နိုင်ငံရေး ပဋိပက္ခ—ကျမ်းစာကြိုဟောချက် ပြည့်စုံခြင်း
နိုင်ငံရေးကြောင့် လူတွေ စိတ်ဝမ်းကွဲနေကြတယ်။ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိတဲ့ ဥပဒေတွေအပေါ် သာမန်ပြည်သူတွေ အချင်းချင်း ငြင်းခုံနေကြသလို အစိုးရအဖွဲ့တွေမှာလည်း ဥပဒေရေးဆွဲရေးအရာရှိတွေနဲ့ ကျန်အရာရှိတွေ ရပ်တည်ချက်ကိုယ်စီ အခိုင်အမာကိုင်စွဲထားပြီး အချင်းချင်း အလျှော့မပေးတာ တွေ့နေရတယ်။ ဒီလိုနိုင်ငံရေးသဘောထားကွဲလွဲမှုတွေက အစိုးရ ဆောင်ရွက်ပေးစရာရှိတာ ထိထိရောက်ရောက် မဆောင်ရွက်နိုင်အောင် အဟန့်အတား ဖြစ်စေပါတယ်။
အထူးသဖြင့် အမေရိကန်နဲ့ (ယူနိုက်တက်ကင်းဒမ်းလို့ လူသိများတဲ့) ဗြိတိန်နိုင်ငံမှာဖြစ်တဲ့ ပဋိပက္ခတွေဟာ အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေတယ်။ အကြောင်းအရင်းက လူ့ပြဿနာတွေကို ကြားဝင်ဖြေရှင်းပေးမယ့် ဘုရားသခင့်အစိုးရ တည်ထောင်ချိန်မှာ ဒီနိုင်ငံနှစ်နိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်နေမယ်ဆိုတဲ့အကြောင်း ကျမ်းစာမှာ ကြိုဟောထားလို့ပါ။
“အဆုံးပိုင်းကာလ” မှာ ဖြစ်မယ့် နိုင်ငံရေးပဋိပက္ခ
ဒံယေလကျမ်းမှာ အံ့အားသင့်စရာကောင်းတဲ့ ကြိုဟောချက်တစ်ခု တွေ့ရတယ်။ “အဆုံးပိုင်းကာလမှာဖြစ်မယ့် အရာတွေ” အကြောင်း ရေးသားထားတာဖြစ်လို့ အနာဂတ် တစ်ချိန်ချိန်မှာ လူ့သမိုင်းရဲ့ အချိုးအကွေ့ကို ဆုံးဖြတ်ပေးမယ့် ဖြစ်ရပ်တွေ ဖြစ်မယ်ဆိုတာ သိရပါတယ်။—ဒံယေလ ၂:၂၈။
ဒီကြိုဟောချက်ကို ဗာဗုလုန်ဘုရင်ရဲ့ အိပ်မက်ကတစ်ဆင့် ဘုရား ဖော်ပြခဲ့တာပါ။ အိပ်မက်ထဲမှာ သတ္ထုအမျိုးမျိုးနဲ့ ထုလုပ်ထားတဲ့ ရုပ်တုကြီးတစ်ခုကို ဘုရင် မြင်မက်ခဲ့တယ်။ ဒီရုပ်တုရဲ့ ခေါင်းကနေ ခြေအထိဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့အာဏာစက်တွေရဲ့ အတက်အကျကို ကိုယ်စားပြုကြောင်း နောက်ပိုင်းမှာ ပရောဖက်ဒံယေလ ရှင်းပြတယ်။a အဆုံးမှာတော့ ဘုရားရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ကို ကိုယ်စားပြုတဲ့ ကျောက်တစ်လုံးက ရုပ်တုကို ခြေမွှဖျက်ဆီးပါလိမ့်မယ်။—ဒံယေလ ၂:၃၆-၄၅။
ဒီကြိုဟောချက်အရ လူအစိုးရတွေရဲ့ နေရာမှာ ဘုရားသခင့်နိုင်ငံတော် အစားထိုး အုပ်ချုပ်မှာဖြစ်တယ်။ နောက်လိုက်တွေကို ယေရှု ဆုတောင်းဖို့ သင်ပေးခဲ့တဲ့ “နိုင်ငံတော် လာပါစေ” ဆိုတာ ဒီနိုင်ငံတော်ကို ရည်ညွှန်းနေတာ ဖြစ်တယ်။—မဿဲ ၆:၁၀။
ဒီကြိုဟောချက်ရဲ့ ဘယ်အစိတ်အပိုင်းမှာ နိုင်ငံရေးပဋိပက္ခဖြစ်မယ်လို့ ကြိုဟောထားသလဲ။ ရုပ်တုရဲ့ ခြေဖမိုးနဲ့ ခြေဖဝါးအပိုင်းဟာ “သံတစ်ဝက် ရွှံ့စေးတစ်ဝက်” နဲ့ ပြုလုပ်ထားတာကို သတိပြုနိုင်တယ်။ (ဒံယေလ ၂:၃၃) သတ္တုတွေနဲ့ ပြုလုပ်ထားတဲ့ ကျန်အစိတ်အပိုင်းအားလုံးနဲ့ ကွဲပြားနေလို့ တခြားအာဏာစက်တွေနဲ့ မတူတဲ့ ကမ္ဘာအာဏာစက်တစ်ခု ရှိမယ်ဆိုတာ သိနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ဒံယေလရဲ့ ကြိုဟောချက်မှာ အခုလို ရှင်းပြတယ်–
ရုပ်တုရဲ့ ခြေဖမိုးနဲ့ ခြေဖဝါးကို ကိုယ်စားပြုတဲ့ ကမ္ဘာ့အာဏာစက်မှာ နိုင်ငံရေးပဋိပက္ခ ကြုံရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူ့ရဲ့ အာဏာစက်က သူ့လူတွေကြောင့်ပဲ အားပျော့လာမယ်။
ဒီနေ့ခေတ်မှာ ဒံယေလကြိုဟောချက် ပြည့်စုံနေ
ရုပ်တုရဲ့ ခြေဖမိုးနဲ့ ခြေဖဝါးဟာ လက်ရှိ ကမ္ဘာ့အာဏာစက်ဖြစ်တဲ့ အင်္ဂလိပ် အမေရိကန်အာဏာစက်ကို ကိုယ်စားပြုပါတယ်။ ဘယ်လက်ရှိ ဖြစ်ရပ်တွေကို ကြည့်ရင် သိနိုင်သလဲ။
ရုပ်တုရဲ့ ခြေဖမိုးနဲ့ ခြေဖဝါးဟာ ရောစပ်လို့ မရတဲ့ အရာဝတ္ထုနှစ်မျိုး၊ “သံတစ်ဝက် ရွှံ့စေးတစ်ဝက်” နဲ့ ပြုလုပ်ထားတဲ့အတွက် ခိုင်ခံ့မှာ မဟုတ်ဘူး။ (ဒံယေလ ၂:၄၂) ဒီနေ့ခေတ် အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့ရဲ့ အာဏာဟာလည်း ပြည်တွင်းရေးပြဿနာတွေကြောင့်ပဲ အားပျော့လာတာ တွေ့နေရတယ်။ ဥပမာ၊ နိုင်ငံနှစ်နိုင်ငံစလုံးမှာ ပြည်သူတွေအချင်းချင်း သဘောထားကွဲလွဲနေကြတယ်။ သူတို့ရဲ့ ရပိုင်ခွင့်အတွက် ပြင်းပြင်းထန်ထန် ဆန္ဒပြကြတယ်။ ပြည်သူတွေကိုယ်တိုင် ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေတောင် လူအများအကြိုက်အတိုင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူး။ ပြည်သူတွေ သဘောထားကွဲလွဲလွန်းလို့ အစိုးရနှစ်ရပ်စလုံးဟာ သူတို့ရဲ့ မူဝါဒတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်စွမ်း မရှိကြဘူး။
အစိုးရတွေအကြောင်း ဒံယေလ အခန်းကြီး ၂ မှာ ကြိုဟောထား
ဒံယေလ ကြိုဟောချက်ရဲ့ အသေးစိတ်အချက်အလက်တချို့နဲ့ ဒီနေ့ခေတ်မှာ ဘယ်လိုပြည့်စုံနေသလဲဆိုတာ ထပ်လေ့လာကြည့်ပါ။
ကြိုဟောချက်– “အဲဒီနိုင်ငံက ကွဲပြားပါလိမ့်မယ်။ သံနဲ့ ရွှံ့စေး ရောနေတာကို မြင်တဲ့အတိုင်း အဲဒီနိုင်ငံမှာ သံလို မာကျောမှုမျိုးလည်း ရှိနေမယ်။”—ဒံယေလ ၂:၄၁။
အဓိပ္ပာယ်– အမေရိကန်နဲ့ ဗြိတိန်နိုင်ငံမှာ ပြည်တွင်းရေးပြဿနာတွေ ရှိပေမဲ့ နှစ်နိုင်ငံစလုံးက အင်အားကြီးစစ်တပ်တွေ ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် သူတို့မှာ သံလို ခိုင်မာတဲ့ အာဏာမျိုးရှိပြီး တခြားနိုင်ငံတွေအပေါ် အကြီးအကျယ် သက်ရောက်မှုရှိတဲ့လုပ်ရပ်တွေ ပြောင်ပြောင်တင်းတင်း လုပ်နိုင်စွမ်းရှိကြတယ်။
ပြည့်စုံမှု
၂၀၂၃ ခုနှစ်မှာ အမေရိကန်နဲ့ ဗြိတိန်ရဲ့ နှစ်နိုင်ငံပေါင်း စစ်အသုံးစရိတ်ဟာ တခြားနိုင်ငံကြီး ၁၂ နိုင်ငံရဲ့ စုစုပေါင်း အသုံးစရိတ်ထက် ပိုများခဲ့တယ်။—စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန။
“အင်္ဂလိပ်-အမေရိကန်ရဲ့ ဆက်ဆံရေးဟာ . . . တခြားဘယ်မဟာမိတ်နိုင်ငံတွေထက်မဆို ခိုင်မာတယ်။ နောက်ဆုံးပေါ် နည်းပညာနဲ့ နည်းဗျူဟာတွေကိုလည်း အသုံးပြုနေကြတယ်။ . . . ပူးပေါင်းလုပ်ဆောင်ကြတယ်၊ ထောက်မကြတယ်၊ အတူတကွ တိုက်ခိုက်ကြတယ်။”—စစ်ဗျူဟာ မိန့်ခွန်း၊ အင်္ဂလန်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့၊ ဧပြီ ၂၀၂၄။
ကြိုဟောချက်– “ခြေချောင်းတွေက သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေတဲ့အတွက် အဲဒီနိုင်ငံဟာ ခိုင်မာခြင်းတစ်ဝက်၊ ကျိုးပဲ့လွယ်ခြင်းတစ်ဝက် ရောနှောနေမယ်။”—ဒံယေလ ၂:၄၂။
အဓိပ္ပာယ်– အမေရိကန်နဲ့ ဗြိတိန်နိုင်ငံဟာ စစ်အင်အားတောင့်တင်းခိုင်မာပေမဲ့ ဒီမိုကရေစီ နိုင်ငံရေး အခင်းအကျင်းကြောင့် ကန့်သတ်ချက်တွေ ရှိနေပြန်တယ်။ အများစုရဲ့ ထောက်ခံမှု မရှိရင် အစိုးရတွေက သူတို့ရဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ ခက်ခဲလေ့ရှိတယ်။
ပြည့်စုံမှု
“နိုင်ငံရေး သဘာထားကွဲလွဲမှုတွေကြောင့် အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကအစ စီးပွားရေးအဆုံး အခန်းကဏ္ဍအတော်များများမှာ ထင်သလောက် အကောင်အထည်မဖော်နိုင်မှန်း နိုင်ငံရေးသုတေသီတွေ ဆိုကြတယ်။”—“ဝေါစထရိဂျာနယ်။”
“[ဗြိတိန်မှာ] အရင်က မဖြစ်ဖူးတဲ့ နိုင်ငံရေးပဋိပက္ခတွေ ရှိလာတဲ့အတွက် နိုင်ငံရေးသမားတွေ အခက်တွေ့နေကြတယ်။ ဒါကြောင့် အစိုးရဝန်ထမ်းတွေဘက်က ပြည်သူတွေကို ကူညီဆောင်ရွက်ပေးစရာရှိတာတွေ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးဖို့ ခဲယဉ်းသွားတယ်။”—အစိုးရအဖွဲ့ အထောက်အကူပြုတက္ကသိုလ်။
ကြိုဟောချက်– “သူတို့ [နိုင်ငံ] မှာ လူအမျိုးမျိုး ရောနေမယ်။ ဒါပေမဲ့ . . . သူတို့အချင်းချင်း ပူးပေါင်းလို့ရမှာ မဟုတ်ဘူး။”—ဒံယေလ ၂:၄၃။
အဓိပ္ပာယ်– ပြည်သူလူထုက အစိုးရတွေနဲ့ပတ်သက်ပြီး မဲပေးတာ၊ ထုတ်ဖော်ပြောကြားတာ လုပ်နိုင်ကြပေမဲ့ ရလဒ်ကိုတော့ အစိုးရအာဏာပိုင်တွေဘက်ကရော မဲပေးသူတွေဘက်ကပါ ကျေနပ်လေ့မရှိဘူး။
ပြည့်စုံမှု
“ဒီနေ့ခေတ်မှာ နိုင်ငံရေးနဲ့ ရွေးကောက်ခံ အာဏာပိုင်တွေအပေါ် အမေရိကန်နိုင်ငံသားတွေ အကောင်းမမြင်နိုင်ကြတော့ဘူး။”—ဖြူးသုတေသီစင်တာ။
“အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေအပေါ် လူတွေရဲ့ ယုံကြည်စိတ်ချမှုဟာ လွန်ခဲ့တဲ့ နှစ် ၅၀ ကထက် ပိုနည်းလာတယ်။”—“လူမှုရေးသုတေသနအမျိုးသားစင်တာ။”
ဒံယေလ ကြိုဟောချက်—ဘယ်လိုပြည့်စုံလာမလဲ
ဒံယေလကြိုဟောချက်အရ အင်္ဂလိပ်-အမေရိကန်က ကမ္ဘာ့အာဏာစက်အနေနဲ့ ကြီးစိုးနေချိန်မှာပဲ လူ့အစိုးရအားလုံးကို ဘုရားသခင့်နိုင်ငံတော် အစားထိုးမှာ ဖြစ်တယ်။—ဒံယေလ ၂:၄၄။
အဲဒီအချိန်ကာလအကြောင်း ဗျာဒိတ်ကျမ်းမှာလည်း ကြိုဟောထားတာ ရှိတယ်။ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေက” ယေဟောဝါဘုရားသခင်ကိုb ဆန့်ကျင်တိုက်ခိုက်ဖို့ စုရုံးကြလိမ့်မယ်။ ဒါဟာ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နေ့ကြီးမှာ တိုက်မယ့်” အာမဂေဒုန်စစ်ပွဲပါပဲ။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆။ ၁၉:၁၉-၂၁) ဒီစစ်ပွဲမှာ ယေဟောဝါက လူ့အစိုးရအားလုံးကို ဖျက်ဆီးလိုက်ချိန်မှာတော့ ဒံယေလကြိုဟောချက်ပါ ရုပ်တုကိုယ်စားပြုတဲ့ ကမ္ဘာ့အာဏာစက်တွေအားလုံး တစ်စမကျန် ပျောက်ကွယ်သွားမှာဖြစ်တယ်။
ပိုသိချင်ရင် “အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ” ဆောင်းပါးကို ဖတ်ပါ။
နိုင်ငံရေးပဋိပက္ခအကြောင်း ဒံယေလကြိုဟောချက်က သင့်အတွက် ဘာအကျိုးရှိသလဲ
အမေရိကန်နဲ့ ဗြိတိန်ရဲ့ နိုင်ငံရေးပဋိပက္ခတွေအကြောင်း အတိအကျကအစ မှန်အောင် ကျမ်းစာကြိုဟောနိုင်ခဲ့တယ်။ အဲဒါကို သိရှိထားခြင်းက ဒီနေ့ခေတ်ဖြစ်ရပ်တွေကို နောက်ရှုထောင့်တစ်မျိုးကနေ မြင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
နိုင်ငံရေးနဲ့ပတ်သက်လာရင် နောက်လိုက်တွေကို ယေရှု ဘာကြောင့် ကြားနေစေချင်သလဲဆိုတာ သဘောပေါက်လာမယ်။ (ယောဟန် ၁၇:၁၆) ဘုရားသခင့်နိုင်ငံတော်မှာ အုပ်ချုပ်သူအဖြစ် ရွေးချယ်ခံရတဲ့ ယေရှုက “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး” လို့ ဘာကြောင့်ပြောခဲ့သလဲဆိုတာကိုလည်း နားလည်လာပါလိမ့်မယ်။—ယောဟန် ၁၈:၃၆။
ဘုရားသခင့်နိုင်ငံတော် အရေးယူဆောင်ရွက်တော့မယ့်အချိန်နီးလာပြီ၊ ဘုရားပေးကတိတွေအတိုင်း လူတွေ ကောင်းချီးခံစားရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် အားရှိလာမယ်။—ဗျာဒိတ် ၂၁:၃၊ ၄။
ဘယ်အချိန်မှာ ဘယ်နိုင်ငံတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမလဲဆိုတဲ့ စိုးရိမ်စိတ် ပျောက်ကင်းသွားမှာ ဖြစ်ပြီး အနာဂတ်ကို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။—ဆာလံ ၃၇:၁၁၊ ၂၉။
ဒံယေလ ကြိုဟောချက်အရ ရုပ်တုရဲ့ ခြေဖမိုးနဲ့ ခြေဖဝါးအပိုင်းကို ကိုယ်စားပြုတဲ့ အင်္ဂလိပ်-အမေရိကန် မဟာမိတ်အဖွဲ့ဟာ လူလူချင်းအုပ်ချုပ်မယ့် နောက်ဆုံးသော ကမ္ဘာ့အာဏာစက်ဖြစ်ကြောင်း သိရတယ်။ ဒီအာဏာစက် ပြီးရင်တော့ ကောင်းကင်ကနေ ပြီးပြည့်စုံတဲ့ အစိုးရတစ်ရပ်က ကမ္ဘာမြေကို အုပ်ချုပ်ပါလိမ့်မယ်။ ဘုရားသခင့် နိုင်ငံတော်အစိုးရပါပဲ။
ဘုရားသခင့်နိုင်ငံတော်က လူသားတွေအတွက် လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း ထပ်သိချင်ရင် ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။
a “ဒံယေလကြိုဟောချက်မှာ ဘယ်ကမ္ဘာ့အာဏာစက်တွေအကြောင်း ပါသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။
b ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ် (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။