုင်သလဲ
  • ကိုယ့်အတွေးအမြင်ကို ဆုပ်ကိုင်မထားကြောင်း ဘယ်လို ပြနိုင်သလဲ
  • ကိုယ့်အတွက် တခြားသူတွေကို ဆုံးဖြတ်ခိုင်းသင့်သလား
  • အကြံဉာဏ် ဆက်တောင်းခံပါ
  • အကြံဉာဏ် ဘယ်လို ပေးသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • သစ္စာရှိ အမျိုးသားတွေရဲ့ အမှာစကား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဇူလိုင် စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၂၈

သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

အကြံဉာဏ် ဘယ်လို တောင်းသင့်သလဲ

“အကြံဉာဏ် တောင်းခံသူတွေဆီမှာတော့ ဉာဏ်ပညာ ရှိတယ်။”—ပညာ. ၁၃:၁၀။

အာရုံစိုက်ရာ

အကြံပေးခံရတဲ့အခါ အကျိုးအပြည့်အဝ ရဖို့ ဘာလုပ်ရမလဲ။

၁။ ဆုံးဖြတ်ချက်ကောင်း ချပြီး အစီအစဉ်တွေ အောင်မြင်ဖို့ ဘာလုပ်ရမလဲ။ (ပညာအလိမ္မာ ၁၃:၁၀။ ၁၅:၂၂)

ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်ကောင်းတွေ ချချင်ကြတယ်။ အစီအစဉ်တွေ အောင်မြင်ချင်ကြတယ်။ ဆုံးဖြတ်ချက်ကောင်း ချပြီး အစီအစဉ်တွေ အောင်မြင်ဖို့ဆိုရင် အကြံဉာဏ် တောင်းခံရမယ်လို့ ကျမ်းစာ ဆိုတယ်။—ပညာအလိမ္မာ ၁၃:၁၀။ ၁၅:၂၂ ကို ဖတ်ပါ။

၂။ ယေဟောဝါ ဘာကတိပေးထားသလဲ။

၂ ကျွန်တော်တို့ကို အကောင်းဆုံး အကြံဉာဏ် ပေးနိုင်သူကတော့ အဖယေဟောဝါပါပဲ။ “မင်းကို ငါ . . . မပြတ်ကြည့်ရှုပြီး အကြံဉာဏ် ပေးမယ်” လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဆာ. ၃၂:၈) ဒီကျမ်းပိုဒ်အရ ယေဟောဝါက အကြံဉာဏ် ပေးရုံပေးတာ မဟုတ်ဘဲ ကျွန်တော်တို့ကို စိတ်ဝင်တစား ကြည့်ရှုတယ်။ မိမိပေးတဲ့ အကြံဉာဏ်ကို လိုက်နာနိုင်ဖို့ ကူညီပေးတယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်မလဲ။

၃ (၁) အကြံပေးခံရတဲ့အခါ အကျိုးရဖို့ ဘာအရည်အသွေးတွေ ရှိရမလဲ။ (၂) ဘယ်သူတွေက အကြံဉာဏ်ကောင်း ပေးနိုင်သလဲ။ (၃) ကိုယ့်အတွေးအမြင်ကိုပဲ ဆုပ်ကိုင်မထားကြောင်း ဘယ်လို ပြနိုင်သလဲ။ (၄) ကိုယ့်အတွက် တခြားသူတွေကို ဘာကြောင့် မဆုံးဖြတ်ခိုင်းသင့်သလဲ။ ဒီမေးခွန်းလေးခုကို ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။

ဘာအရည်အသွေးတွေ ရှိရမလဲ

၄။ အကြံပေးခံရတဲ့အခါ အကျိုးရဖို့ ဘာအရည်အသွေးတွေ ရှိရမလဲ။

၄ အကြံပေးခံရတဲ့အခါ အကျိုးရဖို့ နှိမ့်ချမှု၊ ကျိုးနွံမှု ရှိရမယ်။ ကိုယ် တစ်ခါမှ မကြုံဖူးတဲ့ အခြေအနေမှာ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ဆိုရင် တခြားသူတွေရဲ့ အကူအညီ လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ကျွန်တော်တို့ မသိတာတွေ ရှိတယ်ဆိုတာလည်း အသိအမှတ်ပြုရမယ်။ ကျွန်တော်တို့မှာ နှိမ့်ချမှု၊ ကျိုးနွံမှု မရှိရင် ယေဟောဝါ ကူညီပေးလို့ မရဘဲ ဖြစ်သွားမယ်။ ကျမ်းစာဖတ်ရင်း သိလာတဲ့ အကြံဉာဏ်တွေဟာ ပိန်းကြာရွက်ပေါ် ရေမတင်သလို ဖြစ်သွားမယ်။ (မိ. ၆:၈။ ၁ ပေ. ၅:၅) နှိမ့်ချမှု၊ ကျိုးနွံမှု ရှိရင်တော့ ကျမ်းစာအကြံဉာဏ်တွေ စိတ်နှလုံးထဲ မြန်မြန်ဆန်ဆန် စိမ့်ဝင်ပြီး လိုက်နာနိုင်မယ်။

၅။ ဘယ်အောင်မြင်မှုတွေကြောင့် ဘုရင်ဒါဝိဒ် မာနကြီးမိနိုင်သလဲ။

၅ ဘုရင်ဒါဝိဒ်ဆီကနေ ဘာသင်ယူနိုင်သလဲ သုံးသပ်ကြည့်ပါ။ ဘုရင် မဖြစ်ခင် နှစ်များစွာကတည်းက ဂီတကျွမ်းကျင်သူအဖြစ် နာမည်ရထားတယ်။ ဘုရင်ဆီ အခစားဝင်ပြီးတော့တောင် စောင်းတီးပေးရတယ်။ (၁ ရှ. ၁၆:၁၈၊ ၁၉) နောက်တက်မယ့် ဘုရင်အဖြစ် ဘိသိက်ပေးခံရပြီးနောက် ယေဟောဝါဆီက သန့်ရှင်းသော စွမ်းအားတော် ရပြီး ခွန်အားရှိလာတယ်။ (၁ ရှ. ၁၆:၁၁-၁၃) ဖိလိတိ လူထွားကြီး ဂေါလျတ် အပါအဝင် ရန်သူအများကြီးကို ချေမှုန်းနိုင်လို့ ဂုဏ်ပြုချီးမွမ်းခံရတယ်။ (၁ ရှ. ၁၇:၃၇၊ ၅၀။ ၁၈:၇) ဒီလိုအောင်မြင်မှုတွေကြောင့် ဒါဝိဒ် မာနကြီးချင်ရင် ကြီးမိနိုင်တယ်။ တခြားသူတွေဆီက ဘာအကြံဉာဏ်မှ တောင်းစရာ မလိုဘူးလို့ ထင်မိနိုင်တယ်။ ဒါပေမဲ့ ဒါဝိဒ် မာနမကြီးဘူး။

၆။ တခြားသူတွေ အကြံဉာဏ်ကောင်း ပေးတဲ့အခါ ဒါဝိဒ် လိုလိုလားလား နားထောင်တတ်မှန်း ဘယ်လို သိရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၆ ဒါဝိဒ် ဘုရင်ဖြစ်လာပြီးနောက် အတိုင်ပင်ခံတွေ ရွေးချယ်တယ်။ (၁ ရာ. ၂၇:၃၂-၃၄) ဒါ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒါဝိဒ်ဟာ ဘုရင် မဖြစ်ခင်ကတည်းက တခြားသူတွေ အကြံဉာဏ်ကောင်း ပေးတဲ့အခါ လိုလိုလားလား နားထောင်တတ်သူ ဖြစ်လို့ပဲ။ အမျိုးသားတွေရဲ့ အကြံဉာဏ်ကိုသာမက အမျိုးသမီးတွေရဲ့ အကြံဉာဏ်ကိုလည်း နားထောင်တယ်။ ဥပမာ၊ အဘိဂဲလလို့ ခေါ်တဲ့ အမျိုးသမီးရဲ့ အကြံဉာဏ်ကို နားထောင်ခဲ့တယ်။ အဘိဂဲလရဲ့ ခင်ပွန်း နာဗလဟာ မောက်မာတယ်၊ ကျေးဇူးကန်းတယ်၊ အတ္တကြီးတယ်။ ဒါဝိဒ်ကတော့ နှိမ့်ချမှု ရှိလို့ အဘိဂဲလရဲ့ အကြံပေးစကားကို နားထောင်တယ်။ ဒါကြောင့်လည်း လူသတ်မိမယ့်အဖြစ်ကို ရှောင်နိုင်တာ။—၁ ရှ. ၂၅:၂၊ ၃၊ ၂၁-၂၅၊ ၃၂-၃၄။

မိမိခြေရင်းမှာ ပျပ်ဝပ်ပြီး အဘိဂဲလ အသနားခံနေတာကို ဘုရင်ဒါဝိဒ် ဂရုတစိုက် နားထောင်နေ။

ဘုရင်ဒါဝိဒ်ဟာ နှိမ့်ချမှု ရှိလို့ အဘိဂဲလရဲ့ အကြံပေးစကားကို နားထောင် (စာပိုဒ် ၆ ကို ကြည့်ပါ)


၇။ ဒါဝိဒ်ဆီကနေ ဘာသင်ယူနိုင်သလဲ။ (ဒေသနာ ၄:၁၃) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၇ ဒါဝိဒ်ဆီကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ဆီမှာ စွမ်းရည်တချို့ ရှိနိုင်တယ်။ ဒါမှမဟုတ် အခွင့်အာဏာ အတော်အတန် ရှိနိုင်တယ်။ ဒါပေမဲ့ အကုန်သိ အကုန်တတ်တယ်၊ တခြားသူတွေဆီက အကြံဉာဏ် မလိုအပ်ဘူးလို့ ဘယ်တော့မှ မတွေးသင့်ဘူး။ အကြံပေးသူဟာ ဘယ်သူပဲ ဖြစ်ပါစေ အကြံဉာဏ်ကောင်းဆိုရင် ဒါဝိဒ်လိုပဲ လိုလိုလားလား နားထောင်သင့်တယ်။ (ဒေသနာ ၄:၁၃ ကို ဖတ်ပါ။) ဒါဆိုရင် ကိုယ်တိုင်နဲ့ တခြားသူတွေကို ထိခိုက်စေနိုင်တဲ့ အမှားမျိုး ရှောင်နိုင်မယ်။

ရုပ်ပုံ– ၁။ အကြီးအကဲလေးယောက် အစည်းအဝေး လုပ်နေ။ အကြီးအကဲတစ်ယောက် ခက်ခက်ထန်ထန် ပြောနေ။ ၂။ အစည်းအဝေးမှာ ပါတဲ့ အသက်ပိုငယ်တဲ့ အကြီးအကဲက ခက်ခက်ထန်ထန် ပြောတဲ့ အကြီးအကဲကို နောက်ပိုင်းမှာ ကားထဲ သီးသန့် စကားပြောနေ။

အကြံပေးသူဟာ ဘယ်သူပဲ ဖြစ်ပါစေ အကြံဉာဏ်ကောင်းဆိုရင် လိုလိုလားလား နားထောင်သင့် (စာပိုဒ် ၇ ကို ကြည့်ပါ)c


ဘယ်သူတွေက အကြံဉာဏ်ကောင်း ပေးနိုင်သလဲ

၈။ ဒါဝိဒ်ကို ယောနသန် ဘာကြောင့် အကြံဉာဏ်ကောင်း ပေးနိုင်သလဲ။

၈ ဒါဝိဒ်ဆီက ရတဲ့ သင်ခန်းစာ နောက်တစ်ခုကို သုံးသပ်ကြည့်ပါ။ ဘယ်သူတွေဆီကနေ ဒါဝိဒ် အကြံဉာဏ် တောင်းလေ့ရှိသလဲ။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့အပြင် မိမိကြုံနေတဲ့ အခြေအနေကို ကောင်းကောင်းသိသူတွေဆီကနေ အကြံဉာဏ် တောင်းလေ့ရှိတယ်။ ဥပမာ၊ မိမိကို ဘုရင်ရှောလု အမျက်ပြေမပြေ သိချင်တဲ့အခါ ရှောလုရဲ့သား ယောနသန်ကို အကြံဉာဏ် တောင်းတယ်။ ယောနသန်ကိုမှ ဘာကြောင့် အကြံဉာဏ် တောင်းသလဲ။ ယောနသန်ဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့အပြင် ရှောလုအကြောင်း ကောင်းကောင်းသိသူ ဖြစ်လို့ပဲ။ (၁ ရှ. ၂၀:၉-၁၃) ဒီကနေ ဘာသင်ယူနိုင်သလဲ။

၉။ အကြံဉာဏ် လိုအပ်တဲ့အခါ ဘယ်သူတွေနဲ့ တိုင်ပင်သင့်သလဲ။ ဥပမာပေးပါ။ (ပညာအလိမ္မာ ၁၃:၂၀)

၉ ကျွန်တော်တို့လည်း အကြံဉာဏ် လိုအပ်တဲ့အခါ ဘယ်သူတွေနဲ့ တိုင်ပင်သင့်သလဲ။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့အပြင် ကိုယ် အကူအညီ လိုအပ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကောင်းကောင်းသိသူတွေနဲ့ တိုင်ပင်ရမယ်။a (ပညာအလိမ္မာ ၁၃:၂၀ ကို ဖတ်ပါ။) ဥပမာ၊ ညီအစ်ကိုငယ်တစ်ယောက် အိမ်ထောင်ဖက် ရှာနေတယ် ဆိုပါစို့။ ဘယ်သူတွေနဲ့ တိုင်ပင်နိုင်သလဲ။ သူ တိုင်ပင်တဲ့သူဟာ အိမ်ထောင်သည် မဟုတ်ပေမဲ့ ကျမ်းစာမူတွေကို အခြေခံပြီး အကြံပေးနိုင်သူဆိုရင်တော့ အကူအညီ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့အကြောင်း ကောင်းကောင်းသိတဲ့၊ ဘုရားရေးရာမှာ ရင့်ကျက်တဲ့၊ အိမ်ထောင်သာယာတဲ့ မောင်နှံနဲ့ တိုင်ပင်မယ်ဆိုရင် ပိုလက်တွေ့ကျတဲ့ သတ်သတ်မှတ်မှတ် အကြံဉာဏ်တွေ ရလာနိုင်တယ်။

၁၀။ အခု ဘာဆွေးနွေးကြမလဲ။

၁၀ ကျွန်တော်တို့မှာ ရှိရမယ့် အရည်အသွေးနှစ်ခုက ဘာလဲ၊ ဘယ်သူတွေ အကြံဉာဏ်ကောင်း ပေးနိုင်သလဲဆိုတာ ဆွေးနွေးခဲ့ကြပြီ။ ကိုယ့်အတွေးအမြင်ကို ဘာကြောင့် ဆုပ်ကိုင်မထားသင့်သလဲ၊ ကိုယ့်အတွက် တခြားသူတွေကို ဆုံးဖြတ်ခိုင်းသင့်သလားဆိုတာ ဆက်ဆွေးနွေးကြရအောင်။

ကိုယ့်အတွေးအမြင်ကို ဆုပ်ကိုင်မထားကြောင်း ဘယ်လို ပြနိုင်သလဲ

၁၁-၁၂။ (က) တစ်ခါတလေ ကျွန်တော်တို့ ဘာလုပ်မိနိုင်သလဲ။ (ခ) အရေးကြီး ဆုံးဖြတ်ချက် မချခင် ဘုရင်ရောဗောင် ဘာလုပ်သလဲ။

၁၁ တစ်ခါတလေ လူတစ်ယောက် အကြံဉာဏ် တောင်းနေပုံပေါက်ပေမဲ့ တကယ်တော့ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ထားပြီးသား။ သူ့ဆုံးဖြတ်ချက်ကို တခြားသူတွေ သဘောတူမတူ သိချင်လို့သာ လိုက်မေးတာ။ အကြံဉာဏ် တကယ် ရှာဖွေနေတာ မဟုတ်ဘူး။ အဲဒီလိုလူတွေဟာ ဘုရင်ရောဗောင်အဖြစ်ကနေ သင်ခန်းစာ ယူသင့်တယ်။

၁၂ ခမည်းတော် ရှောလမုန် ကွယ်လွန်ပြီးနောက် ရောဗောင်ဟာ အစ္စရေးဘုရင် ဖြစ်လာတယ်။ စည်ပင်ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်ကို ရောဗောင် အုပ်ချုပ်ရတာ။ ဒါပေမဲ့ ရှောလမုန်လက်ထက်မှာ ပင်ပင်ပန်းပန်း အမှုထမ်းခဲ့ရတယ်လို့ ပြည်သူပြည်သားတချို့ ထင်နေကြတယ်။ ဒါကြောင့် သက်သာအောင် လျှော့ပေါ့ပေးဖို့ ရောဗောင်ဆီ လာတောင်းဆိုကြတယ်။ ဆုံးဖြတ်ဖို့ အချိန်ပေးပါလို့ သူတို့ကို ရောဗောင် ပြောလိုက်တယ်။ အဲဒီနောက် ခမည်းတော်ဆီ ခစားခဲ့တဲ့ အသက်ကြီးသူတွေနဲ့ တိုင်ပင်တယ်။ ဒီလိုတိုင်ပင်တာ သိပ်ကောင်းတယ်။ (၁ ဘု. ၁၂:၂-၇) ဒါပေမဲ့ အသက်ကြီးသူတွေရဲ့ အကြံပေးချက်ကို ရောဗောင် လက်မခံဘူး။ ဘာကြောင့်လဲ။ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ထားပြီးသား ဖြစ်ပုံရတယ်။ သူ့ဆုံးဖြတ်ချက်ကို အသက်ကြီးသူတွေ သဘောတူမတူ သိချင်လို့သာ တိုင်ပင်ကြည့်တာ ဖြစ်နိုင်တယ်။ ဒါနဲ့ ငယ်ပေါင်းကြီးဖော် လူငယ်တွေကို တိုင်ပင်တော့ သူတို့ ပေးတဲ့ အကြံက သူ ဆုံးဖြတ်ထားတာနဲ့ တူနေလို့ သဘောကျသွားတယ်။ (၁ ဘု. ၁၂:၈-၁၄) ငယ်ပေါင်းကြီးဖော်တွေ အကြံပေးတဲ့အတိုင်း ပြည်သူပြည်သားတွေကို ပြောလိုက်တယ်။ ဒီလိုနဲ့ နိုင်ငံ နှစ်ခြမ်းကွဲသွားပြီး နန်းသက်တစ်လျှောက် တိုင်းပြည် မအေးချမ်းတော့ဘူး။—၁ ဘု. ၁၂:၁၆-၁၉။

၁၃။ ကိုယ့်အတွေးအမြင်ကို ဆုပ်ကိုင်ထားမထား ဘယ်လို သိနိုင်သလဲ။

၁၃ ရောဗောင်အဖြစ်ကနေ ဘာသင်ယူနိုင်သလဲ။ အကြံဉာဏ် တောင်းတဲ့အခါ ကိုယ့်အတွေးအမြင်ကို ဆုပ်ကိုင်မထားရဘူး။ ကိုယ့်အတွေးအမြင်ကို ဆုပ်ကိုင်ထားမထား ဘယ်လို သိနိုင်သလဲ။ ‘အကြံဉာဏ် တောင်းတဲ့အခါ ငါ ကြားချင်တဲ့စကား မဟုတ်တာနဲ့ ချက်ချင်း ငြင်းပယ်တတ်သလား’ လို့ ဆန်းစစ်ကြည့်နိုင်တယ်။

၁၄။ အကြံဉာဏ် တောင်းတဲ့အခါ ဘာကို သတိရရမလဲ။ ဥပမာပေးပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ ညီအစ်ကိုတစ်ယောက် မက်လောက်စရာအလုပ် ကမ်းလှမ်းခံရတယ် ဆိုပါစို့။ အလုပ် လက်မခံခင်မှာ အကြီးအကဲတစ်ယောက်နဲ့ တိုင်ပင်တယ်။ ဒီအလုပ်လုပ်ရင် မိသားစုနဲ့ ခွဲပြီး အပတ်နဲ့ချီ ခဏခဏ ခရီးသွားရမယ့်အကြောင်း အကြီးအကဲကို ပြောပြတယ်။ အိမ်ထောင်ဦးစီးရဲ့ အဓိကတာဝန်ဟာ မိသားစုကို ဘုရားရေးရာပိုင်း ထောက်မပေးဖို့ ဖြစ်တယ်ဆိုတဲ့ ကျမ်းစာမူကို အကြီးအကဲ သတိပေးတယ်။ (ဧ. ၆:၄။ ၁ တိ. ၅:၈) ဒါပေမဲ့ အကြီးအကဲ အကြံပေးတာကို လက်မခံဘူး။ ‘အလုပ်လက်ခံလိုက်’ ဆိုတဲ့ သူ ကြားချင်နေတဲ့စကား မကြားရမချင်း အသင်းတော်မှာ ရှိတဲ့သူ တစ်ယောက်ပြီး တစ်ယောက်ကို လိုက်မေးတယ်။ ဒီညီအစ်ကိုဟာ အကြံဉာဏ် တကယ် ရှာဖွေနေတာလား ဒါမှမဟုတ် သူ ဆုံးဖြတ်ထားတာကို သဘောတူမယ့်သူ ရှာဖွေနေတာလား။ စိတ်နှလုံးဟာ စဉ်းလဲတယ်ဆိုတာ ကျွန်တော်တို့ သတိရရမယ်။ (ယေ. ၁၇:၉) တစ်ခါတလေ ကိုယ် မကြားချင်ဆုံး အကြံဉာဏ်ဟာ အလိုအပ်ဆုံး အကြံဉာဏ် ဖြစ်နေနိုင်တယ်။

ညီအစ်မတစ်ယောက် ညီအစ်ကို/မအများကြီးကို အကြံဉာဏ် တောင်းနေ။ ပေးတဲ့အကြံကို သဘောမကျလို့ တစ်ယောက်ပြီး တစ်ယောက် ပြောင်းမေးနေ။

အကြံဉာဏ် တကယ် ရှာဖွေနေတာလား ဒါမှမဟုတ် ကိုယ် ဆုံးဖြတ်ထားတာကို သဘောတူမယ့်သူ ရှာဖွေနေတာလား (စာပိုဒ် ၁၄ ကို ကြည့်ပါ)d


ကိုယ့်အတွက် တခြားသူတွေကို ဆုံးဖြတ်ခိုင်းသင့်သလား

၁၅။ ဘာကို သတိထားရမလဲ။ ဘာကြောင့်လဲ။

၁၅ ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်တွေ ကိုယ်တိုင် ချရမယ့်တာဝန် ရှိတယ်။ (ဂလ. ၆:၄၊ ၅) ဆုံးဖြတ်ချက် မချခင် ကျမ်းစာအကြံဉာဏ်၊ ရင့်ကျက်တဲ့ ခရစ်ယာန်တွေရဲ့ အကြံဉာဏ်ကို ရှာဖွေဖို့ သိပ်အရေးကြီးတယ်ဆိုတာ ဆွေးနွေးခဲ့ကြပြီ။ ဒါပေမဲ့ ကိုယ့်အတွက် တခြားသူတွေကို မဆုံးဖြတ်ခိုင်းမိဖို့ သတိထားရမယ်။ တချို့က “ညီအစ်ကို/မသာ ကျွန်တော်/မနေရာမှာဆိုရင် ဘာလုပ်မလဲ” ဆိုပြီး ကိုယ် လေးစားအားကိုးရသူကို မေးတတ်ကြတယ်။ ဒါက တခြားသူကို တိုက်ရိုက် ဆုံးဖြတ်ခိုင်းတာ ဖြစ်တယ်။ တချို့ကျတော့ အခြေအနေကို ကိုယ်တိုင် မသုံးသပ်ဘဲ တခြားသူ ဆုံးဖြတ်သလို လိုက်ဆုံးဖြတ်ကြတယ်။ ဒါက တခြားသူကို သွယ်ဝိုက်ပြီး ဆုံးဖြတ်ခိုင်းတာနဲ့ တူတယ်။

၁၆။ ကောရိန္သုအသင်းတော်က ခရစ်ယာန်တွေ ဘာဆုံးဖြတ်ဖို့ လိုလာသလဲ။ ဆုံးဖြတ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ (၁ ကောရိန္သု ၈:၇။ ၁၀:၂၅၊ ၂၆)

၁၆ ပထမရာစု ကောရိန္သုအသင်းတော်က ခရစ်ယာန်တွေအကြောင်း စဉ်းစားကြည့်ပါ။ ရုပ်တုရှေ့ ပူဇော်ထားတာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အသားကို စားသင့်မစားသင့် သူတို့ ဆုံးဖြတ်ဖို့ လိုလာတယ်။ “ရုပ်တုဟာ အချည်းနှီးဖြစ်မှန်း၊ စစ်မှန်တဲ့ ဘုရားသခင်ကလွဲလို့ တခြားဘုရား မရှိမှန်း ကျွန်တော်တို့ သိတယ်” လို့ သူတို့ကို ပေါလု ပြောတယ်။ (၁ ကော. ၈:၄) ဒါကြောင့် ရုပ်တုရှေ့ ပူဇော်ထားတာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အသားကို အသားဈေးမှာ ရောင်းတဲ့အခါ စားလို့ရတယ်လို့ ခရစ်ယာန်တချို့ ဆုံးဖြတ်ကြတယ်။ တချို့ကျတော့ အမှားအမှန်သိစိတ် အနှောင့်အယှက်ဖြစ်လို့ မစားဖို့ ဆုံးဖြတ်ကြတယ်။ (၁ ကောရိန္သု ၈:၇။ ၁၀:၂၅၊ ၂၆ ကို ဖတ်ပါ။) ဒါ ကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်။ တခြားသူတွေအတွက် ဆုံးဖြတ်ပေးဖို့ သူတို့ကို ပေါလု အကြံမပေးသလို တခြားသူတွေ ဆုံးဖြတ်သလို လိုက်ဆုံးဖြတ်ဖို့လည်း အကြံမပေးဘူး။ တစ်ယောက်ချင်းစီဟာ “ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး” ယေဟောဝါဆီ ဖြေရှင်းချက် ပေးကြရမယ်။—ရော. ၁၄:၁၀-၁၂။

၁၇။ တခြားသူ ဆုံးဖြတ်သလို လိုက်ဆုံးဖြတ်ရင် ဘာဖြစ်လာနိုင်သလဲ။ ဥပမာပေးပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ အလားတူ အခြေအနေမျိုး ဒီနေ့အချိန်မှာ ဘယ်လို ကြုံလာနိုင်သလဲ။ သွေးအပိုင်းအစတွေနဲ့ပတ်သက်တဲ့ ကိစ္စကို စဉ်းစားကြည့်ပါ။ သွေးအပိုင်းအစတွေကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ကို အခြေခံပြီး ခရစ်ယာန်တစ်ယောက်ချင်းစီ ဆုံးဖြတ်ရမယ်။b အပြည့်အဝ နားလည်ဖို့ မလွယ်တဲ့ကိစ္စဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ (ရော. ၁၄:၄) တခြားသူ ဆုံးဖြတ်သလို လိုက်ဆုံးဖြတ်ရင် ကိုယ့်အမှားအမှန်သိစိတ် အားနည်းလာမယ်။ ကျမ်းစာကို အခြေခံပြီး ကိုယ်တိုင် ဆုံးဖြတ်မှ အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးရာရောက်မယ်။ (ဟီ. ၅:၁၄) ဒါဆိုရင် ဘယ်အချိန်မှာ ရင့်ကျက်တဲ့ ခရစ်ယာန်တွေဆီက အကြံဉာဏ် တောင်းသင့်သလဲ။ ကိုယ့်ဘာသာ ရှာဖွေလေ့လာပြီးပေမဲ့ ကိုယ့်အခြေအနေနဲ့ ကျမ်းစာမူတွေ ဘယ်လို သက်ဆိုင်ကြောင်း နားလည်ဖို့ အကူအညီ လိုနေတုန်းပဲဆိုရင် အကြံဉာဏ် တောင်းနိုင်ပါတယ်။

ရုပ်ပုံ– ၁။ ညီအစ်ကိုတစ်ယောက် သွေးကတ်ဖြည့်ရာမှာ အကူအညီ ရဖို့ ကျမ်းစာ၊ “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ် သင်ခန်းစာ ၃၉ ကို လေ့လာပြီး “သွေးနဲ့ပတ်သက်တဲ့ ကုသမှုမှာ ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ” ဗီဒီယိုကို ကြည့်နေ။ ၂။ နောက်ပိုင်း၊ ရင့်ကျက်တဲ့ ညီအစ်ကိုတစ်ယောက် ကျမ်းပိုဒ်တစ်ပိုဒ် ကျိုးကြောင်းဆင်ခြင်ပြတာကို သူ နားထောင်နေ။

ကိုယ့်ဘာသာ ရှာဖွေလေ့လာပြီးနောက်မှ အကြံဉာဏ် တောင်းသင့် (စာပိုဒ် ၁၇ ကို ကြည့်ပါ)


အကြံဉာဏ် ဆက်တောင်းခံပါ

၁၈။ ကျွန်တော်တို့အတွက် ယေဟောဝါ ဘာတွေ လုပ်ပေးထားသလဲ။

၁၈ ဆုံးဖြတ်ချက်တွေ ကိုယ်တိုင် ချခွင့်ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ယေဟောဝါ စိတ်ချကြောင်း ပြတယ်။ ဆုံးဖြတ်ချက် ချရာမှာ အကူအညီ ဖြစ်စေဖို့ ကျမ်းစာ ပေးထားတယ်။ ကျမ်းစာမူတွေကို ကျိုးကြောင်းဆင်ခြင်တတ်အောင် ကူညီပေးနိုင်တဲ့ ရင့်ကျက်တဲ့ မိတ်ဆွေတွေ ပေးထားတယ်။ ယေဟောဝါဟာ ဖခင်ဝတ္တရား တကယ် ကျေပွန်ပါတယ်။ (ပညာ. ၃:၂၁-၂၃) ကျွန်တော်တို့ ဘယ်လို ကျေးဇူးတုံ့ပြန်နိုင်သလဲ။

၁၉။ ယေဟောဝါကို ဘယ်လိုနည်းနဲ့ ဆက်ပြီး စိတ်ရွှင်လန်းစေနိုင်သလဲ။

၁၉ သားသမီးတွေ ရင့်ကျက်လာတာ၊ တွေးခေါ်တတ်လာတာ၊ အမြော်အမြင်ရှိလာတာ မြင်တဲ့အခါ မိဘတွေ သိပ်ဝမ်းသာတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ဘုရားရေးရာမှာ ပိုရင့်ကျက်လာတာ၊ တခြားသူတွေဆီက အကြံဉာဏ် တောင်းတာ၊ ဆုံးဖြတ်ချက်ကောင်းတွေ ချတာ မြင်တဲ့အခါ အဖယေဟောဝါ စိတ်ရွှင်လန်းတယ်။

သင် ဘယ်လို ဖြေမလဲ

  • ဘာကြောင့် နှိမ့်ချမှု၊ ကျိုးနွံမှု ရှိရမလဲ။

  • ကိုယ့်အတွေးအမြင်ကို ဘာကြောင့် ဆုပ်ကိုင်မထားသင့်သလဲ။

  • ကိုယ့်အတွက် တခြားသူတွေကို ဘာကြောင့် မဆုံးဖြတ်ခိုင်းသင့်သလဲ။

သီချင်း ၁၂၇ ဘယ်လိုလူစားမျိုး ဖြစ်သင့်

a ခရစ်ယာန်တွေဟာ ငွေရေးကြေးရေး၊ ကျန်းမာရေး ဒါမှမဟုတ် တခြားကိစ္စတွေနဲ့ပတ်သက်ပြီး မယုံကြည်သူတွေနဲ့ တိုင်ပင်ရတဲ့အချိန်တွေ ရှိနိုင်ပါတယ်။

b ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်သိချင်ရင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၃၉ အချက် ၅ နဲ့ “လေ့လာစရာ ထပ်ဖွေရှာ” အပိုင်းကို ကြည့်ပါ။

c ပုံအညွှန်း– အကြီးအကဲအစည်းအဝေးမှာ အကြီးအကဲတစ်ယောက်ရဲ့ စကားပြောဆိုပုံနဲ့ပတ်သက်ပြီး အသက်ပိုငယ်တဲ့ အကြီးအကဲ နောက်ပိုင်းမှာ အကြံပေးနေ။

d ပုံအညွှန်း– ညီအစ်မတစ်ယောက် လူပြောင်းပြီး အကြံဉာဏ် တောင်းနေ။ သူ ကြားချင်တဲ့စကား မကြားရလို့ ထွက်သွား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ