လေ့လာရန် ဆောင်းပါး ၃၃
သီချင်း ၄ “ယေဟောဝါဟာ ငါ့သိုးထိန်းပါ”
သင့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချပါ
“ခိုင်မြဲတဲ့မေတ္တာကြိုးနဲ့ မင်းကို [ငါ] ဆွဲယူတယ်။”—ယေ. ၃၁:၃။
အာရုံစိုက်ရာ
သင့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ ဘာကြောင့် စိတ်ချဖို့ လိုသလဲ။ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။
၁။ ယေဟောဝါဆီ သင့်ကိုယ်သင် ဘာကြောင့် ဆက်ကပ်အပ်နှံသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
ယေဟောဝါဘုရားဆီ သင့်ကိုယ်သင် ဆက်ကပ်အပ်နှံတုန်းက အချိန်ကို မှတ်မိသလား။ ယေဟောဝါကို သိကျွမ်းပြီး သိပ်ချစ်လို့ ဆက်ကပ်အပ်နှံခဲ့တာ။ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်သွားပါ့မယ်၊ ဘဝမှာ အလိုတော်ကို ဦးစားထားပါ့မယ်လို့ သင် ကတိပေးခဲ့တယ်။ (မာ. ၁၂:၃၀) အဲဒီအချိန်ကစပြီး ယေဟောဝါကို ချစ်တဲ့မေတ္တာ တိုးများသည်ထက် တိုးများလာတယ်။ ဒီတော့ “ယေဟောဝါကို မင်း ချစ်တာ သေချာသလား” လို့ တစ်ယောက်ယောက် မေးရင် ဘယ်လို ဖြေမလဲ။ “ဘယ်သူ့ထက်မဆို၊ ဘယ်အရာထက်မဆို ချစ်တာပေါ့” လို့ ချက်ချင်း ပြန်ဖြေမှာပဲ။
ယေဟောဝါကို ဘယ်လောက်တောင် ချစ်လို့ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့တယ်ဆိုတာ သတိရပါ (စာပိုဒ် ၁ ကို ကြည့်ပါ)
၂-၃။ သင့်ကို ယေဟောဝါ ဘာစိတ်ချစေချင်သလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။ (ယေရမိ ၃၁:၃)
၂ “မင်းကို ယေဟောဝါ ချစ်တာ သေချာသလား” လို့ တစ်ယောက်ယောက် မေးရင်ကော။ ယေဟောဝါရဲ့မေတ္တာ မခံစားထိုက်ဘူးလို့ တွေးပြီး ပြန်ဖြေဖို့ တွေဝေနေမလား။ “ယေဟောဝါကို ကျွန်မ ချစ်တာ လုံးဝသေချာတယ်။ ကျွန်မကို ယေဟောဝါ ချစ်ရဲ့လားဆိုတာတော့ တစ်ခါတလေ သံသယဝင်မိတယ်” ဆိုပြီး ငယ်ဘဝ မလှခဲ့တဲ့ ညီအစ်မတစ်ယောက် ပြောတယ်။ သင့်ကို ယေဟောဝါ တကယ် ချစ်မချစ် ဘယ်လို သိနိုင်သလဲ။
၃ သင့်ကို ချစ်တယ်ဆိုတာ ယေဟောဝါ စိတ်ချစေချင်တယ်။ (ယေရမိ ၃၁:၃ ကို ဖတ်ပါ။) တကယ်ဆိုရင် သင့်ကို အမှန်တရားထဲ ဆွဲဆောင်ထားတာ ယေဟောဝါပဲ မဟုတ်လား။ သင် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတုန်းက ယေဟောဝါဆီကနေ အဖိုးတန်လက်ဆောင် ရလိုက်တယ်။ နက်ရှိုင်းပြီး ဘယ်တော့မှ မပျက်ပြယ်မယ့် ခိုင်မြဲတဲ့မေတ္တာ ရလိုက်တာပါ။ ယေဟောဝါဟာ ခိုင်မြဲတဲ့မေတ္တာရှင် ဖြစ်တဲ့အတွက် သင် အပါအဝင် သစ္စာရှိကျေးကျွန်တွေကို “တန်ဖိုးအထားရဆုံးလူမျိုး” လို့ သဘောထားတယ်။ (မာလ. ၃:၁၇) “သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်လာမယ့်အရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဖန်ဆင်းရာတွေဖြစ်စေ . . . ဘုရားသခင် ပြတဲ့မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်မှန်း ကျွန်တော် တထစ်ချယုံတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (ရော. ၈:၃၈၊ ၃၉) ကိုယ့်ကို ယေဟောဝါ ချစ်မှန်း ပေါလု စိတ်ချတာ သိပ်ပေါ်လွင်တယ်။ သင့်ကိုလည်း ယေဟောဝါ အဲဒီလိုစိတ်ချစေချင်တယ်။ ဘာကြောင့် စိတ်ချဖို့ လိုသလဲ၊ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးကြမယ်။
ယေဟောဝါ ချစ်တယ်ဆိုတာ ဘာကြောင့် စိတ်ချဖို့ လိုသလဲ
၄။ စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တစ်ခုကို ဘယ်လို ခုခံတွန်းလှန်နိုင်သလဲ။
၄ ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချရင် စာတန်ရဲ့ “ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်” တစ်ခုကို ခုခံနိုင်မယ်။ (ဧ. ၆:၁၁) ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြုတော့ဖို့ စာတန် ဘယ်နည်းမဆို သုံးလိမ့်မယ်။ တစ်နည်းကတော့ ကျွန်တော်တို့ကို ယေဟောဝါ မချစ်ဘူးလို့ ခံစားသွားအောင် လုပ်တာပဲ။ စာတန်ဟာ အခွင့်အရေးသမားဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ အားနည်းနေတဲ့၊ အကာအကွယ်မဲ့နေတဲ့ သားကောင်ကို တိုက်ခိုက်ဖို့ ချောင်းနေတဲ့ ခြင်္သေ့နဲ့ တူတယ်။ (၁ ပေ. ၅:၈၊ ၉) အရင်က ကြုံခဲ့တာတွေ၊ လက်ရှိ ကြုံနေတာတွေ၊ အနာဂတ်မှာ ဘာကြုံရမလဲ မသေချာတာတွေကြောင့် ကျွန်တော်တို့ စိတ်ပျက်အားလျော့နေချိန်မှာ တိုက်ခိုက်လေ့ရှိတယ်။ (ပညာ. ၂၄:၁၀) ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ စိတ်အားလျော့သည်ထက် လျော့ပြီး ယေဟောဝါကို ဝတ်မပြုတော့အောင်ပါ။ ဒါပေမဲ့ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချနေရင် ဉာဏ်နီဉာဏ်နက်များတဲ့ စာတန်ကို “ခုခံတွန်းလှန်” နိုင်မယ်။—ယာ. ၄:၇။
၅။ ကိုယ့်ကို ယေဟောဝါ ချစ်ခင်တန်ဖိုးထားတယ်လို့ ခံစားရဖို့ ဘာကြောင့် အရေးကြီးသလဲ။
၅ ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချရင် ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။ ဘာကြောင့်လဲ။ ချစ်တတ်ဖို့၊ အချစ်ခံရဖို့ ကျွန်တော်တို့ကို ယေဟောဝါ ပုံစံပြုထားတယ်။ ချစ်ခြင်းမေတ္တာဟာ အသွားအပြန် ရှိတယ်။ ကိုယ့်ကို ယေဟောဝါ ချစ်ခင်တန်ဖိုးထားတယ်လို့ ခံစားရလေ ယေဟောဝါကို ချစ်လာလေပဲ။ (၁ ယော. ၄:၁၉) “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ ကျမ်းစာ ဆိုတယ်။ (ယာ. ၄:၈) ဒါကြောင့် ယေဟောဝါကို ပိုချစ်လာတဲ့အခါ ယေဟောဝါလည်း ကျွန်တော်တို့ကို ပိုချစ်လာမယ်။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။
ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ
၆။ ယေဟောဝါရဲ့မေတ္တာကို စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။
၆ ဇွဲမလျှော့တမ်း သတ်သတ်မှတ်မှတ် ဆုတောင်းပါ။ (လု. ၁၈:၁။ ရော. ၁၂:၁၂) သင့်ကို ယေဟောဝါ မြင်သလို မြင်တတ်လာဖို့ ဆုတောင်းပါ။ လိုအပ်မယ်ဆိုရင် တစ်ရက်တည်းမှာတင် အကြိမ်ကြိမ် ဆုတောင်းပါ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်တဲ့စိတ်ကို အလွယ်တကူ မဖျောက်ပစ်နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ သင့်စိတ်နှလုံးထက် ယေဟောဝါ ပိုကြီးမြတ်တယ်။ (၁ ယော. ၃:၁၉၊ ၂၀) သင့်အကြောင်း သင့်ထက် ယေဟောဝါ ပိုသိတယ်။ သင်ကိုယ်တိုင်တောင် မမြင်တဲ့ ကောင်းကွက်တွေကို မြင်တယ်။ (၁ ရှ. ၁၆:၇။ ၂ ရာ. ၆:၃၀) ဒါကြောင့် ဘယ်လို ခံစားနေရတယ်ဆိုတာ ယေဟောဝါဆီ “ရင်ဖွင့်” ဖို့ မတွန့်ဆုတ်ပါနဲ့။ ယေဟောဝါရဲ့မေတ္တာကို စိတ်ချလာဖို့ ကူညီပေးပါလို့ ဆုတောင်းပါ။ (ဆာ. ၆၂:၈) အဲဒီနောက် ဆုတောင်းချက်နဲ့အညီ ဆက်လုပ်ရမှာတွေ ရှိတယ်။
၇-၈။ ယေဟောဝါရဲ့မေတ္တာကို ဆာလံကျမ်းရေးသူ ဘယ်လို စိတ်ချစေသလဲ။
၇ ယေဟောဝါရဲ့ စကားကို ယုံကြည်လက်ခံပါ။ ကျမ်းရေးသူတွေဟာ စွမ်းအားတော်နဲ့ လမ်းညွှန်ခံရတဲ့အတွက် ယေဟောဝါအကြောင်း သူတို့ ဖော်ပြသမျှ ယုံကြည်စိတ်ချနိုင်တယ်။ ဥပမာ၊ ယေဟောဝါအကြောင်း ဆာလံကျမ်းရေးသူ ဒါဝိဒ် ဘယ်လို လှလှပပ ဖော်ကျူးထားသလဲ သုံးသပ်ကြည့်ပါ။ “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်” လို့ ဆာလံ ၃၄:၁၈ မှာ ပြောတယ်။ စိတ်ပျက်အားငယ်နေတဲ့အခါ သင့်ကို နားလည်ပေးမယ့်သူ၊ ကူညီပေးနိုင်မယ့်သူ မရှိဘူးလို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုအချိန်မှာ မိမိကို ဘယ်လောက် လိုအပ်နေမှန်း သိတဲ့အတွက် အနီးအပါးမှာ ရှိနေမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ “ကျွန်တော့်မျက်ရည်တွေကို သားရေဘူးထဲ သိမ်းထားပေးပါ” လို့ ဆာလံ ၅၆:၈ မှာ ပြောတယ်။ သင် နာကျင်ဝမ်းနည်းနေတဲ့အခါ ယေဟောဝါ မြင်တယ်။ သင့်ကို သိပ်ဂရုစိုက်တယ်။ နာကျင်ခံစားနေရတာ မကြည့်ရက်ဘူး။ ကန္တာရ ခရီးသွားတစ်ယောက်အတွက် သားရေဘူးထဲက ရေစက်တိုင်း တန်ဖိုးရှိသလို သင့်မျက်ရည်စက်တိုင်းဟာ ယေဟောဝါအတွက် တန်ဖိုးရှိတယ်။ ဒါကြောင့် မှတ်မှတ်ရရ သိမ်းထားပေးတယ်။ “ကျွန်တော် ခရီးသွားတာ၊ လဲလျောင်းတာကို [ယေဟောဝါ] ဂရုတစိုက်ကြည့်တယ်။ ကျွန်တော့်ရဲ့ လမ်းစဉ်အားလုံးကို အကျွမ်းတဝင်ရှိတယ်” လို့ ဆာလံ ၁၃၉:၃ မှာ ပြောတယ်။ သင့်လမ်းစဉ်အားလုံးကို ယေဟောဝါ မြင်တယ်။ ဒါပေမဲ့ ကောင်းတာကိုပဲ အာရုံစိုက်တယ်။ (ဟီ. ၆:၁၀) ဘာကြောင့်လဲ။ စိတ်တော်ရွှင်လန်းစေဖို့ သင် လုပ်သမျှကို တန်ဖိုးထားလို့ပါ။a
၈ နှစ်သိမ့်မှုဖြစ်စေတဲ့ ဒီလိုကျမ်းပိုဒ်တွေ ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်စေတာဟာ “မင်းကို ငါ သိပ်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာ သိစေချင်လိုက်တာ” လို့ ပြောနေသလိုပါပဲ။ အစောပိုင်းမှာ ဆွေးနွေးခဲ့သလို စာတန်ကတော့ သင့်ကို ယေဟောဝါ မချစ်ဘူးလို့ ခံစားစေချင်တယ်။ ဒါကြောင့် ယေဟောဝါရဲ့မေတ္တာကို သံသယဝင်လာရင် ‘ဘယ်သူ့စကားကို ငါ ယုံကြည်လက်ခံမလဲ။ “မုသားရဲ့အဖ” စာတန်စကားကိုလား။ “အမှန်တရားရဲ့ဘုရား” ယေဟောဝါစကားကိုလား’ လို့ စဉ်းစားလိုက်ပါ။—ယော. ၈:၄၄။ ဆာ. ၃၁:၅။
၉။ မိမိကို ချစ်တဲ့သူတွေကို ယေဟောဝါ ဘာကတိပေးသလဲ။ (ထွက်မြောက်ရာ ၂၀:၅၊ ၆)
၉ မိမိကို ချစ်တဲ့သူတွေကို ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲဆိုတာ စဉ်းစားပါ။ ဥပမာ၊ မောရှေနဲ့ အစ္စရေးတွေကို ယေဟောဝါ ဘာပြောသလဲ။ (ထွက်မြောက်ရာ ၂၀:၅၊ ၆ ကို ဖတ်ပါ။) မိမိကို ချစ်တဲ့သူတွေကို ခိုင်မြဲတဲ့မေတ္တာ အမြဲပြမယ်လို့ ပြောတယ်။ ယေဟောဝါဟာ ခိုင်မြဲတဲ့မေတ္တာရှင် ဖြစ်တဲ့အတွက် မိမိကို ချစ်တဲ့သူတွေကို ပြန်မချစ်ဘဲ မနေဘူးဆိုတာ ဒီစကားတွေက စိတ်ချစေတယ်။ (နေ. ၁:၅) ဒါကြောင့် ယေဟောဝါရဲ့မေတ္တာကို သံသယဝင်လာရင် ‘ယေဟောဝါကို ငါ ချစ်သလား’ လို့ စဉ်းစားလိုက်ပါ။ အဲဒီနောက် ‘ယေဟောဝါကို ငါ ချစ်တယ်၊ စိတ်တော်ရွှင်လန်းစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်ဆိုရင် ငါ့ကို ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချနိုင်တယ်’ လို့ စဉ်းစားလိုက်ပါ။ (ဒံ. ၉:၄။ ၁ ကော. ၈:၃) ဆိုလိုတာက ယေဟောဝါအပေါ် ထားတဲ့ သင့်မေတ္တာကို သံသယမဝင်ရင် သင့်အပေါ် ထားတဲ့ ယေဟောဝါရဲ့မေတ္တာကို သံသယဝင်ဖို့ မလိုဘူး။ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကို သံသယမရှိ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်တယ်။
၁၀-၁၁။ ရွေးဖိုးနဲ့ပတ်သက်ပြီး သင့်ကို ယေဟောဝါ ဘယ်လို သဘောထားစေချင်သလဲ။ (ဂလာတိ ၂:၂၀)
၁၀ ရွေးဖိုးအကြောင်း တွေးတောပါ။ ယေရှုခရစ်ရဲ့ ရွေးဖိုးပူဇော်သက္ကာဟာ လူတွေကို ယေဟောဝါ ပေးသမျှမှာ အကြီးမြတ်ဆုံး လက်ဆောင်ပါ။ (ယော. ၃:၁၆) လူအားလုံးကို ပေးတာဆိုတော့ သင့်အတွက် သီးသန့်လက်ဆောင်လို့ ပြောလို့ရသလား။ ရပါတယ်။ တမန်တော် ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ ပေါလုဟာ ခရစ်ယာန် ဖြစ်မလာခင် သိပ်ဆိုးတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်။ ခရစ်ယာန် ဖြစ်လာပြီးနောက်မှာတောင် အားနည်းချက်တွေ တိုက်လှန်နေရတုန်းပဲ။ (ရော. ၇:၂၄၊ ၂၅။ ၁ တိ. ၁:၁၂-၁၄) ဒါပေမဲ့ ရွေးဖိုးကို မိမိအတွက် သီးသန့်လက်ဆောင်လို့ သဘောထားကြောင်း ဂလာတိ ၂:၂၀ မှာ ပါတဲ့ စကားတွေက ဖော်ပြတယ်။ (ဖတ်ပါ။) ဒီစကားတွေ ကျမ်းစာမှာ မှတ်တမ်းတင်ဖို့ ပေါလုကို ယေဟောဝါ လမ်းညွှန်ခဲ့တယ်ဆိုတာ သတိရပါ။ ပေါလုရဲ့ စကားတွေကနေ သင်ယူစေချင်လို့ပဲ။ (ရော. ၁၅:၄) သင့်ကိုလည်း ပေါလုလို သဘောထားမျိုး ယေဟောဝါ ရှိစေချင်တယ်။ ရွေးဖိုးကို သင့်အတွက် သီးသန့်လက်ဆောင်လို့ သဘောထားတတ်လာရင် ယေဟောဝါရဲ့မေတ္တာကို ပိုစိတ်ချလာမယ်။
၁၁ လူတွေအတွက် အသက်ပေးဖို့ ယေရှု မြေကြီးပေါ် ရောက်လာတယ်။ ဒါပေမဲ့ မြေကြီးပေါ် လာရတဲ့ အကြောင်းရင်း နောက်တစ်ခု ရှိသေးတယ်။ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကို ဖော်ပြဖို့ပဲ။ (ယော. ၁၈:၃၇) အဲဒီထဲမှာ သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲဆိုတဲ့ အမှန်တရား ပါတယ်။
ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချလာဖို့ ယေရှု ကူညီပေးပုံ
၁၂။ ယေဟောဝါအကြောင်း ယေရှု ပြောတာတွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
၁၂ ယေဟောဝါဟာ ဘယ်လိုဘုရားမျိုးလဲဆိုတာ ယေရှု မြေကြီးပေါ် ရှိစဉ် လူတွေကို အားတက်သရော ပြောပြတယ်။ (လု. ၁၀:၂၂) ယေဟောဝါအကြောင်း ယေရှု ပြောတာတွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ ယေရှုဟာ မြေကြီးပေါ် မလာခင် ကောင်းကင်မှာ ယေဟောဝါနဲ့အတူ အချိန်အကြာကြီး နေခဲ့လို့ပဲ။ (ကော. ၁:၁၅) ယေဟောဝါရဲ့မေတ္တာကို ကိုယ်တိုင်ခံစားခဲ့ရတယ်။ သစ္စာရှိကောင်းကင်တမန်တွေ၊ မြေကြီးပေါ်က သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ မေတ္တာပြတာ မြင်ထားတယ်။ ဒီတော့ ယေဟောဝါရဲ့မေတ္တာကို ကျွန်တော်တို့ စိတ်ချလာဖို့ ယေရှု ဘယ်လို ကူညီပေးသလဲ။
၁၃။ ယေဟောဝါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ယေရှု ဘာသွန်သင်ပေးသလဲ။
၁၃ ခရစ်ဝင်ကျမ်းတွေမှာ ယေဟောဝါကို “အဖ” ဆိုပြီး ယေရှု အကြိမ်ကြိမ် ရည်ညွှန်းထားတယ်။ နောက်လိုက်တွေနဲ့ စကားပြောတဲ့အခါ “ခင်ဗျားတို့ရဲ့ ကောင်းကင်ဘုံစံ အဖဘုရား၊” “ခင်ဗျားတို့ရဲ့ အဖ” စသဖြင့် သုံးနှုန်းတယ်။ (မ. ၇:၁၁။ ယော. ၂၀:၁၇) ယေရှု မြေကြီးပေါ် မလာခင် ဟိုးအချိန်ကဆိုရင် ယေဟောဝါကို “အနန္တတန်ခိုးရှင်၊” “အမြင့်ဆုံးဘုရား၊” “မဟာဖန်ဆင်းရှင်” စတဲ့ ဘွဲ့ထူးဂုဏ်ထူးများစွာနဲ့ သစ္စာရှိကျေးကျွန်တွေ ခေါ်ဝေါ်လေ့ရှိကြတယ်။ ယေရှုကတော့ “အဖ” ဆိုတဲ့ ရိုးရှင်းတဲ့ အသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ် သုံးတယ်။ ဝတ်ပြုသူတွေနဲ့ သားအဖဆက်ဆံရေးမျိုး ယေဟောဝါ ရှိချင်မှန်း ဒီအသုံးအနှုန်းက ပေါ်လွင်စေတယ်။ သားသမီးတွေကို သိပ်ချစ်ခင်တန်ဖိုးထားတဲ့ ဖခင်လို့ ယေဟောဝါကို သဘောထားတတ်ဖို့ သွန်သင်ပေးလိုက်တာပါပဲ။ “အဖ” အကြောင်း ယေရှု သွန်သင်ပေးတဲ့ ကျမ်းပိုဒ်နှစ်ပိုဒ် သုံးသပ်ကြည့်ရအောင်။
၁၄။ ကျွန်တော်တို့တစ်ယောက်ချင်းစီကို ယေဟောဝါ တန်ဖိုးထားဂရုစိုက်တယ်ဆိုတာ ယေရှု ဘယ်လို ဖော်ပြသလဲ။ (မဿဲ ၁၀:၂၉-၃၁) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၄ ဦးဆုံး၊ မဿဲ ၁၀:၂၉-၃၁ မှာ ယေရှု ဘာပြောထားသလဲ။ (ဖတ်ပါ။) သေးငယ်လှတဲ့ စာငှက်တစ်ကောင် ဘယ်အချိန်၊ ဘယ်နေရာမှာ ရှိမှန်း ယေဟောဝါ သိတယ်လို့ ပြောတယ်။ မိမိကို မချစ်တဲ့၊ ဝတ်မပြုတဲ့ စာငှက်တစ်ကောင်ကိုတောင် ယေဟောဝါ အဲဒီလောက်ဂရုစိုက်တယ်ဆိုရင် မိမိကို ချစ်ပြီး သစ္စာရှိရှိ ဝတ်ပြုနေသူတွေကို ဘယ်လောက်တောင် ပိုဂရုစိုက်လိုက်မလဲ။ “ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်ထားတယ်” ဆိုတဲ့ အခန်းငယ် ၃၀ နဲ့ပတ်သက်ပြီး လေ့လာမှုမှတ်စုမှာ ဒီလိုဖော်ပြထားတယ်– “အဲဒီလောက်အသေးစိတ်ကျတဲ့အထိ ယေဟောဝါ သိတယ်ဆိုတာ ခရစ်တော်နောက်လိုက် တစ်ယောက်ချင်းစီကို ဂရုစိုက်လို့ပဲ။” ကျွန်တော်တို့တစ်ယောက်ချင်းစီကို ယေဟောဝါ တန်ဖိုးထားဂရုစိုက်တယ်ဆိုတာ ယေရှု စိတ်ချစေချင်မှန်း ရှင်းနေပါတယ်။
စာငှက်တစ်ကောင် ဘယ်အချိန်၊ ဘယ်နေရာမှာ ရှိတယ်ဆိုတာ သိတဲ့အထိ ယေဟောဝါ ဂရုစိုက်တယ်ဆိုရင် မိမိကို ချစ်ပြီး ဝတ်ပြုနေတဲ့ သင့်ကို ဘယ်လောက်တောင် ပိုဂရုစိုက်လိုက်မလဲ (စာပိုဒ် ၁၄ ကို ကြည့်ပါ)
၁၅။ ယောဟန် ၆:၄၄ မှာ ပါတဲ့ ယေရှုရဲ့ စကားတွေကနေ ကောင်းကင်ဘုံစံအဖအကြောင်း ဘာသိရသလဲ။
၁၅ ဒုတိယ၊ ယောဟန် ၆:၄၄ မှာ ယေရှု ဘာပြောထားသလဲ။ (ဖတ်ပါ။) သင့်ကို ကောင်းကင်ဘုံစံအဖကိုယ်တိုင် အမှန်တရားထဲ မေတ္တာနဲ့ ဆွဲဆောင်ထားတယ်လို့ ပြောတယ်။ သင် စိတ်ရင်းမှန်တာကို တွေ့လို့ ဆွဲဆောင်ထားတာ။ (တ. ၁၃:၄၈) “ခိုင်မြဲတဲ့မေတ္တာကြိုးနဲ့ မင်းကို [ငါ] ဆွဲယူတယ်” လို့ ယေရမိ ၃၁:၃ မှာ ယေဟောဝါ ပြောထားတယ်။ ယောဟန် ၆:၄၄ မှာ ပါတဲ့ စကားတွေကို ပြောတဲ့အချိန်မှာ ယေဟောဝါရဲ့ အဲဒီစကားတွေ ယေရှုစိတ်ထဲ ရှိနေနိုင်တယ်လို့ လေ့လာမှုမှတ်စုက ဆိုတယ်။ (ဟောရှေ ၁၁:၄ နဲ့ နှိုင်းယှဉ်ပါ။) ယေဟောဝါရဲ့ မေတ္တာကို ခိုင်မြဲတယ်လို့ ဘာကြောင့် ဖော်ပြသလဲ။ သင့်မှာ ရှိတဲ့ ကောင်းကွက်တွေကို သင်ကိုယ်တိုင်သာ မမြင်ရင်နေမယ်၊ ကောင်းကင်ဘုံစံအဖ အမြဲမြင်လို့ပဲ။
၁၆။ (က) ယေဟောဝါကို ကျွန်တော်တို့ရဲ့အဖအဖြစ် ယေရှု ဘာကြောင့် ဖော်ပြသလဲ။ ယေရှုစကားတွေကို ဘာကြောင့် ယုံသင့်သလဲ။ (ခ) ယေဟောဝါဟာ အကောင်းဆုံးဖခင် ဖြစ်တယ်ဆိုတာ ဘယ်လို ပိုစိတ်ချလာနိုင်သလဲ။ (“ကျွန်ုပ်တို့အားလုံး လိုအပ်သည့် ဖခင်” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၆ ယေဟောဝါကို ကျွန်တော်တို့ရဲ့အဖအဖြစ် ယေရှု ဘာကြောင့် ဖော်ပြသလဲ။ “ယေဟောဝါက ကျွန်တော့်အဖပဲ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့အဖလည်း ဟုတ်တယ်။ ခင်ဗျားတို့တစ်ယောက်ချင်းစီကို ယေဟောဝါ ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာ ကျွန်တော် အာမခံတယ်” ဆိုပြီး သွန်သင်ပေးချင်လို့ပဲ။ ဒါကြောင့် ယေဟောဝါရဲ့မေတ္တာကို သံသယဝင်လာရင် ‘အဖဘုရားအကြောင်း အသိဆုံးဖြစ်တဲ့၊ အမှန်အတိုင်း အမြဲပြောတဲ့ ယေရှုစကားကို ငါ ယုံသင့်တယ် မဟုတ်လား’ လို့ စဉ်းစားလိုက်ပါ။—၁ ပေ. ၂:၂၂။
စိတ်ချလက်ချ ဖြစ်နေပါ
၁၇။ ယေဟောဝါရဲ့မေတ္တာကို ဘာကြောင့် အမြဲစိတ်ချနေဖို့ လိုသလဲ။
၁၇ ယေဟောဝါရဲ့မေတ္တာကို အမြဲစိတ်ချနေဖို့ လုပ်နိုင်တာ မှန်သမျှ လုပ်ရမယ်။ အစောပိုင်းမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြုတော့ဖို့ ဉာဏ်နီဉာဏ်နက်များတဲ့ ရန်သူစာတန် ဘယ်နည်းမဆို သုံးလိမ့်မယ်။ တစ်နည်းအနေနဲ့ ယေဟောဝါရဲ့ မေတ္တာကို သံသယဝင်အောင် လုပ်မယ်။ စာတန်ကို အရှုံးပေးလို့ မဖြစ်ဘူး။—ယောဘ ၂၇:၅။
၁၈။ ယေဟောဝါရဲ့မေတ္တာကို စိတ်ချနေဖို့ ဘာတွေ လုပ်နိုင်သလဲ။
၁၈ ယေဟောဝါရဲ့မေတ္တာကို စိတ်ချနေဖို့ ဘာတွေ လုပ်နိုင်ကြောင်း သိခဲ့ကြပြီ။ ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်တတ်လာဖို့ ဆုတောင်းပါ။ ယေဟောဝါရဲ့မေတ္တာအကြောင်း ကျမ်းရေးသူတွေ ဘယ်လို ဖော်ပြသလဲ စဉ်းစားပါ။ မိမိကို ချစ်တဲ့သူတွေကို ယေဟောဝါ ပြန်မချစ်ဘဲ မနေဘူးဆိုတာ သတိရပါ။ ရွေးဖိုးကို ကိုယ့်အတွက် ယေဟောဝါဆီက သီးသန့်လက်ဆောင်လို့ သဘောထားပါ။ ယေဟောဝါဟာ သင့်အဖ ဖြစ်တယ်ဆိုတဲ့ ယေရှုရဲ့ အာမခံချက်ကို ယုံကြည်ပါ။ ဒါဆိုရင် “မင်းကို ယေဟောဝါ ချစ်တာ သေချာသလား” လို့ တစ်ယောက်ယောက် မေးလာတဲ့အခါ “ချစ်တာပေါ့။ ငါလည်း ယေဟောဝါကို ချစ်ကြောင်း ပြဖို့ နေ့တိုင်း အစွမ်းကုန် ကြိုးစားနေတယ်” လို့ ယုံကြည်မှုရှိရှိ ဖြေနိုင်ပါလိမ့်မယ်။
သီချင်း ၁၅၄ အစဉ်တည်တဲ့ မေတ္တာ