ပါပူဝါနယူးဂီနီမှ စာတစ်စောင်
တိမ်တိုက်ထဲက သန္တာကျောက်တန်း
အချိန်က ပါပူဝါနယူးဂီနီနိုင်ငံ၊ လီမြို့ရဲ့ ပူလောင်အိုက်စပ်တဲ့ အင်္ဂါနေ့ မနက်ငါးနာရီပေါ့။ ကျွန်တော့်ဇနီးနဲ့ကျွန်တော်က မိုရိုဗီဒေသ၊ ရောလန်စန်တောင်ပေါ်မှာတည်ရှိတဲ့ လဲန်ဘာတီရွာကို ခရီးထွက်ဖို့ ပြင်ဆင်နေကြတယ်။ အဲဒီမှာရှိတဲ့ ယေဟောဝါသက်သေအုပ်စုတစ်စုဆီကို သွားလည်ပတ်ဖို့ပါ။
လူလေးယောက်စီး အင်ဂျင်တစ်လုံးတပ်လေယာဉ်ကို စီးသွားရင် မိနစ် ၃၀ လောက်ပဲကြာတယ်။ ဒီခရီးစဉ်တွေမှာ ကျွန်တော်က လေယာဉ်မှူးရဲ့ဘေးခုံမှာ ထိုင်တတ်တယ်။ အင်ဂျင်စက်သံတွေ ဆူညံတဲ့ကြားက မိုက်ခွက်နားကြပ်တပ်ပြီး သူနဲ့ စကားအပြန်အလှန်ပြောတယ်။ ရှေ့မှာရှိတဲ့ စက်ကိရိယာတွေကို လက်ညှိုးထိုးပြပြီး အဲဒီစက်ခလုတ်တွေအကြောင်းရှင်းပြရင်း သူသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်က လေယာဉ်ကို မောင်းရမယ်ဆိုပြီး သူ ဟာသဖောက်တော့တာပဲ။ သူ ဒီလိုပြောတော့ ကျွန်တော်လည်း ဒီပါပူဝါနယူးဂီနီမှာရှိတဲ့ ယေဟောဝါသက်သေ နယ်လှည့်အမှုဆောင်တစ်ယောက်ရဲ့ အဖြစ်ကို သတိရမိတယ်။ လေယာဉ်မောင်းနေတုန်း လေယာဉ်မှူး သတိလစ်သွားလို့ သူတို့လင်မယားနှစ်ယောက်က လေယာဉ်ရဲ့ အလိုအလျောက်ထိန်းချုပ်စနစ်နဲ့ လေထဲမှာ ပတ်စီးနေလိုက်တာ လေယာဉ်မှူး သတိပြန်လည်လာတော့မှ မြေကြီးပေါ် ပြန်ဆင်းနိုင်ခဲ့တယ်ဆိုပဲ။ ကျွန်တော်တို့လေယာဉ်ကတော့ ဘာမှမဖြစ်လို့ တော်သေးတာပေါ့။
အခု ကျွန်တော်တို့လေယာဉ်က တောင်တန်းနဲ့အပြိုင် ပျံသန်းနေတယ်။ တိမ်တိုက်တွေကြားထဲမှာ ရှင်းနေတဲ့လမ်းကြောင်းတစ်ခုတွေ့လိုက်လို့ အဲဒီထဲကို ချိုးကွေ့ပြီး ပေ ၃၀၀ လောက်အကွာမှာရှိတဲ့ တောင်ထွတ်ကို ဖြတ်ကျော်လိုက်တယ်။ အရှေ့ဘက်မှာတော့ မြက်ထူထူကြီးတွေမိုးထားတဲ့ တဲအိမ်တွေ တစ်စုတစ်ဝေးရှိနေတဲ့ လဲန်ဘာတီရွာကို တွေ့ရတယ်။ လေယာဉ်မှူးက လေယာဉ်ပြေးလမ်းပေါ် ကလေးတွေ ဘောလုံးကစားနေသလား၊ လေယာဉ်ပြေးလမ်းရဲ့အခြေအနေကောင်းရဲ့လားဆိုတာသိနိုင်ဖို့ ပျံသန်းရင်း စစ်ဆေးလိုက်တယ်။ အဲဒီအပြင် နောက်ဆုံးအကြိမ် သူ ဒီကိုရောက်ပြီးနောက်ပိုင်းမှာ လေယာဉ်ပြေးလမ်းကို ဝက်တွေ တူးဆွထားတဲ့ ကျင်းတွေများ ရှိမလားဆိုပြီး သူ ကြည့်ရသေးတယ်။ အဲဒီနောက် တောင်ကြားတွေဘက်ကို ပြန်လှည့်လာရင်း သူက “အခြေအနေကောင်းတယ်၊ ဆင်းကြည့်ရအောင်” လို့ပြောတယ်။ ဒါနဲ့ လေယာဉ်ကို တစ်ပတ်ပတ်မောင်းလိုက်ပြီး ရွာသားတွေဖောက်ထားတဲ့ လေယာဉ်ပြေးလမ်းကျဉ်းကျဉ်းလေးပေါ်ကို ဆင်းလိုက်တယ်။ ဒီလေယာဉ်ပြေးလမ်းကို တောင်ကမ်းပါးတစ်လျှောက် ဖြတ်ဖောက်ထားပြီး အနီးအနားက တောင်တစ်လုံးကနေ ထုခွဲထားတဲ့ သန္တာထုံးကျောက်တုံးအကျိုးအပဲ့တွေနဲ့ ထပ်ခင်းထားတယ်။
ဒီကို ပြီးခဲ့တဲ့ခေါက်တွေလာတုန်းက သန္တာထုံးကျောက်အကျိုးအပဲ့တွေကို ကြည့်ရင်း ဒီတောင်တန်းက သက်တမ်းဘယ်လောက်တောင်ရင့်နေမလဲဆိုတာ ကျွန်တော် တွေးနေမိတယ်။ မိုင်ရာနဲ့ချီရှည်လျားပြီး ရေအောက်မှာရှိခဲ့တဲ့ ဒီသန္တာကျောက်တန်းကြီးကို လေထုထဲ နှစ်မိုင်ခွဲလောက်မြင့်တက်နေအောင် ပင့်တင်လိုက်တဲ့အားက ဘယ်လောက်တောင်ပြင်းထန်မလဲဆိုတာကို တွေးကြည့်ပါဦး။ လေယာဉ်ပေါ်ကနေ ဆင်းလိုက်တဲ့အခါ တိမ်တိုက်ထဲက သန္တာကျောက်တန်းလို့ ကျွန်တော် တင်စားပြီးပြောခဲ့တဲ့နေရာကို ခြေချမိကြပြီ။
ခါတိုင်းလိုပဲ ရွာသားတွေက လေယာဉ်ဆိုက်သံကြားတာနဲ့ ပြေးလာကြတယ်။ လေယာဉ်မှူးက စက်ကိုရပ်လိုက်တဲ့အချိန်မှာ လူအုပ်ထဲကနေ လူတစ်ယောက် ကျွန်တော်တို့ဆီကို လျှောက်လာတယ်။ သူကတော့ ဇူန်ဆိုတဲ့လူပါပဲ။ သူက ကမ္ဘာတစ်ခွင်လုံးမှာ ယေဟောဝါသက်သေတွေကျင်းပတဲ့ ပတ်စဉ်အစည်းအဝေးတွေကို ဦးဆောင်ဖို့ ဒီဒေသအတွက် ခန့်အပ်ခံရတဲ့သူတွေထဲက တစ်ယောက်ဖြစ်တယ်။ သန့်ရှင်းသပ်ရပ်တဲ့သူ၊ ရိုးသားတဲ့သူ၊ ယုံကြည်စိတ်ချထိုက်တဲ့သူဆိုပြီး သူ့ကို လူတွေသိကြတယ်။ ကျမ်းစာမူတွေကို ဘ၀မှာ လက်တွေ့ကျင့်သုံးလို့ ဒီလိုလူမျိုးဖြစ်နေတာဆိုပြီး သူ ပြောတတ်တယ်။ ကျွန်တော်တို့ နှုတ်ဆက်စကားပြောပြီးတဲ့နောက် ဇူန်နဲ့ တခြားသက်သေခံတွေနဲ့အတူ တောင်ကုန်းပေါ်လမ်းကျဉ်းလေးအတိုင်း ဆင်းလျှောက်လာခဲ့ကြတယ်။ ကလေးတွေက ကျွန်တော်တို့ရဲ့ကျောပိုးအိတ်တွေကို ဘယ်သူကိုင်ပေးရမလဲဆိုတာ ငြင်းခုံရင်း နောက်ကနေ တကောက်ကောက်လိုက်လာကြတယ်။
ခြောက်လတစ်ကြိမ်လာလည်ပတ်တဲ့ နယ်လှည့်ဓမ္မအမှုဆောင်တွေအတွက် ဒီဒေသက သက်သေခံတွေဆောက်ထားပေးတဲ့ သစ်လုံးအိမ်လေးကို ကျွန်တော်တို့ ရောက်လာတယ်။ ပါပူဝါနယူးဂီနီက အပူပိုင်းနိုင်ငံတစ်ခုဖြစ်ပေမဲ့ ဒီဒေသက အမြင့်ပိုင်းမှာဖြစ်နေလို့ တော်တော့်ကို အေးတယ်။ ညရောက်လာလို့ ရေနံဆီမီးအိမ်ကို ထွန်းလိုက်တဲ့အခါ တိမ်တွေကို မကြာခဏ တွေ့ရတတ်တယ်။ ဒီတိမ်တွေက ညနေခင်းတွေမှာ တောင်ကြားထဲကနေ ဒီအမြင့်ပိုင်းဘက်ကို တဖြည်းဖြည်းမြင့်တက်လာပြီး ကြမ်းခင်းပေါက်တွေကြားကနေ အိမ်ထဲကို စိမ့်ဝင်လာတာ။ လွန်ခဲ့တဲ့နာရီပိုင်းလောက်တုန်းကပဲ အပူပိုင်းဒေသရဲ့ ကမ်းရိုးတန်း မြေနိမ့်ပိုင်းမှာ ကျွန်တော်တို့ရှိနေတုန်းက ပူအိုက်လွန်းလို့ ချွေးတဒီးဒီးကျနေခဲ့တာ။ ခုတော့ အနွေးဓာတ်ရဖို့ နှင်းကာဂျာကင်နဲ့ ဂျင်းဘောင်းဘီတွေ ဝတ်ထားရတော့ နည်းနည်းထူးဆန်းနေသလို ခံစားရတယ်။
၁၉၈၀ ပြည့်နှစ်အလယ်ပိုင်းလောက်တုန်းမှာ ဒီဒေသက လူတစ်ယောက် လီမြို့မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာခဲ့တယ်။ သူ့ရွာကိုပြန်လာတဲ့အခါ လူတချို့နဲ့ပူးပေါင်းပြီး စည်းဝေးတဲ့နေရာလေးတစ်ခုကို ဆောက်လိုက်ကြတယ်။ စည်းဝေးတဲ့ နေရာလေးရှိတဲ့အတွက်လည်း သူတို့ သိပ်ဂုဏ်ယူခဲ့ကြတယ်။ ဒါပေမဲ့ ဒေသခံလူသာရင်ခရစ်ယာန်အသင်းရဲ့ ဓမ္မဆရာက သူ့နောက်လိုက်တွေနဲ့ ပေါင်းပြီး စည်းဝေးတဲ့နေရာကို မီးရှို့ပစ်လိုက်ကြတယ်။ ဒီဒေသက လူသာရင်ခရစ်ယာန်အသင်းရဲ့ပိုင်နက်ပဲဆိုပြီး မီးရှို့တဲ့သူတွေက ပြောင်ပြောင်တင်းတင်း ကြေညာတယ်။ အဲဒီအချိန်ကစပြီး အတားအဆီးတွေ ဆက်တိုက်ဖြစ်လာပေမဲ့ သက်သေခံတွေက စည်းဝေးတဲ့နေရာနောက်တစ်ခုကို ပြန်ဆောက်ခဲ့တယ်။ သတင်းကောင်းကြေညာသူအရေအတွက်ကလည်း အယောက် ၅၀ အထိ တဖြည်းဖြည်းတိုးလာတယ်။ သူတို့ထဲက တချို့က သက်သေခံတွေရဲ့လုပ်ငန်းကို အရင်က ဆန့်ကျင်ခဲ့ကြပေမဲ့ အခုတော့ သူတို့ကိုယ်တိုင် အဲဒီလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်နေကြပြီလေ။
ဒီရက်ပိုင်းမှာ ဒေသခံရွာသားတွေက ကျမ်းစာအကြောင်းသင်ပေးတဲ့ ယေဟောဝါသက်သေတွေ လာလည်ပတ်တာကို မကြာခဏ လက်ခံကြိုဆိုကြတယ်။ ရွာသားတချို့လောက်ပဲ စာဖတ်တတ်ကြပေမဲ့ ဒီဒေသမှာရှိတဲ့ သက်သေခံအများစုကတော့ တခြားသူတွေကို ကျမ်းစာအကြောင်း ဝေမျှနိုင်ဖို့ စာဖတ်တတ်အောင်သင်ယူကြတယ်။ အပတ်တိုင်း ဝတ်ပြုရာခန်းမမှာ အစည်းအဝေးတက်ရောက်သူ စုစုပေါင်း ၂၀၀ လောက်ရှိတယ်။
ဒီဒေသမှာ လျှပ်စစ်မီးမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့အားလုံး ညနေခင်းရောက်ရင် အစားအစာချက်တဲ့အိမ်မှာ မီးဖိုဘေးနား ပြွတ်သိပ်ထိုင်ကြတယ်။ ပြီးတော့ အတူတူ အစာစား၊ စကားပြောပြီး ရယ်မောကြတယ်။ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုတဲ့အတွက် ခံစားရတဲ့ရွှင်လန်းမှုက သူတို့မျက်နှာမှာ အထင်းသားပေါ်နေပြီး သူတို့အပြုံးတွေက မီးရောင်မှိန်မှိန်လေးအောက်မှာ တောက်ပနေတာပဲ။ တဖြည်းဖြည်း ညနက်လာတော့ ချုံပုတ်တွေကိုဖြတ်ပြီး သူတို့အိမ်ကိုပြန်ကြတဲ့အခါ လမ်းတစ်လျှောက်မှာ အလင်းရောင်ရဖို့ မီးပုံထဲကနေ မီးစွဲနေတဲ့ အုန်းလက်တစ်လက်ကို ဆွဲထုတ်သွားကြတယ်။
အိမ်ကို ကျွန်တော်တို့ လမ်းလျှောက်ပြန်လာတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေလိုက်တာ။ သဘာ၀ရဲ့ အသံတွေကိုပဲ ကျွန်တော်တို့ ကြားနေရတယ်။ ညအိပ်ရာမဝင်ခင် ကြည်လင်နေတဲ့ကောင်းကင်ပြင်ကြီးကို နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ မော့ကြည့်လိုက်တဲ့အခါ ဒီအမြင့်ပိုင်းနေရာကနေ ကြယ်တွေအများကြီး မြင်ရလို့ အံ့သြလိုက်တာ။
ဒီလိုနဲ့ တစ်ပတ်တာက မြန်မြန်ပဲ ကုန်သွားတယ်။ မနက်ဖြန်ဆိုရင် ကျွန်တော်တို့ လေယာဉ်နဲ့ပြန်ရတော့မယ်။ တိမ်တွေဖုံးပြီး အေးစက်နေတဲ့ လဲန်ဘာတီရွာမှာ ဒီတစ်ညတာပြီးသွားရင် ပူအိုက်စွတ်စိုတဲ့ ကမ်းရိုးတန်းကို မနက်ဖြန် ကျွန်တော်တို့ ပြန်ရောက်နေပြီ။