လေ့လာရန် ဆောင်းပါး ၂၈
ဘုရားနိုင်ငံတော် ရောက်ရှိပြီ
“လောကနိုင်ငံဟာ ဘုရားသခင်ရဲ့ နိုင်ငံနဲ့ ခရစ်တော်ရဲ့ နိုင်ငံ ဖြစ်ပြီ။”—ဗျာ. ၁၁:၁၅။
သီချင်း ၂၂ နိုင်ငံတော် ရောက်ရှိပြီ၊ လာပါစေ
အကြိုသုံးသပ်ချက်a
၁။ ဘာကို စိတ်ချနိုင်သလဲ။ ဘာကြောင့်လဲ။
ကမ္ဘာ့အခြေအနေတွေကို ကြည့်ပြီး အကောင်းမြင်သဘော ဆက်ရှိဖို့ ခက်နေသလား။ မိသားစုဝင်တွေ အရင်ကလောက် မချစ်ကြတော့ဘူး။ လူတွေ အတ္တ၊ ဒေါသ ပိုကြီးလာပြီး ပိုကြမ်းတမ်းလာကြတယ်။ အာဏာရှိသူတွေကို မယုံကြတော့ဘူး။ ဒါပေမဲ့ အဲဒီအခြေအနေတွေက ပိုကောင်းတာတွေ ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု တိုးများစေနိုင်တယ်။ ဘာကြောင့်လဲ။ “နောက်ဆုံးကာလ” နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်မှာ ကြိုဟောထားတဲ့အတိုင်း လူတွေ ပြုမူနေကြလို့ပဲ။ (၂ တိ. ၃:၁-၅) အဲဒီပရောဖက်ပြုချက် ပြည့်စုံနေတာကို စိတ်ရင်းမှန်သူများစွာ အသိအမှတ်ပြုကြတယ်။ အဲဒီလို ပြည့်စုံနေတာက ဘုရားနိုင်ငံတော်မှာ ခရစ်တော်ယေရှု ဘုရင် ဖြစ်ပြီဆိုတာ သက်သေထူတယ်။ ဒါပေမဲ့ အဲဒါဟာ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် တစ်ခုပဲ ရှိသေးတယ်။ မကြာသေးခင် နှစ်တွေမှာ ပြည့်စုံခဲ့တဲ့ တခြားပရောဖက်ပြုချက်တွေကို သုံးသပ်ခြင်းက ကျွန်တော်တို့ကို ယုံကြည်ခြင်း ပိုခိုင်မာစေပါလိမ့်မယ်။
ရုပ်ဆက်ကစားနည်းထဲက အပိုင်းအစတွေဟာ တစ်ခုနဲ့တစ်ခု ကွက်တိ အံဝင်သလို ဒံယေလကျမ်းနဲ့ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေဟာ တစ်ခုနဲ့တစ်ခု ကွက်တိ အံဝင်တယ်။ အဲဒီပရောဖက်ပြုချက်တွေကို လေ့လာခြင်းက ယေဟောဝါရဲ့ အချိန်ဇယားအတိုင်း မကြာခင် ဘာဖြစ်ရပ်တွေ ဖြစ်မလဲဆိုတာ သိဖို့ ကူညီပေးမယ် (စာပိုဒ် ၂ ကို ကြည့်ပါ)
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။ ဘာကြောင့်လဲ။ (မျက်နှာဖုံးပုံနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပါ။)
၂ ဒီဆောင်းပါးမှာ (၁) နိုင်ငံတော် စတည်ထောင်ချိန်ကို သိအောင် ကူညီပေးမယ့် ပရောဖက်ပြုချက်၊ (၂) ဘုရားနိုင်ငံတော်မှာ ယေရှု ဘုရင် ဖြစ်ပြီဆိုတာ နားလည်အောင် ကူညီပေးမယ့် ပရောဖက်ပြုချက်တွေ၊ (၃) ဘုရားနိုင်ငံတော်ရဲ့ ရန်သူတွေ ဘယ်လို ဇာတ်သိမ်းသွားမယ်ဆိုတာ နားလည်အောင် ကူညီပေးမယ့် ပရောဖက်ပြုချက်တွေကို လေ့လာကြပါမယ်။ ရုပ်ဆက်ကစားနည်းထဲက အပိုင်းအစတွေဟာ တစ်ခုနဲ့တစ်ခု ကွက်တိ အံဝင်သလို အဲဒီပရောဖက်ပြုချက်တွေလည်း တစ်ခုနဲ့တစ်ခု ကွက်တိ အံဝင်တယ်။ ယေဟောဝါရဲ့ အချိန်ဇယားထဲ ကျွန်တော်တို့ ရောက်နေတဲ့ နေရာ အတိအကျကို သိဖို့ ကူညီပေးတယ်။
ဘုရားနိုင်ငံတော် စတည်ထောင်ချိန်ကို ဘယ်လို သိသလဲ
၃။ ဘုရားနိုင်ငံတော်ရဲ့ ဘုရင်နဲ့ပတ်သက်ပြီး ဒံယေလ ၇:၁၃၊ ၁၄ မှာ ပါတဲ့ ပရောဖက်ပြုချက်က ဘာကို စိတ်ချစေသလဲ။
၃ ဒံယေလ ၇:၁၃၊ ၁၄ မှာ ပါတဲ့ ပရောဖက်ပြုချက်က ခရစ်တော် ယေရှုဟာ ဘုရားနိုင်ငံတော်မှာ အုပ်ချုပ်ဖို့ အကောင်းဆုံး ဘုရင် ဖြစ်မယ်ဆိုတာ စိတ်ချစေတယ်။ လူမျိုးအပေါင်း “သူ့ဆီမှာ” ဝမ်းမြောက်ဝမ်းသာ “အမှုထမ်းကြ” မယ်။ သူ့ကို ဆက်ခံမယ့် ဘုရင်ဆိုတာ မရှိဘူး။ ဒံယေလကျမ်းထဲက နောက်ပရောဖက်ပြုချက်မှာ ခုနစ်ကာလ ပြီးဆုံးတဲ့အခါ ယေရှု စတင်အုပ်ချုပ်မယ်လို့ ကြိုဟောထားတယ်။ အဲဒီအချိန်ကို ဘယ်လို သိနိုင်သလဲ။
၄။ ဒံယေလ ၄:၁၀-၁၇ က ခရစ်တော် ဘုရင် ဖြစ်တဲ့ နှစ်ကို သိအောင် ဘယ်လို ကူညီပေးသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၄ ဒံယေလ ၄:၁၀-၁၇ ကို ဖတ်ပါ။ “ခုနစ်ကာလ” ဟာ နှစ်ပေါင်း ၂၅၂၀ ကို ပုံဆောင်တယ်။ အဲဒီကာလဟာ ဂျေရုဆလင်မြို့၊ ယေဟောဝါရဲ့ ပလ္လင်ပေါ် နန်းထိုင်တဲ့ နောက်ဆုံးဘုရင်ကို ဗာဗုလုန်တွေ နန်းချလိုက်တဲ့ ဘီစီ ၆၀၇ မှာ စတင်တယ်။ “အုပ်စိုးပိုင်ခွင့် ရှိသူ” ယေရှုကို ဘုရားနိုင်ငံတော် ဘုရင်အဖြစ် ယေဟောဝါ နန်းတင်တဲ့ ၁၉၁၄ မှာ ပြီးဆုံးတယ်။b—ယေဇ. ၂၁:၂၅-၂၇။
၅။ “ခုနစ်ကာလ” နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်က ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။
၅ အဲဒီပရောဖက်ပြုချက်က ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။ “ခုနစ်ကာလ” အကြောင်း နားလည်တာက ကတိတွေကို ယေဟောဝါ အချိန်ကိုက် ပြည့်စုံစေတယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။ နိုင်ငံတော်ကို ဘုရား အချိန် အတိအကျမှာ တည်ထောင်ခဲ့သလို တခြားပရောဖက်ပြုချက်အားလုံးကိုလည်း မိမိအချိန်ဇယားအတိုင်း အတိအကျမှာ ပြည့်စုံစေပါလိမ့်မယ်။ ယေဟောဝါရဲ့ နေ့ “နောက်ကျမှာ မဟုတ်ဘူး။”—ဟဗ. ၂:၃။
ဘုရားနိုင်ငံတော်မှာ ခရစ်တော် ဘုရင် ဖြစ်ပြီဆိုတာ ဘယ်လို သိသလဲ
၆။ (က) မြေကြီးပေါ်က ဘယ်ဖြစ်ရပ်တွေက ကောင်းကင်မှာ ယေရှု ဘုရင် ဖြစ်ပြီဆိုတာ ဖော်ပြသလဲ။ (ခ) အဲဒီအချက်ကို ဗျာဒိတ် ၆:၂-၈ မှာ ပါတဲ့ ပရောဖက်ပြုချက်က ဘယ်လို အတည်ပြုပေးသလဲ။
၆ ယေရှုက ကောင်းကင်မှာ မိမိ စတင်အုပ်ချုပ်မယ့်အချိန်ကို နောက်လိုက်တွေ သိအောင် ကူညီပေးမယ့် ဖြစ်ရပ်တချို့အကြောင်း မြေကြီးပေါ် အမှုဆောင်လုပ်ငန်း ပြီးခါနီးမှာ ကြိုပြောခဲ့တယ်။ စစ်ပွဲ၊ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ ဖြစ်မယ်။ ကပ်ရောဂါတွေ “တစ်နေရာပြီး တစ်နေရာ” ဖြစ်မယ်လို့လည်း ပြောတယ်။ အဲဒီထဲမှာ မကြာသေးခင်က ဖြစ်တဲ့ ကိုဗစ်-၁၉ လည်း ပါဝင်တယ်။ အဲဒီဖြစ်ရပ်တွေဟာ ကျမ်းစာမှာ ဖော်ပြတဲ့ ခရစ်တော် ရောက်ရှိခြင်းရဲ့ “နိမိတ်” တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ (မ. ၂၄:၃၊ ၇။ လု. ၂၁:၇၊ ၁၀၊ ၁၁) အဲဒီဖြစ်ရပ်တွေ ဖြစ်မယ်ဆိုတဲ့အကြောင်း ယေရှု သေဆုံး၊ ထမြောက်ပြီး နှစ်ပေါင်း ၆၀ ကျော် ကြာပြီးနောက် တမန်တော် ယောဟန်ကို ထပ်ဆင့်အတည်ပြု ဖော်ပြတယ်။ (ဗျာဒိတ် ၆:၂-၈ ကို ဖတ်ပါ။) ၁၉၁၄ မှာ ယေရှု ဘုရင် ဖြစ်ချိန်ကစပြီး အဲဒီဖြစ်ရပ်အားလုံး စတင်ပြည့်စုံလာတယ်။
၇။ ယေရှု ဘုရင် ဖြစ်လာတော့မှ ကမ္ဘာ့အခြေအနေတွေ ဘာကြောင့် ပိုဆိုးလာရသလဲ။
၇ ယေရှု ဘုရင် ဖြစ်လာတော့မှ ကမ္ဘာ့အခြေအနေတွေ ဘာကြောင့် ပိုဆိုးလာရသလဲ။ ဗျာဒိတ် ၆:၂ မှာ အရေးကြီးတဲ့ အသေးစိတ်အချက်ကို ဖော်ပြထားတယ်။ နန်းတက်စ ဘုရင် ယေရှု ဦးဆုံးလုပ်တာ စစ်တိုက်တာပဲ။ ဘယ်သူ့ကို တိုက်တာလဲ။ မာရ်နတ်နဲ့ နတ်ဆိုးတွေကိုပါ။ ဗျာဒိတ် အခန်းကြီး ၁၂ အရ စာတန် မာရ်နတ် စစ်ရှုံးသွားတယ်။ သူနဲ့ နတ်ဆိုးတွေ မြေကြီးပေါ် ပစ်ချခံရတယ်။ စာတန့် ဒေါသ လူတွေပေါ် ကျလာတယ်။ ‘မြေကြီးဟာ အဖြစ်ဆိုး ကြုံနေရတယ်။’—ဗျာ. ၁၂:၇-၁၂။
သတင်းဆိုးတွေ ကြားရတဲ့အခါ ကျွန်တော်တို့ ဝမ်းမသာကြပေမဲ့ ကျမ်းစာ ပရောဖက်ပြုချက်တွေ ပြည့်စုံနေတာကို မြင်ရလို့ ဘုရားနိုင်ငံတော် ရောက်ရှိပြီဆိုတဲ့ ယုံကြည်စိတ်ချမှု ခိုင်မာလာ (စာပိုဒ် ၈ ကို ကြည့်ပါ)
၈။ ဘုရားနိုင်ငံတော်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံနေတာက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။
၈ အဲဒီပရောဖက်ပြုချက်တွေက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။ ကမ္ဘာ့ဖြစ်ရပ်တွေ၊ လူတွေရဲ့ သဘောထား အကြီးအကျယ် ပြောင်းလဲလာတာတွေက ယေရှု ဘုရင် ဖြစ်ပြီဆိုတာ သိဖို့ ကူညီပေးတယ်။ ဒါကြောင့် လူတွေ အတ္တ၊ ဒေါသ ပိုကြီးလာတဲ့အခါ ကျွန်တော်တို့ စိတ်ပျက်မယ့်အစား ကျမ်းစာ ပရောဖက်ပြုချက် ပြည့်စုံနေတာပဲဆိုတာ သတိရကြတယ်။ ဘုရားနိုင်ငံတော် ရောက်ရှိပြီ။ (ဆာ. ၃၇:၁) အာမဂေဒုန် နီးလာလေ ကမ္ဘာ့ပြဿနာတွေ ပိုများလေ ဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ကြတယ်။ (မာ. ၁၃:၈။ ၂ တိ. ၃:၁၃) ကမ္ဘာ့ပြဿနာတွေ ဘာကြောင့် ဒီလောက် များနေသလဲဆိုတာ နားလည်အောင် ကူညီပေးလို့ မေတ္တာရှင် ကောင်းကင်ဘုံစံ ဖခင်ကို ကျေးဇူးတင်စရာပါပဲ။
ဘုရားနိုင်ငံတော်ရဲ့ ရန်သူတွေ ဘယ်လို ဇာတ်သိမ်းမလဲ
၉။ ဒံယေလ ၂:၂၈၊ ၃၁-၃၅ မှာ ပါတဲ့ ပရောဖက်ပြုချက်က နောက်ဆုံး ကမ္ဘာ့အာဏာစက်အကြောင်း ဘာဖော်ပြသလဲ။ ဘယ်အချိန်မှာ ပေါ်လာသလဲ။
၉ ဒံယေလ ၂:၂၈၊ ၃၁-၃၅ ကို ဖတ်ပါ။ အဲဒီပရောဖက်ပြုချက် ဒီနေ့ခေတ်မှာ ပြည့်စုံနေတယ်။ နေဗုခဒ်နေဇာရဲ့ အိပ်မက်က ခရစ်တော် အုပ်ချုပ်မှု စတင်ပြီးနောက် “အဆုံးပိုင်းကာလ” မှာ ဘာတွေ ဖြစ်မယ်ဆိုတာ ဖော်ပြတယ်။ ယေရှုရဲ့ မြေကြီးပေါ်က ရန်သူတွေထဲမှာ ကျမ်းစာ ကြိုဟောထားတဲ့ နောက်ဆုံး ကမ္ဘာ့အာဏာစက်လည်း ပါဝင်တယ်။ “သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေဖဝါးနဲ့ ခြေဖမိုး” အဖြစ် ဒံယေလကျမ်းမှာ ဖော်ပြထားတယ်။ အဲဒီကမ္ဘာ့အာဏာစက် ပေါ်လာပြီ။ ပထမ ကမ္ဘာစစ်အတွင်း ဗြိတိန်နဲ့ အမေရိကန် ပေါင်းပြီး အင်္ဂလိပ်-အမေရိကန် မဟာမိတ်အဖွဲ့ ဖြစ်လာချိန်မှာ စပေါ်လာတာ။ အရင် အစိုးရတွေနဲ့ အဲဒီကမ္ဘာ့အာဏာစက် ကွာခြားမယ့် အချက်နှစ်ချက်ကိုလည်း နေဗုခဒ်နေဇာရဲ့ အိပ်မက်ထဲက ရုပ်တု ဖော်ပြတယ်။
၁၀။ (က) အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်အကြောင်း ဒံယေလ ပရောဖက်ပြုချက်မှာ ဘယ်လို အတိအကျ ဖော်ပြထားသလဲ။ (ခ) ဘယ်အန္တရာယ်ကို ရှောင်ရမလဲ။ (“အန္တရာယ်ကို မြင်သလား” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၀ ပထမ၊ စိတ်အာရုံမှာ ပါတဲ့ အရင် ကမ္ဘာ့အာဏာစက်တွေနဲ့ မတူဘဲ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ ရွှေ၊ ငွေလို သတ္တုမာနဲ့ လုပ်ထားတာ မဟုတ်ဘဲ သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေတယ်။ ရွှံ့စေးဟာ “လူအမျိုးမျိုး၊” တစ်နည်းအားဖြင့် “သာမန်လူတန်းစားတွေ” ကို ဆိုလိုတယ်။ (ဒံ. ၂:၄၃၊ အောက်ခြေမှတ်ချက်) ရွေးကောက်ပွဲတွေ၊ နိုင်ငံသား ရပိုင်ခွင့် အရေးဆိုမှု၊ လူထုဆန္ဒပြပွဲ၊ အလုပ်သမား သမဂ္ဂတွေမှာ ပြည်သူလူထုရဲ့ ဩဇာလွှမ်းမိုးမှုက ဒီကမ္ဘာ့အာဏာစက် ထင်တိုင်းကြဲလို့ မရအောင် အားပျော့စေတာ အထင်အရှား မြင်နေရတယ်။
၁၁။ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ပေါ်လာတာက အဆုံးပိုင်းကာလမှာ အသက်ရှင်နေတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှုကို ဘယ်လို ခိုင်မာစေသလဲ။
၁၁ ဒုတိယ၊ ရုပ်တုကြီးရဲ့ ခြေဖဝါး ခြေဖမိုးနဲ့ တင်စားထားတဲ့ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ ကျမ်းစာမှာ ကြိုဟောထားတဲ့ နောက်ဆုံး အာဏာစက် ဖြစ်တယ်။ သူ့ကို ဆက်ခံမယ့် အာဏာစက် မရှိဘူး။ အဲဒီအာဏာစက်နဲ့ တခြားလူ့အစိုးရအားလုံး အာမဂေဒုန်မှာ ဘုရားနိုင်ငံတော် ဖျက်ဆီးတဲ့အခါ ဇာတ်သိမ်းသွားလိမ့်မယ်။c—ဗျာ. ၁၆:၁၃၊ ၁၄၊ ၁၆။ ၁၉:၁၉၊ ၂၀။
၁၂။ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ပေးတဲ့ ဘယ်အချက်ကို ဒံယေလ ပရောဖက်ပြုချက်မှာ ထပ်ဖော်ပြထားသလဲ။
၁၂ အဲဒီပရောဖက်ပြုချက်က ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။ အဆုံးပိုင်းကာလမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်ဆိုတဲ့ နောက်ထပ် အထောက်အထားကို ဒံယေလ ပရောဖက်ပြုချက်မှာ ဖော်ပြတယ်။ ဗာဗုလုန် ပြီးနောက် ပေါ်လာမယ့် နောက်ထပ် ကမ္ဘာ့အာဏာစက် လေးခုဟာ ဘုရားလူမျိုးအပေါ် အတော် သက်ရောက်မှု ရှိမယ့်အကြောင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်တုန်းက ဒံယေလ ကြိုဟောတယ်။ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ နောက်ဆုံး အာဏာစက် ဖြစ်မယ်လို့လည်း ပြောတယ်။ မကြာခင် လူ့အုပ်ချုပ်မှု အားလုံးကို ဘုရားနိုင်ငံတော် ဖယ်ရှားပြီး ကမ္ဘာကို အပြည့်အဝ ထိန်းချုပ်တော့မယ်။ တကယ့်နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ပါပဲ။—ဒံ. ၂:၄၄။
၁၃။ ဗျာဒိတ် ၁၇:၉-၁၂ မှာ ဖော်ပြထားတဲ့ “အဋ္ဌမဘုရင်” နဲ့ “ဘုရင်ဆယ်ပါး” က ဘာကို ပုံဆောင်သလဲ။ အဲဒီပရောဖက်ပြုချက် ဘယ်လို ပြည့်စုံနေသလဲ။
၁၃ ဗျာဒိတ် ၁၇:၉-၁၂ ကို ဖတ်ပါ။ ပထမ ကမ္ဘာစစ်ကြောင့် ဖြစ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေက နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ နောက်ပရောဖက်ပြုချက်တစ်ခုကို ပြည့်စုံစေတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး လိုလားလာကြတယ်။ ဒါကြောင့် ၁၉၂၀၊ ဇန်နဝါရီလမှာ နိုင်ငံပေါင်းချုပ် အသင်းကို တည်ထောင်တယ်။ ၁၉၄၅၊ အောက်တိုဘာလမှာ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အစားထိုးလိုက်တယ်။ အဲဒီအဖွဲ့အစည်းကို “အဋ္ဌမဘုရင်” လို့ ခေါ်ထားတယ်။ ဒါပေမဲ့ ကမ္ဘာ့အာဏာစက်တော့ မဟုတ်ဘူး။ ကုလသမဂ္ဂရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ဩဇာလွှမ်းမိုးနိုင်စွမ်းဟာ သူ့ကို ထောက်ခံအားပေးတဲ့ အစိုးရတွေပေါ် မူတည်နေတယ်။ ကျမ်းစာမှာ အဲဒီအစိုးရတွေကို “ဘုရင်ဆယ်ပါး” လို့ ခေါ်ထားတယ်။
၁၄-၁၅။ (က) ဗျာဒိတ် ၁၇:၃-၅ မှာ “မဟာဗာဗုလုန်” နဲ့ပတ်သက်ပြီး ဘာဖော်ပြထားသလဲ။ (ခ) မှားယွင်းတဲ့ ဘာသာရေးကို ထောက်ခံအားပေးသူတွေ ဘာဖြစ်သွားမလဲ။
၁၄ ဗျာဒိတ် ၁၇:၃-၅ ကို ဖတ်ပါ။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာကို ကိုယ်စားပြုတဲ့ ပြည့်တန်ဆာ၊ တစ်နည်းအားဖြင့် “မဟာဗာဗုလုန်” ကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ အဲဒီစိတ်အာရုံ ဘယ်လို ပြည့်စုံနေသလဲ။ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေဟာ ဟိုးအရင်ကတည်းက နိုင်ငံရေး အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ပြီး သူတို့ကို ထောက်ခံအားပေးတယ်။ ဒါပေမဲ့ မကြာခင် ယေဟောဝါက မိမိရဲ့အကြံကို နိုင်ငံရေး အင်အားစုတွေရဲ့ စိတ်ထဲ ထည့်ပေးပြီး “အကောင်အထည် ဖော်လိမ့်မယ်။” ဘာရလဒ် ရမလဲ။ “ဘုရင်ဆယ်ပါး” ဖြစ်တဲ့ အဲဒီနိုင်ငံရေး အင်အားစုတွေက မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖျက်ဆီးကြလိမ့်မယ်။—ဗျာ. ၁၇:၁၊ ၂၊ ၁၆၊ ၁၇။
၁၅ မဟာဗာဗုလုန် ဇာတ်သိမ်းတော့မယ်ဆိုတာ ကျွန်တော်တို့ ဘယ်လို သိရသလဲ။ ရှေးဗာဗုလုန်မြို့ကို ယူဖရေးတီးမြစ်ရေက တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးထားတာ သတိရပါ။ ဗျာဒိတ်ကျမ်းမှာ မဟာဗာဗုလုန်ကို ထောက်ခံအားပေးတဲ့ လူသန်းပေါင်းများစွာကို “ရေ” နဲ့ နှိုင်းယှဉ်ထားတယ်။ (ဗျာ. ၁၇:၁၅) ဒါပေမဲ့ အဲဒီရေ “ခန်းခြောက်သွား” လိမ့်မယ်။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာကို ထောက်ခံအားပေးသူ လျော့လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ (ဗျာ. ၁၆:၁၂) အဲဒီပရောဖက်ပြုချက် ပြည့်စုံနေတယ်။ ဒီနေ့ခေတ် လူများစွာဟာ ဘာသာတရားကို စိတ်ပျက်လာပြီး တခြားနေရာတွေမှာပဲ ပြဿနာ ဖြေရှင်းနည်း ရှာနေကြတော့တယ်။
၁၆။ ကမ္ဘာ့ကုလသမဂ္ဂ ပေါ်လာတာ၊ မဟာဗာဗုလုန် ဖျက်ဆီးခံရတာနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို နားလည်တာက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။
၁၆ အဲဒီပရောဖက်ပြုချက်က ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။ ကမ္ဘာ့ကုလသမဂ္ဂ ပေါ်လာတာ၊ မှားယွင်းတဲ့ ဘာသာရေး ဩဇာလျော့လာတာဟာ နောက်ဆုံးကာလမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်ဆိုတဲ့ နောက်ထပ် အထောက်အထားပါပဲ။ မဟာဗာဗုလုန်ကို ထောက်ပံ့နေတဲ့ ပုံဆောင်ရေ ခန်းခြောက်လာပေမဲ့ မဟာဗာဗုလုန် ဇာတ်သိမ်းသွားမှာ ဒီအကြောင်းရင်းကြောင့်တော့ မဟုတ်ဘူး။ အစောပိုင်းမှာ ဖော်ပြသလို ယေဟောဝါက မိမိရဲ့ အကြံကို “အကောင်အထည်ဖော်” ဖို့ “ဘုရင်ဆယ်ပါး” ရဲ့ စိတ်ထဲ အကြံ ထည့်ပေးမယ်။ အဲဒီ “ဘုရင်ဆယ်ပါး” ဟာ ကမ္ဘာ့ကုလသမဂ္ဂကို ထောက်ပံ့နေတဲ့ နိုင်ငံရေး အင်အားစုတွေကို ဆိုလိုတယ်။ အဲဒီနိုင်ငံတွေက မှားယွင်းတဲ့ ဘာသာရေးကို ရုတ်တရက် ဖျက်ဆီးကြလိမ့်မယ်။ တစ်ကမ္ဘာလုံး အံ့ဩတုန်လှုပ်သွားပါလိမ့်မယ်။d (ဗျာ. ၁၈:၈-၁၀) မဟာဗာဗုလုန် ပျက်စီးသွားလို့ တစ်ကမ္ဘာလုံး အခက်အခဲတွေ ကြုံရနိုင်တယ်။ ဘုရားလူမျိုးကတော့ အနည်းဆုံး အချက်နှစ်ချက်ကြောင့် ဝမ်းမြောက်ကြပါလိမ့်မယ်။ ယေဟောဝါဘုရားရဲ့ ရန်သူအဖြစ် အချိန်အကြာကြီး ရှိခဲ့တဲ့ မှားယွင်းတဲ့ ဘာသာရေး ထာဝစဉ် ပျက်စီးသွားလို့၊ ဒီစနစ်ဆိုးကနေ မကြာခင် ကယ်တင်ခံရတော့မှာ ဖြစ်လို့ပါပဲ။—လု. ၂၁:၂၈။
အနာဂတ်ကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ ရင်ဆိုင်ပါ
၁၇-၁၈။ (က) ယုံကြည်ခြင်း ခိုင်မာအောင် ဘာဆက်လုပ်ရမလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာဆွေးနွေးကြမလဲ။
၁၇ “စစ်မှန်တဲ့ အသိပညာ တိုးများလာလိမ့်မယ်” လို့ ဒံယေလ ကြိုဟောတယ်။ တကယ် တိုးများနေပါတယ်။ ကျွန်တော်တို့ခေတ်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို ပိုနားလည်လာကြပြီ။ (ဒံ. ၁၂:၄၊ ၉၊ ၁၀) အဲဒီပရောဖက်ပြုချက်တွေရဲ့ တိကျမှန်ကန်မှုက ယေဟောဝါနဲ့ တရားစကားတော် ကျမ်းစာအပေါ် ရိုသေလေးမြတ်မှု တိုးများစေတယ်။ (ဟေရှာ. ၄၆:၁၀။ ၅၅:၁၁) ဒါကြောင့် ကျမ်းစာကို ဝီရိယရှိရှိ လေ့လာခြင်း၊ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိလာအောင် တခြားသူတွေကို ကူညီပေးခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်မာအောင် ဆက်တည်ဆောက်နေပါ။ ယေဟောဝါက မိမိကို အပြည့်အဝ မှီခိုသူတွေကို ကာကွယ်စောင့်ရှောက်ပြီး “တည်မြဲတဲ့ ငြိမ်သက်မှု” ပေးပါလိမ့်မယ်။—ဟေရှာ. ၂၆:၃။
၁၈ အဆုံးပိုင်းကာလ၊ ခရစ်ယာန် အသင်းတော်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို နောက်ဆောင်းပါးမှာ လေ့လာကြပါမယ်။ နောက်ဆုံးကာလမှာ ကျွန်တော်တို့ အသက်ရှင်နေရကြောင်း အဲဒီပရောဖက်ပြုချက်တွေကလည်း ထပ်ဆင့်ဖော်ပြပါလိမ့်မယ်။ သစ္စာရှိ နောက်လိုက်တွေကို နန်းထိုင်ဘုရင် ယေရှု ဦးဆောင်နေတယ်ဆိုတဲ့ ထပ်ဆင့်အထောက်အထားတွေကိုလည်း သိလာရပါမယ်။
သီချင်း ၆၁ သက်သေများ ရှေ့သို့ချီပါ
a လူ့သမိုင်းတစ်လျှောက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ ကျမ်းစာ ပရောဖက်ပြုချက် များစွာမှာ ကြိုဟောထားတဲ့အတိုင်း ဘုရားနိုင်ငံတော် တည်ထောင်ပြီးပြီ။ ယေဟောဝါအပေါ် ယုံကြည်ခြင်း ပိုခိုင်ခံ့စေဖို့၊ အခုနဲ့ အနာဂတ်မှာ ဘုရားကို တည်ငြိမ်စွာ ယုံကြည်ကိုးစားနိုင်စေဖို့ အဲဒီပရောဖက်ပြုချက်တချို့ကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။
b ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၃၂ အချက် ၄ ကို ကြည့်ပါ။ jw.org မှာ တင်ထားတဲ့ ၁၉၁၄ မှာ ဘုရားနိုင်ငံတော် စတင်အုပ်ချုပ် ဗီဒီယိုကို ကြည့်ပါ။
c ထပ်သိချင်ရင် ၂၀၁၂၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၁၄-၁၉ ကို ကြည့်ပါ။
d အနာဂတ် ဖြစ်ရပ်တွေအကြောင်း ထပ်သိချင်ရင် ဘုရားနိုင်ငံတော် စိုးစံပြီ စာအုပ်၊ အခန်း ၂၁ ကို ကြည့်ပါ။