ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၆/၁၅ စာ. ၂၉-၃၂
  • ‘သင်ခြေချတဲ့ လမ်းစဉ်ကို ချောမွေ့စေပါ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သင်ခြေချတဲ့ လမ်းစဉ်ကို ချောမွေ့စေပါ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချပါ
  • အတားအဆီးတွေကို ဖယ်ရှားပါ
  • ဆက်တိုးတက်နေပါ
  • လူငယ်တို့၊ ဘုရားရေးရာ ပန်းတိုင်တွေကို အာရုံစိုက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ကျမ်းစာကို ဘာကြောင့် ဆန်းစစ်သင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • အချိန်ပြည့်လုပ်ငန်း၏ရွှင်လန်းမှု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၆/၁၅ စာ. ၂၉-၃၂
အတားအဆီးတွေနဲ့ ပြည့်ကျပ်နေတဲ့ လမ်း

‘သင်ခြေချတဲ့ လမ်းစဉ်ကို ချောမွေ့စေပါ’

ဘီစီ ၅၃၇ မှာ အစ္စရေးလူတွေ ဗာဗုလုန်က ထွက်လာတဲ့အခါ သူတို့ ဂျေရုဆလင်ပြန်တဲ့လမ်းကြောင်းကို ယေဟောဝါ အလွန်စိတ်ဝင်စားခဲ့တယ်။ ကိုယ်တော်က သူတို့ကို ‘လူတွေအတွက် လမ်းရှင်းပေးကြပါ။ လမ်းဖောက်ကြပါ။ လမ်းဖောက်ကြပါ။ ကျောက်တုံးတွေကို ရှင်းထုတ်ကြပါ’ လို့ ပြောခဲ့တယ်။ (ဟေရှာ. ၆၂:၁၀၊ ကဘ) ဒီအမိန့်ကိုနာခံဖို့ သူတို့ ဘာလုပ်ခဲ့ကြမလဲ။ အစ္စရေးလူတစ်စုက ရှေ့ကအရင်သွားပြီး ချိုင့်တွေကိုဖို့၊ လမ်းတွေကို ညှိကြမှာဖြစ်တယ်။ ဒီလိုလုပ်တဲ့အတွက် သူတို့ရဲ့အပြန်ခရီးက ပိုပြီးသက်သာမှာ သေချာတယ်။

ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့အမှုတော်မှာ တာဝန်အမျိုးမျိုးကို ထမ်းဆောင်ကြတဲ့အခါ အဲဒီလိုပဲ လုပ်ဆောင်ကြရတယ်။ ကျွန်ုပ်တို့ အဲဒီတာဝန်တွေကို ထမ်းဆောင်တဲ့အခါ ယေဟောဝါက အခက်အခဲတွေ နည်းနိုင်သမျှ နည်းစေချင်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ ‘သင်ခြေချတဲ့လမ်းစဉ်ကို ချောမွေ့စေပါ။ သင့်လမ်းစဉ်အားလုံး ခိုင်မြဲနေလိမ့်မယ်’ ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကနေ ကျွန်ုပ်တို့အားလုံး အကျိုးရယူနိုင်ပါတယ်။—သု. ၄:၂၆၊ ကဘ။

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချပါ

ကျမ်းစာမှာ ‘လူငယ်တွေရဲ့ဂုဏ်ကျက်သရေဟာ အစွမ်းခွန်အားပဲ’ လို့ ဖော်ပြထားတယ်။ (သု. ၂၀:၂၉၊ ကဘ) လူငယ်အများစုဟာ ကျန်းမာသန်စွမ်းတယ်၊ ဉာဏ်ကောင်းကြတယ်၊ ဘဝမှာ အောင်မြင်လိုစိတ် ပြင်းပြကြတယ်။ လူကြီးတွေက လူငယ်တွေရဲ့ ပင်ကိုစွမ်းရည်တွေကို သတိထားမိကြပြီး အဲဒါတွေကို အပြည့်အဝအသုံးချနိုင်ဖို့ မျှော်လင့်ကြတယ်။ လူငယ်တွေက သူတို့ရဲ့ပင်ကိုစွမ်းရည်တွေကို ယေဟောဝါရဲ့အမှုတော်ဆောင်တဲ့နေရာမှာ အသုံးချမယ်ဆိုရင် အမှန်တကယ် ပျော်ရွှင်မှာဖြစ်တယ်။

လောကမှာရှိတဲ့လူတချို့တောင် သက်သေခံလူငယ်တွေရဲ့ ပင်ကိုစွမ်းရည်ကို အသိအမှတ်ပြုကြတယ်။ ဥပမာ၊ သက်သေခံလူငယ်တော်တော်များများက ကျောင်းမှာ စာတော်ကြတယ်၊ ဒါကြောင့် ဆရာတွေနဲ့ တခြားကျောင်းသားတွေက အဆင့်မြင့်ပညာဆက်ပြီးသင်ဖို့ ဖိအားပေးလာနိုင်တယ်။ ဒါမှမဟုတ် အားကစားမှာထူးချွန်တဲ့ လူငယ်တွေကိုကျတော့ အသက်မွေးဝမ်းကျောင်းအဖြစ် အားကစားကိုလိုက်စားဖို့ တိုက်တွန်းနိုင်တယ်။ သင်ကိုယ်တိုင် ဒါမှမဟုတ် သင်သိတဲ့သူတစ်ယောက်ယောက်က ဒီလိုအခြေအနေနဲ့ ကြုံတွေ့နေတာဖြစ်နိုင်တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ ခရစ်ယာန်တစ်ယောက်ကို ဘာက ကူညီပေးမလဲ။

ယေဟောဝါရဲ့အမှုတော်မှာ အောင်မြင်မှုရရှိစေဖို့ ကျမ်းစာလမ်းညွှန်ချက်တွေက ကူညီပေးနိုင်တယ်။ ဥပမာအနေနဲ့ ဒေသနာ ၁၂:၁ (ကဘ) မှာပါတဲ့ ‘လူငယ်ဘဝမှာ သင့်ရဲ့ ကြီးမြတ်တဲ့ဖန်ဆင်းရှင်ကို သတိရပါ’ ဆိုတဲ့အချက်ကို စဉ်းစားကြည့်ပါ။ သင်ကိုယ်တိုင် ဒါမှမဟုတ် သင်သိတဲ့လူငယ်တစ်ယောက်က ယေဟောဝါကို ဘယ်လိုသတိရနိုင်သလဲ။

အနောက်အာဖရိက,က အဲရစ်လို့ခေါ်တဲ့ လူငယ်ညီအစ်ကိုရဲ့အကြောင်းကို လေ့လာကြည့်ကြစို့။a သူက ဘောလုံးကန်တာ ဝါသနာပါတယ်။ သူအသက် ၁၅ နှစ်လောက်မှာ နိုင်ငံ့လက်ရွေးစင်အသင်းမှာကစားဖို့ အရွေးခံရတယ်။ ဥရောပမှာ အကောင်းဆုံးလေ့ကျင့်မှုခံယူပြီး ကြေးစားဘောလုံးသမားတစ်ယောက်ဖြစ်လာမယ့် အခွင့်အရေးတောင် ရနိုင်တယ်။ အဲဒီအချိန်မှာ အဲရစ်ဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာခဲ့တယ်။ ယေဟောဝါကို သူ ဘယ်လို “သတိရ” နိုင်မလဲ။ သူ့တွေ့ကြုံမှုကနေ ဘာသင်ယူနိုင်သလဲ။

လူ့ပြဿနာတွေအားလုံးကို ဘုရားသခင် ဖြေရှင်းပေးမယ်ဆိုတာ ကျမ်းစာလေ့လာတာကနေ အဲရစ်သိလာတယ်။ အဲဒါကြောင့် ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်တာက ဘောလုံးကန်တာထက် ပိုအရေးကြီးတယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့် နှစ်ခြင်းခံလိုက်ပြီး သူ့အချိန်နဲ့ ခွန်အားကို ယေဟောဝါရဲ့အမှုတော်မှာ အသုံးပြုခဲ့တယ်။ နောက်ဆုံးမှာတော့ အသင်းတော်အမှုထမ်းတစ်ယောက်ဖြစ်လာတယ်။ ကြေးစားဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်မှုခံယူမယ့်အစား နောက်ပိုင်းမှာ တစ်ကိုယ်ရေညီအစ်ကိုတွေအတွက် ကျမ်းစာသင်တန်းမှာ လေ့ကျင့်မှုခံယူခဲ့တယ်။

အဲရစ်သာ ကြေးစားဘောလုံးသမားတစ်ယောက် ဖြစ်လာမယ်ဆိုရင် ချမ်းသာကြွယ်ဝပြီး နာမည်ကြီးလာနိုင်တယ်။ ဒါပေမဲ့ ‘သူဌေးရဲ့စည်းစိမ်ဟာ သူ့အတွက် ခံတပ်မြို့ပဲ။ သူ့စိတ်ကူးထဲမှာ အကာအကွယ်ပေးတဲ့မြို့ရိုးလိုပဲ’ ဆိုတဲ့ ကျမ်းစကားမှန်တယ်ဆိုတာ သူသိတယ်။ (သု. ၁၈:၁၁၊ ကဘ) ငွေက လူကို လှည့်စားနိုင်တယ်။ စစ်မှန်တဲ့လုံခြုံမှု မပေးနိုင်ဘူး။ အဲဒီအစား ချမ်းသာဖို့ကြိုးစားသူတွေဟာ “ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်” လေ့ရှိကြတယ်။—၁ တိ. ၆:၉၊ ၁၀။

အချိန်ပြည့်လုပ်ငန်းမှာပါဝင်တဲ့ လူငယ်များစွာဟာ ပျော်ရွှင်မှုနဲ့လုံခြုံမှု ခံစားရတယ်။ အဲရစ် ဒီလိုပြောတယ်– “ကျွန်တော် ယေဟောဝါရဲ့ အချိန်ပြည့်ကျေးကျွန်တွေရဲ့ ‘အသင်း’ ကြီးမှာ ပါဝင်နေတယ်။ ဒါ အကောင်းဆုံးအသင်းပဲ။ ဘဝမှာ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ အောင်မြင်မှုရရှိစေတဲ့ တစ်ခုတည်းသောလမ်းကို ပြပေးလို့ ယေဟောဝါကို ကျေးဇူးတင်တယ်။”

သင်ကော။ လောကပန်းတိုင်တွေထားမယ့်အစား ယေဟောဝါရဲ့အမှုတော်မှာ ပိုပြီးပါဝင်နိုင်စေတဲ့လမ်းကို လျှောက်နိုင်မလား။ ရှေ့ဆောင်လုပ်ဖို့ သင် ကြိုးစားနိုင်မလား။—“တက္ကသိုလ်မှာမရနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိ” လေးထောင့်ကွက်ကို ကြည့်ပါ။

အတားအဆီးတွေကို ဖယ်ရှားပါ

အမေရိကန်ဌာနခွဲရုံးကို လည်ပတ်ခဲ့တဲ့ ဇနီးမောင်နှံဟာ ဗေသလအိမ်သားတွေ ဘယ်လောက်ပျော်နေတယ်ဆိုတာ တွေ့ခဲ့ရတယ်။ နောက်ပိုင်းမှာ ဒီညီအစ်မက “ကျွန်မတို့ရဲ့ လက်ရှိအခြေအနေက အေးအေးဆေးဆေး ဖြစ်နေတယ်” လို့ ရေးခဲ့တယ်။ ဒါကြောင့် ဒီဇနီးမောင်နှံဟာ ယေဟောဝါရဲ့အမှုတော်မှာ သူတို့ရဲ့အချိန်နဲ့ခွန်အားကို ပိုအသုံးပြုဖို့ ဆုံးဖြတ်ခဲ့တယ်။

အပြောင်းအလဲတွေလုပ်ဖို့အတွက် သူတို့ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ယောဟန် ၈:၃၁ မှာပါတဲ့ “သင်တို့သည် ငါ၏တရား၌ တည်နေလျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏” ဆိုတဲ့ ယေရှုရဲ့စကားကို သူတို့ စဉ်းစားသုံးသပ်ခဲ့ကြတယ်။ ယေရှုရဲ့ တပည့်စစ်တွေဖြစ်ဖို့ ကိုယ်ကျိုးစွန့်ရမယ်ဆိုတာ သူတို့ သဘောပေါက်ခဲ့တယ်။ “ဘဝကို ရိုးရှင်းစေဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်ရကျိုးနပ်တယ်” လို့ သုံးသပ်ခဲ့ကြတယ်။ သူတို့ရဲ့အိမ်ကြီးကို ရောင်းပြီး မလိုအပ်တဲ့ပစ္စည်းတွေကို ဖယ်ထုတ်ပစ်လိုက်တယ်၊ ပြီးတော့ အကူအညီလိုအပ်နေတဲ့ အသင်းတော်တစ်ခုကို ပြောင်းခဲ့တယ်။ အခုသူတို့ ရှေ့ဆောင်လုပ်နေကြတယ်။ ခန်းမဆောက်လုပ်ရေးနဲ့ ခရိုင်စည်းဝေးတွေမှာ လုပ်အားပေးကြတယ်။ သူတို့လုပ်ခဲ့တဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားကြရသလဲ။ “ရိုးရိုးရှင်းရှင်းနေထိုင်ပြီး ယေဟောဝါရဲ့အဖွဲ့အစည်း အားပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့လို့ ခံစားရတဲ့ပျော်ရွှင်မှုက အံ့မခန်းပါပဲ။”

ဆက်တိုးတက်နေပါ

‘သင့်မျက်စိက ရှေ့တည့်တည့်ကို ကြည့်ပါ။ ရှေ့တည့်တည့်ကိုပဲ စူးစိုက်ကြည့်ပါ’ လို့ ရှောလမုန် ရေးခဲ့တယ်။ (သု. ၄:၂၅၊ ကဘ) အဲဒါ ဘာကိုဆိုလိုတာလဲ။ ယေဟောဝါရဲ့အမှုတော်မှာ ပိုပြီးပါဝင်စေနိုင်မယ့် အရာတွေအပေါ် ဆက်ပြီး အာရုံစိုက်နေရမယ်။ ပန်းတိုင်တွေချဖို့၊ အဲဒီပန်းတိုင်တွေကို ပြည့်မီအောင်လုပ်ဖို့ အတားအဆီးဖြစ်စေနိုင်တဲ့ စိတ်ပျံ့လွင့်စရာတွေကို ရှောင်ဖို့လိုတယ်။

၁။ ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့လူငယ်ဘဝကို ဘုရားသခင့်အမှုဆောင်လုပ်ငန်းမှာ အသုံးပြုနေ; ၂။ ဘာအတားအဆီးမှမရှိတဲ့ လမ်း

သင် ဘယ်လိုပန်းတိုင်တွေ ချနိုင်သလဲ။ သင် အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နိုင်တယ်၊ ဒါမှမဟုတ် ရပ်ကွက်ကျယ်ပြီး ကြေညာသူနည်းတဲ့ အသင်းတော်ကို ပြောင်းနိုင်တယ်။ သင်က ညီအစ်ကိုတစ်ယောက်ဖြစ်မယ်ဆိုရင် အကြီးအကဲ၊ အမှုထမ်း ပိုပြီးလိုအပ်တဲ့အသင်းတော်မှာ အမှုဆောင်နိုင်တယ်။ သင့်ဒေသမှာရှိတဲ့ ဘယ်အသင်းတော်က အကူအညီလိုအပ်နေတယ်ဆိုတာ သိဖို့ သင့်တိုက်နယ်ကြီးကြပ်မှူးကို မေးနိုင်ပါတယ်။ ပိုပြီးဝေးတဲ့နေရာမှာ အမှုဆောင်ချင်တယ်ဆိုရင် ဝေးလံတဲ့ဒေသတွေမှာရှိတဲ့ အကူအညီလိုအပ်နေတဲ့ အသင်းတော်တွေအကြောင်း မေးကြည့်နိုင်ပါတယ်။b

ဟေရှာယ ၆၂:၁၀ မှာပါတဲ့မြင်ကွင်းကို ပြန်စဉ်းစားကြည့်ရအောင်။ ဂျူးတွေ ဂျေရုဆလင်ကို အရောက်သွားနိုင်ဖို့ သူတို့ထဲကတချို့ဟာ လမ်းပြင်တဲ့နေရာမှာ ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။ ဒီနေ့အချိန်မှာလည်း သင်တို့ရဲ့ပန်းတိုင်တွေကို အရောက်လှမ်းနိုင်ဖို့ ဆက်ပြီး ကြိုးစားအားထုတ်နေရမှာ ဖြစ်တယ်။ ဘယ်တော့မှ လက်မလျှော့လိုက်ပါနဲ့။ ယေဟောဝါရဲ့အကူအညီနဲ့ သင့်ရဲ့ပန်းတိုင်တွေကို အရောက်လှမ်းနိုင်ပါတယ်။ အတားအဆီးမှန်သမျှကို ဖယ်ရှားဖို့ကြိုးစားတဲ့အခါ ကိုယ်တော့်ဆီမှာ ဉာဏ်ပညာတောင်းပါ။ နောက်ဆုံးမှာ ‘သင်ခြေချတဲ့လမ်းစဉ်ကို ချောမွေ့စေ’ ဖို့ ဘုရားသခင် သင့်ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ်။—သု. ၄:၂၆၊ ကဘ။

a နာမည် ပြောင်းထား။

b ယေဟောဝါအလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၁၁၁-၁၁၂ ကို ကြည့်ပါ။

တက္ကသိုလ်မှာ မရနိုင်တဲ့ အကျိုးကျေးဇူးတွေရရှိ

ဖလေဗီယာ

ဖလေဗီယာ ငယ်ငယ်တုန်းက ယေဟောဝါသက်သေဖြစ်တဲ့ သူ့အဘွားက သူ့ကို ကျမ်းစာအကြောင်းပြောပြခဲ့တယ်။ ဒါပေမဲ့ ကျောင်းဆရာဖြစ်တဲ့သူ့အဖေက သဘာဝပတ်ဝန်းကျင်အကြောင်းလေ့လာဖို့၊ အဆင့်မြင့်ပညာရေးကို ဆည်းပူးဖို့ သူ့ကို အားပေးတယ်။ တချို့သူတွေက “မင်းတို့ရဲ့မျိုးဆက်က ကမ္ဘာဂြိုဟ်ကို မပျက်စီးအောင် ကာကွယ်နိုင်တယ်” ဆိုပြီး ပြောကြတယ်။ ဖလေဗီယာဟာ အဖေရဲ့အကူအညီနဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခုကို တက်ခဲ့တယ်။ အဲဒီမှာ သူက လေထုကို မညစ်ညမ်းစေဘဲ လောင်စာထုတ်လုပ်တဲ့နည်းတွေကို လေ့လာခဲ့တယ်။

ကျောင်းသားတော်တော်များများက ကမ္ဘာဂြိုဟ်ကို ကာကွယ်ဖို့ စိတ်မဝင်စားဘူးဆိုတာ မကြာခင်မှာ ဖလေဗီယာ သိလာတယ်။ တက္ကသိုလ်က တချို့သုတေသနစီမံကိန်းတွေဟာ ကုန်ကျစရိတ်အတွက် စီးပွားရေးလုပ်ငန်းတွေကို အားကိုးရတယ်။ ဒါကြောင့် သုတေသနလုပ်တဲ့သူတွေက အဲဒီစီပွားရေးလုပ်ငန်းတွေရဲ့အကျိုးအတွက်ပဲ လုပ်ဆောင်ကြရတယ်။ အဲဒါတွေက ဖလေဗီယာကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ယေဟောဝါသက်သေတွေ သူ့အိမ်ကိုလာတဲ့အခါ ကျမ်းစာမှာပါတဲ့ ဘုရားသခင်နဲ့ အနာဂတ်အကြောင်းကို ပြန်စိတ်ဝင်စားလာခဲ့တယ်။

ဖလေဗီယာက ကျမ်းစာအမှန်တရားကို နှစ်သက်ပြီး နှစ်ခြင်းခံလိုက်တယ်။ ဒါပေမဲ့ တက္ကသိုလ်တက်နေလို့ ဟောပြောခြင်းမှာ အချိန်နည်းနည်းပဲ ပါဝင်နိုင်တယ်။ တစ်နေ့မှာ ယာကုပ် ၄:၁၇ မှာပါတဲ့ “မှန်ရာကို မည်သို့လုပ်ဆောင်ရမည်အကြောင်း သိလျက်နှင့် မလုပ်ဆောင်သောသူသည် အပြစ်ရှိ၏” ဆိုတဲ့အကြောင်း တိုက်နယ်ကြီးကြပ်မှူးဆွေးနွေးတာကို သူကြားခဲ့တယ်။ ဒါက သူ့အခြေအနေကို ပြန်စဉ်းစားဖို့ တွန်းအားဖြစ်စေခဲ့တယ်။ သူဒီလိုပြောတယ်– “ယေဟောဝါရဲ့ကောင်းချီးကိုလည်း လိုချင်တယ်၊ တစ်ချိန်တည်းမှာ သိပ္ပံနယ်ပယ်မှာလည်း အောင်မြင်ချင်နေတယ်။ ကျွန်မ ရွေးချယ်ရတော့မယ်။”

ဖလေဗီယာက တက္ကသိုလ်ဆက်မတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုဆုံးဖြတ်လိုက်လို့ သူနောင်တရခဲ့သလား။ သူဒီလိုပြောတယ်–

“ယေဟောဝါရဲ့အမှုတော်ဆောင်တဲ့အခါ တက္ကသိုလ်မှာမရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိခဲ့တယ်။ ယေဟောဝါက ကျွန်မအပေါ် တကယ်ကောင်းခဲ့တယ်။ တခြားသူတွေကို ကြင်နာဖို့၊ ချစ်တတ်ဖို့၊ ဘုရားနဲ့ရင်းနှီးအောင် ကူညီပေးတတ်ဖို့ သင်ပေးတယ်။ ပျော်ရွှင်သာယာတဲ့အိမ်ထောင်နဲ့ သိပ္ပံပညာက ပေးနိုင်တဲ့အနာဂတ်ထက်ပိုကောင်းတဲ့ အနာဂတ်ကို ကျွန်မ ပိုင်ဆိုင်ထားတယ်။ ယေဟောဝါကပဲ ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်တယ်။ ကိုယ်တော့်ကို ကျွန်မ ဘယ်တော့မှကျောခိုင်းမှာမဟုတ်ဘူး။” ဖလေဗီယာနဲ့ သူ့ခင်ပွန်းဟာ နယူးယောက်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်နေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ