ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဇူလိုင် စာ. ၈-၁၃
  • အကြံဉာဏ် ဘယ်လို ပေးသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြံဉာဏ် ဘယ်လို ပေးသင့်သလဲ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြံဉာဏ် တောင်းဆိုခံရတဲ့အခါ
  • တောင်းဆိုမခံရဘဲ အကြံပေးဖို့ လိုလာတဲ့အခါ
  • သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းနဲ့ အကြံပေးပါ
  • ဆက်ပြီး အကြံဉာဏ် တောင်းခံပါ၊ အကြံဉာဏ် ပေးပါ
  • အကြံဉာဏ် ဘယ်လို တောင်းသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • “အကြီးအကဲတွေကို ခေါ်ပါ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • သင့်ရဲ့ အကြံပေးစကားက “စိတ်ကို ရွှင်လန်းစေ” သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ‘ဉာဏ်ပညာရှိသူ ပြောတဲ့ စကားတွေကို အသေအချာ နားထောင်ပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဇူလိုင် စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၂၉

သီချင်း ၈၇ လာကြ၊ လန်းဆန်းမှု ရယူကြ

အကြံဉာဏ် ဘယ်လို ပေးသင့်သလဲ

“မင်းကို ငါ . . . မပြတ်ကြည့်ရှုပြီး အကြံဉာဏ် ပေးမယ်။”—ဆာ. ၃၂:၈။

အာရုံစိုက်ရာ

တခြားသူတွေကို ဘယ်လို ထိထိရောက်ရောက် အကြံပေးနိုင်သလဲ။

၁။ ဘယ်သူတွေမှာ အကြံပေးရမယ့်တာဝန် ရှိသလဲ။ ဘာကြောင့်လဲ။

တခြားသူတွေကို အကြံပေးရတာ သင် ကြိုက်သလား။ တချို့က ကြိုက်တယ်။ တချို့ကျတော့ အကြံပေးရမှာ ဝန်လေးတယ်။ အကြံပေးတဲ့အခါ မရဲတရဲ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး အခါအားလျော်စွာ အကြံပေးရမယ့်တာဝန် ရှိတယ်။ ဘာကြောင့်လဲ။ အချင်းချင်းကို ချစ်တဲ့မေတ္တာဟာ နောက်လိုက်စစ်တွေရဲ့ ထင်ရှားတဲ့ အမှတ်အသား ဖြစ်မယ်လို့ ယေရှု ပြောထားလို့ပါပဲ။ (ယော. ၁၃:၃၅) ချစ်ကြောင်း ပြနိုင်တဲ့ တစ်နည်းကတော့ လိုအပ်တဲ့အခါ ညီအစ်ကို/မတွေကို အကြံပေးခြင်းပါပဲ။ “စိတ်ရင်းမှန်နဲ့ အကြံပေးတတ်တဲ့ မိတ်ဆွေကလည်း စိတ်ကို ရွှင်လန်းစေတယ်” လို့ ကျမ်းစာ ဆိုတယ်။—ပညာ. ၂၇:၉။

၂။ အကြီးအကဲတွေ ဘာလုပ်တတ်ဖို့ လိုသလဲ။ ဘာကြောင့်လဲ။ (“ကြားရက်အစည်းအဝေးမှာ အကြံဉာဏ် ပေးတဲ့အခါ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၂ အထူးသဖြင့် အကြီးအကဲတွေဟာ ထိထိရောက်ရောက် အကြံပေးတတ်ဖို့ လိုတယ်။ သိုးတော်စုကို ထိန်းကျောင်းဖို့ သူတို့ကို ယေဟောဝါနဲ့ ယေရှု ခန့်အပ်ထားတယ်။ (၁ ပေ. ၅:၂၊ ၃) သိုးတော်စုကို အကြီးအကဲတွေ ထိန်းကျောင်းတဲ့ တစ်နည်းကတော့ ကျမ်းစာအကြံဉာဏ်ကို အခြေခံပြီး အသင်းတော်မှာ ဟောပြောချက်တွေ ပေးတာပါ။ ဒါ့အပြင် သိုးတော်စုကနေ လမ်းလွဲသွားသူတွေ အပါအဝင် သိုးတစ်ကောင်ချင်းစီကို လိုအပ်သလို အကြံပေးကြတယ်။ အကြီးအကဲတွေကော ကျွန်တော်တို့အားလုံးပါ အကြံဉာဏ်ကောင်း ဘယ်လို ပေးနိုင်သလဲ။

ကြားရက်အစည်းအဝေး သဘာပတိက “ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ” စာစောင် သုံးပြီး ကျောင်းသားတာဝန်ကျသူကို ချီးမွမ်းပြီး အကြံပေးနေ။

ကြားရက်အစည်းအဝေးမှာ အကြံဉာဏ် ပေးတဲ့အခါ

ကျောင်းသားတာဝန်ကျသူတွေကို ကြားရက်အစည်းအဝေး သဘာပတိက အကြံဉာဏ် ပေးလေ့ရှိတယ်။ သွန်သင်ခြင်းစွမ်းရည်တစ်ခု တိုးတက်ဖို့ တာဝန်ကျသူ ဘယ်လို ကြိုးစားသွားသလဲဆိုတာ အာရုံစိုက်ကြည့်တယ်။

တာဝန်ပြီးသွားတဲ့အခါ ကြိုးစားသွားတဲ့အပိုင်းကို ချီးမွမ်းတယ်။ တိုးတက်ဖို့ လိုအပ်တဲ့အပိုင်း ရှိရင် အလိမ္မာနည်းနဲ့ သတ်သတ်မှတ်မှတ် အကြံပေးတယ်။ အဲဒီလိုအကြံပေးချက်တွေက ကျောင်းသားတာဝန်ကျသူအတွက်သာမက အသင်းတော်တစ်ခုလုံးအတွက် အကျိုးရှိတယ်။—ပညာ. ၂၇:၁၇။

၃။ (က) အကြံဉာဏ်ကောင်း ပေးတတ်ဖို့ ဘာလုပ်နိုင်သလဲ။ (ဟေရှာယ ၉:၆။ “အကြံဉာဏ် ပေးတဲ့အခါ ယေရှုကို အတုယူပါ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။) (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသွားမလဲ။

၃ အကြံဉာဏ်ကောင်း ပေးတတ်ဖို့ ကျမ်းစာဇာတ်ကောင်တချို့ရဲ့ အကြံပေးပုံကို လေ့လာနိုင်တယ်။ အထူးသဖြင့် ယေရှုရဲ့ အကြံပေးပုံကို လေ့လာနိုင်တယ်။ ယေရှုရဲ့ ဘွဲ့နာမတစ်ခုဟာ “အကောင်းဆုံး အတိုင်ပင်ခံ” ဖြစ်တယ်။ (ဟေရှာယ ၉:၆ ကို ဖတ်ပါ။) အကြံဉာဏ် တောင်းဆိုခံရတဲ့အခါ ဘာလုပ်နိုင်သလဲ၊ တောင်းဆိုမခံရဘဲ အကြံပေးဖို့ လိုလာတဲ့အခါ ဘာလုပ်နိုင်သလဲ၊ သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းနဲ့ အကြံပေးဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

အကြံဉာဏ် ပေးတဲ့အခါ ယေရှုကို အတုယူပါ

ယေရှုကို “အကောင်းဆုံး အတိုင်ပင်ခံ” ဖြစ်စေတဲ့ အချက်တချို့ကို မှတ်သားပြီး ဘယ်လို အတုယူနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။

  • ဘာပြောရမလဲ ယေရှု သိတယ်။ ကိုယ့်ဉာဏ်ပညာကို မဟုတ်ဘဲ ယေဟောဝါရဲ့ ဉာဏ်ပညာကို အမြဲ အားကိုးတဲ့အတွက် ဘာပြောရင် သင့်တော်သလဲဆိုတာ ယေရှု သိတယ်။ “ကျွန်တော် ပြောတဲ့အရာတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ပြောတာ မဟုတ်ဘူး” လို့ တပည့်တွေကို ပြောတယ်။—ယော. ၁၄:၁၀။

    သင်ခန်းစာ။ ကျွန်တော်တို့မှာ အတွေ့အကြုံ၊ အသိပညာ အတော်အတန် ရှိနိုင်ပါတယ်။ ဒါပေမဲ့ အကြံပေးတဲ့အခါ ကိုယ့်ဉာဏ်ပညာကို မဟုတ်ဘဲ ကျမ်းစာကို အခြေခံရမယ်။

  • ဘယ်အချိန် ပြောရမလဲ ယေရှု သိတယ်။ တပည့်တွေ သိဖို့ လိုတာအားလုံးကို ယေရှု တစ်ထိုင်တည်း မပြောဘူး။ အကြံပေးတည့်မတ်ဖို့ သင့်တော်တဲ့အချိန်ကို စောင့်တယ်။ ခံယူနိုင်သလောက်ပဲ ပြောတယ်။—ယော. ၁၆:၁၂။

    သင်ခန်းစာ။ တစ်ယောက်ယောက်ကို အကြံပေးတဲ့အခါ သင့်တော်တဲ့အချိန်ကို စောင့်ရမယ်။ (ဒေ. ၃:၇) ပြောတဲ့အချက်တွေ များသွားရင် သူ စိတ်ရှုပ်ပြီး စိတ်ဓာတ်ကျသွားမယ်။ ဒါကြောင့် လက်ရှိ ကြုံနေရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး သူ သိဖို့ လိုသလောက်ပဲ ပြောပါ။

  • ဘယ်လို ပြောရမလဲ ယေရှု သိတယ်။ နှိမ့်ချမှု ရှိဖို့ တမန်တော်တွေကို ယေရှု ထပ်တလဲလဲ အကြံပေးတည့်မတ်ရတယ်။ ဒါပေမဲ့ အကြံပေးတည့်မတ်တဲ့အခါတိုင်း ကရုဏာပါတယ်၊ ထောက်ထားစာနာတယ်။—မ. ၁၈:၁-၅။

    သင်ခန်းစာ။ တစ်ယောက်ယောက်ကို ကိစ္စတစ်ခုတည်းအတွက် ထပ်တလဲလဲ အကြံပေးရရင်တောင် ကရုဏာပါပါ၊ ထောက်ထားစာနာမှုရှိရှိ အကြံပေးရင် ပိုထိရောက်နိုင်တယ်။

အကြံဉာဏ် တောင်းဆိုခံရတဲ့အခါ

၄-၅။ အကြံဉာဏ် တောင်းဆိုခံရတဲ့အခါ အရင်ဆုံး ဘာစဉ်းစားသင့်သလဲ။ ဥပမာပေးပါ။

၄ တစ်ယောက်ယောက် အကြံတောင်းတဲ့အခါ အားကိုးခံရတယ်ဆိုပြီး ကျွန်တော်တို့ ဝမ်းသာသွားနိုင်တယ်။ ချက်ချင်း အကြံပေးချင်မိနိုင်တယ်။ ဒါပေမဲ့ ‘ငါ တကယ် အကြံပေးနိုင်တဲ့ကိစ္စ ဟုတ်သလား’ ဆိုပြီး အရင်ဆုံး စဉ်းစားသင့်တယ်။ တစ်ခါတလေကျတော့ ကိုယ်တိုင် အကြံမပေးဘဲ တကယ် အကြံဉာဏ်ကောင်း ပေးနိုင်မယ့်သူဆီ လမ်းညွှန်ပေးတာ ကူညီရာပိုရောက်တယ်။

၅ ဥပမာ၊ မိတ်ဆွေတစ်ယောက် အကြီးအကျယ် မကျန်းမမာ ဖြစ်နေတယ် ဆိုပါစို့။ ကုသနည်းတွေ ရှာထားတယ်၊ ဘယ်ကုသနည်း ပိုကောင်းမယ် ထင်သလဲဆိုပြီး သင့်ကို မေးတယ်။ ကုသနည်းတစ်နည်းကို ရွေးဖို့ အကြံပေးချင်မိနိုင်ပေမဲ့ သင်က ဆရာဝန် မဟုတ်သလို ဆေးပညာ တတ်ကျွမ်းနားလည်သူလည်း မဟုတ်ဘူး။ ဒီလိုကိစ္စမှာ တကယ် တတ်ကျွမ်းနားလည်သူဆီ လမ်းညွှန်ပေးတာ အကူအညီ ပိုဖြစ်နိုင်တယ်။

၆။ အကြံမပေးခင် ဘာလုပ်သင့်သလဲ။

၆ ကိုယ် အကြံပေးနိုင်တဲ့ကိစ္စလို့ ထင်ရင်တောင် ချက်ချင်း အကြံမပေးတာ ကောင်းတယ်။ “ဖြောင့်မတ်သူက စိတ်ထဲမှာ အရင် စဉ်းစားပြီးမှ ပြန်ပြောတတ်တယ်” လို့ ပညာအလိမ္မာ ၁၅:၂၈ မှာ ဆိုထားတယ်။ ဒါကြောင့် ဘာပြန်ပြောရမလဲ သိတယ်လို့ ထင်ရင်တောင် ရှာဖွေလေ့လာဖို့၊ ဆုတောင်းဖို့၊ စဉ်းစားသုံးသပ်ဖို့ ခဏလောက် အချိန်ယူပါ။ ဒါဆိုရင် ကိုယ်ပေးမယ့် အကြံဉာဏ်ဟာ ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ ကိုက်ညီတယ်ဆိုတာ ပိုသေချာသွားနိုင်တယ်။ ပရောဖက် နာသန်အဖြစ်ကို သုံးသပ်ကြည့်ပါ။

၇။ ပရောဖက် နာသန်ဆီကနေ ဘာသင်ခန်းစာ ရသလဲ။

၇ ယေဟောဝါအတွက် ဗိမာန်တော် ဆောက်ချင်တဲ့အကြောင်း ပရောဖက် နာသန်ကို ဘုရင်ဒါဝိဒ် ပြောတယ်။ ဆောက်ပါလို့ နာသန် ချက်ချင်း အကြံပေးလိုက်တယ်။ တကယ်တော့ ယေဟောဝါက ဒါဝိဒ်ကို ဗိမာန်တော် မဆောက်စေချင်ဘူး။ ဒါဝိဒ်ကို အကြံမပေးခင် ယေဟောဝါဆီ နာသန် အရင်ဆုံး မေးမြန်းခဲ့သင့်တာ။ (၁ ရာ. ၁၇:၁-၄) “မစဉ်းစားမဆင်ခြင်ဘဲ” အကြံမပေးမိဖို့ ဒီအဖြစ်ကနေ သင်ခန်းစာ ရတယ်။—ယာ. ၁:၁၉။

၈။ တခြားသူတွေကို အကြံမပေးခင် သေသေချာချာ စဉ်းစားသင့်တဲ့ အကြောင်းရင်း နောက်တစ်ခုက ဘာလဲ။

၈ တခြားသူတွေကို အကြံမပေးခင် သေသေချာချာ စဉ်းစားသင့်တဲ့ အကြောင်းရင်း နောက်တစ်ခု ရှိတယ်။ ကိုယ်ပေးတဲ့ အကြံကြောင့် တစ်ဖက်သား ဆုံးဖြတ်ချက် မှားသွားရင် ကိုယ်လည်း တာဝန်မကင်းလို့ပဲ။

တောင်းဆိုမခံရဘဲ အကြံပေးဖို့ လိုလာတဲ့အခါ

၉။ အကြံပေးမတည့်မတ်ခင် အကြီးအကဲတွေဘက်က ဘာသေချာရမလဲ။ (ဂလာတိ ၆:၁)

၉ ညီအစ်ကို/မတစ်ယောက် “ခြေလှမ်းမှားသွား” တဲ့အခါ အကြီးအကဲတွေ အစပြုပြီး အကြံပေးတည့်မတ်ရတတ်တယ်။ (ဂလာတိ ၆:၁ ကို ဖတ်ပါ။) ခြေလှမ်းမှားသူဆိုတာ “အမှားကြီးကြီးမားမား မလုပ်သေးပေမဲ့ လမ်းမှားကို ဦးတည်နေသူ” ကို ဆိုလိုတယ်လို့ အဲဒီကျမ်းပိုဒ်အတွက် လေ့လာမှုမှတ်စုမှာ ဖော်ပြထားတယ်။ သူ ထာဝရအသက်လမ်းမှာ ဆက်ရှိနေအောင် ကူညီပေးဖို့ဟာ အကြီးအကဲတွေရဲ့ ပန်းတိုင် ဖြစ်တယ်။ (ယာ. ၅:၁၉၊ ၂၀) ဒါပေမဲ့ ပေးတဲ့ အကြံဉာဏ် ထိရောက်ဖို့ဆိုရင် သူ တကယ် ခြေလှမ်းမှားနေတာ ဟုတ်မဟုတ် အကြီးအကဲတွေဘက်က သေချာရမယ်။ ယောက်တိုင်း ကိုယ့်အမှားအမှန်သိစိတ်ကို အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချဖို့ ယေဟောဝါ ခွင့်ပြုထားတယ်။ ဒါကြောင့် ကိုယ်နဲ့ ဆုံးဖြတ်ပုံချင်း မတူတာနဲ့ပဲ ခြေလှမ်းမှားနေတယ်လို့ ပြောလို့မရမှန်း အကြီးအကဲတွေ အသိအမှတ်ပြုကြတယ်။ (ရော. ၁၄:၁-၄) ဒါပေမဲ့ ခြေလှမ်းမှားနေတာ သေချာရင် အကြီးအကဲတွေ ဘယ်လို အစပြုပြီး အကြံပေးတည့်မတ်နိုင်သလဲ။

၁၀-၁၂။ တောင်းဆိုမခံရဘဲ အကြံပေးတည့်မတ်ဖို့ လိုလာတဲ့အခါ အကြီးအကဲတွေ ဘာလုပ်သင့်သလဲ။ ဥပမာပေးပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၀ တောင်းဆိုမခံရဘဲ အကြီးအကဲတွေ အကြံပေးတည့်မတ်ရတာ လွယ်တော့ မလွယ်ဘူး။ ဘာကြောင့်လဲ။ တမန်တော် ပေါလု ပြောသလိုပဲ ခြေလှမ်းမှားသူဟာ ကိုယ်မှားလို့ မှားနေမှန်း သတိမထားမိတဲ့အတွက် အကြီးအကဲ ဘာကြောင့် အကြံပေးတည့်မတ်နေမှန်း နားမလည်ဘဲ ဖြစ်နေနိုင်တယ်။ ဒါကြောင့် အကြံပေးတည့်မတ်တာကို သူ လက်ခံရလွယ်အောင် အကြီးအကဲတွေ အရင်ဆုံး လုပ်သင့်တယ်။

၁၁ တောင်းဆိုမခံရဘဲ အကြံပေးတည့်မတ်တာဟာ မြေမာမှာ အပင်စိုက်တာနဲ့ တူတယ်။ လယ်သမားက မျိုးစေ့မချခင် မြေကို အရင်ဆုံး ထွန်ယက်တူးဆွတယ်။ မြေသားပျော့သွားမှ မျိုးစေ့ချတယ်။ အဲဒီနောက် မျိုးစေ့ကနေ အပင်ပေါက်လာဖို့ ရေလောင်းတယ်။ အဲဒီလိုပဲ တောင်းဆိုမခံရဘဲ အကြီးအကဲတစ်ယောက် အကြံပေးတည့်မတ်ဖို့ လိုလာတဲ့အခါ ခြေလှမ်းမှားသူရဲ့ နှလုံးသားမြေ ပျော့ပျောင်းလာအောင် အရင်ဆုံး လုပ်တယ်။ ဥပမာ၊ သင့်တော်တဲ့အချိန်ကို ရွေးချယ်တယ်။ သူ့အတွက် စိုးရိမ်မကင်းဖြစ်လို့ ပြောမှန်း သိစေတယ်။ အကြံပေးတည့်မတ်သူဟာ မေတ္တာရှိတယ်၊ ကြင်နာတယ်ဆိုတဲ့ နာမည်ကောင်း ရှိထားရင် သူ ပြောတာကို တစ်ဖက်သား အလွယ်တကူ လက်ခံနိုင်တယ်။

၁၂ စကားပြောရင်းနဲ့လည်း ခြေလှမ်းမှားသူရဲ့ နှလုံးသားမြေ ပျော့ပျောင်းလာအောင် အကြီးအကဲ ဘယ်လို ဆက်လုပ်နိုင်သလဲ။ လူတိုင်း အမှားမကင်းကြောင်း၊ တစ်ချိန်မဟုတ် တစ်ချိန် အကြံပေးတည့်မတ်ခံရနိုင်ကြောင်း ပြောနိုင်တယ်။ (ရော. ၃:၂၃) သူ ဘယ်လို ခြေလှမ်းမှားသွားတယ်ဆိုတာ ကျမ်းပိုဒ်တွေ သုံးပြီး လေသံမမာဘဲ၊ အထက်စီးမဆန်ဘဲ ရှင်းပြနိုင်တယ်။ ခြေလှမ်းမှားသွားကြောင်း သူ အသိအမှတ်ပြုပြီဆိုမှ ဘာအပြောင်းအလဲတွေ လုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြနိုင်တယ်။ ဒါက “မျိုးစေ့ချတာ” နဲ့တူတယ်။ အဲဒီနောက် သူ့ကောင်းကွက်တွေကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းပေးနိုင်တယ်။ သူနဲ့အတူ ဆုတောင်းနိုင်တယ်။ ဒါက မျိုးစေ့ကနေ အပင်ပေါက်လာအောင် “ရေလောင်းပေးတာ” ပဲ။—ယာ. ၅:၁၅။

ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲ အကြံပေးတာနဲ့ မြေမာမှာ လယ်သမား အပင်စိုက်တာကို နှိုင်းယှဉ်ပြထား။ ၁။ မြေသားကို ပြင်ဆင်ပါ– မြေကို လယ်သမား တူးဆွနေ။ ညီအစ်ကိုကို အကြီးအကဲ ကြင်ကြင်နာနာ စကားပြောနေ။ ၂။ မျိုးစေ့ချပါ– တူးဆွထားတဲ့ မြေမှာ လယ်သမား မျိုးစေ့ချနေ။ ညီအစ်ကိုကို အကြီးအကဲ ကျမ်းစာ သုံးပြီး ကျိုးကြောင်းဆင်ခြင်ပြနေ။ ၃။ ရေလောင်းပါ– လယ်သမား ရေလောင်းနေ။ ညီအစ်ကိုနဲ့ အကြီးအကဲ ဆုတောင်းနေ။

တောင်းဆိုမခံရဘဲ အကြံပေးဖို့ လိုလာတဲ့အခါ မေတ္တာနဲ့ ပါးနပ်ကျွမ်းကျင်မှု လိုအပ် (စာပိုဒ် ၁၀-၁၂ ကို ကြည့်ပါ)


၁၃။ အကြံပေးတာကို တစ်ဖက်သား တကယ် နားလည်မလည် သိဖို့ အကြီးအကဲတွေ ဘာလုပ်နိုင်သလဲ။

၁၃ တစ်ခါတလေကျတော့ ပြောလိုက်တာတစ်ခု နားလည်သွားတာတစ်ခု ဖြစ်တတ်တယ်။ အဲဒီလိုမဖြစ်အောင် အကြီးအကဲတွေ ဘာလုပ်နိုင်သလဲ။ ဘာလုပ်ဖို့ အကြံပေးနေသလဲဆိုတာ တစ်ဖက်သား တကယ် နားလည်မလည် သိဖို့ မေးခွန်းတွေ ပါးပါးနပ်နပ် မေးနိုင်တယ်။—ဒေ. ၁၂:၁၁။

သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းနဲ့ အကြံပေးပါ

၁၄။ ဒေါသထွက်နေတုန်း ဘာကြောင့် အကြံမပေးသင့်သလဲ။

၁၄ ကျွန်တော်တို့အားလုံး မစုံလင်လို့ အချင်းချင်း စိတ်ထိခိုက်အောင် ပြောမိလုပ်မိတတ်ကြတယ်။ (ကော. ၃:၁၃) ဒေါသထွက်တဲ့အထိတောင် ဖြစ်သွားတတ်တယ်လို့ ကျမ်းစာ ဆိုတယ်။ (ဧ. ၄:၂၆) ဒါပေမဲ့ “လူတစ်ယောက်ရဲ့ ဒေါသက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေဘူး။” (ယာ. ၁:၂၀) ဒါကြောင့် ဒေါသထွက်နေတုန်း အကြံမပေးသင့်ဘူး။ ဒေါသထွက်နေတုန်း အကြံပေးလိုက်ရင် စေတနာက ဝေဒနာ ဖြစ်သွားဖို့များတယ်။ ဒေါသထွက်အောင် လုပ်သူကို ကိုယ် ဘယ်လို ခံစားနေရတယ်၊ တွေးနေတယ်ဆိုတာ ဘယ်တော့မှ မပြောရဘူးလို့ မဆိုလိုပါဘူး။ စိတ်အေးသွားမှ ပြောတာ ပိုထိရောက်နိုင်တယ်လို့ ဆိုလိုတာပါ။ ယောဘကို အကြံဉာဏ်ကောင်းတွေ ပေးခဲ့တဲ့ မိတ်ဆွေ ဧလိဟုအကြောင်း စဉ်းစားကြည့်ပါ။

၁၅။ ဧလိဟုဆီကနေ ဘာသင်ယူရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ မိတ်ဆွေအတုအယောင်တွေ မဟုတ်မမှန် စွပ်စွဲလို့ ယောဘ မခံမရပ်နိုင် ဖြစ်ပြီး ခုခံပြောဆိုတာကို ဧလိဟု စိတ်ရှည်ရှည် နားထောင်တယ်။ ယောဘကို စာနာတယ်။ ဒါပေမဲ့ နားထောင်ရင်း တအားဒေါသထွက်လာတယ်။ ယေဟောဝါထက် ပိုဖြောင့်မှန်တယ်ဆိုတာ ပြဖို့ ယောဘ ကြိုးစားနေလို့၊ ကိုယ့်ကိုယ်ကိုယ် အရမ်းအာရုံစိုက်နေလို့ပဲ။ ဧလိဟု ဒေါသထွက်ပေမဲ့ မိမိ စကားပြောရမယ့်အလှည့် စောင့်ပြီးမှ ယောဘကို ကြင်ကြင်နာနာ၊ လေးလေးစားစား အကြံပေးတယ်။ (ယောဘ ၃၂:၂။ ၃၃:၁-၇) သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းနဲ့ အကြံပေးတာ အကောင်းဆုံး ဖြစ်တယ်လို့ ပြောတဲ့အခါ စိတ်အေးသွားမှ လေးလေးစားစား၊ မေတ္တာနဲ့ အကြံပေးတာကို ဆိုလိုမှန်း ဧလိဟုအဖြစ်ကနေ သင်ယူရတယ်။—ဒေ. ၃:၁၊ ၇။

တစ်ကိုယ်လုံး အနာစိမ်းတွေ ပေါက်နေတဲ့ ယောဘ စကားပြောနေတာကို ဧလိဟု စာနာမှုရှိရှိ နားထောင်နေ။

ဧလိဟု တအားဒေါသထွက်ပေမဲ့ စိတ်အေးသွားမှ ယောဘကို ကြင်ကြင်နာနာ၊ လေးလေးစားစား အကြံပေး (စာပိုဒ် ၁၅ ကို ကြည့်ပါ)


ဆက်ပြီး အကြံဉာဏ် တောင်းခံပါ၊ အကြံဉာဏ် ပေးပါ

၁၆။ ဆာလံ ၃၂:၈ ကနေ ဘာသင်ယူရသလဲ။

၁၆ ယေဟောဝါ “မပြတ်ကြည့်ရှုပြီး အကြံဉာဏ် ပေးမယ်” လို့ ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်မှာ ဖော်ပြထားတယ်။ (ဆာလံ ၃၂:၈ ကို ဖတ်ပါ။) ကျွန်တော်တို့ကို တောက်လျှောက် ကူညီပေးမယ်ဆိုတဲ့ သဘောပါပဲ။ ယေဟောဝါက အကြံဉာဏ် ပေးရုံပေးတာ မဟုတ်ဘဲ အကြံဉာဏ်ကို လိုက်နာနိုင်ဖို့ ကူညီပေးတယ်။ သိပ်ကောင်းတဲ့ စံနမူနာပါပဲ။ ကျွန်တော်တို့လည်း တခြားသူတွေကို အကြံပေးခွင့် ရတဲ့အခါ သူတို့ ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် တတ်နိုင်တဲ့အပိုင်းကနေ ဆက်ကူညီပေးခြင်းအားဖြင့် ယေဟောဝါကို အတုယူနိုင်တယ်။

၁၇။ ကျမ်းစာကို အခြေခံပြီး အကြီးအကဲတွေ သတ်သတ်မှတ်မှတ် အကြံပေးတဲ့အခါ သင် ဘယ်လို ခံစားရသလဲ။ (ဟေရှာယ ၃၂:၁၊ ၂)

၁၇ အကြံဉာဏ်ကောင်းတွေ ပေးဖို့၊ တောင်းခံဖို့ အခုအချိန်မှာ အရင်ကထက် ပိုလိုအပ်လာတယ်။ (၂ တိ. ၃:၁) ကျမ်းစာကို အခြေခံပြီး သတ်သတ်မှတ်မှတ် အကြံပေးတတ်တဲ့ အကြီးအကဲတွေဟာ “ရေမရှိတဲ့မြေမှာ စီးဆင်းနေတဲ့ စမ်းချောင်းတွေလို” ကျွန်တော်တို့ကို လန်းဆန်းစေတယ်။ (ဟေရှာယ ၃၂:၁၊ ၂ ကို ဖတ်ပါ။) ကျွန်တော်တို့ ဘာကြားချင်သလဲ သိပေမဲ့ ကြားဖို့ လိုနေတဲ့ အကြံဉာဏ်မျိုး ပေးတဲ့ မိတ်ဆွေတွေ ရှိတာ ကျေးဇူးတင်စရာပါပဲ။ သူတို့ရဲ့ အကြံပေးစကားဟာ “ငွေလင်ပန်းထဲက ရွှေပန်းသီးတွေနဲ့ တူတယ်။” (ပညာ. ၂၅:၁၁) အကြံဉာဏ်ကောင်းတွေ ဘယ်လို ပေးရမယ်၊ တောင်းခံရမယ်ဆိုတာ ကျွန်တော်တို့အားလုံး ဆက်သင်ယူနေကြရအောင်။

သင် ဘယ်လို ဖြေမလဲ

  • အကြံဉာဏ် တောင်းဆိုခံရတဲ့အခါ ဘာကို သတိရရမလဲ။

  • တောင်းဆိုမခံရဘဲ အကြံပေးဖို့ လိုလာတဲ့အခါ ဘာကို သတိရရမလဲ။

  • ဒေါသထွက်နေတဲ့အခါ ဘာကို သတိရရမလဲ။

သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ