ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ စက်တင်ဘာ စာ. ၂၆-၃၀
  • “စိုက်ပျိုးခံရတဲ့နေရာမှာ ရှင်သန်ပွင့်လန်း” ဖို့ ယေဟောဝါ ကူညီပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “စိုက်ပျိုးခံရတဲ့နေရာမှာ ရှင်သန်ပွင့်လန်း” ဖို့ ယေဟောဝါ ကူညီပေး
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါရဲ့ ကောင်းချီးတွေက မျှော်လင့်ထားတာထက် အဆပေါင်းများစွာ သာလွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါက ‘ကျွန်တော့်ရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ယေဟောဝါသည် ကျွန်တော့်ခိုလှုံရာနှင့်ခွန်အား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • တာဝန်သစ်နဲ့အညီ အလိုက်သင့် ပြောင်းလဲခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ စက်တင်ဘာ စာ. ၂၆-၃၀
မက်စ်နဲ့ အန်းကက်ထရင်း ကျေးလက်ဒေသမှာ အမှုဆောင်နေတုန်း SUV ကားဘေးနားမှာ ရပ်နေ။

ဘဝအတ္ထုပ္ပတ္တိ

“စိုက်ပျိုးခံရတဲ့နေရာမှာ ရှင်သန်ပွင့်လန်း” ဖို့ ယေဟောဝါ ကူညီပေး

မက်စ်နဲ့ အန်းကက်ထရင်း ကက်စ်ဟုမ် ပြောပြတယ်

“စိုက်ပျိုးခံရတဲ့နေရာမှာ ရှင်သန်ပွင့်လန်း” ဖို့ဆိုတာ မလွယ်ကူပုံပါပဲ။ အကြိမ်ကြိမ် “စိုက်ပျိုးခံရတဲ့” မက်စ်နဲ့ အန်းကက်ထရင်းလို့ ခေါ်တဲ့ ဆွီဒင်မောင်နှံကော။ စိုက်ပျိုးခံရတဲ့နေရာတွေမှာ ရှင်သန်ပွင့်လန်းကြသလား။

မက်စ်နဲ့ အန်းကက်ထရင်းဟာ ၁၉၇၉ ခုနှစ်မှာ ဂိလဒ်သင်တန်း တက်ကြတယ်။ နှစ်တွေတစ်လျှောက် ဇိုင်ယာ၊ တန်ဇန်းနီးယား၊ မော်ရစ်ရှ၊ မြန်မာ၊ ယူဂန္ဓာ၊ အီရန် စတဲ့ နိုင်ငံတွေမှာ “စိုက်ပျိုးခံကြရတယ်၊” တစ်နည်းအားဖြင့် တာဝန်ရကြတယ်။ အကြိမ်ကြိမ် “စိုက်ပျိုးခံရချိန်၊” “အမြစ်နုတ်ခံရချိန်၊” “ပြောင်းရွှေ့စိုက်ပျိုးခံရချိန်” မှာ အကူအညီ ဖြစ်စေတဲ့ အကြံပေးစကားကို ဂိလဒ်သင်တန်းပို့ချသူ ညီအစ်ကို ဂျက် ရက်ဖော့ဒ်ဆီက သူတို့ ကြားခဲ့ကြတာပါ။ သူတို့ ဘာတွေ ပြောပြမလဲ ကြည့်ကြရအောင်။

အမှန်တရား ရှာတွေ့ခဲ့ပုံကို အရင်ဆုံး ပြောပြကြပါဦး။

မက်စ်။ အဖေက ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံမှာ နေတာ။ အရေခြုံ ကက်သလစ်ဘာသာကို တော်တော်လေး စိတ်ပျက်နေတယ်။ ဒါပေမဲ့ “စစ်မှန်တဲ့ ဘာသာတရားဆိုတာ ရှိကို ရှိရမယ်” လို့ အဖေ ပြောတတ်တယ်။ အဖေ ပြောတာ မှန်တယ်။ ကျွန်တော်က စာအုပ်အဟောင်းတွေ ဝယ်ဝယ်ဖတ်တတ်တယ်။ တစ်ခေါက်တော့ ဝယ်တဲ့အထဲမှာ ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား ဆိုတဲ့ အပြာရောင်စာအုပ်လေး ပါလာတယ်။ စာအုပ်နာမည်နဲ့တင် တော်တော် စိတ်ဝင်စားသွားလို့ တစ်ညတည်း အပြီးဖတ်လိုက်တယ်။ စာအုပ်လည်း ဖတ်ပြီးသွားရော အမှန်တရား တွေ့ပြီဆိုတာ သိလိုက်တယ်။

ဒီလိုနဲ့ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ နောက်ထပ်စာအုပ်တွေ ဖတ်တာ ၁၉၇၂၊ ဧပြီလကတည်းကပဲ။ သိချင်နေတဲ့ ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ ရလာတယ်။ တန်ဖိုးကြီး ပုလဲတစ်လုံး တွေ့တော့ ချက်ချင်းပဲ ပိုင်ဆိုင်သမျှ သွားရောင်းပြီး အဲဒီပုလဲကို ဝယ်တဲ့ ကုန်သည်အကြောင်း ယေရှုရဲ့ ပုံဥပမာကို တွေးမိတယ်။ ကျွန်တော့်အဖြစ်လည်း အဲဒီကုန်သည်လိုပဲ။ ဆေးကျောင်းတက်မယ်ဆိုတဲ့ အိပ်မက်ကို “ရောင်း” ပြီး အမှန်တရား “ပုလဲ” ကို ဝယ်လိုက်လို့လေ။ (မ. ၁၃:၄၅၊ ၄၆) ၁၉၇၂၊ ဒီဇင်ဘာလ ၁၀ ရက်မှာ ကျွန်တော် နှစ်ခြင်းခံတယ်။

တစ်နှစ်အတွင်းမှာပဲ ကျွန်တော့်မိဘတွေနဲ့ ညီလေးလည်း အမှန်တရား လက်ခံပြီး နှစ်ခြင်းခံကြတယ်။ ၁၉၇၃၊ ဇူလိုင်လမှာ ကျွန်တော် မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ အသင်းတော်မှာ အန်းကက်ထရင်းလို့ ခေါ်တဲ့ ချစ်စရာကောင်းပြီး ထက်သန်တဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက် ရှိတယ်။ ကျွန်တော်တို့ ချစ်ကျွမ်းဝင်သွားပြီး ၁၉၇၅ ခုနှစ်မှာ လက်ထပ်ကြတယ်။ ဆွီဒင်နိုင်ငံထဲက အမှုဆောင်လုပ်ငန်း သိပ်ဖြစ်ထွန်းပြီး လှလည်း လှတဲ့ စထရန်ဆုန့်မြို့မှာ လေးနှစ် အမှုဆောင်ကြတယ်။

အန်းကက်ထရင်း။ အဖေက စတော့ဟုမ်းမြို့မှာ တက္ကသိုလ် တက်ရင်း တက္ကသိုလ် ပြီးခါနီးမှာ အမှန်တရား သိလာတာ။ သုံးလသမီးလေးပဲ ရှိသေးတဲ့ ကျွန်မကို အစည်းအဝေး၊ အမှုဆောင် ခေါ်သွားတယ်။ ဒါကို အမေ မကြိုက်ဘူး။ ဒီတော့ ယေဟောဝါသက်သေတွေ မှားတယ်ဆိုတာ သက်သေပြဖို့ ကြိုးစားတယ်။ သက်သေမပြနိုင်တဲ့အပြင် သူပါ ယေဟောဝါသက်သေ ဖြစ်လာတော့တာပဲ။ ကျွန်မ အသက် ၁၃ နှစ်မှာ နှစ်ခြင်းခံတယ်။ ၁၆ နှစ်မှာ ရှေ့ဆောင်စလုပ်တယ်။ ဟောပြောသူ ပိုလိုအပ်တဲ့ အူမေအောမြို့မှာ အမှုဆောင်ရင်း အထူးရှေ့ဆောင် ဖြစ်လာတယ်။

မက်စ်နဲ့ ကျွန်မ လက်ထပ်ပြီးနောက် လူတော်တော်များများ အမှန်တရား သိလာအောင် ကူညီပေးခွင့်ရတယ်။ တစ်ယောက်ကတော့ မေဗာလို့ ခေါ်တဲ့ ဆယ်ကျော်သက် အားကစားမယ်လေးပါ။ နောက်တော့ မေဗာက ကျွန်မညီမလေးရဲ့ ရှေ့ဆောင်တွဲဖက် ဖြစ်လာတယ်။ ၁၉၈၄ ခုနှစ်မှာ သူတို့နှစ်ယောက် ဂိလဒ်သင်တန်း တက်ပြီး အီကွေဒေါနိုင်ငံမှာ သာသနာပြုတွေအဖြစ် အမှုဆောင်နေကြတယ်။

သာသနာပြုတာဝန် အပြောင်းအလဲ အများကြီး ရှိလာချိန်မှာ “စိုက်ပျိုးခံရတဲ့နေရာမှာ ရှင်သန်ပွင့်လန်းပါ” ဆိုတဲ့ အကြံပေးစကားကို ဘယ်လို လိုက်နာကြသလဲ။

မက်စ်။ တာဝန်အပြောင်းအလဲတွေ ရှိတော့ မကြာခဏ ပြောင်းရွှေ့စိုက်ပျိုးခံရသလိုပါပဲ။ ဒါပေမဲ့ ယေရှုဆီမှာ “အမြစ်စွဲနေ” ဖို့ ကြိုးစားကြတယ်။ အထူးသဖြင့် ယေရှုရဲ့ နှိမ့်ချမှုကို အတတ်နိုင်ဆုံး အတုယူကြတယ်။ (ကော. ၂:၆၊ ၇) ဥပမာ၊ တစ်ခုခုဆိုရင် ကျွန်တော်တို့ လုပ်သလို လုပ်ဖို့၊ စဉ်းစားသလို စဉ်းစားဖို့ ဒေသခံ ညီအစ်ကို/မတွေကို မတောင်းဆိုကြဘူး။ သူတို့ ဘာကြောင့် ဘယ်လို လုပ်သလဲ၊ စဉ်းစားသလဲ နားလည်ဖို့ ကြိုးစားကြတယ်။ ယေရှုကို အတုယူတာနဲ့အမျှ “စမ်းချောင်းနား စိုက်ထားတဲ့ သစ်ပင်” လို ကျွန်တော်တို့ ရှင်သန်ပွင့်လန်းလာကြတယ်။—ဆာ. ၁:၂၊ ၃။

မက်စ်နဲ့ အန်းကက်ထရင်း အထုပ်အပိုးတွေ၊ စားစရာတွေ ထမ်းထား။

အသင်းတော်တွေဆီ တိုက်နယ်လည်ပတ်တုန်းက

အန်းကက်ထရင်း။ အပင်တစ်ပင် ပြောင်းရွှေ့စိုက်ပျိုးခံရပြီးနောက် ရှင်သန်ဖို့ဆိုရင် နေရောင်ခြည် လိုအပ်တယ်။ ကျွန်မတို့အတွက်တော့ ယေဟောဝါဟာ “နေမင်း” ပါပဲ။ (ဆာ. ၈၄:၁၁) နွေးထွေးပြီး မေတ္တာပြည့်ဝတဲ့ ညီအစ်ကိုအသင်းအပင်း ယေဟောဝါ ပေးထားတယ်။ ဥပမာ၊ အီရန်နိုင်ငံ၊ ထဲရန်မြို့က အသင်းတော်လေးမှာ ရှိတဲ့ ညီအစ်ကို/မတွေ ဧည့်ဝတ်ကျေပွန်တာက ကျမ်းစာဇာတ်ကောင်တချို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကိုတောင် သတိရသွားစေတယ်။ အီရန်မှာ ဆက်အမှုဆောင်ချင်ပေမဲ့ ၁၉၈၀၊ ဇူလိုင်လမှာ အစိုးရက အဖွဲ့အစည်းလုပ်ငန်းကို ပိတ်ပင်လိုက်တယ်။ ကျွန်မတို့ကို ၄၈ နာရီအတွင်း နိုင်ငံထဲက ထွက်သွားခိုင်းတယ်။ ဒါနဲ့ အဖွဲ့အစည်းက ကျွန်မတို့ကို အာဖရိကမှာ ရှိတဲ့ ဇိုင်ယာနိုင်ငံ (အခုအခေါ် ကွန်ဂိုနိုင်ငံ) မှာ တာဝန်ချပေးတယ်။

ဇိုင်ယာကျေးလက်ဒေသက အိမ်ကုပ်ကုပ်လေး။

၁၉၈၂ ခုနှစ်၊ ဇိုင်ယာနိုင်ငံမှာ တာဝန်ကျတုန်းက ပျော်စရာ အမှတ်တရများ

အာဖရိကကို တာဝန်ကျတယ်ဆိုတာ သိသိချင်း ကျွန်မ ငိုတော့တာပဲ။ အာဖရိကမှာ မြွေပေါတယ်၊ ရောဂါထူတယ် ကြားထားတာကိုး။ ကြောက်တာပေါ့။ ဒါပေမဲ့ အာဖရိကမှာ အမှုဆောင်နေတာ ကြာပြီ ဖြစ်ပြီး ကျွန်မတို့နဲ့ သိပ်ရင်းနှီးတဲ့ မောင်နှံတစ်စုံက “မရောက်သေးလို့ တွေးကြောက်နေတာရယ်။ လာခဲ့လိုက်။ ပျော်သွားမယ်ဆိုတာ အာမခံတယ်” လို့ ပြောတယ်။ တကယ် ပျော်သွားတာ။ ညီအစ်ကို/မတွေက သိပ်နွေးထွေးပြီး ချစ်ဖို့ကောင်းကြတယ်။ ခြောက်နှစ်အကြာမှာတော့ အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်ခံရလို့ ကျွန်မတို့ ဇိုင်ယာကနေ ထွက်လာရတယ်။ အာဖရိက သွားရမှာ ကြောက်တဲ့ ကျွန်မ အခုတော့ “အာဖရိကမှာ ဆက်နေရအောင် ကူညီပေးပါ” ဆိုပြီး ဆုတောင်းနေမိလို့ ကိုယ့်ဘာသာ တွေးပြီး ပြုံးမိသွားတယ်။

နှစ်တွေတစ်လျှောက် ဘာကောင်းချီးတွေ ရကြသလဲ။

ကားအပြင်ဘက် ခေါက်ကုလားထိုင်မှာ အန်းကက်ထရင်း ထိုင်နေ။

၁၉၈၈ ခုနှစ်၊ တန်ဇန်းနီးယားနိုင်ငံက ကျွန်တော်တို့ရဲ့ “အိပ်ခန်း”

မက်စ်။ ကောင်းချီးတစ်ခုကတော့ နိုင်ငံပေါင်းစုံ၊ နောက်ခံမျိုးစုံက သာသနာပြုတွေနဲ့ ခင်မင်ရင်းနှီးခွင့် ရတာပါ။ ဒါ့အပြင် ဒေသတချို့မှာ ကျမ်းစာသင်အံမှုတွေ ရလိုက်တာမှ အားရစရာကြီး။ တစ်ခါတလေဆိုရင် တစ်ယောက်ကို သင်အံမှု ၂၀ လောက် ကျင်းပရတာ။ အာဖရိက ညီအစ်ကို/မတွေရဲ့ မေတ္တာ၊ ဧည့်ဝတ်ကျေပွန်မှုကလည်း ရင်ထဲမှာ စွဲထင်နေတယ်။ တန်ဇန်းနီးယားက အသင်းတော်တွေဆီ တိုက်နယ်လည်ပတ်တုန်းက ကားနဲ့ပဲ သွား၊ ကားပေါ်မှာပဲ အိပ်ကြတာ။ ကျွန်တော်တို့ရဲ့ “အိပ်ခန်း” တစ်ဖြစ်လဲ ကားလေး ပါကင်ထိုးလိုက်တာနဲ့ ညီအစ်ကို/မတွေက “တတ်နိုင်တာထက်ပိုပြီး” ဝိုင်းဧည့်ဝတ်ပြုကြတော့တာပဲ။ (၂ ကော. ၈:၃) ညဘက်ရောက်ပြီဆိုရင် ကျွန်တော်တို့နှစ်ယောက် ထိုင်ပြီး တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှ ပြန်ပြောတဲ့အချိန်၊ ကျွန်တော်တို့နဲ့ အတူတူ ရှိပေးလို့ ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းတဲ့အချိန် ရှိတယ်။ ဘာနဲ့မှ မလဲနိုင်တဲ့အထဲမှာ အဲဒီအချိန်လေး ပါတယ်။

အန်းကက်ထရင်း။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေနဲ့ သိကျွမ်းခွင့်ရတာ ကောင်းချီးပဲလို့ ကျွန်မ ခံစားရတယ်။ ဖာစီ၊ ပြင်သစ်၊ လူဂန္ဓာ၊ ဆွာဟီလီ စတဲ့ ဘာသာစကားတွေ ကျွန်မတို့ သင်ကြတယ်။ ဘာသာစကားလောက် မဟုတ်ဘဲ စိတ်ဝင်စားစရာ ယဉ်ကျေးမှုကိုပါ လေ့လာကြတယ်။ ညီအစ်ကို/မအသစ်တွေကို လေ့ကျင့်ပေးကြတယ်။ မိတ်သစ်ဖွဲ့ကြတယ်။ သူတို့နဲ့ “ရင်ပေါင်တန်းပြီး” အတူတူ အမှုဆောင်ကြတယ်။—ဇေ. ၃:၉၊ အောက်ခြေမှတ်ချက်။

မျိုးပေါင်းစုံလင်တဲ့ ဖန်ဆင်းခြင်းလက်ရာတွေလည်း မြင်တွေ့ခွင့်ရတယ်။ တာဝန်သစ်တစ်ခု ရပြီဆိုရင် ခရီးတစ်ခုကို ယေဟောဝါ လမ်းပြခေါ်သွားပေးသလိုပဲ။ ကိုယ့်ဘာသာဆိုရင် ဘယ်လိုမှ ရမလာနိုင်တဲ့ အတွေ့အကြုံတွေကို ယေဟောဝါကြောင့်သာ တွေ့ကြုံခံစားနိုင်တာပါ။

ရုပ်ပုံ– ၁။ သားအမိတစ်သိုက်ကို မက်စ်နဲ့ အန်းကက်ထရင်း ဟောပြောနေ။ ၂။ မာဆိုင်းလူမျိုး ကောင်လေးတစ်ယောက်ကို အန်းကက်ထရင်း သက်သေခံနေ။

တန်ဇန်းနီးယားနိုင်ငံက အသွင်စုံတဲ့ ရပ်ကွက်တွေမှာ ဟောပြောစဉ်

ဘာအခက်အခဲတွေ ကြုံပြီး ဘယ်လို ရင်ဆိုင်ခဲ့ကြသလဲ။

မက်စ်။ ငှက်ဖျားရောဂါလိုမျိုး အပူပိုင်းဒေသက ရောဂါတွေ ကျွန်တော်တို့ ဖြစ်ကြတယ်။ အန်းကက်ထရင်းဆိုရင် အရေးပေါ် ခွဲစိတ်ရတာတွေ ရှိတယ်။ ပြီးတော့ အသက်ကြီးလာပြီ ဖြစ်တဲ့ နှစ်ဖက်မိဘတွေအတွက် နောက်ဆံတင်းမိတယ်။ မိဘတွေကို မညည်းမညူ၊ စိတ်ရှည်ရှည် မေတ္တာထားပြီး ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ ကျွန်တော်တို့ရဲ့ မွေးချင်းတွေကို ကျေးဇူးတင်ပါတယ်။ (၁ တိ. ၅:၄) ဒါပေမဲ့ တစ်ခါတလေကျတော့ အဝေးကနေ အားပေးနေမယ့်အစား အနီးကပ် ပြုစုပေးနိုင်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ ကျွန်တော်တို့ မချင့်မရဲ ဖြစ်မိကြတယ်။

အန်းကက်ထရင်း။ ၁၉၈၃ ခုနှစ်၊ ဇိုင်ယာမှာ အမှုဆောင်နေတုန်း ကျွန်မ ကာလဝမ်းရောဂါ ဖြစ်တယ်။ အခြေအနေ ဆိုးလွန်းလို့ “ဒီနေ့ပဲ သူ့ကို ဒီနိုင်ငံကနေ ခေါ်ထုတ်သွားတော့” ဆိုပြီး မက်စ်ကို ဆရာဝန် ပြောတယ်။ နောက်တစ်နေ့ ဆွီဒင်ကို သွားမယ့် လေယာဉ်ဆိုလို့ ကုန်တင်လေယာဉ်တစ်စင်းပဲ ရှိတာနဲ့ အဲဒီလေယာဉ်နဲ့ပဲ ကျွန်မတို့ လိုက်သွားကြတယ်။

မက်စ်။ သာသနာပြုဘဝ ဒီလောက်နဲ့ ပြီးပြီလို့ တွေးပြီး ကျွန်တော်တို့ ငိုကြတယ်။ ဒါပေမဲ့ ဆရာဝန် မှန်းထားသလို မဟုတ်ဘဲ အန်းကက်ထရင်း ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။ တစ်နှစ်အကြာမှာ ဇိုင်ယာကို ပြန်သွားနိုင်ကြတယ်။ ဒီတစ်ခေါက်တော့ လူဘမ်ဘာရှီမြို့က ဆွာဟီလီအသင်းတော်လေးနဲ့ ပူးပေါင်းကြတယ်။

အန်းကက်ထရင်း။ လူဘမ်ဘာရှီမှာ အမှုဆောင်နေတုန်း ကျွန်မ ကိုယ်ဝန်ရလာတယ်။ ကလေးယူဖို့ အစီအစဉ် မရှိပေမဲ့ ရလာမယ်ဆိုတော့လည်း လိုချင်တာပေါ့။ ဒါပေမဲ့ ကိုယ်ဝန်ပျက်ကျသွားလို့ ရင်ကွဲမတတ် ခံစားရတယ်။ အဲဒီလို အလူးအလိမ့် ခံစားရတဲ့ အချိန်အတောအတွင်း ကျမ်းစာသင်အံမှု အများကြီး ရလာတယ်။ ယေဟောဝါဆီက မျှော်လင့်မထားတဲ့ လက်ဆောင်ပါပဲ။ တစ်နှစ်မပြည့်ခင်မှာပဲ အသင်းတော်မှာ ကြေညာသူ ၃၅ ယောက်ကနေ အယောက် ၇၀ ဖြစ်လာတယ်။ အစည်းအဝေး တက်ရောက်သူ ၄၀ ကနေ ၂၂၀ ထိုးတက်လာတယ်။ အမှုဆောင်လုပ်ငန်းမှာ အာရုံနှစ်မြှုပ်ထားတာရယ်၊ ယေဟောဝါ ကောင်းချီးပေးတာရယ်ကြောင့် အတော်လေး စိတ်သက်သာရာရခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ရင်သွေးလေးအကြောင်း မကြာခဏ ပြန်တွေးပြီး ပြောဖြစ်ကြတယ်။ ပရဒိသုမှာ ကျွန်မတို့ရဲ့ စိတ်ဒဏ်ရာကို ယေဟောဝါ ဘယ်လို အရှင်းကုစားပေးမလဲဆိုတာ သိချင်လှပြီ။

မက်စ်။ နောက်တော့ အန်းကက်ထရင်းမှာ အလွန်အမင်း ပင်ပန်းနွမ်းလျတဲ့ ဝေဒနာ ရှိလာတယ်။ ကျွန်တော်လည်း အူမကြီးကင်ဆာ အဆင့် ၄ ဖြစ်ပြီး အကြီးစား ခွဲစိတ်မှု ခံယူရတယ်။ အခုတော့ ကျန်းကျန်းမာမာပါပဲ။ အန်းကက်ထရင်းလည်း အတတ်နိုင်ဆုံး ကြိုးစားအမှုဆောင်နေပါတယ်။

၁၉၉၄ ခုနှစ်၊ ရဝမ်ဒါနိုင်ငံမှာ မျိုးဖြုတ်သတ်ဖြတ်မှုပြီးနောက် ဒုက္ခသည်စခန်းက ညီအစ်ကို/မတွေဆီ ကျွန်တော်တို့ သွားလည်ပတ်ကြတယ်။ ကျွန်တော်တို့ပဲ အခက်အခဲတွေ ကြုံတာ မဟုတ်မှန်း သဘောပေါက်လာတယ်။ ဒါ့အပြင် ခက်ခဲကျပ်တည်းတဲ့ကြားက ယုံကြည်ခြင်း၊ ခံနိုင်ရည် ရှိကြတာ၊ ဧည့်ဝတ်မပျက်ကြတာကို မြင်ရတော့ ဘယ်လို စမ်းသပ်မှုပဲ ကြုံကြုံ မိမိကျေးကျွန်တွေကို ယေဟောဝါ ဖေးမနိုင်တယ်ဆိုတာ သင်ယူလိုက်ရတယ်။—ဆာ. ၅၅:၂၂။

အန်းကက်ထရင်း။ ၂၀၀၇ ခုနှစ်၊ ယူဂန္ဓာနိုင်ငံမှာ ဌာနခွဲအပ်နှံပွဲ သွားတက်တုန်းက စမ်းသပ်မှု နောက်တစ်ခု ကြုံရတယ်။ အပ်နှံပွဲအပြီး သာသနာပြု၊ ဗေသလအိမ်သား ၂၅ ယောက်နဲ့အတူ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့ကို ကျွန်မတို့ သွားကြတယ်။ ကင်ညာနယ်စပ် မရောက်ခင်မှာပဲ ကျွန်မတို့ကားကို မျက်နှာချင်းဆိုင်ကနေ လာနေတဲ့ ကုန်တင်ကားတစ်စီး ဝင်တိုက်တယ်။ ယာဉ်မောင်းနဲ့ ကျွန်မတို့မိတ်ဆွေ ၅ ယောက် ပွဲချင်းပြီး ဆုံးသွားကြတယ်။ ညီအစ်မတစ်ယောက်က ဆေးရုံရောက်ပြီးမှ ဆုံးသွားတယ်။ ကျွန်မတို့ သိပ်ချစ်ရတဲ့ မိတ်ဆွေတွေကို ပြန်တွေ့ချင်လှပါပြီ။—ယောဘ ၁၄:၁၃-၁၅။

ကိုယ်ခန္ဓာမှာ ရသွားတဲ့ ဒဏ်ရာတွေ တဖြည်းဖြည်း သက်သာလာပေမဲ့ ကျွန်မတို့နှစ်ယောက်စလုံးမှာကော ခရီးသွားဖော်တွေမှာပါ စိတ်ဒဏ်ရာ ကျန်ရစ်ခဲ့တယ်။ ကျွန်မဆိုရင် နှလုံးပဲ ဖောက်သလိုလို ညဘက် လန့်လန့်နိုးလာတာ။ ဒါပေမဲ့ ယေဟောဝါဆီ အားကိုးတကြီး ဆုတောင်းလိုက်တဲ့အခါ၊ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်တွေ ဖတ်ပြီး တွေးတောလိုက်တဲ့အခါ တော်တော်လေး စိတ်ငြိမ်သက်သွားတယ်။ ကျွန်မတို့ ဆရာဝန်လည်း ပြကြတယ်။ ရောဂါလက္ခဏာတွေ အရင်လောက်တော့ မဆိုးတော့ပါဘူး။ ကျွန်မတို့လို စိတ်ဒဏ်ရာ ရသွားတဲ့ တခြားသူတွေကို နှစ်သိမ့်ပေးနိုင်ဖို့ ကူညီပေးပါလို့ ဆုတောင်းကြတယ်။

ညီအစ်ကိုတို့ အခက်အခဲတွေ ကြုံရချိန်မှာ ယေဟောဝါ ဖေးမပေးပုံက “ကြက်ဥ ကိုင်သလိုပဲ” လို့ ပြောတာ ဘာအဓိပ္ပာယ်လဲ ပြောပြပါဦး။

မက်စ်။ “ကြက်ဥ ကိုင်သလိုပဲ” ဆိုတာ ဆွာဟီလီ ဆိုရိုးစကားပါ။ ကြက်ဥ ကိုင်တဲ့အခါ မကွဲအောင် အသာလေး ကိုင်သလိုပဲ ကျွန်တော်တို့ တာဝန်သစ် ရလာတိုင်း ယေဟောဝါက ကြင်နာယုယစွာ ဖေးမပေးတယ်။ ကျွန်တော်တို့ လိုအပ်တာကော လိုအပ်တာထက်မကပါ အမြဲရှိနေစေတယ်။ ယေဟောဝါရဲ့ မေတ္တာ၊ ဖေးမမှု ခံစားရတဲ့ နည်းတစ်နည်း ပြောပါဆိုရင်တော့ အုပ်ချုပ်ရေးအဖွဲ့ကတစ်ဆင့် ပြတဲ့ စာနာထောက်ထားမှုပါပဲ။

အန်းကက်ထရင်း။ ယေဟောဝါ ကြင်နာယုယစွာ ဖေးမပေးတဲ့ အချိန်တစ်ချိန်အကြောင်း ပြောပြချင်တယ်။ တစ်ရက်တော့ ဆွီဒင်မှာ ရှိတဲ့ ကျွန်မအဖေ အထူးကြပ်မတ်ကုသခန်း ရောက်နေတဲ့အကြောင်း ဖုန်းဝင်လာတယ်။ မက်စ်က ငှက်ဖျားမိရာကနေ နာလန်ထူလာခါစ။ ပြီးတော့ လေယာဉ်လက်မှတ် ဝယ်ဖို့ ကျွန်မတို့မှာ ပိုက်ဆံ မရှိဘူး။ ဒါနဲ့ ကားရောင်းကြမယ်ပေါ့။ အဲဒီအချိန်မှာပဲ ဖုန်းနှစ်ကောလ် ဝင်လာတယ်။ တစ်ကောလ်က မောင်နှံတစ်စုံဆီက။ ကျွန်မတို့အခြေအနေကို ကြားပြီး တစ်ယောက်စာ လေယာဉ်လက်မှတ်ဖိုး ပေးချင်လို့တဲ့။ နောက်တစ်ကောလ်ကတော့ “အကူအညီ လိုအပ်သူအတွက်” လို့ စာကပ်ပြီး စုဘူးထဲ ပိုက်ဆံစုထားတဲ့ သက်ကြီးညီအစ်မတစ်ယောက်ဆီကပါ။ မိနစ်ပိုင်းအတွင်းမှာ ကျွန်မတို့ကို ယေဟောဝါ ကူညီမစလိုက်တာပါပဲ။—ဟီ. ၁၃:၆။

အချိန်ပြည့်သက်တမ်း အနှစ် ၅၀ အတွင်း ဘာတွေ သင်ယူကြရသလဲ။

မက်စ်နဲ့ အန်းကက်ထရင်း ပြုံးပြုံးရွှင်ရွှင် ဘေးချင်းယှဉ် ရပ်နေ။

လက်ရှိ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေ

အန်းကက်ထရင်း။ “တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်” ဆိုတာ ကျွန်မ သဘောပေါက်လာတယ်။ ယေဟောဝါကိုသာ ယုံကြည်ကိုးစားရင် ယေဟောဝါက ကျွန်မတို့ တိုက်ထုတ်ရမယ့်အရာတွေကို တိုက်ထုတ်ပေးတယ်။ (ဟေရှာ. ၃၀:၁၅။ ၂ ရာ. ၂၀:၁၅၊ ၁၇) တာဝန်တိုင်းမှာ အတတ်နိုင်ဆုံး အမှုဆောင်တဲ့အခါ တခြားဘယ်နည်းနဲ့မှ မရနိုင်တဲ့ ကောင်းချီးတွေ ခံစားကြရတယ်။

မက်စ်။ အဓိက သင်ယူရတာကတော့ ကိစ္စရပ်တိုင်းမှာ ယေဟောဝါကို အားကိုးတတ်ဖို့၊ ကိုယ့်အတွက် ယေဟောဝါ ဘယ်လို လုပ်ဆောင်ပေးမယ်ဆိုတာ စောင့်ကြည့်တတ်ဖို့ပါပဲ။ (ဆာ. ၃၇:၅) ကူညီပေးမယ်ဆိုတဲ့ကတိ ယေဟောဝါ တစ်ခါမှ မပျက်ဘူး။ အခု မြန်မာနိုင်ငံမှာ အမှုဆောင်တော့လည်း ယေဟောဝါ ကူညီပေးတာကို အထင်းသား မြင်နေကြရတယ်။

ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကို ကျွန်တော်တို့ ခံစားရသလို အမှုဆောင်လုပ်ငန်း တိုးချဲ့ချင်တဲ့ လူငယ်တွေ ခံစားကြရဖို့ မျှော်လင့်ပါတယ်။ ဘယ်နေရာမှာပဲ စိုက်ပျိုးခံရပါစေ ရှင်သန်ပွင့်လန်းဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံကြမယ်ဆိုရင် ခိုင်မြဲတဲ့မေတ္တာ သေချာပေါက် ခံစားကြရမှာပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ