ပေးကမ်းခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
ကျမ်းစာအဖြေ
စိတ်ရင်းစေတနာမှန်နဲ့ ပေးဖို့ ကျမ်းစာက အားပေးတယ်။ ဒီလိုပေးကမ်းခြင်းက ရတဲ့သူကိုရော ပေးတဲ့သူကိုပါ အကျိုးပြုတယ်။ (ပညာအလိမ္မာ ၁၁:၂၅။ လုကာ ၆:၃၈) ‘ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်’ လို့ ယေရှု ပြောတယ်။—တမန်တော် ၂၀:၃၅။
ဘယ်အချိန်မှာ ပေးကမ်းခြင်းက အကျိုးပြုသလဲ
စေတနာစိတ်နဲ့ ပေးကမ်းခြင်းက ကောင်းကျိုးပြုတယ်။ “လူတိုင်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်းကြပါ။ နှမြောတဲ့စိတ်၊ မလှူမနေရ ဆိုတဲ့စိတ်နဲ့ မလှူပါစေနဲ့။ စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်” လို့ ကျမ်းစာက ဆိုတယ်။—၂ ကောရိန္သု ၉:၇။
စိတ်ရင်းမှန်နဲ့ ပေးကမ်းခြင်းဟာ ဘုရားသခင် နှစ်သက်တဲ့ “ဝတ်ပြုမှု” ပုံစံထဲမှာ ပါတယ်။ (ယာကုပ် ၁:၂၇) လိုအပ်နေသူတွေကို ရက်ရက်ရောရော ကူညီပေးတာက ဘုရားနဲ့အတူ လက်တွဲလုပ်ဆောင်နေတာပါ။ ဒီလိုကူညီပေးတာကို ဘုရားက မိမိကို ချေးငှားတယ်လို့ သဘောထားတယ်။ (ပညာအလိမ္မာ ၁၉:၁၇) ကူညီပေးသူကို ဘုရား ကျေးဇူးဆပ်မယ်လို့ ကျမ်းစာက ဆိုတယ်။—လုကာ ၁၄:၁၂-၁၄။
ဘယ်အချိန်မှာ ပေးကမ်းခြင်းက မသင့်လျော်ဘူးလဲ
အကျိုးလိုလို့ ပေးကမ်းတာဆိုရင်။ အောက်ပါအချက်တွေ ပါဝင်တယ်–
လူအထင်ကြီး ခံချင်လို့။—မဿဲ ၆:၂။
တစ်ခုခု ပြန်ရချင်လို့။—လုကာ ၁၄:၁၂-၁၄။
ကယ်တင်ခြင်းကို ဝယ်ချင်လို့။—ဆာလံ ၄၉:၆၊ ၇။
ဘုရား မကြိုက်တဲ့လုပ်ရပ်တွေ၊ သဘောထားတွေကို အားပေးရာရောက်ရင်။ ဥပမာ၊ လောင်းကစားဖို့၊ မူးယစ်ဆေး၊ အရက် တလွဲသုံးဖို့ ငွေပေးတာ မဖြစ်သင့်ဘူး။ (၁ ကောရိန္သု ၆:၉၊ ၁၀။ ၂ ကောရိန္သု ၇:၁) ကိုယ့်ဝမ်း ကိုယ်ကျောင်းနိုင်လျက်နဲ့ အလုပ် မလုပ်ချင်တဲ့သူကို ပေးကမ်းခြင်းဟာ မသင့်လျော်ဘူး။—၂ သက်သာလောနိတ် ၃:၁၀။
ဘုရားပေး တာဝန်ကို မကျေပွန်ရာ ရောက်ရင်။ အိမ်ထောင်ဦးစီးတွေဟာ ကိုယ့်မိသားစုကို ကြည့်ရှုထောက်ပံ့ရမယ်လို့ ကျမ်းစာက သင်ပေးတယ်။ (၁ တိမောသေ ၅:၈) အိမ်ထောင်ဦးစီးအနေနဲ့ ကိုယ့်မိသားစုကို ထိခိုက်အနစ်နာခံပြီး သူတစ်ပါးကို အကူအညီ ပေးတာမျိုး မဖြစ်သင့်ဘူး။ သက်ကြီးရွယ်အို မိဘတွေကို ထောက်ပံ့မယ့်အစား ကိုယ့်ပစ္စည်းဥစ္စာတွေကို ‘ဘုရားသခင်ဆီ ဆက်ကပ်လှူဒါန်းလိုက်ပြီ’ လို့ ပြောတဲ့သူတွေကိုလည်း ယေရှု ပြစ်တင်ရှုတ်ချတယ်။—မာကု ၇:၉-၁၃။