အုပ်ချုပ်ရေးအဖွဲ့ဆီက စာ
ချစ်ရတဲ့ ညီအစ်ကိုညီအစ်မတို့–
“ငါတို့သည် သင်တို့အားလုံးနှင့်ပတ်သက်၍ ဆုတောင်းသည့်အခါတိုင်း ဘုရားသခင်အား အစဉ်ကျေးဇူးတင်ပါ၏။ အကြောင်းမူကား ငါတို့၏အဖ ဘုရားသခင့်ရှေ့တော်၌ သင်တို့၏ယုံကြည်ခြင်းလုပ်ရပ်၊ မေတ္တာပါသော ကြိုးစားအားထုတ်မှုနှင့် ငါတို့သခင် ယေရှုခရစ်ကို မျှော်လင့်သောစိတ်ကြောင့် ခံနိုင်ရည်ရှိခြင်းတို့ကို ငါတို့သည် အစဉ်သတိရလျက်ရှိပါ၏။” (၁ သက်. ၁: ၂၊ ၃) ဒီစကားတွေက ညီအစ်ကိုညီအစ်မတို့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်ကို လှလှပပပုံဖော်ပေးလိုက်တာပဲ။ သင်တို့ပြီးမြောက်နေတဲ့ အလုပ်မွန်တွေအတွက်၊ သင်တို့အတွက် ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်တယ်။ ဘာကြောင့်လဲ။
လွန်ခဲ့တဲ့နှစ်တစ်လျှောက်မှာ သင်တို့ဟာ “ယုံကြည်ခြင်းလုပ်ရပ်” များစွာ လုပ်ဆောင်ခဲ့ပြီး “မေတ္တာ” ပါပါ “ကြိုးစားအားထုတ်” ခဲ့တယ်။ သင်တို့အများစုဟာ ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့တယ်။ တချို့က သာ၍လိုအပ်တဲ့နေရာမှာအမှုဆောင်ဖို့ တခြားဒေသတွေ၊ တခြားနိုင်ငံတွေကိုတောင် ပြောင်းရွှေ့ခဲ့တယ်။ တချို့ကတော့ လူထုရှေ့သက်သေခံခြင်းမှာ ပါဝင်ကြတယ်။ အများစုက အောက်မေ့ပွဲရာသီမှာ၊ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်တဲ့လမှာ၊ ၂၀၁၄ ဩဂုတ်လ အထူးကင်ပိန်းမှာ အရန်ရှေ့ဆောင်တွေအဖြစ် ပါဝင်ခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အခြေအနေမတူကြပေမဲ့ ယေဟောဝါအတွက် စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်နေတဲ့အတွက် သင်တို့ကို ချီးမွမ်းပါတယ်။ (ကော. ၃:၂၃၊ ၂၄) သင်တို့ရဲ့ “ယုံကြည်ခြင်းလုပ်ရပ်” ဟာ ယေဟောဝါကိုကျေးဇူးတင်ရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။
ကမ္ဘာတစ်ဝန်းဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သင်တို့ရဲ့ ‘မေတ္တာပါတဲ့ကြိုးစားအားထုတ်မှု’ တွေကိုလည်း တန်ဖိုးထားလေးမြတ်ပါတယ်။ ယေဟောဝါကို၀တ်ပြုသူတွေ တိုးများလာတာနဲ့အမျှ အဆောက်အဦတွေ အရေးပေါ်လိုအပ်လာတယ်။ (ဟေရှာ. ၆၀:၂၂) မနှစ်တုန်းက အများဆုံး ကြေညာသူ ၈,၂၀၁,၅၄၅ ယောက်နဲ့ လစဉ် ပျမ်းမျှကျမ်းစာသင်အံမှု ၉,၄၉၉,၉၃၃ ခုရှိတာကို စဉ်းစားကြည့်ပါ။ အခုလိုတိုးတက်မှုကြောင့် ဌာနခွဲများစွာကို တိုးချဲ့ဖို့၊ ပြုပြင်ဖို့ လိုအပ်လာတယ်။ နိုင်ငံတော်ခန်းမတွေလည်း ပိုလိုအပ်လာတယ်။ ဒါ့အပြင် ဘာသာပြန်သူတွေဟာ ကိုယ့်ဘာသာစကားပြောဆိုတဲ့နေရာမှာ နေထိုင်ပြီး အလုပ်လုပ်နိုင်ဖို့ ကမ္ဘာ့ဒေသများစွာမှာ ဘာသာပြန်ရုံးခွဲတွေ လိုအပ်လာတယ်။
ဒါကြောင့် ‘အဲဒီဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ငါဘယ်လိုပါ၀င်ကူညီပေးနိုင်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။ တချို့က ဆောက်လုပ်ရေးလုပ်ငန်းမှာ စေတနာ့၀န်ထမ်းအဖြစ် လုပ်ဆောင်ကြတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ကျွမ်းကျင်သည်ဖြစ်စေ၊ မကျွမ်းကျင်သည်ဖြစ်စေ အရေးကြီးတဲ့ ဒီလုပ်ငန်းအတွက် ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့အရာတွေကို ပေးဆပ်နိုင်ပါတယ်။ (သု. ၃:၉၊ ၁၀) တဲတော်ဆောက်လုပ်ချိန်မှာ အစ္စရေးတွေဟာ ရက်ရက်ရောရာလှူဒါန်းခဲ့ကြလို့ အလှူပစ္စည်းတွေကို ထပ်မယူလာဖို့တောင် တားခဲ့ရတယ်။ (ထွ. ၃၆:၅-၇) အဲဒီလိုကျမ်းစာပုံနမူနာတွေက စိတ်နှလုံးကို ထိမိစေပြီး လှုံ့ဆော်မှုဖြစ်စေတယ်။ မြင့်မြတ်တဲ့အမှုတော်ရဲ့ အရေးကြီးတဲ့ ဒီကဏ္ဍတွေမှာ သင်တို့ရဲ့ ‘မေတ္တာပါတဲ့ကြိုးစားအားထုတ်မှု’ ဟာ ယေဟောဝါကိုကျေးဇူးတင်ရတဲ့ နောက်အကြောင်းရင်းတစ်ခုပါပဲ။
ညီအစ်ကိုတွေရဲ့ခံနိုင်ရည်ကို တွေ့ရတာကလည်း ကျွန်တော်တို့ အထူး၀မ်းမြောက်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ ဥပမာ၊ တောင်ကိုးရီးယားနိုင်ငံက ချစ်ရတဲ့ညီအစ်ကိုတွေအကြောင်း သုံးသပ်ကြည့်ပါ။ ၁၉၅၀ ပြည့်နှစ်ကစပြီး အဲဒီနိုင်ငံက ညီအစ်ကိုငယ်တွေဟာ ခရစ်ယာန်ကြားနေမှုကြောင့် ထောင်ဒဏ်အသီးသီး ချမှတ်ခံရတယ်။ နှစ်တွေတစ်လျှောက် ညီအစ်ကိုတွေဟာ အဲဒီလိုအခြေအနေကို ကြံ့ကြံ့ခံရပ်နိုင်ခဲ့တယ်။ ခံနိုင်ရည်ရှိတဲ့ သူတို့ရဲ့ပုံသက်သေက ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို တကယ်ခိုင်ခံ့စေတယ်။
အဲရိထရိအာနိုင်ငံက ညီအစ်ကိုသုံးယောက် ထောင်ထဲမှာရှိနေတာ အနှစ် ၂၀ ကျော်ပြီ။ ညီအစ်မတွေနဲ့ကလေးတွေအပါအ၀င် တခြားညီအစ်ကိုတွေလည်း အဲဒီထက်နည်းတဲ့ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရတယ်။ သူတို့တွေလွတ်မြောက်နိုင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ပေမဲ့ အခုထိတော့ မအောင်မြင်သေးဘူး။ ညီအစ်ကိုတွေကတော့ လုံးဝအလျှော့မပေးကြဘူး။ ဆိုးဝါးလွန်းတဲ့ အခြေအနေတွေကြားမှာ သူတို့ရဲ့သမာဓိကို ဆက်ပြီးစောင့်ထိန်းနေကြတယ်။ အဲဒီသစ္စာရှိသူတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ —ရော. ၁:၈၊ ၉။
သင်တို့အများစုကတော့ ယုံကြည်ခြင်းကြောင့် ထောင်ချမခံရပါဘူး။ ဒါပေမဲ့ အသက်အရွယ်ကြီးရင့်မှု ဒါမှမဟုတ် နာတာရှည်ရောဂါတွေ ခံစားနေရတယ်။ မယုံကြည်သူအိမ်ထောင်ဖက် ဒါမှမဟုတ် ဆွေမျိုးတွေ အတိုက်အခံလုပ်တာကို ကြုံနေရတယ်။ ကိုယ်ကိုယ်တိုင်ပဲသိတဲ့ အခက်အခဲတွေလည်း ရှိကြတယ်။ ဒါတောင်မှ ယေဟောဝါကိုဆက်ပြီး သစ္စာရှိရှိအမှုဆောင်နေကြတယ်။ (ယာ. ၁:၁၂) ဒါကြောင့် သင်တို့ကို ချီးမွမ်းပါတယ်။ သင်တို့ရဲ့ခံနိုင်ရည်ဟာ ယေဟောဝါကိုကျေးဇူးတင်ရတဲ့ နောက်အကြောင်းရင်းတစ်ခုပါပဲ။
မှန်ပါတယ်၊ သင်တို့ရဲ့ယုံကြည်ခြင်းလုပ်ရပ်တွေ၊ မေတ္တာပါတဲ့ကြိုးစား အားထုတ်မှုတွေနဲ့ ခံနိုင်ရည်ဟာ ယေဟောဝါကိုကျေးဇူးတင်ရတဲ့ အကြောင်းရင်းတွေဖြစ်တယ်။ ‘ယေဟောဝါက ကောင်းမြတ်တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါ။’ (ဆာ. ၁၀၆:၁၊ ကဘ) သင်တို့အားလုံးကို ကျွန်တော်တို့ တကယ်ပဲချစ်မြတ်နိုးပါတယ်။ သင်တို့ကို ယေဟောဝါ ခွန်အားပေးဖို့၊ ထောက်မဖို့၊ ကောင်းချီးပေးဖို့ အမြဲဆုတောင်းပေးပါတယ်။ ကိုယ်တော့်အမှုတော်ကို ထာဝစဉ်ထမ်းဆောင်နိုင်ကြပါစေ။
သင်တို့ရဲ့ညီအစ်ကိုများ၊
ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့