လေ့လာရန် ဆောင်းပါး ၄၁
သီချင်း ၁၀၈ ဘုရားရဲ့ ခိုင်မြဲတဲ့မေတ္တာ
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်
“ယေဟောဝါကို ကျေးဇူးတင်ကြ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။”—ဆာ. ၁၃၆:၁။
အာရုံစိုက်ရာ
ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်ဆိုတာ အခြေခံ ကျမ်းစာသွန်သင်ချက် ဖြစ်ကြောင်း သတိရတာက အခက်အခဲ ကြုံချိန်မှာ ဘယ်လို အားရှိစေနိုင်သလဲ။
၁-၂။ အခက်အခဲ ကြုံတဲ့အခါ ခရစ်ယာန်တွေ ဘယ်လို ခံစားရနိုင်သလဲ။
မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်ထဲက လှေတစ်စင်းကို မြင်ယောင်ကြည့်ပါ။ လှိုင်းလုံးကြီးတွေပေါ်မှာ လှေဟာ နိမ့်ချည်မြင့်ချည် လူးလွန့်နေတယ်။ ကျောက်ဆူး မချမချင်း မျောချင်ရာ မျောနေတော့မှာ။ ကျောက်ဆူးချလိုက်ရင်တော့ လှေငြိမ်သွားမယ်။ လှိုင်းနဲ့ မျောပါမသွားတော့ဘူး။
၂ အခက်အခဲ ကြုံချိန်မှာ သင်လည်း အဲဒီလှေလို ဖြစ်နေနိုင်တယ်။ ခံစားချက်တွေ တက်လိုက်ကျလိုက် ဖြစ်နေမယ်။ ကိုယ့်ကို ယေဟောဝါဘုရား ချစ်ပြီး ထောက်မပေးနေတယ်လို့ တစ်ရက်မှာ စိတ်ချလိုက်၊ နောက်တစ်ရက် ရောက်တော့ ကိုယ်ကြုံနေရတာတွေ ယေဟောဝါ သိတောင် သိရဲ့လားလို့ သံသယဝင်လိုက် ဖြစ်နေမယ်။ (ဆာ. ၁၀:၁။ ၁၃:၁) မိတ်ဆွေတစ်ယောက်ရဲ့ အားပေးစကားကြောင့် ခဏတစ်ဖြုတ် စိတ်သက်သာသွားတယ်။ (ပညာ. ၁၇:၁၇။ ၂၅:၁၁) မကြာဘူး၊ သံသယဝင်လာပြန်တယ်။ ကိုယ့်ကို ယေဟောဝါ စွန့်ပစ်လိုက်ပြီလို့တောင် တွေးလာနိုင်တယ်။ ဘဝမုန်တိုင်းထန်ချိန်မှာ ဘယ်လို ကျောက်ဆူးချထားနိုင်သလဲ။ တစ်နည်းအားဖြင့် ကိုယ့်ကို ယေဟောဝါ ချစ်ပြီး ထောက်မပေးမယ်ဆိုတာ ဘယ်လို စိတ်ချမြဲ စိတ်ချနေနိုင်သလဲ။
၃။ (က) “ခိုင်မြဲတဲ့မေတ္တာတော်” အကြောင်း ဆာလံ ၃၁:၇ နဲ့ ၁၃၆:၁ ကနေ ဘာသိရသလဲ။ (ခ) ယေဟောဝါဟာ ခိုင်မြဲတဲ့မေတ္တာ ပြရာမှာ ပြိုင်စံရှားတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၃ အခက်အခဲ ကြုံတဲ့အခါ စိတ်တည်ငြိမ်နေနိုင်တဲ့ တစ်နည်းကတော့ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာတော်အကြောင်း သတိရခြင်းပါပဲ။ (ဆာလံ ၃၁:၇။ ၁၃၆:၁ ကို ဖတ်ပါ။) “ခိုင်မြဲတဲ့မေတ္တာ” ဆိုတာ နက်ရှိုင်းပြီး မပျက်ပြယ်တဲ့ ချစ်ခင်တွယ်တာမှုကို ဆိုလိုတယ်။ ယေဟောဝါဟာ ခိုင်မြဲတဲ့မေတ္တာ ပြရာမှာ ပြိုင်စံရှားပါပဲ။ “ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ဘုရား” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ထွ. ၃၄:၆၊ ၇) “ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့မေတ္တာတော် ကြီးမားလှပါတယ်” လို့လည်း ဆိုထားတယ်။ (ဆာ. ၈၆:၅) သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်ဘူးဆိုတာ ဒီကျမ်းပိုဒ်တွေက ဖော်ပြနေတယ်။ ယေဟောဝါ သစ္စာရှိတယ်ဆိုတာ သတိရတာက ဘဝမုန်တိုင်းထန်ချိန်မှာ ကျွန်တော်တို့ကို စိတ်တည်ငြိမ်နေစေနိုင်တယ်။—ဆာ. ၂၃:၄။
မုန်တိုင်းထန်ချိန်မှာ ကျောက်ဆူးချထားရင် လှေမျောပါမသွားသလို ဘဝမုန်တိုင်းထန်ချိန်မှာ ယေဟောဝါရဲ့ မေတ္တာကို စိတ်ချရင် တည်ငြိမ်နေမယ် (စာပိုဒ် ၃ ကို ကြည့်ပါ)
ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ အခြေခံ ကျမ်းစာသွန်သင်ချက် ဖြစ်ကြောင်း သတိရပါ
၄။ အခြေခံ ကျမ်းစာသွန်သင်ချက်တချို့ ပြောပြပြီး သင် ဘာကြောင့် သံသယမရှိ လက်ခံယုံကြည်သလဲဆိုတာ ရှင်းပြပါ။
၄ စိတ်တည်ငြိမ်နေနိုင်တဲ့ နောက်တစ်နည်းကတော့ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ အခြေခံ ကျမ်းစာသွန်သင်ချက် ဖြစ်ကြောင်း သတိရခြင်းပါပဲ။ “အခြေခံ ကျမ်းစာသွန်သင်ချက်” လို့ ပြောလိုက်ရင် ဘာကို ပြေးမြင်မိသလဲ။ ဘုရားသခင့်နာမည်ဟာ ယေဟောဝါ ဖြစ်တယ်၊ ယေရှုဟာ ဘုရားသခင်ရဲ့ တစ်ဦးတည်းသော သားတော် ဖြစ်တယ်၊ လူသေတွေဟာ ဘာမှ မသိဘူး၊ ပရဒိသုကမ္ဘာမြေမှာ လူတွေ ထာဝစဉ် အသက်ရှင်ရမယ် စတဲ့ ကျမ်းစာကနေ သင်ယူသိရှိလာတဲ့ သွန်သင်ချက်တွေကို ပြေးမြင်မိနိုင်တယ်။ (ဆာ. ၈၃:၁၈။ ဒေ. ၉:၅။ ယော. ၃:၁၆။ ဗျာ. ၂၁:၃၊ ၄) အဲဒီသွန်သင်ချက်တွေကို သံသယမရှိ သင် လက်ခံယုံကြည်တယ်။ ဘာကြောင့်လဲ။ အခြေအမြစ် ခိုင်လုံတဲ့ အမှန်တရား ဖြစ်မှန်း သိသွားလို့ပါပဲ။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ အခြေခံ ကျမ်းစာသွန်သင်ချက် ဖြစ်ကြောင်း လက်ခံမယ်ဆိုရင်ကော။ ကိုယ်ကြုံနေတာတွေကို ယေဟောဝါ မသိဘူး၊ ဂရုမစိုက်ဘူးဆိုတဲ့ သံသယတွေ ဖျောက်ဖျက်နိုင်သွားမယ်။
၅။ သွန်သင်ချက်အမှားတွေကို ဘယ်လို စွန့်လွှတ်ခဲ့ကြသလဲ။
၅ ကျမ်းစာစလေ့လာတုန်းက သွန်သင်ချက်အမှားတွေကို စွန့်လွှတ်နိုင်ဖို့ ဘာလုပ်ခဲ့သလဲ။ သင့်ဘာသာတရားက သွန်သင်ပေးတာနဲ့ ကျမ်းစာ သွန်သင်ပေးတာကို နှိုင်းယှဉ်ကြည့်တာ ဖြစ်နိုင်တယ်။ ဥပမာ၊ ယေရှုဟာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တယ်လို့ သင် ယုံကြည်ခဲ့တယ်ဆိုပါစို့။ ကျမ်းစာလေ့လာတော့ ‘ဒီသွန်သင်ချက် တကယ် မှန်ရဲ့လား’ လို့ စဉ်းစားလာတယ်။ ကျမ်းစာအထောက်အထားတွေ ဆန်းစစ်ပြီးနောက်မှာ အဲဒီသွန်သင်ချက် မှားမှန်း သိသွားတယ်။ ဒါနဲ့ သွန်သင်ချက်အမှားကို စွန့်လွှတ်လိုက်တယ်။ ယေရှုဟာ “ဖန်ဆင်းရာအားလုံးမှာ သားဦး၊” “ဘုရားသခင်ရဲ့ တစ်ဦးတည်းသောသား” ဖြစ်တယ်ဆိုတဲ့ သွန်သင်ချက်အမှန်ကို လက်ခံလိုက်တယ်။ (ကော. ၁:၁၅။ ယော. ၃:၁၈) သွန်သင်ချက်အမှားတွေဟာ “အခိုင်အမာ အမြစ်စွဲနေ” ပြီး ဖြိုဖျက်ဖို့ ခက်နိုင်ပါတယ်။ (၂ ကော. ၁၀:၄၊ ၅) ဒါပေမဲ့ သွန်သင်ချက်အမှားတွေကို ဖြိုဖျက်လိုက်ပြီးနောက် သင် ဘယ်တော့မှ ပြန်မယုံတော့ဘူး မဟုတ်လား။—ဖိ. ၃:၁၃။
၆။ “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” ဆိုတာ သင် ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
၆ သင့်ကို ယေဟောဝါ ချစ်တယ်ဆိုတဲ့ ကျမ်းစာသွန်သင်ချက်ကို ယုံကြည်လက်ခံဖို့လည်း အဲဒီအဆင့်တွေအတိုင်း လုပ်နိုင်တယ်။ အခက်အခဲ ကြုံလို့ ယေဟောဝါရဲ့ မေတ္တာကို သံသယဝင်လာပြီဆိုရင် ‘ငါ့စဉ်းစားပုံ မှန်ရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ သင့်သံသယကို ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက် ဖြစ်တဲ့ ဆာလံ ၁၃၆:၁ နဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါ။ “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” ဆိုပြီး ဆာလံ ၁၃၆ မှာတင် ၂၆ ကြိမ် ဖော်ပြထားတယ်။ သင် လွယ်လင့်တကူ လက်ခံခဲ့တဲ့ ကျမ်းစာသွန်သင်ချက်တွေလိုပဲ မိမိလူမျိုးကို ယေဟောဝါ ခိုင်မြဲတဲ့မေတ္တာနဲ့ ချစ်တယ်ဆိုတာ အခြေခံ ကျမ်းစာသွန်သင်ချက် ဖြစ်ကြောင်း ဒီကနေ သိရတယ်။ သင့်ကို ယေဟောဝါ တန်ဖိုးမထားဘူး၊ မချစ်ဘူးလို့ တွေးနေတာဟာ မှားတယ်။ တခြားသွန်သင်ချက်အမှားတွေကို ပြတ်ပြတ်သားသား စွန့်လွှတ်သလိုပဲ အဲဒီအတွေးကို စွန့်လွှတ်လိုက်ပါ။
၇။ ယေဟောဝါရဲ့ မေတ္တာကို စိတ်ချစေတဲ့ ကျမ်းပိုဒ်တချို့ ပြောပြပါ။
၇ ယေဟောဝါရဲ့ မေတ္တာကို စိတ်ချစေတဲ့ တခြားအထောက်အထား အများကြီး ကျမ်းစာမှာ ရှိတယ်။ ဥပမာ၊ “ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်” လို့ နောက်လိုက်တွေကို ယေရှု ပြောတယ်။ (မ. ၁၀:၃၁) “မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။ ဖြောင့်မတ်တဲ့ ညာလက်နဲ့ မြဲမြဲကိုင်ထားမယ်” လို့ လူမျိုးတော်ကို ယေဟောဝါကိုယ်တိုင် ပြောတယ်။ (ဟေရှာ. ၄၁:၁၀) အဲဒီဖော်ပြချက်တွေ ဘယ်လောက် ရှင်းလင်းပြတ်သားသလဲ သတိပြုပါ။ ‘ခင်ဗျားတို့ ပိုတန်ဖိုးရှိမှာပါ’ လို့ ယေရှု မပြောဘူး။ ‘မင်းကို ကူညီကောင်း ကူညီပေးမယ်’ လို့ ယေဟောဝါ မပြောဘူး။ “ပိုတန်ဖိုးရှိပါတယ်၊” “ကူညီပေးမယ်” လို့ ပြောထားကြတာ။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုပြီး ဖြေသိမ့်နိုင်ဖို့ မဟုတ်ဘဲ အခိုင်အမာ ယုံကြည်စိတ်ချနိုင်ဖို့ အဲဒီကျမ်းပိုဒ်တွေက ကူညီပေးတယ်။ အခြေအမြစ် ခိုင်လုံတဲ့ အမှန်တရားပါပဲ။ ဆုတောင်းပြီး ဒီလိုကျမ်းပိုဒ်တွေကို တွေးတောမယ်ဆိုရင် “ကျွန်တော်တို့ကို ဘုရားသခင် ချစ်မြတ်နိုးမှန်း သိလည်းသိတယ်။ ယုံလည်းယုံတယ်” လို့ ပြောနိုင်မယ်။—၁ ယော. ၄:၁၆။a
၈။ ယေဟောဝါရဲ့ မေတ္တာကို တစ်ခါတလေ သံသယဝင်မိတုန်းပဲဆိုရင် ဘာလုပ်နိုင်သလဲ။
၈ ယေဟောဝါရဲ့ မေတ္တာကို တစ်ခါတလေ သံသယဝင်မိတုန်းပဲဆိုရင်ကော။ သင် ခံစားရတာကို သင် သိထားတာနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ခံစားချက်ဟာ ပြောင်းလဲတတ်တယ်။ အမှန်တရားကတော့ မပြောင်းလဲတတ်ဘူး။ သင့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ ကျမ်းစာအမှန်တရား ဖြစ်တယ်။ ဒါကြောင့် သင် ဘယ်လိုပဲ ခံစားရပါစေ “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်” တယ်ဆိုတဲ့ အမှန်တရားဟာ မပြောင်းလဲဘူး။ မေတ္တာဟာ ယေဟောဝါရဲ့ အဓိက အရည်အသွေး ဖြစ်တယ်။—၁ ယော. ၄:၈။
ယေဟောဝါရဲ့ ‘ချစ်ခင်တွယ်တာမှု’ အကြောင်း စဉ်းစားပါ
၉-၁၀။ ဘာအကြောင်း ပြောရင်းနဲ့ “အဖဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်တွယ်တာတယ်” လို့ ယေရှု ပြောသလဲ။ (ယောဟန် ၁၆:၂၆၊ ၂၇) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၉ “အဖဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်တွယ်တာတယ်” လို့ တပည့်တွေကို ယေရှု ပြောတယ်။ ဒီကနေလည်း ယေဟောဝါရဲ့ မေတ္တာအကြောင်း သိနိုင်တယ်။ (ယောဟန် ၁၆:၂၆၊ ၂၇ ကို ဖတ်ပါ။) တပည့်တွေကို ဖြေသိမ့်ပေးဖို့သက်သက် ယေရှု ဒီလိုပြောတာ မဟုတ်ဘူး။ သူတို့ရဲ့ ခံစားချက်အကြောင်း မဟုတ်ဘဲ ဆုတောင်းခြင်းအကြောင်း အဓိက ပြောရင်းနဲ့ ဒီစကားတွေကို ပြောထားတာ။
၁၀ မိမိဆီ မဟုတ်ဘဲ မိမိနာမည်ကို အမှီပြုပြီး ဆုတောင်းသင့်တယ်လို့ ရှေ့အခန်းငယ်တွေမှာ ယေရှု ပြောတယ်။ (ယော. ၁၆:၂၃၊ ၂၄) ဒါကို တပည့်တွေ သိထားဖို့ သိပ်အရေးကြီးတယ်။ ယေရှု ရှင်ပြန်ထမြောက်လာတဲ့အခါ ယေရှုဆီ သူတို့ ဆုတောင်းချင်မိနိုင်တယ်။ ဘာကြောင့်လဲ။ ယေရှုကို မိတ်ဆွေအဖြစ် သိကျွမ်းထားကြလို့ ဖြစ်တယ်။ သူတို့ကို ယေရှု သိပ်ချစ်တဲ့အတွက် သူတို့ရဲ့ တောင်းဆိုချက်တွေကို နားထောင်ပေးမယ်၊ အဖဘုရားဆီ အသနားခံပေးမယ်လို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုမတွေးသင့်ဘူး။ “အဖဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်တွယ်တာတယ်” လို့ ယေရှု ပြောတယ်။ ‘ခင်ဗျားတို့ကို ကျွန်တော်ပဲ ချစ်တာ မဟုတ်ဘူး။ အဖဘုရားလည်း ချစ်တယ်။ ဒါကြောင့် အဖဘုရားဆီ ယုံယုံကြည်ကြည် ဆုတောင်းပါ’ လို့ ပြောလိုက်တာပါပဲ။ ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ အခြေခံ ကျမ်းစာသွန်သင်ချက်ထဲမှာ ဒီအချက် ပါတယ်။ ဒါ သင်နဲ့လည်း ဘယ်လို သက်ဆိုင်သလဲဆိုတာ စဉ်းစားကြည့်ပါ– ကျမ်းစာလေ့လာရင်း ယေရှုကို သင် သိကျွမ်းပြီး ချစ်လာတယ်။ ယေရှုလည်း သင့်ကို ချစ်တယ်။ (ယော. ၁၄:၂၁) ဒါပေမဲ့ ယေရှုပဲ ချစ်တာ မဟုတ်ဘူး၊ အဖဘုရားလည်း ချစ်တယ်။ ဒါကြောင့် သင်လည်း ယေရှုတပည့်တွေလိုပဲ အဖဘုရားဆီ ယုံယုံကြည်ကြည် ဆုတောင်းနိုင်တယ်။ ဆုတောင်းတဲ့ အကြိမ်တိုင်း ဒီကျမ်းစကားကို ယုံကြည်ကြောင်း ပြနေတာပဲ။—၁ ယော. ၅:၁၄။
ကိုယ့်ကို အဖဘုရား ချစ်ခင်တွယ်တာတယ်ဆိုတဲ့ အသိနဲ့ ယုံယုံကြည်ကြည် ဆုတောင်းနိုင် (စာပိုဒ် ၉-၁၀ ကို ကြည့်ပါ)b
ဘာကြောင့် သံသယဝင်မိတယ်ဆိုတာ သိထားပါ
၁၁။ ယေဟောဝါရဲ့ မေတ္တာကို ကျွန်တော်တို့ သံသယဝင်ရင် စာတန် ဘာကြောင့် ဝမ်းသာမလဲ။
၁၁ ယေဟောဝါရဲ့ မေတ္တာကို ဘာကြောင့် သံသယဝင်မိနိုင်သလဲ။ စာတန်ကြောင့်ပါ။ ကျွန်တော်တို့ကို “ဝါးမျိုဖို့” စာတန် ကြံစည်နေတယ်။ (၁ ပေ. ၅:၈) ယေဟောဝါ ချစ်လို့ ပြင်ဆင်ပေးတဲ့ ရွေးဖိုးနဲ့ ကျွန်တော်တို့ မထိုက်တန်ဘူးလို့ ခံစားစေချင်တယ်။ (ဟီ. ၂:၉) ဒါပေမဲ့ စဉ်းစားကြည့်ပါ။ ယေဟောဝါရဲ့ မေတ္တာကို ကျွန်တော်တို့ သံသယဝင်ရင် ဘယ်သူ အမြတ်ထွက်မလဲ။ စာတန်ပါ။ ယေဟောဝါကို ဝတ်မပြုတော့တဲ့အထိ စိတ်ဓာတ်ကျသွားရင်ကော ဘယ်သူ ဝမ်းသာမလဲ။ စာတန်ပါပဲ။ တကယ်တမ်း ယေဟောဝါရဲ့ မေတ္တာ သူ မရတော့တာကို ကျွန်တော်တို့ မရဘူးလို့ ခံစားရအောင် ကြံစည်နေတာ။ ဒါ “ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်” ပဲ။ (ဧ. ၆:၁၁) ရန်သူစာတန် ဘာကြံစည်နေသလဲဆိုတာ သိထားလို့ အစွမ်းကုန် “ခုခံတွန်းလှန်” ကြရအောင်။—ယာ. ၄:၇။
၁၂-၁၃။ အမွေရထားတဲ့ အပြစ်ကြောင့် ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို သံသယဝင်မိနိုင်သလဲ။
၁၂ ယေဟောဝါရဲ့ မေတ္တာကို ဘာကြောင့် သံသယဝင်မိနိုင်သေးသလဲ။ ကျွန်တော်တို့ အမွေရထားတဲ့ အပြစ်ကြောင့်ပါ။ (ဆာ. ၅၁:၅။ ရော. ၅:၁၂) အပြစ်က ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်စေတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံ၊ ခံစားချက်၊ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။
၁၃ အပြစ်က ကျွန်တော်တို့ရဲ့ ခံစားချက်ကို ချွတ်ချော်စေပြီး အပြစ်ရှိတယ်ဆိုတဲ့စိတ်၊ စိုးရိမ်စိတ်၊ မလုံမလဲဖြစ်တဲ့စိတ်၊ ရှက်စိတ် ဝင်လာစေတယ်။ အပြစ်လုပ်တဲ့အခါ ဒီခံစားချက်တွေ ဝင်လာတာ သဘာဝပါပဲ။ ဒါပေမဲ့ အပြစ်မလုပ်ဘဲနဲ့ကော ဘာကြောင့် ဒီခံစားချက်တွေ ဝင်လာတတ်သလဲ။ အပြစ်သား ဖြစ်တယ်ဆိုတဲ့ အသိကြောင့်ပါ။ လူတွေ အပြစ်သား ဖြစ်သွားတာဟာ ယေဟောဝါ နဂိုပုံစံပြုထားတဲ့ ဒီဇိုင်းကနေ လွဲချော်သွားတာပဲ။ (ရော. ၈:၂၀၊ ၂၁) ဘီးလေလျော့နေတဲ့အခါ လေအပြည့် ရှိတုန်းကလို ကားမောင်းရတာ အဆင်မပြေဘူး။ အဲဒီလိုပဲ လူတွေဟာ အပြစ်သား ဖြစ်သွားတဲ့အတွက် ယေဟောဝါ နဂိုပုံစံပြုထားတုန်းကလို အစစအရာရာ အဆင်ပြေမနေဘူး။ မဝင်သင့်တဲ့ ခံစားချက်တွေ ဝင်လာတယ်။ ဒါကြောင့် ကိုယ့်ကို ယေဟောဝါ မချစ်ဘူးဆိုတဲ့ သံသယတွေလည်း တစ်ခါတလေ ဝင်လာတာ။ အဲဒီလိုသံသယဝင်လာပြီဆိုရင် ယေဟောဝါဟာ “ကိုယ်တော့်ကို ချစ်ပြီး ပညတ်စောင့်ထိန်းသူတွေကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ အရှင်” ဖြစ်တယ်ဆိုတာ သတိရသင့်တယ်။—နေ. ၁:၅။
၁၄။ ရွေးဖိုးအကြောင်း စဉ်းစားတာက ကိုယ့်ကို ယေဟောဝါ မချစ်ဘူးဆိုတဲ့ အတွေးကို ဘယ်လို ဖျောက်ဖျက်ပေးနိုင်သလဲ။ (ရောမ ၅:၈) (“‘အပြစ်ရဲ့ လှည့်စားနိုင်စွမ်း’ ကို သတိထားပါ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၄ ယေဟောဝါရဲ့ မေတ္တာနဲ့ မထိုက်တန်ဘူးလို့ တစ်ခါတလေ ခံစားရနိုင်ပါတယ်။ တကယ်တော့ မထိုက်တန်တာ အမှန်ပါပဲ။ မထိုက်တန်ဘဲ ချစ်ပေးလို့လည်း ယေဟောဝါရဲ့ မေတ္တာဟာ ထူးခြားနေတာ။ ကျွန်တော်တို့ ကောင်းတာတစ်ခုခု လုပ်ထားလို့ မဟုတ်ဘဲ ချစ်လို့ ရွေးဖိုးပြင်ဆင်ပေးတယ်။ (၁ ယော. ၄:၁၀) ဒါ့အပြင် စုံလင်သူတွေကို မဟုတ်ဘဲ အပြစ်သားတွေကို ကယ်တင်ဖို့ ယေရှု အသေခံခဲ့တယ်။ (ရောမ ၅:၈ ကို ဖတ်ပါ။) ကျွန်တော်တို့တစ်ယောက်မှ ခြောက်ပြစ်ကင်းသဲလဲစင် မဖြစ်နိုင်သလို ယေဟောဝါလည်း မမျှော်လင့်ပါဘူး။ အမွေရထားတဲ့ အပြစ်ကြောင့် ယေဟောဝါရဲ့ မေတ္တာကို သံသယဝင်မိတတ်မှန်း သိထားလို့ ကိုယ့်အတွေးကို အပြစ်ထိန်းချုပ်တာ မခံဖို့ ဆုံးဖြတ်ထားကြရအောင်။—ရော. ၇:၂၄၊ ၂၅။
သစ္စာစောင့်သိနေပါ
၁၅-၁၆။ ယေဟောဝါကို သစ္စာစောင့်သိနေသရွေ့ ဘာကို စိတ်ချနိုင်သလဲ။ ဘာကြောင့်လဲ။ (၂ ရှမွေလ ၂၂:၂၆)
၁၅ ယေဟောဝါက ကျွန်တော်တို့ကို ရွေးချယ်မှု မှန်ကန်စေချင်တယ်။ ဒါဆိုရင် မှန်ရာကို ဘယ်လို ရွေးချယ်နိုင်သလဲ။ ယေဟောဝါကို “တွယ်တာနေ” ခြင်းအားဖြင့်ပါ။ (တရား. ၃၀:၁၉၊ ၂၀) ကျွန်တော်တို့ဘက်က တွယ်တာနေရင် ယေဟောဝါဘက်ကလည်း သစ္စာရှိရှိ တွယ်တာနေမယ်။ (၂ ရှမွေလ ၂၂:၂၆ ကို ဖတ်ပါ။) ကျွန်တော်တို့ သစ္စာစောင့်သိနေသရွေ့ ဘဝမှာ ကြုံလာနိုင်တဲ့ ဘယ်လို အခက်အခဲကိုမဆို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။
၁၆ သိခဲ့ရတဲ့အတိုင်း ဘယ်လိုပဲ ဘဝမုန်တိုင်းထန်ပါစေ စိတ်တည်ငြိမ်နေနိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ ချစ်ပြီး ထောက်မပေးမယ်ဆိုတာ သိထားလို့ပါပဲ။ ဒါ ကျမ်းစာသွန်သင်ချက် ဖြစ်တယ်။ ယေဟောဝါရဲ့ မေတ္တာကို သံသယဝင်လာပြီဆိုရင် ကိုယ်ခံစားရတာကို မဟုတ်ဘဲ ကိုယ်သိထားတာကို အာရုံစိုက်လိုက်ပါ။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်ဆိုတဲ့ အခြေခံ ကျမ်းစာသွန်သင်ချက်ကို စိတ်ချမြဲ စိတ်ချနေပါ။
သီချင်း ၁၅၉ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းပါ
a တရားဟောရာ ၃၁:၈၊ ဆာလံ ၉၄:၁၄၊ ဟေရှာယ ၄၉:၁၅ တို့မှာလည်း တခြားနမူနာတွေ ပါတယ်။
b ပုံအညွှန်း– မကျန်းမာတဲ့ ဇနီးကို ပြုစုစောင့်ရှောက်နိုင်ဖို့၊ ငွေကြေး ကောင်းကောင်း စီမံကိုင်တွယ်နိုင်ဖို့၊ ယေဟောဝါကို သမီးဖြစ်သူ ချစ်တတ်လာအောင် သွန်သင်ပေးနိုင်ဖို့ ညီအစ်ကိုတစ်ယောက် ဆုတောင်းနေ။