ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၇/၁၅ စာ. ၂၇-၃၂
  • အဖေတစ်ယောက်ကို ဆုံးရှုံးပြီး အဖေတစ်ယောက်ကို ရှာတွေ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖေတစ်ယောက်ကို ဆုံးရှုံးပြီး အဖေတစ်ယောက်ကို ရှာတွေ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကင်းထောက်လူငယ်တွေနဲ့အတူ
  • ယေဟောဝါသက်သေတစ်ယောက်ကို စတွေ့
  • သာသနာပြုညီအစ်မနှစ်ယောက် လာလည်ပတ်
  • စစ်မှန်ပြီးသန့်ရှင်းတဲ့ ကောင်းကင်ဖခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို ရှာတွေ့
  • အမှုဆောင်လုပ်ငန်းမှာ စတင်ပါဝင်
  • အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်
  • နောက်ထပ်တာဝန်တွေ
  • ရိုမေးနီးယားနိုင်ငံကို အထူးလည်ပတ်ခဲ့
  • အတိတ်ကို ပြန်သုံးသပ်ပြီး အနာဂတ်ကို စောင့်မျှော်
  • ကျွန်မကို ယေဟောဝါ အမြဲ ထောက်မ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ယေဟောဝါအကြောင်း သင်ယူ၊ သွန်သင်ရတာ ကျွန်တော် နှစ်ခြိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ယေဟောဝါရဲ့အလိုတော်ဆောင်ဖို့ ကျွန်တော့်ကို ကိုယ်တော် သင်ပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • အုပ်ချုပ်ရေးအဖွဲ့ဝင်တိုးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၇/၁၅ စာ. ၂၇-၃၂
ဂဲရစ်တ်နဲ့ မယ်ရဲတယ် လော့ရှ်

ဘဝအတ္ထုပ္ပတ္တိ

အဖေတစ်ယောက်ကို ဆုံးရှုံးပြီး အဖေတစ်ယောက်ကို ရှာတွေ့

ဂဲရစ်တ် လော့ရှ် ပြောပြတယ်

၁၈၉၉ ခုနှစ်၊ ဩစတြီးယားနိုင်ငံ၊ ဂရက်မြို့မှာ ကျွန်တော့်အဖေကို မွေးဖွားခဲ့တယ်၊ ဒါကြောင့် ပထမကမ္ဘာစစ်တုန်းက အဖေက လူငယ်ပဲရှိသေးတယ်။ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ဖြစ်တော့ အဖေက ဂျာမန်စစ်တပ်ထဲကို ဝင်လိုက်ရတယ်။ ၁၉၄၃ ခုနှစ်၊ ရုရှားနဲ့တိုက်တဲ့စစ်ပွဲမှာ အဖေဆုံးသွားတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်အသက် နှစ်နှစ်ပဲရှိသေးလို့ အဖေကို လုံးဝမသိလိုက်ရဘူး။ ကျောင်းတက်တော့ တခြားကျောင်းသားတွေမှာ အဖေရှိပြီး ကျွန်တော့်မှာအဖေမရှိလို့ အရမ်းဝမ်းနည်းခဲ့ရတယ်။ ဆယ်ကျော်သက်အရွယ်မှာ မသေနိုင်တဲ့ ကောင်းကင်ဖခင်အကြောင်းကို လေ့လာသိရှိခဲ့ရလို့ ကျွန်တော် စိတ်သက်သာရာရခဲ့တယ်။—ဟဗ. ၁:၁၂။

ကင်းထောက်လူငယ်တွေနဲ့အတူ

ဂဲရစ်တ် လော့ရှ် ငယ်စဉ်တုန်းက

ကလေးဘဝ

ကျွန်တော် ခုနစ်နှစ်အရွယ်မှာ ကင်းထောက်လူငယ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ အဲဒီအဖွဲ့က ၁၉၀၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ဒီအဖွဲ့ကို ဗြိတိန်စစ်တပ်က ဗိုလ်မှူးကြီးရောဘတ် စတီဖင်ဆန် စမစ် ဘေဒန်ပါဝဲလ်က တည်ထောင်ခဲ့တာဖြစ်တယ်။ ၁၉၁၆ ခုနှစ်မှာတော့ လူငယ်တွေအတွက် ဝံပုလွေငယ် (ကင်းထောက်လူငယ်အဖွဲ့) ကို စတင်တည်ထောင်ခဲ့တယ်။

စနေတနင်္ဂနွေနေ့တွေမှာ ခရီးထွက်ရတဲ့အစီအစဉ်ကို ကျွန်တော်ကြိုက်တယ်။ ရွက်ဖျင်တဲတွေမှာ အိပ်ကြတယ်။ တူညီဝတ်စုံတွေကို ဝတ်ပြီး ဒရမ်တီးလုံးတွေနဲ့စည်းချက်ညီညီ ချီတက်ကြတယ်။ တခြားကင်းထောက်လူငယ်တွေနဲ့ အတူရှိနေရတာကို နှစ်သက်တယ်။ ညနေပိုင်းမှာ မီးပုံဘေးနား သီချင်းတွေဆိုကြ၊ တောထဲမှာ ကစားကြနဲ့ပေါ့။ သဘာဝအကြောင်းကို ကျွန်တော်တို့ အများကြီးလေ့လာခဲ့ကြတယ်၊ ဒါကြောင့် ဖန်ဆင်းရှင်ရဲ့လက်ရာတွေကို ကျွန်တော် ချစ်မြတ်နိုးလာတယ်။

ကင်းထောက်လူငယ်တွေဟာ နေ့တိုင်း ကောင်းတာတစ်ခုလုပ်ဖို့၊ ကင်းထောက်လူငယ်တွေအချင်းချင်းတွေ့တဲ့အခါ “အမြဲအသင့်ရှိ” ဆိုတဲ့စကားနဲ့ နှုတ်ဆက်ကြဖို့ သင်ကြားခံရတယ်။ အဲဒါကို ကျွန်တော် အရမ်းကြိုက်တယ်။ ကျွန်တော်တို့အုပ်စုမှာ လူတစ်ရာကျော်ရှိတယ်။ တစ်ဝက်လောက်က ကက်သလစ်တွေ၊ ကျန်တစ်ဝက်လောက်က ပရိုတက်စတင့်တွေ၊ တစ်ယောက်ကတော့ ဗုဒ္ဓဘာသာဖြစ်တယ်။

၁၉၂၀ ခုနှစ်ကတည်းက ကင်းထောက်လူငယ်တွေဟာ အပြည်ပြည်ဆိုင်ရာစည်းဝေးတွေကို နှစ်အနည်းငယ်မှာတစ်ကြိမ် ကျင်းပကြတယ်။ တချို့စည်းဝေးတွေကို ကျွန်တော် သွားခဲ့တယ်။ တစ်ခုက ၁၉၅၁၊ ဩဂုတ်လမှာ ဩစတြီးယားနိုင်ငံ၊ ဘတ်အစ်ရှယ်လ်မြို့မှာ ဖြစ်တယ်။ နောက်တစ်ခုကို ၁၉၅၇၊ ဩဂုတ်လမှာ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန်မြို့မှာ တက်ရောက်ခဲ့တယ်၊ အဲဒီစည်းဝေးမှာ ၈၅ နိုင်ငံက ကင်းထောက်လူငယ် ၃၃,၀၀၀ လောက် တက်ရောက်ခဲ့ကြတယ်။ အဲဒီအပြင် တခြား ၇၅၀,၀၀၀ လည်း တက်ရောက်ခဲ့တယ်။ အဲဒီထဲမှာ အင်္ဂလန်ဘုရင်မ အဲလစ်ဇဘက်လည်း ပါတယ်။ ကင်းထောက်လူငယ်တစ်ယောက်ဖြစ်ရတာ ကျွန်တော့်အတွက်တော့ ကမ္ဘာလုံးဆိုင်ရာ ညီအစ်ကိုအသင်းအပင်းဝင်ဖြစ်ရသလိုပဲ။ မကြာခင်မှာ ဘုရားသခင်ကိုချစ်တဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပိုကောင်းတဲ့ညီအစ်ကိုအသင်းအပင်းတစ်ခုကို တွေ့ရတော့မယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး။

ယေဟောဝါသက်သေတစ်ယောက်ကို စတွေ့

ဂဲရစ်တ် လော့ရှ်နဲ့ ရူဒီ ချီဂါလ်

စားဖိုမှူး ရူဒီ ချီဂါလ်ဟာ ကျွန်တော့်ကို ပထမဆုံး သက်သေခံခဲ့တဲ့သူဖြစ်

၁၉၅၈ ခုနှစ်၊ နွေဦးရာသီမှာ ကျွန်တော်နေတဲ့ ဩစတြီးယားနိုင်ငံ၊ ဂရက်မြို့မှာရှိတဲ့ ဂရမ်းဟိုတယ်ဗီစလာမှာ စားပွဲထိုးသင်တန်းပြီးဆုံးခဲ့တယ်။ အလုပ်ဖော်ဖြစ်တဲ့ စားဖိုမှူး ရူးဒေါ့ဖ် ချီဂါလ်က ကျွန်တော့်ကို အလွတ်သဘောသက်သေခံခဲ့တယ်။ အဲဒါက အမှန်တရားအကြောင်း ပထမဦးဆုံး ကြားဖူးတာပဲ။ သုံးပါးတစ်ဆူအယူဝါဒဟာ ကျမ်းစာသွန်သင်ချက်နဲ့မညီဘူးတဲ့။ ဒါနဲ့ ကျမ်းစာမှာပါတယ်၊ ခင်ဗျားမှားနေပြီလို့ ကျွန်တော်ကပြန်ပြောခဲ့တယ်။ သူ့ကို ကျွန်တော်ခင်တယ်၊ ကက်သလစ်ချာ့ချ်ကို သူပြန်လှည့်လာဖို့ ဖျောင်းဖျချင်ခဲ့တယ်။

ရူးဒေါ့ဖ်ကို ကျွန်တော်က ရူဒီလို့ခေါ်တယ်၊ သူက ကျွန်တော့်ကို ကျမ်းစာအုပ်တစ်အုပ်ပေးချင်တယ်။ ကျွန်တော်က ကက်သလစ်ကျမ်းစာပဲ လိုချင်တယ်လို့ ပြောလိုက်တော့ ယူလာပေးရှာတယ်။ ကျမ်းစာကိုစဖတ်တော့ ကျမ်းစာအုပ်ကြားထဲမှာ ကင်းမျှော်စင်အသင်းက ထုတ်ထားတဲ့ဝေစာတစ်ခုကို ကျွန်တော်တွေ့တယ်။ ရူဒီ ထည့်ထားတာလေ။ ဒီစာပေတွေက မှန်တယ်လို့ထင်ရပေမဲ့ တကယ်မှန်ချင်မှမှန်မယ်လို့ ကျွန်တော်ထင်လို့ အဲဒီစာပေတွေကို မကြိုက်ဘူး။ ဒါပေမဲ့ ကျွန်တော် သူနဲ့ ကျမ်းစာဆွေးနွေးချင်တယ်။ ရူဒီက ပညာရှိရှိနဲ့ ကျွန်တော့်ကို နောက်ထပ်စာအုပ်တွေ၊ မဂ္ဂဇင်းတွေ မပေးတော့ဘူး။ သုံးလလောက်အထိ ကျွန်တော်တို့ မကြာမကြာ ကျမ်းစာဆွေးနွေးခဲ့ကြတယ်။ တစ်ခါတလေ ညဉ့်နက်တဲ့အထိ ဆွေးနွေးကြတယ်။

ဟိုတယ်မှာ သင်တန်းပြီးသွားတော့ အမေက ဟိုတယ်စီမံခန့်ခွဲရေးကျောင်းကို ပို့ခဲ့တယ်။ အဲဒီကျောင်းက အဲလ်တောင်တန်းချိုင့်ဝှမ်းမှာရှိတဲ့ ဘတ် ဟောဂါစတင်မြို့မှာရှိတယ်။ ဒီကျောင်းကို ဘတ် ဟောဂါစတင်မြို့မှာရှိတဲ့ ဂရမ်းဟိုတယ်က ဖွင့်ထားတာဖြစ်လို့ ကျွန်တော် မကြာမကြာ ဒီကျောင်းမှာ လက်တွေ့ဆင်းရတယ်။

သာသနာပြုညီအစ်မနှစ်ယောက် လာလည်ပတ်

အီလ်ဇာ အန်တာဒေါဖာနဲ့ အဲလ်ဖရီးဒီလိုဟာ

၁၉၅၈ ခုနှစ်မှာ အီလ်ဇာ အန်တာဒေါဖာနဲ့ အဲလ်ဖရီးဒီလိုဟာက ကျွန်တော့်ကို ကျမ်းစာစသင်ပေးခဲ့

ရူဒီက ဗီယင်နာမြို့မှာရှိတဲ့ ဌာနခွဲရုံးဆီ ကျွန်တော့်ရဲ့လိပ်စာအသစ်ကို ပို့ပေးလိုက်တယ်။ ကျွန်တော့်ဆီလာလည်ပတ်ဖို့ ဌာနခွဲရုံးက သာသနာပြုညီအစ်မနှစ်ယောက်ဖြစ်တဲ့ အီလ်ဇာ အန်တာဒေါဖာနဲ့ အဲလ်ဖရီးဒီလိုဟာကို လွှတ်လိုက်တယ်။a တစ်နေ့ ဟိုတယ်ဧည့်ကြိုတစ်ယောက်က ကျွန်တော့်ကိုခေါ်ပြီး အပြင်မှာရပ်ထားတဲ့ကားထဲမှာ အမျိုးသမီးနှစ်ယောက်ရှိတယ်၊ သူတို့က ကျွန်တော်နဲ့စကားပြောချင်နေတယ်ဆိုပြီး ပြောတယ်။ သူတို့ကို မသိပေမဲ့ ဘယ်သူတွေလည်းဆိုတာသိချင်လို့ သွားတွေ့လိုက်တယ်။ အီလ်ဇာနဲ့ အဲလ်ဖရီးဒီဟာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတဲ့နာဇီဂျာမနီမှာ စာအုပ်စာတမ်းတွေကို သယ်ပို့ပေးရသူတွေဖြစ်တယ်လို့ နောက်ပိုင်းမှ ကျွန်တော်သိလိုက်ရတယ်။ ဒုတိယကမ္ဘာစစ်မစခင်မှာ ဂျာမန်လျှို့ဝှက်ရဲ (ဂတ်စ်တာဗို) တွေဖမ်းဆီးတာကို သူတို့ခံရပြီး လိခ်တင်ဘာ့ဂ်ချွေးတပ်စခန်းကို ပို့ခံလိုက်ရတယ်။ အဲဒီနောက် စစ်အတွင်းမှာ ရာဗန်ဘရွတ်ခ်ချွေးတပ်စခန်းကို ပို့ခံရတယ်။

ဒီညီအစ်မတွေက ကျွန်တော့်အမေနဲ့ ရွယ်တူလောက်ရှိမယ်၊ ဒါကြောင့် သူတို့ကို ကျွန်တော်လေးစားတယ်။ သူတို့နဲ့ဆွေးနွေးပြီးမှ စိတ်မဝင်စားဘူးလို့ပြောပြီး သူတို့ရဲ့အချိန်ကို ကျွန်တော် မဖြုန်းချင်ဘူး။ ဒါကြောင့် ကက်သလစ်သွန်သင်ချက်တစ်ခုဖြစ်တဲ့ တမန်တော်အရာဆက်ခံခြင်းနဲ့သက်ဆိုင်တဲ့ ကျမ်းချက်တွေကို ယူလာပေးဖို့ သူတို့ကို ကျွန်တော်ပြောလိုက်တယ်။ အဲဒီသွန်သင်ချက်က တမန်တော်ပေတရုဟာ ပထမဦးဆုံးပုပ်ရဟန်းမင်းဖြစ်တယ်၊ တခြားပုပ်ရဟန်းမင်းအားလုံးက ပေတရုဆီကနေ အခွင့်အာဏာရတယ်ဆိုတဲ့ သွန်သင်ချက်ဖြစ်တယ်။ အဲဒီကျမ်းချက်တွေကို ကျွန်တော့်ဒေသမှာရှိတဲ့ ဘုန်းကြီးဆီယူသွားပြီး သူနဲ့သွားဆွေးနွေးမယ်လို့ သူတို့ကို ပြောလိုက်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် အမှန်တရားကိုတွေ့မယ်လို့ ကျွန်တော် ယူဆခဲ့တယ်။

စစ်မှန်ပြီးသန့်ရှင်းတဲ့ ကောင်းကင်ဖခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို ရှာတွေ့

ကက်သလစ်ချာ့ချ်က တမန်တော်အရာဆက်ခံခြင်းသွန်သင်ချက်ကို ရှင်းပြနိုင်ဖို့ မဿဲ ၁၆:၁၈၊ ၁၉ မှာတွေ့ရတဲ့ ယေရှုရဲ့စကားတွေကို သူတို့လိုသလို အဓိပ္ပာယ်ကောက်ပြီး အသုံးပြုကြတယ်။ သန့်ရှင်းတဲ့ဖခင်ဖြစ်တဲ့ပုပ်ရဟန်းမင်း သွန်သင်တဲ့ အယူဝါဒတွေဟာ မမှားနိုင်ဘူးလို့လည်း ချာ့ချ်က အခိုင်အမာပြောတယ်။ ဒါကို ကက်သလစ်ဘာသာဝင်အများစုက ယုံကြည်ကြပြီး သူတို့ရဲ့ယုံကြည်ချက်ကို အဲဒီသွန်သင်ချက်အပေါ် အခြေခံကြတယ်။ ကျွန်တော်လည်း အဲဒီသွန်သင်ချက်ကို ယုံကြည်တယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းက သုံးပါးပေါင်းတစ်ဆူအယူ မှန်တယ်လို့ပြောရင် ကျွန်တော်လည်း မှန်တယ်ပဲထင်ခဲ့တယ်။ ပုပ်ရဟန်းမင်းက မှားတတ်တယ်ဆိုရင် သုံးပါးပေါင်းတစ်ဆူအယူလည်း မှားနိုင်တယ်လို့ ကျွန်တော်ထင်တယ်။

ဘုန်းကြီးဆီ ကျွန်တော်လည်ပတ်တဲ့အခါ ကျွန်တော်မေးတဲ့မေးခွန်းတွေကို သူမဖြေနိုင်ဘူး။ အဲဒီအစား တမန်တော်အရာဆက်ခံခြင်းနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ် ပေးတယ်။ အိမ်ကို ကျွန်တော်ယူလာပြီး ဖတ်လိုက်တယ်။ အဲဒီနောက် ဘုန်းကြီးဆီ ကျွန်တော်ပြန်သွားပြီး နောက်ထပ်မေးခွန်းတွေ မေးခဲ့တယ်။ သူ မဖြေနိုင်ဘဲ ကျွန်တော့်ကို “မင်းယုံကြည်လက်ခံလာအောင်လည်း ငါမလုပ်နိုင်ဘူး၊ ငါယုံကြည်လက်ခံလာအောင်လည်း မင်းမလုပ်နိုင်ဘူး။ . . . မင်းကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး” လို့ပြောတယ်။ သူ နောက်ထပ် ကျွန်တော်နဲ့မဆွေးနွေးချင်တော့ဘူး။

အဲဒီနောက်ပိုင်းမှာ ကျွန်တော်ဟာ အီလ်ဇာ၊ အဲလ်ဖရီးဒီနဲ့အတူ ကျမ်းစာလေ့လာဖို့ အသင့်ဖြစ်နေပြီ။ သူတို့က စစ်မှန်ပြီးသန့်ရှင်းတဲ့ ကောင်းကင်ဖခင်ယေဟောဝါဘုရားအကြောင်း အများကြီးသင်ပေးတယ်။ (ယော. ၁၇:၁၁) အဲဒီဒေသမှာ အသင်းတော်မရှိတဲ့အတွက် ညီအစ်မနှစ်ယောက်က စိတ်ဝင်စားတဲ့မိသားစုတစ်စုရဲ့အိမ်မှာ စည်းဝေးတွေကျင်းပရတယ်။ လူနည်းနည်းလေးပဲ လာတက်တယ်။ ဦးဆောင်ဖို့ နှစ်ခြင်းခံပြီးသားညီအစ်ကိုမရှိလို့ စည်းဝေးမှာ အီလ်ဇာနဲ့ အဲလ်ဖရီးဒီပဲ ကျမ်းစာအကြောင်းတွေကို ဆွေးနွေးကြတယ်။ တစ်ခါတလေ တခြားမြို့က ညီအစ်ကိုတစ်ယောက်လာပြီး ငှားထားတဲ့နေရာတစ်ခုမှာ လူထုဟောပြောချက် ပေးတယ်။

အမှုဆောင်လုပ်ငန်းမှာ စတင်ပါဝင်

၁၉၅၈၊ အောက်တိုဘာလမှာ အီလ်ဇာနဲ့ အဲလ်ဖရီးဒီက ကျွန်တော့်ကို ကျမ်းစာစသင်ပေးခဲ့တယ်။ နောက်သုံးလအကြာ ၁၉၅၉၊ ဇန်နဝါရီလမှာ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။ နှစ်ခြင်းမခံခင်တုန်းက ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုလုပ်တယ်ဆိုတာ သိချင်လို့ တစ်အိမ်တက်ဆင်းမှာ အတူလိုက်လို့ရမလားလို့ သူတို့ကို မေးခဲ့တယ်။ (တ. ၂၀:၂၀) ပထမအကြိမ်လိုက်သွားပြီးတဲ့နောက်မှာ ကိုယ်ပိုင်ရပ်ကွက်တစ်ခု ကျွန်တော် တောင်းလိုက်တယ်။ ရွာတစ်ရွာကို ကျွန်တော့်ကိုယ်ပိုင်ရပ်ကွက်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ အဲဒီရွာကို ကျွန်တော် တစ်ယောက်တည်း သွားဟောတယ်၊ စိတ်ဝင်စားသူတွေကို ပြန်လည်ပတ်မှုလုပ်တယ်။ ကျွန်တော်နဲ့အတူ ပထမဦးဆုံး အမှုဆောင်ထွက်တဲ့ညီအစ်ကိုက နောက်ပိုင်းမှာ ကျွန်တော်တို့ဆီလည်ပတ်တဲ့ တိုက်နယ်ကြီးကြပ်မှူး ဖြစ်လာတယ်။

၁၉၆၀ ခုနှစ်မှာ ဟိုတယ်မှာ လေ့ကျင့်မှုပြီးသွားတဲ့နောက် ကျွန်တော့်ဇာတိမြို့လေးကို ပြန်ပြီး ဆွေမျိုးတွေကို ကျမ်းစာအမှန်တရားအကြောင်း သင်ပေးဖို့ ကြိုးစားခဲ့တယ်။ ဘယ်သူမှ အမှန်တရားကို လက်မခံသေးပေမဲ့ တချို့ကတော့ စိတ်ဝင်စားမှုပြတယ်။

အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်

ဂဲရစ်တ် လော့ရှ် အသက် ၂၀ ကျော်က

ကျွန်တော် အသက် ၂၀ ကျော်အရွယ်က

၁၉၆၁ ခုနှစ်မှာ ဌာနခွဲရုံးကပို့လိုက်တဲ့ ရှေ့ဆောင်လုပ်ဖို့ အားပေးတဲ့စာတွေကို အသင်းတော်တွေမှာ ဖတ်ပြတယ်။ ကျွန်တော်က တစ်ကိုယ်ရေလည်းဖြစ်၊ ကျန်းမာရေးလည်း ကောင်းတယ်ဆိုတော့ ရှေ့ဆောင်လုပ်သင့်တယ်လို့ ခံစားရတယ်။ ရှေ့ဆောင်လုပ်ဖို့ ကားတစ်စီးလိုတယ်လို့ ထင်လို့ ကားဝယ်နိုင်အောင် လအနည်းငယ်လောက် ကျွန်တော် ဆက်အလုပ်လုပ်ရင်ကောင်းမလားလို့ တိုက်နယ်ကြီးကြပ်မှူး ညီအစ်ကို ကာ့တ်ကွန်ကို မေးလိုက်တယ်။ သူက “ယေရှုနဲ့ တမန်တော်တွေဟာ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာပါဝင်ဖို့ ကားလိုအပ်ခဲ့သလား” ဆိုပြီး ပြန်မေးတယ်။ သူ့မေးခွန်းက ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အကူအညီဖြစ်စေခဲ့တယ်။ ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ချက်ချင်းစီစဉ်ခဲ့တယ်။ ဒါပေမဲ့ ဟိုတယ်စားသောက်ဆိုင်မှာ တစ်ပတ်ကို ၇၂ နာရီ အလုပ်လုပ်ရလို့ အပြောင်းအလဲတချို့လုပ်ဖို့ လိုအပ်လာတယ်။

ကျွန်တော့်ရဲ့အလုပ်ချိန်ကို ၇၂ နာရီကနေ နာရီ ၆၀ အထိလျှော့ပေးဖို့ သူဌေးကို တောင်းဆိုခဲ့တယ်။ သူက သဘောတူပြီး အရင်လစာအတိုင်းပေးတယ်။ သိပ်မကြာဘူး။ တစ်ပတ် ၄၈ နာရီပဲအလုပ်လုပ်လို့ ရမလားလို့ သူဌေးကို မေးကြည့်တယ်၊ ဒီတစ်ခါလည်း သဘောတူပြီး အရင်လစာအတိုင်းပဲ ပေးတယ်။ နောက်တစ်ခေါက် တစ်ပတ် ၃၆ နာရီပဲအလုပ်လုပ်ဖို့ တောင်းဆိုတဲ့အခါလည်း ထပ်ပြီးခွင့်ပြုခဲ့တယ်။ ကျွန်တော် အရင်လစာအတိုင်း ရနေလို့ အံ့ဩမိတယ်။ သူဌေးက ကျွန်တော့်ကို အလုပ်မထွက်စေချင်ပုံရတယ်။ ဒီအစီအစဉ်ကြောင့် ကျွန်တော် မှန်မှန်ရှေ့ဆောင်လုပ်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ရှေ့ဆောင်တွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ တစ်လနာရီ ၁၀၀ ပါဝင်ဖို့ တောင်းဆိုခံရတယ်။

လေးလလောက်ကြာတော့ ရှပစ်တယ်လ် အန်ဒါ ဒရောင်းမြို့မှာရှိတဲ့ အသင်းတော်လေးမှာ အထူးရှေ့ဆောင်အနေနဲ့ကော၊ အသင်းတော်အမှုထမ်းအနေနဲ့ပါ ခန့်အပ်ခံရတယ်။ အဲဒီနောက်မှာ အထူးရှေ့ဆောင်တွေကို တစ်လနာရီ ၁၅၀ အမှုဆောင်ဖို့ တောင်းဆိုတယ်။ ကျွန်တော့်မှာ ရှေ့ဆောင်အဖော် မရှိဘူး။ ဒါပေမဲ့ လက်ထောက်အသင်းတော်အမှုထမ်းအဖြစ် လုပ်ဆောင်နေတဲ့ ညီအစ်မ ဂျာဒရူးဒါ လော့ဘ်နာဆီကနေ အမှုဆောင်လုပ်ငန်းအတွက် အကူအညီအများကြီးရခဲ့တယ်။b

နောက်ထပ်တာဝန်တွေ

၁၉၆၃ ခုနှစ်မှာတော့ တိုက်နယ်ကြီးကြပ်မှူးလုပ်ဖို့ ဖိတ်ခေါ်ခံရတယ်။ တစ်ခါတလေ လေးတဲ့အိတ်ကြီးတွေကို သယ်ပြီး အသင်းတော်တစ်ခုကနေတစ်ခု ရထားနဲ့သွားရတယ်။ ညီအစ်ကိုအများစုမှာ ကိုယ်ပိုင်ကားမရှိကြဘူး၊ ဒါကြောင့် ဘူတာရုံမှာ ဘယ်သူမှ ကျွန်တော့်ကို လာမကြိုနိုင်ဘူး။ ညီအစ်ကိုတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ တက္ကစီမစီးဘဲ သူတို့အိမ်တွေဆီကို လမ်းလျှောက်သွားတယ်။

၁၉၆၅ ခုနှစ်မှာ ၄၁ ကြိမ်မြောက် ဂိလဒ်ကျောင်းကိုတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ကျွန်တော်အပါအဝင် သင်တန်းသားအများစုက တစ်ကိုယ်ရေတွေဖြစ်ကြတယ်။ ကျွန်တော့်မွေးရပ်မြေဖြစ်တဲ့ ဩစတြီးယားနိုင်ငံမှာပဲ တိုက်နယ်ပြန်လုပ်ဖို့ တာဝန်ပေးခံရတဲ့အတွက် ကျွန်တော်အရမ်းအံ့သြသွားတယ်။ ဒါပေမဲ့ အမေရိကန်ကနေ ပြန်မထွက်ခင် အဲဒီမှာ လေးပတ်လောက် တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်နဲ့အတူ အမှုဆောင်ဖို့ တောင်းဆိုခံရတယ်။ ညီအစ်ကိုအန်တိုနီ ကွန်တီနဲ့ အတူတူအမှုဆောင်ရတာကို ကျွန်တော် တကယ်တန်ဖိုးထားတယ်။ သူက လယ်ကွင်းလုပ်ငန်းကို တကယ်ချစ်မြတ်နိုးပြီး ထိထိရောက်ရောက်လုပ်ဆောင်နိုင်တဲ့သူလည်း ဖြစ်တယ်။ သူနဲ့အတူ နယူးယောက်အထက်ပိုင်း ကွန်းဝဲလ်နယ်မြေမှာ အမှုဆောင်ခဲ့တယ်။

ဂဲရစ်တ်နဲ့ မယ်ရဲတယ် လော့ရှ် မင်္ဂလာဆောင်တဲ့နေ့

ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့

ဩစတြီးယားနိုင်ငံကို ပြန်ရောက်တော့ တိုက်နယ်တစ်ခုကို လည်ပတ်ရတယ်၊ အဲဒီမှာ တိုဗယ် မက်ရဲတယ်နဲ့ တွေ့ခဲ့တယ်။ သူက တကယ်ကိုနှစ်သက်စရာကောင်းတဲ့ တစ်ကိုယ်ရေညီအစ်မတစ်ယောက်ဖြစ်တယ်။ သူဟာ အသက်ငါးနှစ်အရွယ်ကတည်းက အမှန်တရားမှာ ကြီးပြင်းလာတယ်။ ကျွန်တော်တို့ ဘယ်လိုတွေ့သလဲလို့ ညီအစ်ကိုတွေမေးတဲ့အခါ ရယ်စရာအနေနဲ့ “ဌာနခွဲက စီစဉ်ပေးတာ” လို့ ပြန်ဖြေလိုက်တယ်။ နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၆၇ ခုနှစ်၊ ဧပြီလမှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြပြီး တိုက်နယ်လုပ်ငန်းမှာ ဆက်လုပ်ဆောင်ခဲ့တယ်။

ရောမ ၈:၁၅ မှာ လူသားတချို့က ယေဟောဝါနဲ့ အထူးဆက်ဆံရေး ဘယ်လိုရရှိနိုင်တယ်၊ ကိုယ်တော့်ရဲ့သားတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ ရှင်းပြထားတယ်။ သူတို့တွေက ကိုယ်တော့်ကို “အဗ္ဗ၊ အဖ” လို့ ခေါ်ကြတယ်။ ၁၉၆၈ ခုနှစ်မှာ ကျွန်တော်လည်း အဲဒီလို ခံစားခဲ့ရတယ်။ အဲဒီအခါမှာ ယေဟောဝါရဲ့မဟာကရုဏာကြောင့် ကိုယ်တော့်ရဲ့သားအဖြစ် ကျွန်တော့်ကို မွေးစားလိုက်တယ်ဆိုတာ သဘောပေါက်လာတယ်။ ကျွန်တော်လည်း ဘိသိက်ခံညီအစ်ကိုအသင်းဝင်တစ်ဦး ဖြစ်လာတယ်။

ကျွန်တော်နဲ့ မက်ရဲတယ်ဟာ ၁၉၇၆ ခုနှစ်အထိ တိုက်နယ်နဲ့ ခရိုင်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်။ ဆောင်းရာသီတချို့အချိန်တွေမှာ အပူချိန်သုညဒီဂရီအောက်မှာ အပူပေးစနစ်မရှိတဲ့ အိပ်ခန်းတွေမှာ အိပ်ခဲ့ရတယ်။ တစ်ခါတုန်းကဆိုရင် ထပြီး ကျွန်တော်တို့ခြုံထားတဲ့စောင်ရဲ့ အနားစွန်းကိုကြည့်လိုက်တော့ အေးခဲနေတယ်။ နောက်ပိုင်း ဒီလိုညတွေမှာ ကောင်းကောင်းအိပ်နိုင်အောင် လျှပ်စစ်အပူပေးစက်သေးသေးလေးတစ်လုံးကို ယူသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ တချို့နေရာတွေမှာ ညဘက် အိမ်သာသွားချင်တယ်ဆိုရင် နှင်းတောထဲဖြတ်ပြီး လေမလုံတဲ့အိမ်သာကို သွားရတယ်။ ကျွန်တော်တို့မှာ ကိုယ်ပိုင်အခန်းမရှိလို့ ပြီးခဲ့တဲ့တစ်ပတ်လုံးနေခဲ့တဲ့အိမ်မှာပဲ တနင်္လာနေ့အထိနေတယ်။ အင်္ဂါနေ့မနက်မှ နောက်အသင်းတော်တစ်ခုဆီ သွားတယ်။

နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော့်ချစ်ဇနီးက အမြဲထောက်မပေးတယ်။ လယ်ကွင်းလုပ်ငန်းကို သူနှစ်သက်တယ်၊ ဒါကြောင့် အမှုဆောင်ထွက်ဖို့ သူ့ကိုတစ်ခါမှ အားပေးဖို့မလိုခဲ့ဘူး။ မိတ်ဆွေတွေကိုလည်း သူချစ်တယ်၊ တခြားသူတွေကို အရမ်းဂရုစိုက်တယ်။ ဒါက ကြီးမားတဲ့အကူအညီတစ်ခုပဲ။

၁၉၇၆ ခုနှစ်မှာ ဗီယင်နာမြို့မှာရှိတဲ့ ဩစတြီးယားဌာနခွဲမှာ အမှုဆောင်ဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ခံရတယ်။ ဌာနခွဲကော်မတီဝင်တစ်ဦးအနေနဲ့ ကျွန်တော် ခန့်အပ်ခံရတယ်။ အဲဒီအချိန်တုန်းက ဩစတြီးယားဌာနခွဲဟာ အရှေ့ဥရောပနိုင်ငံအများစုရဲ့လုပ်ငန်းနဲ့ အဲဒီနိုင်ငံတွေမှာရှိတဲ့ညီအစ်ကိုတွေဆီ စာပေတွေ လျှို့ဝှက်ပို့ဆောင်ပေးရတဲ့လုပ်ငန်းတွေကို ကြီးကြပ်ပေးနေရတယ်။ ညီအစ်ကိုယူအာဂန် ရန်ဒယ်လ်က ဒီလုပ်ငန်းကို ဦးဆောင်တယ်၊ ကျွန်တော်က သူနဲ့အတူလုပ်ဆောင်ခွင့်ရခဲ့တယ်။ နောက်ပိုင်းမှာ အရှေ့ဥရောပ ဘာသာစကားဆယ်မျိုးနဲ့ ဘာသာပြန်ရတဲ့အလုပ်ကို ကြီးကြပ်ပေးဖို့ ကျွန်တော် တောင်းဆိုခံရတယ်။ ယူအာဂန်နဲ့ သူ့ဇနီး ဂါထရူးဟာ အခုချိန်ထိ ဂျာမနီမှာ အထူးရှေ့ဆောင်တွေအနေနဲ့ သစ္စာရှိရှိအမှုဆောင်နေတုန်းပဲ။ ၁၉၇၈ ခုနှစ်ကစပြီး ဩစတြီးယားဌာနခွဲက ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းတွေကို ပုံနှိပ်စက်သေးသေးလေးတစ်လုံးနဲ့ ဘာသာစကားခြောက်မျိုး ပုံနှိပ်ခဲ့တယ်။ တခြားနိုင်ငံတွေကိုလည်း မဂ္ဂဇင်းတွေ ပို့ပေးရတယ်။ အခု ဂျာမနီဌာနခွဲရုံးမှာ ဇနီး အင်ဂရစ်နဲ့အတူ အမှုဆောင်နေတဲ့ ညီအစ်ကို အော်တိုကူးဂလစ်ချ်ဟာ အဲဒီလုပ်ငန်းတွေကို ကြီးကြပ်ပေးရတယ်။

သြစတြီးယားမှာ ဂဲရစ်တ် လော့ရှ် လမ်းပေါ်သက်သေခံနေ

သြစတြီးယားနိုင်ငံမှာ လမ်းပေါ်သက်သေခံခြင်းအပါအဝင် သက်သေခံခြင်းပုံစံအမျိုးမျိုးမှာ ကျွန်တော်ပါဝင်ခဲ့

အရှေ့ဥရောပမှာရှိတဲ့ညီအစ်ကိုတွေလည်း သူတို့ရဲ့နိုင်ငံတွေမှာ မိတ္တူကူးစက်တွေကို သုံးပြီး စာပေတွေကို ပုံနှိပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့တွေဟာ တခြားနိုင်ငံက ညီအစ်ကိုတွေရဲ့အကူအညီတွေကို လိုအပ်ခဲ့တယ်။ ယေဟောဝါက သူတို့ရဲ့လုပ်ဆောင်မှုကို ကာကွယ်ပေးခဲ့တယ်။ ဌာနခွဲမှာ ပိတ်ပင်ခံရတဲ့နှစ်တွေတစ်လျှောက် သစ္စာရှိရှိလုပ်ဆောင်ခဲ့ကြတဲ့ ဒီညီအစ်ကိုတွေကို ကျွန်တော်တို့ ချစ်မြတ်နိုးလာတယ်။

ရိုမေးနီးယားနိုင်ငံကို အထူးလည်ပတ်ခဲ့

၁၉၈၉ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ညီအစ်ကို သီအိုဒေါရ် ဂျဲရက်စ်နဲ့အတူ ရိုမေးနီးယားနိုင်ငံကို သွားခွင့်ရခဲ့တယ်။ သွားရတဲ့ရည်ရွယ်ချက်က ညီအစ်ကိုအုပ်စုကြီးတစ်စုကို အဖွဲ့အစည်းနဲ့ပြန်ပူးပေါင်းလာအောင် ကူညီပေးဖို့ပါ။ ၁၉၄၉ ခုနှစ်ကစပြီး ဒီညီအစ်ကိုတွေဟာ အဖွဲ့အစည်းကနေ ခွဲထွက်သွားပြီး သူတို့ဘာသာ အသင်းတော်တွေကို တည်ထောင်ကြတယ်။ ဒါပေမဲ့ သူတို့တွေဟာ အမှုဆောင်ထွက်၊ လူသစ်တွေကို နှစ်ခြင်းပေးတာတွေကို လုပ်နေတုန်းပဲ။ ဒါ့အပြင် အဖွဲ့အစည်းထဲမှာရှိတဲ့ညီအစ်ကိုတွေလိုပဲ စစ်ထဲဝင်ဖို့ ငြင်းဆန်တဲ့အတွက် ထောင်ချခံရတယ်။ ရိုမေးနီးယားနိုင်ငံမှာ ဒီလုပ်ငန်းကို ပိတ်ပင်ထားတဲ့အတွက် ကျွန်တော်တို့ လျှို့ဝှက်တွေ့ဆုံခဲ့ကြရတယ်။ ကျွန်တော်တို့တွေဟာ ညီအစ်ကိုပမ်ဖဲလ် အော်ဘူရဲ့အိမ်မှာ တွေ့ဆုံခဲ့ကြတယ်။ အဓိကကျတဲ့အကြီးအကဲလေးယောက်နဲ့ ခန့်အပ်ထားတဲ့ ရိုမေးနီးယားတိုင်းပြည်ကော်မတီကိုယ်စားလှယ်တွေလည်း ပါတယ်။ ဘာသာပြန်ပေးဖို့ ကျွန်တော်တို့နဲ့အတူ ဩစတြီးယားနိုင်ငံကနေ ညီအစ်ကို ရို့ဖ်ကဲလ်နာကိုလည်း ခေါ်သွားတယ်။

ဒုတိယညမှာ ဆွေးနွေးတဲ့အခါ ညီအစ်ကိုအော်ဘူက သူ့ရဲ့အကြီးအကဲဖော်လေးယောက်ကို ကျွန်တော်တို့နဲ့ပြန်ပူးပေါင်းဖို့အတွက် ဖျောင်းဖျခဲ့တယ်။ သူက “ကျွန်တော်တို့ အခုချိန်မှာ မပူးပေါင်းဘူးဆိုရင် နောက်ထပ်အခွင့်အရေးရနိုင်တော့မှာ မဟုတ်ဘူး” လို့ ပြောခဲ့တယ်။ အဲဒီနောက်မှာ ညီအစ်ကို ၅,၀၀၀ လောက်က အဖွဲ့အစည်းနဲ့ပြန်ပူးပေါင်းခဲ့တယ်။ စာတန်အတွက် ရှုံးနိမ့်မှုဖြစ်ပြီး ယေဟောဝါအတွက်တော့ တကယ့်အောင်ပွဲပါပဲ။

၁၉၈၉ ခုနှစ်ကုန်ခါနီး၊ အရှေ့ဥရောပမှာ ကွန်မြူနစ်ဝါဒ မကျရှုံးခင်မှာ အုပ်ချုပ်ရေးအဖွဲ့က ကျွန်တော်တို့ ဇနီးမောင်နှံကို နယူးယောက်ကမ္ဘာ့ဌာနချုပ်ကို ပြောင်းရွှေ့ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ကျွန်တော်တို့ အရမ်းအံ့သြသွားတယ်။ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လမှာ ဘရွတ်ကလင်ဗေသလမှာ ကျွန်တော်တို့ စပြီးအမှုဆောင်ခဲ့တယ်။ ၁၉၉၂ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတော်ကော်မတီမှာ ကူညီပေးသူအဖြစ် ကျွန်တော် ခန့်အပ်ခံရတယ်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လကစပြီး အုပ်ချူပ်ရေးအဖွဲ့၀င်အနေနဲ့ အမှုထမ်းဆောင်ရတဲ့ အခွင့်ထူးရရှိခဲ့တယ်။

အတိတ်ကို ပြန်သုံးသပ်ပြီး အနာဂတ်ကို စောင့်မျှော်

နယူးယောက်၊ ဘရွတ်ကလင်မှာ ဂဲရစ်တ်နဲ့ မယ်ရဲတယ် လော့ရှ်

နယူးယောက်၊ ဘရွက်ကလင်မှာ ကျွန်တော့်ဇနီးနဲ့အတူ

အရင်တုန်းက ဟိုတယ်မှာ အစားအသောက်တွေကို ပြင်ဆင်ပေးရတယ်။ အခုချိန်မှာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေအတွက် ပုံဆောင်အစာပြင်ဆင်ပေးတဲ့နေရာမှာ ပါဝင်နေရတယ်။ (မ. ၂၄:၄၅-၄၇) အထူးအချိန်ပြည့်လုပ်ငန်းမှာပါဝင်ခဲ့တဲ့ နှစ် ၅၀ ကျော်လောက်ကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ကျွန်တော် အရမ်းကျေနပ်တယ်။ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအပေါ် ယေဟောဝါ ကောင်းချီးပေးနေတာကို မြင်တွေ့ရတဲ့အခါ ကျွန်တော် အရမ်းပျော်တယ်။ ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေ တက်ရောက်ရတာကို ကျွန်တော်နှစ်သက်တယ်။ အဲဒီစည်းဝေးကြီးတွေမှာ ကောင်းကင်ဖခင်ယေဟောဝါနဲ့ ကျမ်းစာအမှန်တရားအကြောင်းတွေကို သင်ယူနိုင်တယ်။

နောက်ထပ်လူသန်းပေါင်းများစွာ ကျမ်းစာကိုလေ့လာပြီး အမှန်တရားကိုလက်ခံဖို့၊ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းနဲ့အတူ ယေဟောဝါကို စည်းစည်းလုံးလုံး အမှုဆောင်ဖို့ ကျွန်တော်ဆုတောင်းပါတယ်။ (၁ ပေ. ၂:၁၇) သေဆုံးသွားသူတွေ ကမ္ဘာပေါ် ရှင်ပြန်ထမြောက်လာတဲ့အခါ ကောင်းကင်ကနေ ကျွန်တော့်ရဲ့လူသားဖခင်ကိုတွေ့ရဖို့ စောင့်မျှော်နေပါတယ်။ အဖေ၊ အမေနဲ့ တခြားချစ်ရတဲ့ဆွေမျိုးအားလုံး မြေကြီးပရဒိသုမှာ ယေဟောဝါကို ဝတ်ပြုချင်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

သေဆုံးသွားသူတွေ ကမ္ဘာပေါ် ရှင်ပြန်ထမြောက်လာတဲ့အခါ ကောင်းကင်ကနေ ကျွန်တော့်ရဲ့လူသားဖခင်ကိုတွေ့ရဖို့ စောင့်မျှော်နေပါတယ်

a သူတို့အကြောင်းကို နိုဝင်ဘာ ၁၊ ၁၉၇၉ ကင်းမျှော်စင် [အင်္ဂလိပ်] မှာ ကြည့်ပါ။

b ဒီနေ့အချိန်မှာတော့ အသင်းတော်အမှုထမ်းနဲ့ လက်ထောက်အသင်းတော်အမှုထမ်းအစား အသင်းတော်တိုင်းမှာ အကြီးအကဲအဖွဲ့ညှိနှိုင်းရေးမှူးနဲ့ အတွင်းရေးမှူးတစ်ယောက် ရှိတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ