၁၉၂၅၊ အင်ဒီယန်းနားပြည်နယ်၊ အင်ဒီယန်းနားပိုလစ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကြီး
၁၉၂၅—လွန်ခဲ့တဲ့ နှစ်တစ်ရာ
“ဒီနှစ်ကို ခရစ်ယာန်တွေ မျှော်လင့်တကြီး စောင့်စားနေကြတာ” လို့ ၁၉၂၅၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် မှာ ဖော်ပြထားတယ်။ ဒါပေမဲ့ “ဒီနှစ်ထဲ ဘာတွေများ ဖြစ်လာမလဲဆိုတာပဲ အာရုံရောက်လွန်းနေလို့ သခင်ဘုရား လုပ်စေချင်တာတွေ မလုပ်မိတာမျိုး မဖြစ်သင့်ဘူး” လို့ ဆက်ဖော်ပြတယ်။ ၁၉၂၅ ခုနှစ်မှာ ဘာဖြစ်လာမယ်လို့ ကျမ်းစာကျောင်းသားတွေ မျှော်လင့်ခဲ့ကြသလဲ။ မျှော်လင့်သလို ဖြစ်မလာပေမဲ့ သခင့်အလုပ်မှာ ဘယ်လို ဆက်အလုပ်များနေခဲ့ကြသလဲ။
မျှော်လင့်တဲ့အရာက ကြန့်ကြာနေ
၁၉၂၅ ခုနှစ်မှာ ကမ္ဘာမြေဟာ ပရဒိသု ဖြစ်လာမယ်လို့ ကျမ်းစာကျောင်းသား တော်တော်များများ မျှော်လင့်ခဲ့ကြတယ်။ “ခရစ်တော်ရဲ့ ဘိသိက်ခံနောက်လိုက် အကြွင်းအကျန်တွေ နိုင်ငံတော် အမွေခံဖို့ ကောင်းကင်သွားကြမယ်၊ အာဗြဟံ၊ ဒါဝိဒ်တို့လို ရှေးသစ္စာရှိ အမျိုးသားတွေ ကမ္ဘာမြေပေါ် ရှင်ပြန်ထမြောက်လာပြီး မင်းညီမင်းသားတွေအဖြစ် ဦးစီးဦးဆောင် လုပ်ကြမယ်လို့ အဲဒီတုန်းက ထင်ခဲ့ကြတယ်” ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတဲ့ ညီအစ်ကို အဲလ်ဘတ် ရှရိုးဒါ ရှင်းပြတယ်။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာလို့ တချို့ စိတ်အားလျော့သွားကြတယ်။—ပညာ. ၁၃:၁၂။
စိတ်အားလျော့သွားပေမဲ့ ကျမ်းစာကျောင်းသား အများစုဟာ ဟောပြောခြင်းလုပ်ငန်းမှာ ဆက်အလုပ်များခဲ့ကြတယ်။ သူတို့ရဲ့ အဓိကတာဝန်ဟာ ယေဟောဝါအကြောင်း သက်သေခံဖို့ ဖြစ်မှန်း တစ်စတစ်စ သဘောပေါက်လာကြတယ်။ ဥပမာ၊ ရေဒီယို အသံလွှင့် အစီအစဉ်ကတစ်ဆင့် အမှန်တရားကို ဘယ်လို ကျယ်ကျယ်ပြန့်ပြန့် ဝေမျှခဲ့ကြတယ်ဆိုတာ ကြည့်ရအောင်။
ရေဒီယို အသံလွှင့်လုပ်ငန်း ကျယ်ပြန့်လာ
ရှေ့နှစ်တုန်းက WBBR ရေဒီယို အသံလွှင့်လုပ်ငန်း အောင်မြင်သွားလို့ ၁၉၂၅ ခုနှစ်၊ အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့နားမှာ အသံလွှင့်ရုံ နောက်တစ်ရုံ ဆောက်ကြတယ်။ အသံလွှင့်ရုံကို WORD လို့ နာမည်ပေးကြတယ်။ “ချမ်းအေးလှတဲ့ ဆောင်းညတွေမှာ အသံလွှင့် အစီအစဉ်ကို ရပ်ဝေးဒေသများစွာက လူတွေ နားဆင်ကြတယ်” လို့ အသံလွှင့်ရုံ ဆောက်လုပ်ရေးမှာ ပါဝင်ခဲ့တဲ့ အသံအင်ဂျင်နီယာ ညီအစ်ကို ရာ့ဖ် လက်ဖလာ ပြောတယ်။ ဥပမာ၊ ကနဦး အသံလွှင့် အစီအစဉ်တစ်ခုကို မိုင် ၃,၀၀၀ (ကီလိုမီတာ ၅,၀၀၀) ကျော် ဝေးတဲ့ အလက်စကာပြည်နယ်၊ ပိုင်းလော့စတေရှင်မြို့က မိသားစုတစ်စု နားထောင်တယ်။ နားထောင်ပြီးနောက် အသံလွှင့်ရုံမှာ အလုပ်လုပ်နေသူတွေဆီ ကျေးဇူးတင်စာ ရေးတယ်။ အသံလွှင့် အစီအစဉ်ကြောင့် သူတို့ အားရှိသွားပြီး ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း ပိုသိခွင့်ရလိုက်လို့ပါတဲ့။
ဘယ်– အီလီနွိုက်ပြည်နယ်၊ ဘာတာဗီးယားမြို့က WORD အသံလွှင့် တာဝါတိုင်တွေ
ညာ– ရေဒီယို အသံလွှင့်ရုံမှာ ညီအစ်ကို ရာ့ဖ် လက်ဖလာ အလုပ်လုပ်နေစဉ်
ဒီလောက်ကျယ်ကျယ်ပြန့်ပြန့် အသံလွှင့်နိုင်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ၁၉၂၅၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် မှာ ဒီလိုရှင်းပြတယ်– “WORD ဟာ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ဝပ် ၅,၀၀၀ အားသုံး အသံလွှင့်ရုံ ဖြစ်ပြီး ဝေးလံတဲ့ဒေသတွေကနေတောင် နားဆင်နိုင်တယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ဘက် အတ္တလန္တိတ်ကမ်းရိုးတန်းနဲ့ အနောက်ဘက် ပစိဖိတ်ကမ်းရိုးတန်းမှာကော ကျူးဘားနိုင်ငံကနေ အလက်စကာပြည်နယ် မြောက်ဘက်စွန်းအထိပါ ကြားရတာ။ အမှန်တရား တစ်ခါမှ မကြားဖူးသူများစွာဟာ အသံလွှင့် အစီအစဉ် နားထောင်ပြီးနောက် ထပ်သိချင်လာကြတယ်။”
ညီအစ်ကို ဂျော့ဂျ် နေးရှ်
အဲဒီအချိန်လောက်မှာပဲ ကနေဒါနိုင်ငံမှာလည်း ရေဒီယိုကတစ်ဆင့် သတင်းကောင်း ဟောပြောဖို့ ကျမ်းစာကျောင်းသားတွေ ကြိုးစားကြတယ်။ ၁၉၂၄ ခုနှစ်မှာ ဆက်စကက်ချဝန်ပြည်နယ်၊ ဆက်စကက်တွန်မြို့မှာ CHUC လို့ ခေါ်တဲ့ အသံလွှင့်ရုံ ဆောက်ကြတယ်။ အဲဒီအသံလွှင့်ရုံဟာ ကနေဒါမှာ ဦးဆုံး ဘာသာရေး အသံလွှင့်ရုံတွေထဲက တစ်ရုံပဲ။ ၁၉၂၅ ခုနှစ် ရောက်တော့ ပိုကျယ်တဲ့နေရာကို ရွှေ့ဖို့ လိုလာတယ်။ ဒါနဲ့ ဆက်စကက်တွန်မှာ ရှိတဲ့ ပြဇာတ်ရုံအဟောင်းကို ဝယ်ပြီး ပြန်မွမ်းမံလိုက်တယ်။
ဆက်စကက်ချဝန်ထဲက အစွန်အဖျားဒေသတွေမှာ နေသူများစွာဟာ ဒီအသံလွှင့်ရုံကြောင့် သတင်းကောင်းကို ဦးဆုံးအကြိမ် ကြားခွင့်ရသွားကြတယ်။ ဥပမာ၊ ဝေးလံခေါင်သီတဲ့မြို့တစ်မြို့က ဂရေဟမ်လို့ ခေါ်တဲ့ အမျိုးသမီးဟာ အသံလွှင့် အစီအစဉ် နားထောင်ပြီးနောက် ကျမ်းစာစာပေတွေ စာရေးတောင်းခံလာတယ်။ “‘သင်ယူချင်လို့ပါ’ ဆိုပြီး အပူတပြင်း တောင်းဆိုနေလို့ ကျမ်းစာမှ လေ့လာစရာများ အတွဲပေါင်းချုပ်ကို ပို့ပေးလိုက်တယ်” လို့ ညီအစ်ကို ဂျော့ဂျ် နေးရှ် ပြောတယ်။ ဒီလိုနဲ့ ဂရေဟမ်ဟာ မကြာခင်မှာပဲ ပိုခေါင်တဲ့ဒေသတွေဆီ သတင်းကောင်း ဝေမျှတော့တယ်။
အမှန်တရား ပိုရှင်းလင်းလာ
၁၉၂၅၊ မတ် ၁ ကင်းမျှော်စင် မှာ “လူမျိုးတစ်မျိုး မွေးဖွားခြင်း” လို့ ခေါင်းစဉ် ရှိတဲ့ ဆောင်းပါး ပါလာတယ်။ အဲဒီဆောင်းပါးဟာ ဘာကြောင့် သိပ်အရေးကြီးသလဲ။ စာတန်မှာ အဖွဲ့အစည်း ရှိတယ်၊ ကောင်းကင်မှာ ရှိတဲ့ နတ်ဆိုးတွေနဲ့ မြေကြီးပေါ်မှာ ရှိတဲ့ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေးကို စာတန် ချုပ်ကိုင်ထားတယ်ဆိုတာ ကျမ်းစာကျောင်းသားတွေ သိထားကြတယ်။ ဒါပေမဲ့ ယေဟောဝါမှာလည်း အဖွဲ့အစည်း ရှိတယ်၊ ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ စာတန့်အဖွဲ့အစည်းနဲ့ လုံးဝ ကင်းရှင်းပြီး ကွာခြားတယ်ဆိုတာ သဘောပေါက်ဖို့ အဲဒီဆောင်းပါးကတစ်ဆင့် “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကူညီပေးတယ်။ (မ. ၂၄:၄၅) ဒါ့အပြင် ၁၉၁၄ ခုနှစ်မှာ ဘုရားနိုင်ငံတော် တည်ထောင်တယ်၊ အဲဒီနှစ်မှာပဲ “ကောင်းကင်မှာ စစ်ဖြစ်” ပြီး စာတန်နဲ့ နတ်ဆိုးတွေ မြေကြီးပေါ် ပစ်ချခံကြရတယ်လို့ သစ္စာရှိကျွန် ရှင်းပြတယ်။—ဗျာ. ၁၂:၇-၉။
ဒီနားလည်မှုအသစ်ကို တချို့ လက်မခံနိုင်ကြဘူး။ ဒါကြောင့် “ဒီနားလည်မှုကို လက်မခံနိုင်တဲ့ ကင်းမျှော်စင် စာဖတ်ပရိသတ်တွေအနေနဲ့ သခင့်ကို စိတ်ရှည်ရှည်၊ ယုံယုံကြည်ကြည် စောင့်ဆိုင်းကြဖို့၊ အမှုတော်မှာ သစ္စာရှိရှိ လုပ်စရာရှိတာ လုပ်ကြဖို့ အကြံပြုပါတယ်” ဆိုပြီး အဲဒီဆောင်းပါးမှာ ဖော်ပြထားတယ်။
ဒါပေမဲ့ ကျမ်းစာကျောင်းသား အများစုရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ကော်ပေါ်တာ (အခုအခေါ် ရှေ့ဆောင်) ညီအစ်ကို တောမ်အဲ ဒီလိုပြောတယ်– “ဗျာဒိတ် အခန်းကြီး ၁၂ နဲ့ပတ်သက်တဲ့ ဒီရှင်းပြချက်ကို ကြားတော့ ညီအစ်ကို/မတွေ သိပ်စိတ်လှုပ်ရှားသွားကြတယ်။ ကောင်းကင်မှာ နိုင်ငံတော် တည်ထောင်ပြီဆိုတာ သိတာနဲ့ တခြားသူတွေကို ဒီသတင်းကောင်း သိပ်ပြောပြချင်သွားကြတာ။ ဒီနားလည်မှုအသစ်က ဟောပြောခြင်းလုပ်ငန်း အရှိန်ပိုမြှင့်ဖို့၊ ရှေ့လျှောက် ဘယ်လို အံ့ဩစရာကောင်းတာတွေ ယေဟောဝါ လုပ်ဆောင်မယ်ဆိုတာ မြင်လာဖို့ ကူညီပေးတယ်။”
ယေဟောဝါအကြောင်း သက်သေခံ
“ယေဟောဝါ ပြောတယ်– ‘မင်းတို့ဟာ ငါ့ရဲ့သက်သေတွေပဲ။ . . . ငါ ရွေးချယ်ထားတဲ့ ကျွန်ပဲ’” ဆိုတဲ့ ဟေရှာယ ၄၃:၁၀ ကို ဒီနေ့ခေတ် ယေဟောဝါသက်သေတွေ အကျွမ်းတဝင် ရှိကြတယ်။ ဒါပေမဲ့ ၁၉၂၅ ခုနှစ် မတိုင်ခင်က အဖွဲ့အစည်းစာပေတွေမှာ ဒီကျမ်းပိုဒ် မသုံးသလောက်ပဲ။ ဒါပေမဲ့ ၁၉၂၅ ခုနှစ်အတွင်း ဟေရှာယ အခန်းကြီး ၄၃ အခန်းငယ် ၁၀ နဲ့ ၁၂ ကို ကင်းမျှော်စင် ၁၁ စောင်မှာ ထည့်သွင်းဖော်ပြခဲ့တယ်။
၁၉၂၅၊ ဩဂုတ်လကုန်ပိုင်း၊ အင်ဒီယန်းနားပြည်နယ်၊ အင်ဒီယန်းနားပိုလစ်မြို့မှာ ခရိုင်အစည်းအဝေးကြီး ကျင်းပတယ်။ အစည်းအဝေးကြီး အစီအစဉ်စာရွက်ပေါ်က နှုတ်ခွန်းဆက်စကားမှာ ညီအစ်ကို ဂျိုးဇက် ရပ်သဖော့ ဒီလိုရေးထားတယ်– “သခင့်ဆီက အစွမ်းခွန်အား ရဖို့ ဒီအစည်းအဝေးကြီးကို ကျွန်တော်တို့ ရောက်လာကြတယ်။ . . . အစည်းအဝေးကြီး ပြီးသွားတဲ့အခါ သခင့်အကြောင်း သက်သေခံဖို့ အမှုဆောင်လယ်ကွင်းဆီ အားသစ်အင်သစ်နဲ့ ပြန်သွားနိုင်ကြပါစေ။” အခွင့်အရေး ရတိုင်း ယေဟောဝါအကြောင်း သက်သေခံဖို့ အစည်းအဝေးကြီး ရှစ်ရက်တာလုံးမှာ တက်ရောက်သူတွေ အားပေးခံကြရတယ်။
ဩဂုတ် ၂၉၊ စနေနေ့မှာ “နှိုးဆော်သံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ညီအစ်ကို ရပ်သဖော့ ဟောပြောတယ်။ သက်သေခံခြင်းလုပ်ငန်း အရေးကြီးရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ဒီလိုအလေးပေးဟောပြောသွားတယ်– “‘မင်းတို့ဟာ ငါ့သက်သေတွေပဲ။ ငါဟာ ဘုရားသခင်ပဲ’ လို့ ယေဟောဝါ ပြောတယ်။” အဲဒီနောက် “[အချက်ပြ]အလံ စိုက်ထူကြ” ဆိုပြီး ရှင်းလင်းပြတ်သားတဲ့အမိန့် ပေးတယ်။ စွမ်းအားတော် ရထားတဲ့ လူမျိုးတော်ကလွဲပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူကမှ ယေဟောဝါအကြောင်း လူအများ သိဖို့ အချက်ပြအလံ မစိုက်ထူနိုင်ဘူး၊ သက်သေမခံနိုင်ဘူး။”—ဟေရှာ. ၄၃:၁၂။ ၆၂:၁၀။
မျှော်လင့်ခြင်းသတင်း ဝေစာ
ဟောပြောချက်အပြီး ညီအစ်ကို ရပ်သဖော့ ဖတ်ပြတဲ့ “မျှော်လင့်ခြင်းသတင်း” သန္နိဋ္ဌာန်ကို ပရိသတ်က တညီတညွတ်တည်း သဘောတူတယ်။ ဘုရားသခင့်နိုင်ငံတော်ဟာ “ငြိမ်းချမ်းမှု၊ စည်ပင်ဝပြောမှု၊ ကျန်းမာမှု၊ အသက်ရှင်မှု၊ လွတ်လပ်မှု၊ ထာဝရပျော်ရွှင်မှု ကောင်းချီးတွေ” ရရှိစေမယ့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်တယ်လို့ အဲဒီမှာ ဖော်ပြထားတယ်။ နောက်ပိုင်းမှာ အဲဒီသန္နိဋ္ဌာန်ကို ဘာသာစကားများစွာနဲ့ ဘာသာပြန်ပြီး ပုံနှိပ်တယ်။ စောင်ရေ သန်း ၄၀ လောက် ဖြန့်ချိတယ်။
နောက်နှစ်အတော်ကြာတဲ့အထိ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ကျမ်းစာကျောင်းသားတွေ မခံယူကြသေးဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ သက်သေ ဖြစ်ရမယ်ဆိုတဲ့ မိမိတို့ရဲ့ တာဝန်ကိုတော့ တစ်စတစ်စ သိလာကြတယ်။
စိတ်ဝင်စားသူတွေဆီ ပြန်လည်ပတ်
ကမ္ဘာတစ်ဝန်းမှာ ကျမ်းစာကျောင်းသား အရေအတွက် တိုးများလာတာနဲ့အမျှ စာပေ ဝေငှရုံ မဟုတ်ဘဲ သတင်းကောင်း စိတ်ဝင်စားသူတွေဆီ ပြန်လည်ပတ်ဖို့ အဖွဲ့အစည်းက အားပေးတယ်။ “မျှော်လင့်ခြင်းသတင်း ဝေစာ ဝေခဲ့တဲ့ အိမ်တွေကို ပြန်လည်ပတ်ကြပါ” ဆိုပြီး ဝေစာကင်ပိန်းပြီးနောက် ဘူလ်လတင်a မှာ လမ်းညွှန်တယ်။
တက္ကဆက်ပြည်နယ်၊ ပလေနိုမြို့က ကျမ်းစာကျောင်းသားတစ်ယောက် ပေးပို့လာတဲ့ မှတ်တမ်းကို ၁၉၂၅၊ ဇန်နဝါရီလ ဘူလ်လတင် မှာ ဒီလိုထည့်သွင်းဖော်ပြထားတယ်– “အမှုဆောင်ရပ်ကွက်အသစ်တွေမှာ သွားဟောတာထက် ဟောပြီးသား ရပ်ကွက်တွေကို အကြိမ်ကြိမ် ပြန်လည်ပတ်တဲ့အခါ ရလဒ်ကောင်းတွေ ပိုရလာတတ်လို့ သိပ်အံ့ဩမိတယ်။ ကျွန်တော်တို့ အမှုဆောင်ရပ်ကွက်ထဲက မြို့လေးတစ်မြို့ကို ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ငါးကြိမ် သွားဟောဖူးတယ်။ . . . သိပ်မကြာခင်က ညီအစ်မ ဟန်းဒရခ်စ်နဲ့ ကျွန်တော့်အမေ ပြန်သွားဟောတော့ စာပေတွေ အရင်ကထက် ပိုဝေခဲ့ရတယ်။”
“ပထမအခေါက် သွားဟောပြောချိန်မှာ ကျွန်တော့်ကို အိမ်ပေါက်ဝကနေ မောင်းထုတ်ခဲ့တဲ့ အိမ်ရှင်တော်တော်များများဆီ ဒုတိယအခေါက်၊ တတိယအခေါက် ပြန်သွားချိန်မှာတော့ သဘောထား ပြောင်းလဲနေတယ်။ ဒီနှစ်ထဲ ကျွန်တော်တို့ အများဆုံး လုပ်ဖြစ်တာက ဟောပြီးသား အိမ်တွေကို ပြန်လည်ပတ်တာပဲ။ တချို့တွေ့ကြုံမှုတွေဆိုရင် တော်တော်အားရစရာကောင်းတာ” လို့ ပနားမားနိုင်ငံက ကော်ပေါ်တာ ညီအစ်ကိုတစ်ယောက် ပြောတယ်။
ရှေ့လုပ်ငန်းစဉ်တွေအတွက် စိတ်လှုပ်ရှားနေကြ
၁၉၂၅ ခုနှစ်အတွင်း ဘာတွေ ပြီးမြောက်ခဲ့တယ်၊ ရှေ့လျှောက် ဘာတွေ လုပ်ဖို့ ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး နှစ်ကုန်ပိုင်းမှာ ကော်ပေါ်တာအားလုံးဆီ ညီအစ်ကို ရပ်သဖော့ စာရေးတယ်။ “ပြီးခဲ့တဲ့နှစ်မှာ ဝမ်းနည်းကြေကွဲနေသူများစွာကို ညီအစ်ကို/မတို့ နှစ်သိမ့်ပေးခွင့် ရခဲ့ကြတယ်။ ဒါကြောင့် သိပ်ရွှင်လန်းခဲ့ကြရတယ်။ . . . လာမယ့်နှစ်မှာ ဘုရားသခင်အကြောင်း၊ နိုင်ငံတော်အကြောင်း သက်သေခံဖို့၊ ဘုရားလူမျိုးဟာ ဘယ်လိုမျိုးလဲဆိုတာ သက်သေပြဖို့ အခွင့်အရေး အများကြီး ရလာကြဦးမယ်။ . . . အသံကုန်လွှင့်ပြီး ကျွန်တော်တို့ရဲ့ ဘုရားသခင်နဲ့ ဘုရင်ကို ဆက်ချီးမွမ်းကြရအောင်” လို့ ပြောတယ်။
၁၉၂၅ နှစ်ကုန်ပိုင်းမှာ ဘရွတ်ကလင်ဗေသလကို ချဲ့ဖို့ ညီအစ်ကိုတွေ စီစဉ်ကြတယ်။ ၁၉၂၆ ခုနှစ်မှာတော့ အဲဒီအချိန်ထိ အဖွဲ့အစည်း လုပ်ဆောင်ခဲ့သမျှမှာ အကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်းကို စတင်ကြမှာ ဖြစ်တယ်။
၁၉၂၆၊ နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင်၊ အာဒံလမ်းက ဆောက်လုပ်ရေး
a လက်ရှိ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်။