လူငယ်များအမေး
ငါ့ရဲ့ ငွေအသုံးပြုပုံကို ဘယ်လိုထိန်းချုပ်ရမလဲ
“တစ်လောက စတိုးတစ်ခုထဲ လျှောက်ကြည့်ဖို့ ဝင်သွားလိုက်တယ်။ ပြန်ထွက်လာတော့ ဝယ်ဖို့ မစဉ်းစားထားတဲ့ စျေးကြီးတဲ့ပစ္စည်းတွေ ဝယ်လာမိတယ်။”—ကောလင်း။
ငွေသုံးတာကို ထိန်းဖို့ လိုနေတယ်လို့ ကောလင်း ဝန်ခံခဲ့တယ်။ သင်ကော အဲဒီလိုပြဿနာမျိုး ရှိနေသလား။ ရှိတယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို ကူညီပေးပါလိမ့်မယ်။
ငွေသုံးတာကို ဘာကြောင့် ထိန်းသင့်သလဲ
အမှား– ကိုယ့်ရဲ့ ငွေသုံးတဲ့ ပုံစံကို စိုးရိမ်နေတာက လွတ်လပ်ခွင့်ကို ပိတ်ပင်တာပဲ။
အမှန်– ငွေသုံးတာကို ထိန်းတာက သင့်ရဲ့လွတ်လပ်မှုကို လျော့မသွားစေပါဘူး။ ပိုပြီး လွတ်လပ်စေပါတယ်။ “ငွေရဲ့တန်ဖိုးကို ပိုသိလာလေ အခုနဲ့ အနာဂတ်မှာ သင်လိုချင်တဲ့ အရာတွေအတွက် ငွေပိုစုလေပဲ” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။—I’m Broke! The Money Handbook
စဉ်းစားကြည့်ပါ– ငွေသုံးတာကို ထိန်းခြင်းအားဖြင့်–
ကိုယ်လိုအပ်တဲ့အချိန်မှာ ငွေအလုံအလောက် ရှိနေပါလိမ့်မယ်။ “တစ်ချိန်ချိန်မှာတော့ တောင်အမေရိကကို သိပ်သွားလည်ချင်တယ်။ အဲဒီပန်းတိုင်ကို စိတ်ထဲမှာထားပြီး ငွေစုတယ်” ဆိုပြီး မိန်းကလေး အိုင်နက်ဇ် ပြောတယ်။
အကြွေးကင်းမယ်။ ကျမ်းစာမှာ “ချေးငှားယူသူဟာ ချေးငှားပေးသူရဲ့ ကျွန်ပဲ” လို့ ပြောထားတယ်။ (ပညာအလိမ္မာ ၂၂:၇) အဲန်နာ ဆိုတဲ့ မိန်းကလေးကလည်း “အကြွေးက ကိုယ့်ဘဝတစ်ခုလုံးကို ထိန်းချုပ်သွားနိုင်တယ်။ အကြွေးမရှိတော့ ကိုယ့်ရဲ့ ပန်းတိုင်ကို အာရုံစိုက်နိုင်တယ်” လို့ ပြောတယ်။
ရင့်ကျက်ကြောင်း ပြတယ်။ အသုံးအဖြုန်း ထိန်းတတ်တဲ့သူက လူကြီးတစ်ယောက် ဖြစ်ဖို့ ကောင်းကောင်း ပြင်ဆင်နေတာပဲ။ “မိဘတွေနဲ့ အိမ်ခွဲနေတဲ့အခါ ငွေသုံးတာနဲ့ပတ်သက်ပြီး ဂရုစိုက်တယ်။ အဲဒါက လေ့ကျင့်မှုကောင်းလို့ ပြောရမယ်။ ဒါမှ နောက်ပိုင်း အဲဒီလို ကြီးပြင်းလာနိုင်မယ်” ဆိုပြီး အသက် ၂၀ အရွယ် ဂျင်း ပြောတယ်။
အဓိကအချက်– “ငွေကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်တာက လွတ်လွတ်လပ်လပ် နေနိုင်ဖို့ အကောင်းဆုံး ပထမခြေလှမ်း ဖြစ်တယ်။ ငွေကို အကျိုးရှိရှိ သုံးစွဲတတ်တာက နောက်ပိုင်း ကိုယ့်အသက်တာကို ကောင်းစားစေမယ့် အရည်အချင်းတစ်ခု ဖြစ်တယ်” ဆိုပြီး စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။—The Complete Guide to Personal Finance: For Teenagers and College Students
ဘယ်လိုလုပ်မလဲ
ကိုယ့်အားနည်းချက်ကို သိပါ။ အမြဲတမ်း ငွေမလောက်မင ဖြစ်နေတယ်ဆိုရင် ဦးဆုံး ဘယ်နေရာမှာ ငွေသုံးမိတယ်ဆိုတာ သိအောင် လုပ်ပါ။ တချို့က အွန်လိုင်းမှာ စျေးဝယ်မိတာ ဖြစ်နိုင်တယ်။ တချို့ရဲ့ ပြဿနာကျတော့ နည်းနည်းနဲ့ မကြာမကြာ သုံးမိပြီး လမကုန်ခင် လက်ကျန်မရှိဘဲ ဖြစ်နိုင်တယ်။
“နည်းနည်းနဲ့ နေ့တိုင်း သုံးတာများနေတယ်။ လက်ဆောင်သေးသေးလေးတွေ ဝယ်တာ၊ ကော်ဖီဆိုင် ထိုင်တာ၊ စတိုးဆိုင်လေးတွေမှာ ရောင်းတဲ့ အပိုပစ္စည်းလေးတွေ ဝယ်တာနဲ့ လကုန်တဲ့အခါ ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပါလိမ့်ဆိုပြီး လန့်သွားတယ်။”—ဟိုင်လီ။
ငွေစာရင်းထားပါ။ သမ္မာကျမ်းစာမှာ “ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်” လို့ ပြောထားတယ်။ (ပညာအလိမ္မာ ၂၁:၅) စာရင်းလုပ်ထားမယ်ဆိုရင် ကိုယ့်ဝင်ငွေထက် ပိုမသုံးမိအောင် ဂရုစိုက်နိုင်တယ်။
“ကိုယ့်ဝင်ငွေထက် ပိုသုံးမိတယ်ဆိုရင် ငွေကို ဘယ်နေရာမှာ သုံးမိသလဲဆိုတာ သုံးသပ်ပါ။ မလိုအပ်ဘဲ သုံးတာတွေကို ရပ်ပစ်ပါ။ ကိုယ့်ရဲ့ အသုံးစရိတ်ကို လျှော့ချပါ။”—ဒန်နီယဲလ်။
စမ်းကြည့်ပါ။ ကိုယ့်ရဲ့ အသုံးစရိတ်ကို ထိန်းဖို့နဲ့ မလိုအပ်ဘဲ သုံးမိတာကို ရှောင်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အောက်မှာပါတဲ့ နည်းတချို့က လူငယ်တချို့အတွက် အောင်မြင်တဲ့ နည်းတွေဖြစ်တယ်–
“ငွေရတာနဲ့ ဘဏ်ထဲ တစ်ခါတည်း ထည့်လိုက်တယ်။ သွေးဆောင်မှု နည်းသွားတာပေါ့။ လက်ထဲရှိနေရင် သုံးမိနိုင်တယ်။”—ဒေးဗစ်။
“စတိုးဆိုင်ကိုသွားရင် ငွေလိုသလောက်ပဲ ယူသွားတယ်။ ကိုယ်ရည်ရွယ်ထားတာထက် ပိုသုံးမိတာတွေ မဖြစ်တော့ဘူး။”—အယ်လန်။
“ပစ္စည်းတစ်ခုကို ဝယ်ဖို့ ကြာကြာစောင့်လေ အဲဒီပစ္စည်း တကယ်လိုမလို ပိုပြီး လက်တွေ့ကျကျ စဉ်းစားနိုင်လေပဲ။”—ဂျက်ရှာ။
“ဆိုရှယ်ပွဲတိုင်းကို သွားစရာမလိုပါဘူး။ မတတ်နိုင်တဲ့အခါမျိုးမှာ မလာနိုင်ဘူးလို့ ပြောလိုက်ရုံပဲ။”—ဂျင်နီဖာ။
အဓိကအချက်– ငွေကို စီမံခန့်ခွဲရတာက အရေးကြီးတဲ့ တာဝန်ကြီးတစ်ခု ဖြစ်တယ်။ ဒါကြောင့် အစပိုင်းမှာ ပြောခဲ့တဲ့ ကောလင်းက “တစ်နေ့ ကျွန်တော် အိမ်ထောင်ဦးစီး ဖြစ်လာတဲ့အခါ ငွေကို ဖြုန်းတီးလို့ မဖြစ်ဘူး” လို့ ပြောတယ်။ “ဒါပေမဲ့ တစ်ကိုယ်ရေဘဝနဲ့ ရှိနေတဲ့ အခုအချိန်မှာ ငွေကို ကောင်းကောင်း မသုံးတတ်ဘူးဆိုရင် အိမ်ထောင်ကျတဲ့အခါမှာလည်း အဆင်ပြေမှာ မဟုတ်ဘူး” လို့ ဆက်ပြောတယ်။
အကြံပြုချက်– “ကိုယ့်ရဲ့ ငွေကြေးဘက်ဂျက် အစီအစဉ်ကို တစ်ယောက်ယောက်နဲ့ ဆွေးနွေးပြီး သူနဲ့အတူ မကြာခဏ စစ်ဆေးပါ။ တာဝန်ယူတတ်တာက ကောင်းတဲ့လုပ်ရပ် ဖြစ်တယ်။”—ဗနီဆာ။