-
ဘုရားသခင်နှင့် လူတို့အမြင်တွင် အသရေရှိသောမင်္ဂလာပွဲများကင်းမျှော်စင်—၂၀၀၆ | အောက်တိုဘာ ၁၅
-
-
ဘုရားသခင်နှင့် လူတို့အမြင်တွင် အသရေရှိသောမင်္ဂလာပွဲများ
‘ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ် ယေရှုနှင့် တပည့်တို့ကိုလည်း ထိုပွဲသို့ခေါ်ပင့်ကြ၏။’—ယောဟန် ၂:၁၊ ၂။
၁။ ယေရှုပါဝင်ခဲ့သော ကာနမြို့မှ အဖြစ်အပျက်က အဘယ်အရာကို သိမြင်စေသနည်း။
ဘုရားသခင့်လူမျိုး၏ အသရေရှိသောမင်္ဂလာဆောင်ပွဲသည် ရွှင်လန်းမှုကိုဖြစ်စေနိုင်ကြောင်း ယေရှု၊ မယ်တော်နှင့်ကိုယ်တော်၏တပည့်တချို့ သိရှိခဲ့ကြသည်။ ခရစ်တော်သည် ကိုယ်တော်၏ဦးဆုံးမှတ်တမ်းတင်ခံရသော အံ့ဖွယ်အမှုကိုလုပ်ဆောင်တော်မူခြင်းဖြင့် မင်္ဂလာပွဲတစ်ခုကိုထူးခြားစေခဲ့ပြီး ထိုအခါသမယ၏ ပျော်ရွှင်မှုကို ထပ်တိုးစေခဲ့သည်။ (ယောဟန် ၂:၁-၁၁) ပျော်ရွှင်သောအိမ်ထောင်သည်မောင်နှံအဖြစ် ယေဟောဝါ၏အမှုတော် ထမ်းဆောင်လိုသူတို့၏ ခရစ်ယာန်မင်္ဂလာပွဲများကို သင်,တက်ရောက်ကာ ပျော်မွေ့ခဲ့ဖူးပေမည်။ သင်ကိုယ်တိုင် ထိုသို့သောမင်္ဂလာပွဲမျိုးကိုပြုလုပ်လိုမည် သို့မဟုတ် မိတ်ဆွေတစ်ဦး၏ မင်္ဂလာပွဲဖြစ်မြောက်အောင်မြင်ရန် အကူအညီပေးရမည့်သူတစ်ဦး ဖြစ်ပေမည်။ ယင်းတို့ဖြစ်မြောက်အောင်မြင်ရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။
၂။ သမ္မာကျမ်းစာတွင် မင်္ဂလာပွဲများနှင့်ပတ်သက်၍ အဘယ်အကြောင်းအရာ ပါရှိသနည်း။
၂ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အိမ်ထောင်ပြုရန် စီစဉ်နေချိန်တွင် ဘုရားသခင်မှုတ်သွင်းတော်မူသည့် သမ္မာကျမ်းစာမှအကြံပြုချက်သည် အလွန်အထောက်အကူပြုကြောင်း ခရစ်ယာန်များ တွေ့ရှိခဲ့ကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာတွင် ခရစ်ယာန်မင်္ဂလာပွဲအတွက် အသေးစိတ်လုပ်ဆောင်ရမည့်နည်းလမ်းများ မပါရှိပါ။ ဓလေ့ထုံးစံများနှင့် ဥပဒေတောင်းဆိုချက်များပင်လျှင် နေရာဒေသနှင့် အချိန်ကာလအရ မတူညီကြသောကြောင့် ထိုသို့အသေးစိတ်မပါရှိသည်ကို နားလည်နိုင်ပါသည်။ ဥပမာ၊ ရှေးဣသရေလလူမျိုးတွင် မင်္ဂလာအခမ်းအနားဟူ၍ မရှိခဲ့ပါ။ မင်္ဂလာဆောင်သည့်နေ့တွင် သတို့သားသည် သတို့သမီးကို မိမိအိမ်သို့ သို့မဟုတ် မိမိဖခင်အိမ်သို့ ခေါ်ဆောင်သွားသည်။ (ကမ္ဘာဦး ၂၄:၆၇; ဟေရှာယ ၆၁:၁၀; မဿဲ ၁:၂၄၊ ကဘ) ယနေ့မင်္ဂလာဆောင်ပွဲများစွာကဲ့သို့ အခမ်းအနားကျင်းပခြင်းမရှိဘဲ လူအများမြင်သာသော ယင်းလုပ်ဆောင်မှုက မင်္ဂလာဆောင်ခြင်းကို အတည်ဖြစ်စေသည်။
၃။ ကာနမြို့၏အဘယ်အဖြစ်အပျက်တွင် ယေရှုပါဝင်ခဲ့သနည်း။
၃ ဣသရေလလူမျိုးသည် ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် မင်္ဂလာဆောင်ခြင်းကို အတည်ဖြစ်စေသော ယင်းသို့လုပ်ဆောင်မှုကို အသိအမှတ်ပြုလက်ခံခဲ့ကြသည်။ ၎င်းနောက် ယောဟန် ၂:၁ တွင်ဖော်ပြထားသကဲ့သို့ ကျွေးမွေးဧည့်ခံပွဲတွင် ပါဝင်ကြပေမည်။ သမ္မာကျမ်းစာဘာသာပြန်ကျမ်းများစွာက ယင်းအခန်းငယ်ကို “ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်” ဟူ၍ပြန်ဆိုကြသည်။ သို့သော် မူရင်းစကားလုံးအရ “မင်္ဂလာဆောင်ကျွေးမွေးဧည့်ခံပွဲ” ဟုပြန်ဆိုလျှင် ပို၍သင့်လျော်သည်။a (မဿဲ ၂၂:၂-၁၀; ၂၅:၁၀; လုကာ ၁၄:၈) မှတ်တမ်းအရ ယေရှုသည် ထိုနေရာတွင်ရောက်ရှိနေခဲ့ပြီး ဂျူးမင်္ဂလာဆောင်ကျွေးမွေးဧည့်ခံပွဲတွင် ပါဝင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ သို့သော် အဓိကအချက်မှာ ထိုအချိန်က မင်္ဂလာဆောင်ခြင်းကို အတည်ဖြစ်စေသည့်အရာသည် ယနေ့ခေတ်နှင့် မတူခြင်းဖြစ်သည်။
၄။ ခရစ်ယာန်အချို့သည် မည်သို့သောမင်္ဂလာပွဲကို ရွေးချယ်ကြသနည်း။ အဘယ်ကြောင့်နည်း။
၄ ယနေ့နိုင်ငံများစွာတွင် အိမ်ထောင်ပြုလိုသော ခရစ်ယာန်များသည် ဥပဒေတောင်းဆိုချက်ကို လုပ်ဆောင်ကြရမည်။ အိမ်ထောင်ပြုမည်ဆိုလျှင် သူတို့သည် ဥပဒေကလက်ခံသည့် နည်းတစ်နည်းနည်းဖြင့် ထိမ်းမြားဆောင်နှင်းကြပေမည်။ ၎င်းမှာ တရားသူကြီး၊ မြို့တော်ဝန် သို့မဟုတ် အစိုးရလိုင်စင်ရ ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး ဦးစီးဆောင်ရွက်သည့် ရိုးရိုးရှင်းရှင်း အခမ်းအနားငယ်လေးတစ်ခုဖြစ်နိုင်သည်။ ထိုသို့ထိမ်းမြားဆောင်နှင်းရန် ရွေးချယ်ကြသူအချို့သည် ဥပဒေအရ သက်သေအဖြစ်တက်ရောက်ရန် သို့မဟုတ် ဤအရေးပါသော ရွှင်လန်းဖွယ်အခါသမယတွင် မိမိတို့နှင့်အတူပါဝင်ရန် ဆွေမျိုး သို့မဟုတ် ခရစ်ယာန်မိတ်ဆွေအချို့ကို တက်ရောက်စေကြသည်။ (ယေရမိ ၃၃:၁၁; ယောဟန် ၃:၂၉) အလားတူပင်၊ အချို့သောခရစ်ယာန်တို့သည် အချိန်အတန်ကြာစီစဉ်ဖို့လိုပြီး အကုန်အကျများသည့် ထိမ်းမြားမင်္ဂလာကျွေးမွေးဧည့်ခံပွဲကြီးများ ကျင်းပရန် ရွေးချယ်ကြမည်မဟုတ်ပေ။ ယင်းအစား ရင်းနှီးသောအသိမိတ်ဆွေအချို့နှင့်သာ စားသောက်ကြရန် စီစဉ်ပေမည်။ မည်သည့်အရာကို ကျွန်ုပ်တို့ရွေးချယ်သည်ဖြစ်စေ ကျွန်ုပ်တို့ကိုယ်တိုင်၏ရှုမြင်ပုံသည် ရင့်ကျက်သောအခြားခရစ်ယာန်များ၏ရှုမြင်ပုံနှင့် ခြားနားကောင်းခြားနားမည်ဖြစ်ကြောင်း အသိအမှတ်ပြုသင့်သည်။—ရောမ ၁၄:၃၊ ၄။
၅။ ခရစ်ယာန်များစွာသည် မိမိတို့၏မင်္ဂလာပွဲတွင် မင်္ဂလာဆောင်ဟောပြောချက်ပေးရန် အဘယ်ကြောင့်အလိုရှိကြသနည်း။ ယင်းဟောပြောချက်တွင် အဘယ်အရာပါရှိသနည်း။
၅ ခရစ်ယာန်မောင်နှံစုံအများစုသည် မိမိတို့၏မင်္ဂလာဆောင်ပွဲတွင် ကျမ်းစာအခြေပြု ဟောပြောချက်တစ်ခုပေးရန် ရွေးချယ်ကြသည်။b ယေဟောဝါသည် အိမ်ထောင်ကို အစပြုတော်မူခဲ့ပြီး ကိုယ်တော်၏နှုတ်မြွက်စကားတော်တွင် အိမ်ထောင်ကို အောင်မြင်ပျော်ရွှင်စေနိုင်သည့် ပညာရှိအကြံပြုချက်များပါရှိသည်ကို သူတို့အသိအမှတ်ပြုကြသည်။ (ကမ္ဘာဦး ၂:၂၂-၂၄; မာကု ၁၀:၆-၉; ဧဖက် ၅:၂၂-၃၃) မောင်နှံစုံအများစုသည် ဤပျော်ရွှင်ဖွယ်အခါသမယတွင် ခရစ်ယာန်မိတ်ဆွေများ၊ ဆွေမျိုးများကို ပါဝင်စေလိုကြသည်။ သို့တိုင် အမျိုးမျိုးသော ဥပဒေတောင်းဆိုချက်၊ လုပ်ထုံးလုပ်နည်းနှင့် ဒေသခံဓလေ့ထုံးစံတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့မည်သို့ရှုမြင်ကြသနည်း။ ဤဆောင်းပါးတွင် ဒေသအသီးသီးမှ အခြေအနေများကို သုံးသပ်ပါမည်။ အချို့အချက်များသည် သင့်ဒေသတွင် သင်သိရှိထားသည့်အရာ သို့မဟုတ် လုပ်ဆောင်နေကြသောအရာနှင့် အတော်အတန်ကွာခြားပေမည်။ သို့တိုင် ဘုရားသခင့်ကျေးကျွန်များအတွက် အရေးကြီးသည့်မူအချို့ သို့မဟုတ် ကဏ္ဍများကို မှတ်သားနိုင်ပါသည်။
အသရေရှိသောအိမ်ထောင်မင်္ဂလာ —တရားဝင်ထိမ်းမြားခြင်း
၆၊ ၇။ ကျွန်ုပ်တို့သည် ဥပဒေအရ တရားဝင်လက်ထပ်ထိမ်းမြားရန် အဘယ်ကြောင့် အာရုံစိုက်သင့်သနည်း။ ယင်းကို မည်သို့တင်ပြကြမည်နည်း။
၆ ယေဟောဝါသည် အိမ်ထောင်ကို အစပြုတော်မူခဲ့သည့်တိုင် လူ့အစိုးရများသည် အိမ်ထောင်ပြုသူတို့၏ လုပ်ဆောင်မှုများအပေါ် အတန်အရာစီမံချုပ်ထိန်းကြသည်။ ယင်းသည် သင့်လျော်ပါသည်။ ယေရှု ဤသို့မိန့်တော်မူခဲ့၏– “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့။” (မာကု ၁၂:၁၇) အလားတူပင်၊ တမန်တော်ပေါလု ဤသို့ညွှန်ကြားခဲ့၏– “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား ဘုရားသခင်၏အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သတည်း။”—ရောမ ၁၃:၁; တိတု ၃:၁။
၇ နိုင်ငံအများစုတွင် ကဲသာ သို့မဟုတ် အစိုးရအာဏာပိုင်များသည် အိမ်ထောင်ပြုနိုင်သည့်အရွယ်ကို သတ်မှတ်ပေးကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာအရ အိမ်ထောင်ပြုရန် လွတ်လွတ်လပ်လပ်ရှိသူ ခရစ်ယာန်နှစ်ဦးသည် ဒေသခံဥပဒေကို တာဝန်သိသိဖြင့် လိုက်နာကြသည်။ ယင်းတွင် ခွင့်ပြုချက်လိုင်စင်ထုတ်ယူခြင်း၊ လိုင်စင်ရကိုယ်စားလှယ်တစ်ဦး၏ အကူအညီယူခြင်း၊ လက်ထပ်မှတ်ပုံတင်ခြင်းတို့ ပါဝင်ပေမည်။ ကဲသာသြဂုတ္တုသည် “မှတ်ပုံတင်” ရန် အမိန့်ထုတ်ပြန်သည့်အခါ မာရိနှင့်ယောသပ်တို့သည် ထိုအမိန့်ကို နာခံခဲ့ကြပြီး “မှတ်ပုံတင်ခြင်းငှာ” ဗက်လင်သို့ ခရီးထွက်ခဲ့ကြသည်။—လုကာ ၂:၁-၅၊ ကဘ။
၈။ ထိမ်းမြားလက်ထပ်ခြင်းကို မည်သို့အတည်ဖြစ်စေသနည်း။ ယေဟောဝါသက်သေများ၏ အဘယ်လုပ်ဆောင်မှုက ယင်းကိုလိုက်နာဆောင်ရွက်ကြောင်း ဖော်ပြသနည်း။
၈ တရားဝင်ပြီး အသိအမှတ်ပြုထားသည့်နည်းအတိုင်း ခရစ်ယာန်နှစ်ဦးလက်ထပ်သည့်အခါ ယင်းသို့ပေါင်းစည်းခြင်းသည် ဘုရားသခင့်အမြင်တွင် အတည်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသက်သေများသည် အကြိမ်ကြိမ်တရားဝင်အခမ်းအနား ထပ်မံပြုလုပ်ကြခြင်းမရှိချေ။ ၂၅ ကြိမ်မြောက် သို့မဟုတ် နှစ် ၅၀ မြောက်မင်္ဂလာနှစ်ပတ်လည်ကဲ့သို့သော နေ့မျိုးတွင် မင်္ဂလာကတိကဝတ်များကို အသစ်တစ်ဖန်လည်း မပြုလုပ်ကြပါ။ (မဿဲ ၅:၃၇) (အချို့ချာ့ချ်များက ခရစ်ယာန်ဘုန်းကြီးတစ်ပါး သို့မဟုတ် ဓမ္မဆရာတစ်ဦးက ဘာသာရေးထုံးတမ်းအရ လက်ထပ်ပေးခြင်းမရှိလျှင်၊ ခင်ပွန်းနှင့်ဇနီးအဖြစ် အတိအလင်းကြေညာပေးခြင်းမရှိလျှင် ထိမ်းမြားလက်ထပ်ခြင်းသည် တရားမဝင်ဟု အခိုင်အမာဆိုကာ တရားရုံးတွင်ထိမ်းမြားခြင်း၏ တရားဝင်ဖြစ်မှုကို အသိအမှတ်မပြုကြပါ။) နိုင်ငံအများတွင် အစိုးရက ယေဟောဝါသက်သေ ဓမ္မအမှုဆောင်တစ်ဦးကို လက်ထပ်လိုင်စင် ထုတ်ပေးထားသည်။ ယင်းသို့ဖြစ်လျှင် သူသည် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် မင်္ဂလာဆောင်ဟောပြောချက်ပေးကာ လက်ထပ်ပေးပေမည်။ ယင်းခန်းမသည် စစ်မှန်သောဝတ်ပြုရေး၏ ဒေသခံဝတ်ပြုသည့်နေရာဖြစ်သောကြောင့် ယေဟောဝါဘုရားသခင်အစပြုခဲ့သော လက်ထပ်မင်္ဂလာအစီအစဉ် ဟောပြောချက်ပေးရန် သင့်လျော်သောနေရာဖြစ်သည်။
၉။ (က) တရားရုံးတွင်လက်မှတ်ထိုး လက်ထပ်ကြသည့် ခရစ်ယာန်မောင်နှံစုံသည် အဘယ်အရာပြုလုပ်ရန် ရွေးချယ်ကြမည်နည်း။ (ခ) မင်္ဂလာပွဲအစီအစဉ်တွင် အကြီးအကဲများ မည်သို့ပါဝင်ပတ်သက်နိုင်စရာရှိသနည်း။
၉ အခြားနိုင်ငံများတွင် မောင်နှံစုံသည် မြို့တော်ခန်းမကဲ့သို့သော အစိုးရရုံးတွင်၊ တာဝန်ရှိအစိုးရကိုယ်စားလှယ်တစ်ဦးရှေ့မှောက်တွင် လက်ထပ်ရန် တရားဥပဒေက တောင်းဆိုသည်။ ခရစ်ယာန်များသည် ယင်းဥပဒေတောင်းဆိုချက်ကို လုပ်ဆောင်ပြီးနောက် ထိုနေ့တွင်ပင် သို့မဟုတ် နောက်တစ်နေ့တွင် ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ မင်္ဂလာဆောင်ဟောပြောချက်ပေးရန် ရွေးချယ်ကြသည်။ (သူတို့သည် ဘုရားသခင်နှင့် ခရစ်ယာန်အသင်းတော်အပါအဝင် လူတို့ရှေ့တွင် တရားဝင်လက်ထပ်ကြခြင်းဖြစ်သောကြောင့် တရားရုံးတွင်လက်မှတ်ထိုးသည့်နေ့နှင့် ကျမ်းစာဟောပြောချက်ပေးသည့်နေ့ကို ရက်ကြာကြာ ခြားလိုကြမည်မဟုတ်ပါ။) တရားရုံးတွင်လက်မှတ်ထိုးပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဟောပြောချက်ပေးလိုကြသော မောင်နှံစုံသည် အသင်းတော်လုပ်ငန်းတော်ကော်မတီ အကြီးအကဲများ၏ ခွင့်ပြုချက်ကို ကြိုတင်တောင်းခံသင့်သည်။ ထိုမောင်နှံစုံသည် နာမည်ကောင်းရှိကြောင်း သေချာရမည့်အပြင် မင်္ဂလာဆောင်သည့်အချိန်သည် ခန်းမတွင်ပုံမှန်ကျင်းပသော အစည်းအဝေးများနှင့် အစီအစဉ်များကို အနှောင့်အယှက်မဖြစ်စေရန် ထိုကြီးကြပ်မှူးများ အသေအချာဂရုပြုရမည်။ (၁ ကောရိန္သု ၁၄:၃၃၊ ၄၀) အကြီးအကဲများသည် မောင်နှံစုံတောင်းဆိုနိုင်သည့် ခန်းမပြင်ဆင်မှုများနှင့်ပတ်သက်၍လည်း သုံးသပ်ကြမည်ဖြစ်ပြီး ယင်းကိုအသုံးပြုခြင်းနှင့်ပတ်သက်၍ ကြေညာရန်လိုမလိုကို ဆုံးဖြတ်ကြပေမည်။
၁၀။ တရားရုံးတွင် လက်ထပ်ရသည်ဆိုပါက မင်္ဂလာဆောင်ဟောပြောချက်အပေါ် မည်သည့်အကျိုးသက်ရောက်မှု ရှိမည်နည်း။
၁၀ မင်္ဂလာဆောင်ဟောပြောချက်ပေးသော အကြီးအကဲသည် လှိုက်လှဲနွေးထွေးမှုရှိပြီး ဝိညာဉ်ရေးတည်ဆောက်မှုဖြစ်စေသည့် ဂုဏ်သိက္ခာရှိသော ဟောပြောချက်ဖြစ်ရန် ကြိုးစားပေမည်။ မောင်နှံစုံသည် ဦးဆုံး တရားရုံးတွင်လက်မှတ်ထိုးပြီးဖြစ်လျှင် သူတို့သည် အစိုးရဥပဒေနှင့်အညီ လက်ထပ်ပြီးဖြစ်ကြောင်း ဟောပြောချက်ပေးသူက ရှင်းလင်းစွာဖော်ပြမည်ဖြစ်သည်။ တရားရုံး၌လက်မှတ်ထိုးချိန်တွင် အပြန်အလှန် မင်္ဂလာကတိကဝတ်မပြုရသေးပါက ဟောပြောချက်ပေးချိန်တွင် မောင်နှံစုံသည် ကတိကဝတ်ပြုလိုကြပေမည်။c တရားရုံး၌လက်မှတ်ထိုးချိန်တွင် ကတိကဝတ်ပြုခဲ့ပြီးသည့်တိုင် လက်ထပ်ခါစမောင်နှံစုံသည် ယေဟောဝါနှင့် အသင်းတော်ရှေ့တွင် ကတိကဝတ်ပြုလိုပါက သူတို့သည် “ဖက်စပ်၍ ထမ်းပိုးတင်” ပြီးသူများဖြစ်ကြောင်း ဖော်ပြသည့်အနေနှင့် ယင်းကို သဒ္ဒါနည်းအရ အတိတ်ကာလအသုံးအနှုန်းဖြင့် ဖော်ပြကြမည်ဖြစ်သည်။—မဿဲ ၁၉:၆; ၂၂:၂၁။
၁၁။ အချို့သောဒေသများတွင် မောင်နှံစုံသည် မည်သို့ ထိမ်းမြားလက်ထပ်ကြသနည်း။ မင်္ဂလာဆောင်ဟောပြောချက်အပေါ် မည်သို့အကျိုးသက်ရောက်မည်နည်း။
၁၁ အချို့သောဒေသများတွင် အခမ်းအနားတစ်ခုခုဖြင့်ဖြစ်စေ၊ အစိုးရကိုယ်စားလှယ်တစ်ဦးဖြင့်ပင်ဖြစ်စေ ထိမ်းမြားလက်ထပ်ရန် ဥပဒေတောင်းဆိုချက်မရှိ ဖြစ်ပေမည်။ လက်မှတ်ထိုးထားသော လက်ထပ်မှတ်ပုံတင်စာရွက်ပုံစံကို အစိုးရအရာရှိထံ တင်သွင်းသောအခါ ထိမ်းမြားခြင်းဖြစ်မြောက်သည်။ ယင်းနောက် လက်ထပ်စာချုပ်တစ်ခုကို မှတ်ပုံတင်ပေးပါသည်။ ဤနည်းဖြင့် မောင်နှံစုံကို ခင်ပွန်း၊ ဇနီးအဖြစ်သတ်မှတ်ပြီး ထိုနေ့ရက်သည် သူတို့ထိမ်းမြားလက်ထပ်သည့်နေ့ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း မောင်နှံစုံသည် လက်ထပ်ပြီးလျှင်ပြီးချင်း ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကျမ်းစာအခြေပြုဟောပြောချက် ပေးစေလိုပေမည်။ ဟောပြောချက်ပေးရန် ရွေးချယ်ခံရသည့် ဝိညာဉ်ရေးရင့်ကျက်သောညီအစ်ကိုက ဤမောင်နှံသည် မှတ်ပုံတင်ခဲ့ပြီးဖြစ်သောကြောင့် လက်ထပ်ပြီးသူများဖြစ်ကြောင်း တက်ရောက်လာသူအားလုံးအား ဟောပြောချက်ပေးသူက အသိပေးလိမ့်မည်။ အပိုဒ် ၁၀ နှင့် အောက်ခြေမှတ်ချက် ဖော်ပြချက်နှင့်အညီ ကတိကဝတ်ပြုလိုကြပေမည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် တက်ရောက်လာကြသူများသည် မောင်နှံစုံနှင့်အတူ ရွှင်လန်းကြမည်ဖြစ်ပြီး ဘုရားသခင့်နှုတ်မြွက်တော် အကြံပေးချက်မှ အကျိုးရရှိကြမည်။—ရှောလမုန်သီချင်း ၃:၁၁။
ထုံးတမ်းစဉ်လာအရ လက်ထပ်ခြင်းနှင့် တရားရုံးတွင်လက်မှတ်ထိုးခြင်း
၁၂။ ထုံးတမ်းစဉ်လာအရ လက်ထပ်ခြင်းဟူသည် အဘယ်နည်း။ ထိုသို့လက်ထပ်ပြီးနောက် အဘယ်အရာပြုလုပ်ရန် အကြံပြုထားသနည်း။
၁၂ အချို့နိုင်ငံများတွင် မောင်နှံစုံတို့သည် ထုံးတမ်းစဉ်လာ (သို့မဟုတ်၊ ရိုးရာပုံစံ) အရ လက်ထပ်ကြပေမည်။ ဤသည်မှာ ရပ်ကွက်အချို့တွင် အတော်အသင့်လက်ခံထားသည့်အရာဖြစ်နိုင်သော်လည်း အပြည့်အဝတရားမဝင်သော နှစ်ဦးသဘောတူ အတူတကွနေထိုင်ခြင်း၊ ပေါင်းသင်းခြင်းတို့ကို ဆိုလိုခြင်းမဟုတ်ပါ။d လူမျိုး သို့မဟုတ် ဒေသထုံးစံအဖြစ် လူအများအသိအမှတ်ပြုထားသည့် ထုံးတမ်းစဉ်လာအရ လက်ထပ်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ယင်းတွင် ကွမ်းဖိုးပေးခြင်း၊ လက်ခံခြင်းတို့ ပါဝင်နိုင်ပြီး ဤနည်းဖြင့် မောင်နှံစုံသည် တရားဥပဒေအရနှင့် သမ္မာကျမ်းစာအရ လက်ထပ်ကြသည်။ အစိုးရက ထုံးတမ်းစဉ်လာအရ လက်ထပ်ခြင်းကို ခိုင်လုံသည်၊ တရားဝင်သည်၊ အတည်ဖြစ်သည်ဟု ရှုမြင်သည်။ ယင်းနောက် ထုံးတမ်းစဉ်လာအရ လက်ထပ်ခြင်းကို မှတ်တမ်းတင်၊ မှတ်ပုံတင်နိုင်ပြီး မောင်နှံစုံသည် အစိုးရစာချုပ်တစ်ခုကို လက်ခံရရှိပေမည်။ ထိုသို့မှတ်ပုံတင်ထားခြင်းက မောင်နှံစုံအတွက်၊ သို့မဟုတ် မုဆိုးမဖြစ်သွားနိုင်သည့် ဇနီးသည်အတွက်နှင့် ရရှိလာမည့်သားသမီးများအတွက် အကာအကွယ်ဖြစ်စေနိုင်သည်။ ထုံးတမ်းစဉ်လာအရ လက်ထပ်သူတို့ကို လက်ထပ်ပြီးလျှင်ပြီးချင်း မှတ်ပုံတင်ပြုလုပ်ရန် အသင်းတော်က တိုက်တွန်းပေမည်။ စိတ်ဝင်စားစရာမှာ မောရှေပညတ်အောက်တွင် အိမ်ထောင်ပြုခြင်းနှင့် မွေးဖွားခြင်းကို တရားဝင်မှတ်တမ်းတင်ပုံရသည်။—မဿဲ ၁:၁-၁၆။
၁၃။ ထုံးတမ်းစဉ်လာအရ လက်ထပ်ပြီးနောက် မင်္ဂလာဆောင်ဟောပြောချက်ပေးရန် အဘယ်ကြောင့် သင့်လျော်သနည်း။
၁၃ မောင်နှံစုံသည် ထုံးတမ်းစဉ်လာအရ တရားဝင်လက်ထပ်ပါက သူတို့သည် ခင်ပွန်းနှင့်ဇနီးအဖြစ် တရားဝင်သည်။ အထက်တွင်သိရှိခဲ့ပြီးဖြစ်သည်အတိုင်း အထက်ပါနည်းအတိုင်း တရားဝင်လက်ထပ်သော ခရစ်ယာန်များသည် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် မင်္ဂလာဆောင်ဟောပြောချက်၊ မင်္ဂလာကတိကဝတ်များ ပြုလိုကြပေမည်။ အကယ်၍ ထိုသို့လုပ်ဆောင်ပါက ထိုမောင်နှံစုံသည် အစိုးရဥပဒေနှင့်အညီ လက်ထပ်ပြီးဖြစ်ကြောင်း ဟောပြောချက်ပေးသူက အသိအမှတ်ပြုပေမည်။ ထိုသို့သောဟောပြောချက်မျိုး တစ်ခုသာရှိမည်။ ဤသို့သောအခြေအနေတွင် တရားဝင်ခိုင်လုံသောထုံးတမ်းစဉ်လာ (ရိုးရာ) အရလက်ထပ်သည့် လက်ထပ်ခြင်းတစ်ခုနှင့် ကျမ်းစာဟောပြောချက်တစ်ခုရှိသည်။ ယင်းနှစ်ခုကို ဖြစ်နိုင်မည်ဆိုလျှင် အချိန်သိပ်မခြားဘဲ၊ ပိုကောင်းသည်မှာ တစ်ရက်အတွင်း လုပ်ဆောင်ခြင်းဖြင့် ထိုအရပ်ဒေသတွင် ခရစ်ယာန်ထိမ်းမြားမင်္ဂလာပွဲကို အသရေရှိစေသည်။
၁၄။ ထုံးတမ်းစဉ်လာအရရော၊ တရားရုံးတွင်လက်မှတ်ထိုးခြင်းဖြင့်ပါ လက်ထပ်နိုင်မည်ဆိုလျှင် ခရစ်ယာန်တစ်ဦးသည် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။
၁၄ ထုံးတမ်းစဉ်လာအရ လက်ထပ်ခြင်းကို တရားဝင်သည်ဟု သတ်မှတ်သည့် အချို့ဒေသများတွင် တရားရုံးတွင် (သို့မဟုတ်၊ ဥပဒေအရ) လက်မှတ်ထိုးသည့် အစီအစဉ်များလည်းရှိသည်။ တရားရုံးတွင်လက်မှတ်ထိုးခြင်းကို များသောအားဖြင့် အစိုးရကိုယ်စားလှယ်တစ်ဦးရှေ့မှောက် လုပ်ဆောင်ရပြီး ယင်းတွင် မင်္ဂလာကတိကဝတ်ပြုခြင်း၊ မှတ်ပုံတင်လက်မှတ်ထိုးခြင်း နှစ်ခုစလုံးပါဝင်ပေမည်။ ခရစ်ယာန်မောင်နှံစုံအချို့က ထုံးတမ်းစဉ်လာအရ လက်ထပ်ခြင်းထက် တရားရုံးတွင်လက်မှတ်ထိုးခြင်းကို ပို၍နှစ်သက်ကြသည်။ နှစ်မျိုးစလုံးလုပ်ဆောင်ရမည်ဟူသည့် တရားဝင်တောင်းဆိုချက်မရှိသည့်အပြင် အစီအစဉ်နှစ်ခုစလုံးသည် တရားဝင်သည်။ တရားရုံးတွင်လက်မှတ်ထိုးရာတွင်လည်း အပိုဒ် ၉ နှင့် ၁၀ တွင်ဖော်ပြထားသော မင်္ဂလာဆောင်ဟောပြောချက်နှင့် ကတိကဝတ်ပြုခြင်းတို့ သက်ဆိုင်ပါသည်။ အဓိကအချက်မှာ မောင်နှံစုံသည် ဘုရားသခင်နှင့် လူ့အမြင်တွင် အသရေရှိသောနည်းဖြင့် ထိမ်းမြားလက်ထပ်ခြင်းဖြစ်သည်။—လုကာ ၂၀:၂၅; ၁ ပေတရု ၂:၁၃၊ ၁၄။
အိမ်ထောင်မင်္ဂလာ၏ ဂုဏ်အသရေကို ဆက်ထိန်းသိမ်းပါ
၁၅၊ ၁၆။ အိမ်ထောင်တွင် ဂုဏ်တင်ခြင်း မည်သို့ပါဝင်ပတ်သက်သင့်သနည်း။
၁၅ ပါးရှားဘုရင်တစ်ပါး၏ အိမ်ထောင်တွင် ပြဿနာတစ်ခုပေါ်ပေါက်လာသောအခါ မမုကန်အမည်ရှိ အကြံပေးအရာရှိက အကျိုးပြုနိုင်သော ဤအကြံကို ပေးခဲ့သည်– ‘မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်းတို့ကို ရိုသေကြစေ။’ (ဧသတာ ၁:၂၀) ခရစ်ယာန်အိမ်ထောင်တွင် လူသားဘုရင်တစ်ပါးအားဖြင့် ထိုသို့သောအမိန့်ကို ထုတ်ပြန်ရန် မလိုအပ်ပါ။ ဇနီးသည်တို့သည် မိမိတို့၏ခင်ပွန်းကို ဂုဏ်တင်လိုကြသည်။ ခရစ်ယာန်ခင်ပွန်းသည်တို့သည်လည်း ကိုယ်ဇနီးကို ဂုဏ်တင်၊ ချီးမွမ်းကြသည်။ (သု. ၃၁:၁၁၊ ၃၀; ၁ ပေတရု ၃:၇) အိမ်ထောင်တွင် တစ်ဦးကိုတစ်ဦးဂုဏ်တင်ခြင်းသည် အိမ်ထောင်ပြုပြီး နှစ်ပေါင်းများစွာကြာမှ တင်ပြခြင်း မဖြစ်သင့်ပါ။ ယင်းကို အစကတည်းကဖြစ်သော မင်္ဂလာဆောင်သည့်နေ့မှစ၍ တင်ပြသင့်သည်။
၁၆ ဂုဏ်တင်ခြင်းသည် မင်္ဂလာဆောင်သောနေ့တွင် အမျိုးသားနှင့်အမျိုးသမီး—ခင်ပွန်းနှင့်ဇနီး နှစ်ဦးကြားတွင်သာ ရှိသင့်သည်မဟုတ်ပါ။ ခရစ်ယာန်အကြီးအကဲတစ်ဦးသည် မင်္ဂလာဆောင်ဟောပြောချက်ပေးမည်ဆိုလျှင် ယင်းကို ဂုဏ်အသရေရှိရှိ ဟောပြောသင့်သည်။ ဟောပြောချက်သည် မောင်နှံစုံကို ဦးတည်ဟောပြောသင့်သည်။ သူတို့ကိုဂုဏ်တင်သည့်အနေနှင့်ဟောပြောချက်ပေးသူသည် ရယ်စရာဖြစ်အောင် သို့မဟုတ် ရှေးဆိုရိုးစကားများကို ပြောဆိုမည်မဟုတ်ပါ။ မောင်နှံစုံနှင့် နားထောင်နေသူတို့ကို အနေရခက်စေနိုင်သည့် ကိုယ်ရေးကိုယ်တာကိစ္စကို အလွန်အမင်းဝေဖန်ပြောဆိုခြင်း မဖြစ်သင့်ပါ။ ယင်းအစား သူသည် အိမ်ထောင်မင်္ဂလာကို အစပြုတော်မူသောအရှင်နှင့် ကိုယ်တော်၏အလွန်ကောင်းမွန်သော အကြံပြုချက်များကို ပေါ်လွင်စေခြင်းဖြင့် လှိုက်လှဲနွေးထွေးပြီး တည်ဆောက်မှုဖြစ်စေရန် ကြိုးစားပေမည်။ မှန်ပါသည်၊ အကြီးအကဲ၏ ဂုဏ်သိက္ခာရှိသောဟောပြောချက်က ယေဟောဝါဘုရားသခင်ကို ဂုဏ်တင်သည့် မင်္ဂလာပွဲဖြစ်စေမည်။
၁၇။ ခရစ်ယာန်မင်္ဂလာပွဲများတွင် တရားဥပဒေအခန်းကဏ္ဍ အဘယ်ကြောင့်ပါဝင်သနည်း။
၁၇ ဤဆောင်းပါးတွင် တရားဝင်ထိမ်းမြားခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များစွာကို သင်မှတ်သားမိပေမည်။ အချို့အချက်များသည် သင့်ဒေသနှင့် သက်ဆိုင်ချင်မှသက်ဆိုင်ပေမည်။ သို့တိုင် ယေဟောဝါသက်သေများ၏ မင်္ဂလာပွဲအစီအစဉ်များသည် ဒေသန္တရဥပဒေများ၊ အစိုးရ၏တောင်းဆိုချက်များကို လေးစားကြောင်းတင်ပြရန် အလွန်အရေးကြီးကြောင်း ကျွန်ုပ်တို့အားလုံး သတိပြုသင့်သည်။ (လုကာ ၂၀:၂၅) ပေါလုက ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်းခဲ့၏– “လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ကိုခံထိုက်သောသူအား အကောက်ကိုလည်းကောင်း ပေးကြလော့။ . . . ရိုသေထိုက်သောသူကို ရိုသေကြလော့။” (ရောမ ၁၃:၇) မှန်ပါသည်၊ ခရစ်ယာန်များသည် မင်္ဂလာဆောင်သည့်နေ့မှစ၍ မျက်မှောက်ခေတ်အချိန်အတွက် ဘုရားသခင်ချမှတ်ထားသော အစီအစဉ်များကို ဂုဏ်တင်ကြခြင်းသည် သင့်လျော်ပါသည်။
၁၈။ မင်္ဂလာပွဲတစ်ခုတွင် စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည့် အဘယ်အရာကိုလည်း ဂရုစိုက်သင့်သနည်း။ ယင်းအကြောင်းနှင့်ပတ်သက်၍ အဘယ်နေရာတွင် ရှာတွေ့နိုင်သနည်း။
၁၈ ခရစ်ယာန်မင်္ဂလာပွဲများစွာ၌ လူမှုရေးပေါင်းသင်းမှုဖြစ်သည့် မင်္ဂလာကျွေးမွေးဧည့်ခံပွဲ ပါဝင်ကြသည်။ ယေရှုသည် ထိုသို့သောကျွေးမွေးဧည့်ခံပွဲတစ်ခုကို တက်ရောက်ရန် ရွေးချယ်ခဲ့ကြောင်း သတိရပါ။ ထိုသို့သောဧည့်ခံပွဲရှိမည်ဆိုလျှင် ယင်းပွဲသည်လည်း ဘုရားသခင်ကိုဂုဏ်တင်ရန်၊ ကြင်စဦးမောင်နှံနှင့် ခရစ်ယာန်အသင်းတော်၏ ဂုဏ်အသရေကိုလည်း မညှိုးနွမ်းစေရန် သမ္မာကျမ်းစာမှအကြံပြုချက်သည် မည်သို့အကူအညီပေးနိုင်သနည်း။ ဤအကြောင်းအရာကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။e
-
-
သင့်ယုံကြည်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြင့် တင်ပြပါကင်းမျှော်စင်—၂၀၀၆ | အောက်တိုဘာ ၁၅
-
-
သင့်ယုံကြည်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြင့် တင်ပြပါ
“အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် . . . အသေဖြစ်၏။”—ယာကုပ် ၂:၁၇။
၁။ အစောပိုင်းခရစ်ယာန်များသည် ယုံကြည်ခြင်းနှင့် အကျင့်နှစ်ခုစလုံးကို အဘယ်ကြောင့်ဂရုစိုက်ခဲ့ကြသနည်း။
အစောပိုင်းခရစ်ယာန်အများစုသည် မိမိတို့၏ယုံကြည်ခြင်းကို အသက်ရှင်နေထိုင်ပုံဖြင့် သက်သေပြခဲ့ကြသည်။ တပည့်ဖြစ်သူယာကုပ်က ခရစ်ယာန်အားလုံးကို ဤသို့တိုက်တွန်းခဲ့၏– “တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။” ဤသို့ထပ်ဆင့်ဆိုခဲ့၏– “ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။” (ယာကုပ် ၁:၂၂; ၂:၂၆) ယင်းစကားများကိုရေးသားပြီး နှစ်ပေါင်း ၃၅ နှစ်ခန့်အကြာတွင် ခရစ်ယာန်များစွာသည် မိမိတို့၏ယုံကြည်ခြင်းကို သင့်လျော်သည့်အကျင့်များဖြင့် ဆက်၍တင်ပြနေခဲ့ကြသည်။ ဝမ်းနည်းစရာမှာ အချို့မှာမူ ထိုသို့မတင်ပြခဲ့ကြချေ။ ယေရှုက စမုရနမြို့ရှိအသင်းတော်ကို ချီးမွမ်းခဲ့သော်လည်း သာဒိမြို့ရှိအသင်းတော်ကို ဤသို့မိန့်တော်မူခဲ့၏– “သင်၏အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်။”—ဗျာ. ၂:၈-၁၁; ၃:၁။
၂။ ခရစ်ယာန်များသည် မိမိတို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ မိမိကိုယ်ကို မည်သို့မေးသင့်သနည်း။
၂ သို့ဖြစ်၍ ယေရှုက သာဒိမြို့ရှိသူတို့—နောက်ပိုင်း ကိုယ်တော်၏စာကိုဖတ်သူအားလုံး—အား ခရစ်ယာန်အမှန်တရားပေါ်ထားရှိသော သူတို့၏ကနဦးမေတ္တာ ထင်ရှားပြရန်နှင့် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြားရှိရန် အားပေးခဲ့သည်။ (ဗျာ. ၃:၂၊ ၃) တစ်ဦးချင်းစီသည် မိမိတို့ကိုယ်ကို ဤသို့မေးနိုင်သည်– ‘ကျွန်ုပ်၏အပြုအမူများ မည်သို့ရှိသနည်း။ ဟောပြောခြင်း၊ အသင်းတော်အစည်းအဝေးများနှင့် တိုက်ရိုက်ဆက်နွှယ်မှုမရှိသော အခန်းကဏ္ဍများနှင့်ပတ်သက်လျှင်လည်း ကျွန်ုပ်၏ယုံကြည်ခြင်းနှင့်အညီ အတတ်နိုင်ဆုံးလုပ်ဆောင်နေကြောင်း ကျွန်ုပ်၏အပြုအမူက အထင်အရှားပြပါသလော။’ (လုကာ ၁၆:၁၀) ယုံကြည်ခြင်းရှိကြောင်း ဘဝကဏ္ဍများစွာဖြင့် ပြသနိုင်သည်။ သို့သော် ကဏ္ဍတစ်ခုဖြစ်သော ခရစ်ယာန်မင်္ဂလာပွဲပြီးနောက် ကျင်းပလေ့ရှိသည့် ဧည့်ခံပွဲအပါအဝင် မိတ်ဆုံပွဲများအခန်းကဏ္ဍကို သုံးသပ်ကြည့်ကြစို့။
မိတ်ဆုံပွဲလေးများ
၃။ မိတ်ဆုံပွဲများတွင်ပါဝင်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာရှုမြင်ချက်ကား အဘယ်နည်း။
၃ ကျွန်ုပ်တို့အများစုသည် ပျော်စရာကောင်းသောခရစ်ယာန်မိတ်ဆုံပွဲသို့ ဖိတ်ခေါ်ခံရသည်ကို လေးမြတ်ကြသည်။ ယေဟောဝါသည် “ပျော်ရွှင်တော်မူသောဘုရားသခင်” ဖြစ်တော်မူပြီး ကိုယ်တော်၏ကျေးကျွန်များကိုလည်း ပျော်ရွှင်စေလိုတော်မူသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) ကိုယ်တော်သည် ရှောလမုန်အား ဤအမှန်တရားကို သမ္မာကျမ်းစာတွင် ရေးသားစေခဲ့သည်– “ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား လူသည် နေအောက်မှာစားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသော အမှုမရှိ။ . . . ကြိုးစားအားထုတ်၍ရသော အကျိုးတို့တွင် ထိုအကျိုးကိုသာ အမြဲခံရ၏။” (ဒေ. ၃:၁၊ ၄၊ ၁၃; ၈:၁၅) ထိုသို့သောပျော်မွေ့ခြင်းအမှုမှာ မိသားစုထမင်းစားချိန် သို့မဟုတ် စစ်မှန်သောဝတ်ပြုကိုးကွယ်သူတို့နှင့်အတူ မိတ်ဆုံပွဲလေးများကျင်းပချိန်တို့ ဖြစ်ပေမည်။—ယောဘ ၁:၄၊ ၅၊ ၁၈; လုကာ ၁၀:၃၈-၄၂; ၁၄:၁၂-၁၄။
၄။ မိတ်ဆုံပွဲတစ်ခုကို စီစဉ်နေသူတစ်ဦးသည် အဘယ်အရာကို ဂရုစိုက်သင့်သနည်း။
၄ သင်သည် ထိုသို့သောမိတ်ဆုံပွဲတစ်ခုကိုစီစဉ်နေပြီး ယင်းကို တာဝန်ယူလုပ်ဆောင်မည့်သူဖြစ်ပါက စားသောက်ရန်နှင့် ရင်းနှီးစွာပေါင်းသင်းရန် ယုံကြည်သူချင်းအနည်းငယ်ကိုသာ ဖိတ်ခေါ်မည်ဖြစ်သည့်တိုင် အသေအချာစီစဉ် သုံးသပ်သင့်သည်။ (ရောမ ၁၂:၁၃) “အထက်မှသက်ရောက်သောပညာ” ၏လမ်းညွှန်မှုဖြင့် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်” ထားသည်ကို သင်တွေ့မြင်လိုပေမည်။ (ယာကုပ် ၃:၁၇; ၁ ကောရိန္သု ၁၄:၄၀) တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့။ . . . ထိမိ၍လဲစရာအကြောင်းကိုမပြု” နှင့်။ (၁ ကောရိန္သု ၁၀:၃၁၊ ၃၃) အထူးဂရုစိုက်ဖို့ လိုအပ်သည့်အရာအချို့မှာ အဘယ်နည်း။ ထိုသို့ကြိုတင်သုံးသပ်ထားခြင်းဖြင့် သင်နှင့် သင်၏ဧည့်သည်များသည် မိမိတို့၏ယုံကြည်ခြင်းကို အပြုအမူဖြင့်တင်ပြနိုင်ရန် အထောက်အကူပြုမည်။—ရောမ ၁၂:၂။
မည်သို့သောမိတ်ဆုံပွဲဖြစ်မည်နည်း
၅။ အရက်ယမကာတည်ခင်းမည်၊ တေးဂီတအသုံးပြုမည်တို့နှင့်ပတ်သက်၍ အိမ်ရှင်သည် အဘယ်ကြောင့်အထူးဂရုစိုက်သင့်သနည်း။
၅ ဧည့်ခံသူအိမ်ရှင်အများစုသည် အရက်ယမကာတည်ခင်းခြင်းကိစ္စနှင့် ရင်ဆိုင်ကြရသည်။ တည်ဆောက်မှုဖြစ်စေသော မိတ်ဆုံပွဲဖြစ်ဖို့ အရက်တည်ခင်းရန် မလိုအပ်ပါ။ ယေရှုသည် ကိုယ်တော်ထံရောက်လာကြသော လူအုပ်ကြီးအား မုန့်နှင့် ငါးများကို ပွားများစေပြီး ကျွေးမွေးခဲ့သည်ကို သတိရပါ။ ကိုယ်တော်သည် အံ့ဖွယ်နည်းဖြင့် စပျစ်ရည်ပြုလုပ်နိုင်စွမ်းရှိသည်ကို ကျွန်ုပ်တို့သိထားကြသည်၊ သို့သော် ယင်းသို့လုပ်ဆောင်ခဲ့သည်ဟု မှတ်တမ်းတွင် မဖော်ပြထားပါ။ (မဿဲ ၁၄:၁၄-၂၁) သင်သည် မိတ်ဆုံပွဲတွင် အရက်ယမကာဖြင့် တည်ခင်းဧည့်ခံမည်ဟု ဆုံးဖြတ်ပါက မည်မျှတည်ခင်းမည်နှင့်ပတ်သက်၍ ချင့်ချိန်မှုရှိပါ၊ အချိုရည်ပိုနှစ်သက်သူများအတွက် အချိုရည်ရှိရန် သေချာစေပါ။ (၁ တိမောသေ ၃:၂၊ ၃၊ ၈; ၅:၂၃; ၁ ပေတရု ၄:၃) “မြွေကဲ့သို့ကိုက်တတ်” သောအရာကို သောက်ရန် ဖိအားပေးသည်ဟု တစ်စုံတစ်ဦးခံစားသွားစေသည့်အဖြစ်မျိုး ဘယ်သောအခါမျှ မပြုလုပ်ပါနှင့်။ (သု. ၂၃:၂၉-၃၂) တေးဂီတ၊ တေးသီချင်းတို့နှင့်ပတ်သက်၍ကော အသို့နည်း။ သင်၏မိတ်ဆုံပွဲတွင် တေးဂီတကို အသုံးပြုမည်ဆိုပါက သင်သည် တီးလုံးနှင့် သီချင်းစာသား နှစ်ခုစလုံးကိုထည့်တွက်ကာ သီချင်းများကို ဂရုတစိုက်သေချာစွာရွေးချယ်ပေမည်။ (ကောလောသဲ ၃:၈; ယာကုပ် ၁:၂၁) ဘုရားသခင့်နိုင်ငံတော်တေးသံသာဖွင့်ပြီး ထိုသီချင်းများကို အတူတကွသီဆိုကြခြင်းသည် ပျော်ရွှင်ဖွယ် ဝန်းကျင်လေးတစ်ခုဖြစ်စေကြောင်း ခရစ်ယာန်များစွာ တွေ့ရှိခဲ့ကြပြီ။ (ဧဖက် ၅:၁၉၊ ၂၀) တေးသီချင်းသံသည် နှစ်လို့ဖွယ်စကားစမြည်ပြောဆိုမှုနှင့် အိမ်နီးချင်းများကို အနှောင့်အယှက်မဖြစ်ရန် အသံပမာဏကို မှန်မှန်စစ်ဆေးပါ။—မဿဲ ၇:၁၂။
၆။ အိမ်ရှင်သည် ယုံကြည်ခြင်းနှင့်အညီ နေထိုင်သူဖြစ်ကြောင်း စကားစမြည်ပြောဆိုခြင်း သို့မဟုတ် အခြားလုပ်ဆောင်မှုများတွင် မည်သို့တင်ပြနိုင်သနည်း။
၆ မိတ်ဆုံပွဲတစ်ခုတွင် ခရစ်ယာန်များသည် အကြောင်းအရာအမျိုးမျိုးကို ပြောကြပေမည်၊ အကြောင်းအရာတစ်ခုခုကို အသံကျယ်ကျယ်ဖြင့် ဖတ်ပေမည်၊ သို့မဟုတ် စိတ်ဝင်စားဖွယ်တွေ့ကြုံမှုများကို ပြောပြကြပေမည်။ စကားစမြည်ပြောဆိုမှုသည် လမ်းလွဲနေမည်ဆိုလျှင် အိမ်ရှင်သည် လိမ္မာပါးနပ်စွာ ပြန်လည်တည့်မတ်ပေးနိုင်သည်။ တစ်ဦးတစ်ယောက်သည် စကားစမြည်ပြောဆိုမှုကို လွှမ်းမိုးထားခြင်းမရှိစေရန် အိမ်ရှင်က ဂရုစိုက်သင့်သည်။ တစ်ဦးတစ်ယောက်သည် ထိုသို့လွှမ်းမိုးလာကြောင်း အိမ်ရှင်သတိပြုမိလျှင် ပညာသတိရှိရှိဖြင့် ထိုသူကိုအသိပေးကာ အခြားသူများလည်း စကားဝိုင်းတွင်ပါဝင်လာစေရန် လုပ်ဆောင်ပေးနိုင်သည်။ လူငယ်များကို စကားပြောစေခြင်း၊ အကြောင်းအရာတစ်ခုကို အစပြုပေးကာ မှတ်ချက်များပေးရန် ဖိတ်ခေါ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ယင်းသို့သောမိတ်ဆုံပွဲတွင် လူငယ်ရော လူကြီးများပါ ပျော်ရွှင်ကြမည်ဖြစ်သည်။ မိတ်ဆုံပွဲစီစဉ်သူအနေဖြင့် သင်သည် ကိစ္စရပ်များကို ပညာရှိစွာ၊ လိမ္မာပါးနပ်စွာ ဦးဆောင်သွားမည်ဆိုလျှင် ဧည့်သည်များရှေ့တွင် သင်၏ ‘အကျိုးသင့်အကြောင်းသင့်ဖြစ်မှုသည် ထင်ရှားပေလိမ့်မည်။’ (ဖိလိပ္ပိ ၄:၅) သူတို့က သင်သည် ယုံကြည်ခြင်းနှင့်အညီ နေထိုင်သူဖြစ်ကြောင်း၊ သင့်ဘဝအသက်တာကဏ္ဍအားလုံးအပေါ် ယုံကြည်ခြင်းသက်ရောက်မှုရှိကြောင်း ကောက်ချက်ချကြပေမည်။
မင်္ဂလာပွဲအခမ်းအနားနှင့် မင်္ဂလာကျွေးမွေးဧည့်ခံပွဲများ
၇။ မင်္ဂလာပွဲအခမ်းအနားနှင့် ကျွေးမွေးဧည့်ခံရန် စီစဉ်ရာတွင် အဘယ်ကြောင့် ချင့်ချိန်ထိုက်သနည်း။
၇ ရွှင်လန်းမှုဖြစ်စေသည့် အထူးအခါသမယတစ်ခုမှာ ခရစ်ယာန်မင်္ဂလာဆောင်ပွဲဖြစ်သည်။ ယေရှုနှင့် ကိုယ်တော်၏တပည့်များအပါအဝင် ဘုရားသခင်၏ရှေးမှကျေးကျွန်များသည် ကျွေးမွေးဧည့်ခံပွဲအပါအဝင် ထိုအခါသမယများတွင် ပျော်ရွှင်စွာပါဝင်ခဲ့ကြသည်။ (ကမ္ဘာဦး ၂၉:၂၁၊ ၂၂; ယောဟန် ၂:၁၊ ၂) သို့သော် မကြာသေးမီနှစ်များအတွေ့အကြုံအရ မင်္ဂလာဆောင်ပွဲနှင့်ဆက်နွှယ်သော လူမှုရေးကိစ္စများစီစဉ်ရာတွင် အကျိုးသင့်အကြောင်းသင့်ရှိရန်နှင့် ခရစ်ယာန်ဟန်ချက်မပျက်စေရန် အထူးအားထုတ်မှုလိုအပ်ကြောင်း အထင်အရှားဖော်ပြသည်။ သို့တိုင် ထိုလူမှုရေးကိစ္စများသည် ဘဝအသက်တာ၏ သာမန်အရေးကိစ္စများဖြစ်ကြပြီး ခရစ်ယာန်ယုံကြည်ခြင်းနှင့်အညီဖြစ်ကြောင်း တင်ပြခွင့်ရစေသည်။
၈၊ ၉။ မင်္ဂလာဆောင်ပွဲများစွာ၏ လုပ်ဆောင်မှုများသည် ၁ ယောဟန် ၂:၁၆၊ ၁၇ တွင်ဖတ်ရသည့်အချက်ကို မည်သို့ထောက်ခံကြသနည်း။
၈ မင်္ဂလာဆောင်ခြင်းနှင့်ပတ်သက်သော ဘုရားသခင့်မူများကို မသိသောသူနှင့် ဂရုမစိုက်ကြသောသူများသည် မင်္ဂလာပွဲကို အလွန်အကျွံပြုမူနိုင်သည့် သို့မဟုတ် ယင်းကို လက်ခံခွင့်ပြုသည့် အခါသမယအဖြစ် ရှုမြင်ကြသည်။ ဥရောပမဂ္ဂဇင်းတစ်စောင်တွင် လက်ထပ်ပြီးခါစဇနီးသည်တစ်ဦးက မိမိ၏ “တော်ဝင်” တမျှ မင်္ဂလာဆောင်ပွဲအကြောင်းကို ဤသို့ပြော၏– ‘မြင်းလေးကောင်ကတဲ့ မြင်းရထားကို ကျွန်မတို့စီးတယ်။ ကျွန်မတို့မြင်းရထားနောက်မှာ တေးဂီတဝိုင်းတစ်ခုကို တင်ဆောင်ထားတဲ့ မြင်းရထားတစ်ခုအပါအဝင် မြင်းရထား ၁၂ လုံးလိုက်ပါလာခဲ့တယ်။ အဲ့ဒီနောက် ကျွန်မတို့ဟာ အကောင်းဆုံးတေးဂီတနဲ့ စားကောင်းသောက်ဖွယ်တွေ စားသုံးကြတယ်။ တကယ့်ကိုအထူးပါပဲ။ ကျွန်မတောင့်တခဲ့တဲ့အတိုင်းပဲဖြစ်ခဲ့တယ်။ အဲ့ဒီနေ့မှာ ကျွန်မဟာ ဘုရင်မပဲပေါ့။’
၉ ဒေသတစ်ခုနှင့်တစ်ခု ဓလေ့ထုံးစံများမတူကြသော်လည်း ထိုသဘောထားများသည် တမန်တော်ယောဟန်ရေးသားခဲ့ရာကို အထင်အရှားထောက်ခံ၏– “လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။” ရင့်ကျက်သောခရစ်ယာန်မောင်နှံစုံသည် ငွေကုန်ကြေးကျများသောဧည့်ခံပွဲပါဝင်သည့် “တော်ဝင်” တမျှ မင်္ဂလာအခမ်းအနားပြုလုပ်လိုသည့် ဆန္ဒရှိပါမည်လော။ ယင်းအစား သူတို့သည် “ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား . . . ထာဝရတည်၏” ဟူသည့်ကျမ်းချက်ကို ဂရုပြုသင့်သည်။—၁ ယောဟန် ၂:၁၆၊ ၁၇။
၁၀။ (က) အကျိုးသင့်အကြောင်းသင့်ရှိသော မင်္ဂလာဆောင်ပွဲတစ်ခုဖြစ်ရန် ကြိုတင်စီစဉ်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ဖိတ်ခေါ်မည့်သူတို့နှင့်ပတ်သက်၍ မည်သို့ ဆုံးဖြတ်ချက်များချသင့်သနည်း။
၁၀ ခရစ်ယာန်မောင်နှံစုံများသည် လက်တွေ့ကျပြီး အကျိုးသင့်အကြောင်းသင့်ရှိလိုကြသည်။ ယင်းသို့ဖြစ်စေရန် သမ္မာကျမ်းစာက သူတို့ကို အကူအညီပေးနိုင်သည်။ မင်္ဂလာဆောင်သောနေ့သည် အထူးအခါသမယဖြစ်သော်လည်း ထာဝရအသက်မျှော်လင့်ချက်ရှိကြသော ခရစ်ယာန်နှစ်ဦးအဖို့ ယင်းသည် အိမ်ထောင်သည်ဘဝ၏ အစမျှသာဖြစ်ကြောင်း သူတို့သိထားကြသည်။ ကြီးကျယ်သည့် မင်္ဂလာကျွေးမွေးဧည့်ခံပွဲလုပ်ရမည်ဟူသည့်တာဝန် သူတို့တွင်မရှိပါ။ ဧည့်ခံပွဲလုပ်ရန်ရွေးချယ်ပါက ဧည့်ခံပွဲအကုန်အကျနှင့် ဧည့်ခံပွဲအမျိုးအစားကို တွက်ချက်စဉ်းစားလိုကြပေမည်။ (လုကာ ၁၄:၂၈) ခရစ်ယာန်ဘဝအသက်တာတွင် ခင်ပွန်းဖြစ်သူသည် ကျမ်းစာအရ ဦးစီးဖြစ်မည်။ (၁ ကောရိန္သု ၁၁:၃; ဧဖက် ၅:၂၂၊ ၂၃) ထို့ကြောင့် သတို့သားသည် မင်္ဂလာဧည့်ခံပွဲအတွက် အဓိကတာဝန်ရှိသည်။ သူသည် မင်္ဂလာဧည့်ခံပွဲသို့ မည်သူတို့ကို၊ သို့မဟုတ် မည်ရွေ့မည်မျှကို ဖိတ်ခေါ်မည်စသည့်ကိစ္စများကို မိမိဇနီးလောင်းနှင့် ချစ်ခင်ကြင်နာစွာ ဆွေးနွေးမည်ဖြစ်သည်။ မိတ်ဆွေများ၊ ဆွေမျိုးများအားလုံးကို ဖိတ်ခေါ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အကျိုးသင့်အကြောင်းသင့်ရှိသော ဆုံးဖြတ်ချက်အချို့ကို ချဖို့လိုပေမည်။ မောင်နှံစုံသည် အချို့သောခရစ်ယာန်ချင်းများအား မဖိတ်နိုင်သောကြောင့် ထိုသူတို့သည် မိမိတို့အား စိတ်ဆိုးကြမည်မဟုတ်ဘဲ နားလည်ပေးကြမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချသင့်သည်။—ဒေ. ၇:၉။
“ပွဲအုပ်”
၁၁။ မင်္ဂလာပွဲတွင် “ပွဲအုပ်” ၏တာဝန်မှာ အဘယ်အရာဖြစ်နိုင်သနည်း။
၁၁ မောင်နှံစုံသည် မင်္ဂလာကျွေးမွေးဧည့်ခံပွဲကျင်းပရန် ရွေးချယ်မည်ဆိုပါက ထိုအခါသမယကို ဂုဏ်သိက္ခာရှိစေရန် မည်သို့သေချာစေနိုင်သနည်း။ ယေရှုတက်ရောက်ခဲ့သော ကာနမြို့မင်္ဂလာဧည့်ခံပွဲနှင့်ပတ်သက်၍ ဖော်ပြခံရသူပါရှိလျှင် ပညာရှိရာရောက်ကြောင်း ယေဟောဝါသက်သေများ သိရှိခဲ့ကြသည်မှာ နှစ်အတန်ကြာခဲ့ပေပြီ။ ၎င်းမှာ တာဝန်ယူကြီးကြပ်ပေးသော ယုံကြည်ခြင်းတူသူ “ပွဲအုပ်” တစ်ဦးဖြစ်သည်။ (ယောဟန် ၂:၉၊ ၁၀) အလားတူပင် ပညာရှိသောသတို့သားသည် ဤအရေးကြီးသောတာဝန်အတွက် ဝိညာဉ်ရေးတွင်ရင့်ကျက်သော ခရစ်ယာန်ညီအစ်ကိုတစ်ဦးကို ရွေးချယ်ပေမည်။ ပွဲအုပ်သည် သတို့သားဆန္ဒရှိရာ၊ လုပ်ဆောင်လိုသောအရာများကို မေးမြန်းထားခြင်းဖြင့် ဧည့်ခံပွဲမတိုင်မီနှင့် ဧည့်ခံပွဲအတွင်း ယင်းအတိုင်း လုပ်ဆောင်သွားနိုင်မည်။
၁၂။ သတို့သားသည် အရက်ယမကာတည်ခင်းခြင်းနှင့်ပတ်သက်၍ အဘယ်အရာကို သုံးသပ်သင့်သနည်း။
၁၂ အပိုဒ် ၅ ၌သုံးသပ်ခဲ့သည့်အချက်နှင့်အညီ လုပ်ဆောင်ရာတွင် မောင်နှံစုံအချို့သည် မင်္ဂလာပွဲအခါသမယ၏ ပျော်ရွှင်မှုနှင့် အောင်မြင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် သောက်ကြူးသွားခြင်းမျိုးမဖြစ်စေရန် အရက်ယမကာကို မတည်ခင်းဖို့ ရွေးချယ်ကြသည်။ (ရောမ ၁၃:၁၃; ၁ ကောရိန္သု ၅:၁၁) သို့သော် အရက်ယမကာကိုပါဝင်စေကြမည်ဆိုလျှင် သတို့သားသည် အတော်အသင့်တည်ခင်းဧည့်ခံခြင်းဖြစ်ဖို့ သေချာစေသင့်သည်။ ယေရှုတက်ရောက်ခဲ့သော ကာနမြို့မင်္ဂလာဆောင်ပွဲတွင် စပျစ်ရည်ပါဝင်ခဲ့ပြီး ကိုယ်တော်သည် စပျစ်ရည်ကောင်းကို ပြုလုပ်ပေးတော်မူခဲ့သည်။ စိတ်ဝင်စားစရာမှာ ပွဲအုပ်ပြောသောစကားဖြစ်သည်– “လူတိုင်းမှာ စပျစ်ရည်ကောင်းကိုဦးစွာတည်၍ မူးယစ်ကြပြီးမှ အညံ့ကိုတည်တတ်သည်။ သင်မူကား ယခုတိုင် စပျစ်ရည်ကောင်းကိုချန်ထားပြီ။” (ယောဟန် ၂:၁၀၊ ကဘ) ယေရှုသည် မူးယစ်ခြင်းကို အပြစ်အဖြစ်ရှုမြင်တော်မူသောကြောင့် ယစ်မူးစေရန် အားပေးမည်မဟုတ်ပါ။ (လုကာ ၁၂:၄၅၊ ၄၆) ပွဲအုပ်သည် စပျစ်ရည်၏အရည်အသွေးကိုအံ့ဩ၍ သူကြုံတွေ့ဖူးသော မင်္ဂလာဆောင်ပွဲအချို့တွင် ဧည့်သည်များမူးယစ်ကြသည့် အဖြစ်အပျက်ကို မြင်သာအောင် ပြောခဲ့ခြင်းဖြစ်သည်။ (တမန်တော် ၂:၁၅; ၁ သက်သာလောနိတ် ၅:၇) ထို့ကြောင့် သတို့သားနှင့် ပွဲအုပ်အဖြစ်တာဝန်ရရှိသော ယုံကြည်စိတ်ချရသူခရစ်ယာန်သည် “လွန်ကြူးစေတတ်သော စပျစ်ရည်နှင့်ယစ်မူးခြင်းကိုရှောင်” ပါဟူသည့် ရှင်းလင်းသောညွှန်ကြားချက်ကို တက်ရောက်သူအားလုံး လိုက်နာကြကြောင်း သေချာစေရမည်။—ဧဖက် ၅:၁၈; သု. ၂၀:၁; ဟောရှေ ၄:၁၁။
၁၃။ မောင်နှံစုံသည် မင်္ဂလာကျွေးမွေးဧည့်ခံပွဲတွင် တေးဂီတပါဝင်စေမည်ဆိုပါက အဘယ်အရာကို သုံးသပ်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၃ အခြားမိတ်ဆုံပွဲများတွင်ကဲ့သို့ တေးဂီတသုံးမည်ဆိုပါက စကားစမြည်ပြောဆိုနိုင်သည့် အသံပမာဏဖြစ်ရန် ဂရုစိုက်သင့်သည်။ ခရစ်ယာန်အကြီးအကဲတစ်ဦး ဤသို့ဆို၏– “ညနေပိုင်းရောက်လာလို့ စကားစမြည်ပြောလို့ကောင်းလာတဲ့အချိန် ဒါမှမဟုတ် စပြီးကကြတဲ့အချိန်မှာ တစ်ခါတလေ တေးသံကို ကျယ်လိုက်တယ်။ တေးသံကျယ်လိုက်မယ်ဆိုရင် စကားစမြည်ပြောတာကို အနှောင့်အယှက်ဖြစ်စေတယ်။ မင်္ဂလာဧည့်ခံပွဲတစ်ခုဟာ နှစ်သက်ဖွယ်ကောင်းတဲ့ ပေါင်းသင်းဆက်ဆံမှုလုပ်ဖို့ အခွင့်အရေးတစ်ခုပါ။ ကျယ်လောင်တဲ့တေးသံကြောင့် အဲ့ဒီအခွင့်အရေးဆုံးရှုံးရင် ဝမ်းနည်းစရာပါပဲ!” ဤတွင်တစ်ဖန် တေးဂီတပညာရှင်များကို ငှားထားသည်ဖြစ်စေ၊ မငှားသည်ဖြစ်စေ တေးသီချင်းအမျိုးအစားနှင့် အသံပမာဏကို ဤအတိုင်းလွှတ်ထားမည်မဟုတ်ဘဲ သတို့သားနှင့် ပွဲအုပ်သည် တာဝန်ရှိသူများဖြစ်သည့်အလျောက် အရေးယူဆောင်ရွက်ဖို့လိုသည်။ ပေါလု ဤသို့ရေးခဲ့၏– “စကားပြောသော်လည်းကောင်း၊ အမှုဆောင်ရွက်သော်လည်းကောင်း သခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှုတို့ကိုပြု” လော့။ (ကောလောသဲ ၃:၁၇) ဧည့်သည်များသည် မင်္ဂလာကျွေးမွေးဧည့်ခံပွဲပြီးနောက် အိမ်ပြန်ချိန်တွင် မောင်နှံစုံသည် တေးဂီတအပါအဝင် ခပ်သိမ်းသောအမှုတို့ကို ယေရှု၏နာမတော်ကိုထောက်၍ လုပ်ဆောင်ခဲ့ကြောင်း အမှတ်ရကြမည်လော။ ထိုသို့အမှတ်ရစေသင့်သည်။
၁၄။ မင်္ဂလာပွဲတစ်ခုနှင့်ပတ်သက်၍ ခရစ်ယာန်များ အဘယ်အရာ အမှတ်တရဖြစ်သင့်သနည်း။
၁၄ မှန်ပါသည်၊ ကောင်းစွာစီစဉ်ထားသော မင်္ဂလာပွဲသည် နှစ်သက်ဖွယ်အမှတ်တရဖြစ်နိုင်သည်။ အိမ်ထောင်သက်တမ်း ၃၀ ရှိပြီဖြစ်သော အေဒမ်နှင့် အဲဒီတာတို့သည် မင်္ဂလာပွဲတစ်ခုနှင့်ပတ်သက်၍ ဤသို့ဆို၏– “တကယ့်ကို ခရစ်ယာန်အသိုင်းအဝိုင်းလေးတစ်ခုပါပဲ။ ယေဟောဝါကိုချီးမွမ်းတဲ့ သီချင်းတွေဆိုကြတယ်။ တခြားပျော်စရာအစီအစဉ်တွေလည်းပါတယ်။ က,တာနဲ့တေးသီချင်းကို ဒုတိယနေရာမှာထားကြတယ်။ ကြည်နူးစရာကောင်းပြီး တည်ဆောက်မှုဖြစ်စေတယ်။ အရာအားလုံး ကျမ်းစာမူတွေနဲ့ကိုက်ညီတယ်။” သတို့သမီးနှင့် သတို့သားသည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်အားဖြင့်တင်ပြရန် လုပ်နိုင်သည့်အရာများစွာရှိပါသည်။
မင်္ဂလာလက်ဖွဲ့များ
၁၅။ မင်္ဂလာလက်ဖွဲ့နှင့်ပတ်သက်၍ အဘယ်ကျမ်းစာဆုံးမစကားကို ကျင့်သုံးနိုင်သနည်း။
၁၅ ဒေသများစွာတွင် မိတ်ဆွေများနှင့် ဆွေမျိုးများက အိမ်ထောင်ပြုသူတို့ကို လက်ဖွဲ့ပေးသည့်ထုံးစံရှိကြသည်။ ထိုသို့ပြုမည်ဆိုလျှင် အဘယ်အရာကို စိတ်စွဲမှတ်ရမည်နည်း။ “လောကီစည်းစိမ်၌ဝါကြွားခြင်း” နှင့်ပတ်သက်၍ တမန်တော်ယောဟန်၏စကားကို ပြန်အမှတ်ရပါ။ ယင်းသို့ဝါကြွားခြင်းကို မိမိတို့၏ယုံကြည်ခြင်းကို လုပ်ရပ်ဖြင့်တင်ပြသော ခရစ်ယာန်များနှင့် ဆက်စပ်မဖော်ပြဘဲ ‘ရွေ့သွားကွယ်ပျောက်မည့် လောက’ နှင့်ဆက်စပ်ဖော်ပြခဲ့သည်။ (၁ ယောဟန် ၂:၁၆၊ ၁၇) ယောဟန်၏မှုတ်သွင်းခံစကားကိုထောက်သော် ကြင်စဦးမောင်နှံသည် လက်ဖွဲ့ပေးသူတို့၏အမည်ကို လူအများရှေ့ကြေညာရန် သင့်လျော်ပါမည်လော။ မာကေဒေါနိပြည်နှင့် အခါယပြည်မှ ခရစ်ယာန်တို့သည် ယေရုရှလင်မြို့ရှိ ညီအစ်ကိုတို့အတွက် အလှူငွေများ လှူဒါန်းခဲ့ကြသော်လည်း သူတို့၏အမည်များကို လူသိရှင်ကြားမဖော်ပြခဲ့ကြပါ။ (ရောမ ၁၅:၂၆) မင်္ဂလာလက်ဖွဲ့ပေးကြသော ခရစ်ယာန်များစွာသည် မိမိတို့ကို အာရုံစိုက်လာစေမည့်အစား အမည်မဖော်ပြသည်ကို နှစ်သက်ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ မဿဲ ၆:၁-၄ တွင်တွေ့ရသော ယေရှု၏ဆုံးမစကားကို ပြန်သုံးသပ်ပါ။
၁၆။ ကြင်စဦးဇနီးမောင်နှံသည် မင်္ဂလာလက်ဖွဲ့နှင့်ပတ်သက်၍ အခြားသူများစိတ်ထိခိုက်ခြင်းမဖြစ်ရန် မည်သို့ရှောင်ကြဉ်နိုင်သနည်း။
၁၆ လက်ဖွဲ့ပေးသူ၏အမည်ကို လူသိရှင်ကြားဖော်ပြခြင်းက မည်သည့်လက်ဖွဲ့သည် ပို၍ကောင်းသည်၊ ပို၍တန်ဖိုးရှိသည်စသဖြင့် ‘အပြိုင်အဆိုင်စိတ်ဓာတ်ကို နှိုးဆွ’ ပေးရာရောက်သွားနိုင်သည်။ ထို့ကြောင့် ပညာရှိသောကြင်စဦးခရစ်ယာန်မောင်နှံသည် လက်ဖွဲ့ပေးသူတို့၏အမည်ကို လူသိရှင်ကြားကြေညာခြင်းကို ရှောင်မည်ဖြစ်သည်။ လက်ဖွဲ့ပေးသူတို့၏အမည်ကို ကြေညာခြင်းသည် လက်ဖွဲ့မပေးနိုင်သူတို့ကို အနေခက်စေပေမည်။ (ဂလာတိ ၅:၂၆၊ ကဘ; ဂလာတိ ၆:၁၀) သတို့သမီးနှင့် သတို့သားတို့ကို မည်သူလက်ဖွဲ့ပေးကြောင်း သိရှိစေခြင်းသည် မမှားပါ။ လက်ဖွဲ့နှင့်အတူ သင့်လျော်သောကတ်တစ်ခုတွင် ရေးပေးခြင်းဖြင့် မည်သူပေးကြောင်း သိနိုင်သည်။ သို့သော် ယင်းကို အများရှေ့ဖတ်ပြရန်မဟုတ်ပါ။ မင်္ဂလာလက်ဖွဲ့ဝယ်ခြင်း၊ ပေးခြင်း၊ လက်ခံခြင်းကဲ့သို့သော ကိုယ်ရေးကိုယ်တာကိစ္စများတွင်ပင် ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ယုံကြည်ခြင်းကို အပြုအမူအားဖြင့် တင်ပြခွင့်ရရှိကြသည်။a
၁၇။ ခရစ်ယာန်များသည် မိမိတို့၏ယုံကြည်ခြင်း၊ အကျင့်တို့နှင့်ပတ်သက်၍ အဘယ်ပန်းတိုင်ထားရှိသင့်သနည်း။
၁၇ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို သက်သေပြရာတွင် ကိုယ်ကျင့်တရားစင်ကြယ်စွာနေထိုင်ခြင်း၊ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းတို့ထက်မက ပို၍ပါဝင်ပတ်သက်သည်။ ကျွန်ုပ်တို့လုပ်ဆောင်ရာအားလုံးအပေါ် အကျိုးသက်ရောက်မှုရှိသည့် ရှင်သန်သောယုံကြည်ခြင်းကို ကျွန်ုပ်တို့တစ်ဦးစီ ပိုင်ဆိုင်နိုင်ကြပါစေ။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အထက်တွင်ဆွေးနွေးခဲ့သော ဘဝအသက်တာကဏ္ဍများအပါအဝင် အကျင့်များဖြင့် ‘စုံလင်စွာ’ တင်ပြနိုင်ပါသည်။—ဗျာ. ၃:၂။
၁၈။ ခရစ်ယာန်မင်္ဂလာပွဲများ၊ ဧည့်ခံပွဲများနှင့်ပတ်သက်၍ ယောဟန် ၁၃:၁၇ ပါစကားများမှန်ကန်ကြောင်း မည်သို့ထင်ရှားပြနိုင်သနည်း။
၁၈ ယေရှုသည် နိမ့်ကျသောအလုပ်ဖြစ်သည့် တမန်တော်များ၏ခြေကိုဆေးပေးခြင်းဖြင့် တည်ကြည်သောတမန်တော်များအတွက် ပုံသက်သေပြပြီးနောက် ဤသို့မိန့်တော်မူခဲ့၏– “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။” (ယောဟန် ၁၃:၄-၁၇) ယနေ့ ကျွန်ုပ်တို့နေထိုင်ရာဒေသတွင် ကျွန်ုပ်တို့အိမ်သို့ရောက်လာသည့် ဧည့်သည်တစ်ဦးကဲ့သို့သော အခြားသူတစ်ဦးဦးကို ခြေဆေးပေးသည့်ထုံးစံရှိမည်မဟုတ်၊ ခြေဆေးပေးဖို့လိုမည်မဟုတ်ပါ။ သို့ရာတွင် ဤဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ခဲ့ပြီးဖြစ်သည်အတိုင်း မိတ်ဆုံပွဲများ၊ ခရစ်ယာန်မင်္ဂလာဆောင်ပွဲများနှင့် ဆက်နွှယ်နေသူတို့အပါအဝင် ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မေတ္တာ၊ ထောက်ထားစာနာမှုရှိသောအပြုအမူတို့ဖြင့် ထင်ရှားပြနိုင်သည့် အခြားဘဝကဏ္ဍများရှိသည်။ အိမ်ထောင်ပြုမည့်သူဖြစ်စေ၊ မင်္ဂလာပွဲတက်ရောက်သည့်ဧည့်သည်ဖြစ်စေ၊ ပျော်ရွှင်ဖွယ်ကျွေးမွေးဧည့်ခံပွဲတက်ရောက်သော ခရစ်ယာန်များဖြစ်စေ အပြုအမူအားဖြင့် မိမိတို့ယုံကြည်ခြင်းကို ထင်ရှားပြလိုကြသည်။
[အောက်ခြေမှတ်ချက်]
a မင်္ဂလာပွဲ၊ ဧည့်ခံပွဲနှင့်ပတ်သက်သော ထပ်ဆင့်အချက်အလက်များကို နောက်ဆောင်းပါးဖြစ်သော “သင်၏မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ” တွင် ဖော်ပြထားပါသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• မိတ်ဆုံပွဲကျင်းပရန်စီစဉ်ရာတွင်
• မင်္ဂလာဆောင်ပွဲ သို့မဟုတ် ဧည့်ခံပွဲကျင်းပရန် စီစဉ်ရာတွင်
• မင်္ဂလာလက်ဖွဲ့ပေးခြင်း သို့မဟုတ် လက်ခံ ခြင်းတွင်
သင်၏ယုံကြည်ခြင်းကို မည်သို့ထင်ရှားပြနိုင်သနည်း။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
လူအနည်းငယ်ကိုသာ ဖိတ်ခေါ်သည့်တိုင် “အထက်မှသက်ရောက်သောပညာ” ၏လမ်းညွှန်မှုကိုခံယူပါ
-
-
သင်၏ မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါကင်းမျှော်စင်—၂၀၀၆ | အောက်တိုဘာ ၁၅
-
-
သင်၏ မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ
“ကျွန်တော့်ဘဝအသက်တာမှာ အဓိပ္ပာယ်အရှိဆုံး၊ အပျော်ရွှင်ဆုံးနေ့ရက်တွေထဲမှာ မင်္ဂလာဆောင်တဲ့နေ့ဟာလည်း တစ်ရက်အပါအဝင်ဖြစ်တယ်” ဟု အိမ်ထောင်သက်နှစ်ပေါင်း ၆၀ နီးပါးရှိပြီဖြစ်သော ဂေါ်ဒင်ကဆိုသည်။ စစ်မှန်သောခရစ်ယာန်များအတွက် မင်္ဂလာဆောင်သောနေ့သည် အလွန်အဓိပ္ပာယ်ရှိစေရန် အဘယ်အရာကဖြစ်စေသနည်း။ ယင်းနေ့သည် အလွန်ချစ်မြတ်နိုးရသော—သူတို့၏အဖော်အဖက်နှင့် ယေဟောဝါဘုရားသခင်အား မြင့်မြတ်သောကတိဝန်ခံချက် ပြုသည့်နေ့ရက်ဖြစ်သည်။ (မဿဲ ၂၂:၃၇; ဧဖက် ၅:၂၂-၂၉) မှန်ပါသည်၊ အိမ်ထောင်ပြုရန်စီစဉ်နေကြသော စုံတွဲတို့သည် မိမိတို့၏မင်္ဂလာပွဲနေ့ကို ပျော်စရာကောင်းသောနေ့ ဖြစ်စေလိုကြသည်သာမက အိမ်ထောင်မင်္ဂလာကို အစပြုသောအရှင်အားလည်း ဂုဏ်တင်လိုကြသည်။—ကမ္ဘာဦး ၂:၁၈-၂၄; မဿဲ ၁၉:၅၊ ၆။
သတို့သားသည် ဤပျော်ရွှင်ဖွယ်အခါသမယ၏ဂုဏ်သိက္ခာကို မည်သို့မြှင့်တင်နိုင်သနည်း။ သတို့သမီးသည် သူ၏ခင်ပွန်းနှင့် ယေဟောဝါအား ဂုဏ်တင်ကြောင်းပြရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ အခြားတက်ရောက်သူများလည်း မင်္ဂလာပွဲနေ့၏ရွှင်လန်းမှုကို မည်သို့ထပ်တိုးစေနိုင်ကြသနည်း။ ကျမ်းစာမူအချို့ကို သုံးသပ်ခြင်းက ဤမေးခွန်းများ၏အဖြေရရန် ထောက်ကူပါလိမ့်မည်၊ ယင်းကျမ်းစာမူများကို ကျင့်သုံးခြင်းက ဤအထူးအခါသမယတွင် ဖြစ်ပေါ်လာနိုင်ဖွယ်ပြဿနာများကို လျော့နည်းစေပါလိမ့်မည်။
မည်သူတာဝန်ရှိသနည်း
ဒေသများစွာတွင် မင်္ဂလာအခမ်းအနား၌ ယေဟောဝါသက်သေများ၏ ဓမ္မအမှုဆောင်တစ်ဦးသည် တရားဝင်ကြီးမှူးဆောင်ရွက်သူဖြစ်နိုင်သည်။ အစိုးရကိုယ်စားလှယ်တစ်ဦးရှေ့ တရားဝင်လက်ထပ်ရသည့်ဒေသများ၌ပင်လျှင် မောင်နှံစုံသည် ကျမ်းစာအခြေပြုဟောပြောချက် ပေးစေလိုပေမည်။ ထိုသို့သောဟောပြောချက်တွင် သတို့သားသည် အိမ်ထောင်ဦးစီးအဖြစ် ဘုရားသခင်ပေးအပ်ထားသည့်ကဏ္ဍကို ထင်ရှားပြရန် တောင်းဆိုခံရလေ့ရှိသည်။ (၁ ကောရိန္သု ၁၁:၃) ထို့ကြောင့် သတို့သားသည် လက်ထပ်ပွဲတွင် ဖြစ်ပျက်ရာများအတွက် အဓိကတာဝန်ရှိသူဖြစ်သည်။ သို့ဖြင့် လက်ထပ်ပွဲအခမ်းအနားအစီအစဉ်များနှင့် ဆက်လက်ပြုလုပ်နိုင်သည့် မည်သည့်ဧည့်ခံပွဲအတွက်မဆို ကောင်းစွာကြိုတင်စီစဉ်ထားလေ့ရှိသည်။ ယင်းသည် အဘယ်ကြောင့်ခက်ခဲနိုင်သနည်း။
အကြောင်းရင်းတစ်ခုမှာ တစ်ဖက်ဖက်မှဆွေမျိုးများသည် မင်္ဂလာပွဲအစီအစဉ်များနှင့်ပတ်သက်၍ ကြီးစိုးလွှမ်းမိုးရန် ကြိုးစားလာနိုင်သောကြောင့်ဖြစ်သည်။ မင်္ဂလာပွဲများစွာကို ပြုလုပ်ပေးခဲ့သူ ရိုဒေါလ်ဖိုက ဤသို့မှတ်ချက်ချသည်– “တစ်ခါတလေ သတို့သားဟာ ဆွေမျိုးတွေဆီကနေ ဖိအားပေးမှုကြီးကိုခံရတယ်၊ အထူးသဖြင့် မင်္ဂလာဧည့်ခံပွဲအတွက် အကုန်အကျကို သူတို့အကူအညီပေးလာရင်ပေါ့။ မင်္ဂလာအခမ်းအနားနဲ့ဧည့်ခံပွဲအတွင်း ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး ခိုင်မာတဲ့သဘောထားတွေ သူတို့မှာရှိနိုင်တယ်။ အဲ့ဒါက အခါသမယရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ သတို့သားရဲ့ကျမ်းပေးတာဝန်ကို ထိခိုက်စေနိုင်တယ်။”
နှစ်ပေါင်း ၃၅ နှစ်ထက်မက မင်္ဂလာအခမ်းအနားများကို ဆောင်ရွက်ပေးခဲ့သူ မက်ခ်က ဤသို့မှတ်ချက်ချသည်– “မင်္ဂလာပွဲနဲ့ဧည့်ခံပွဲမှာ ဘာလုပ်မလဲဆိုတာကို သတို့သမီးက ဦးဆောင်ဆုံးဖြတ်သွားတာ ကျွန်တော်သတိပြုမိတယ်။ သတို့သားအနေနဲ့ ပြောဖို့အခွင့်အရေးသိပ်မရှိဘူး။” မင်္ဂလာပွဲများစွာကို ကြီးမှူးခဲ့သူ ဒေးဗစ်ကလည်း ဤသို့မှတ်ချက်ချသည်– “သတို့သားတွေဟာ မင်္ဂလာပွဲပြင်ဆင်တဲ့အခါ ဦးဆောင်ခွင့်ရော၊ ပါဝင်ပတ်သက်ခွင့်ပါ မရရှိကြဘူး။” သတို့သားသည် မိမိတာဝန်ကို ထိထိရောက်ရောက် မည်သို့ထမ်းဆောင်နိုင်သနည်း။
တိုင်ပင်ဆွေးနွေးခြင်းက ရွှင်လန်းမှုကိုတိုးပွားစေ
မင်္ဂလာပွဲအတွက်ပြင်ဆင်ရာတွင် မိမိတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရန် သတို့သားသည် ထိရောက်သောတိုင်ပင်ဆွေးနွေးမှုရှိရမည်။ သမ္မာကျမ်းစာက ဤသို့အတိအလင်းမိန့်ဆိုထားသည်– “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။” (သု. ၁၅:၂၂) သို့သော် သတို့သားသည် မင်္ဂလာပွဲအတွက်ပြင်ဆင်သည့်အခါ သတို့သမီး၊ မိသားစုဝင်များ၊ ကျမ်းစာအခြေပြုအကြံဉာဏ်ကောင်းပေးနိုင်သူများနှင့် ဦးစွာဆွေးနွေးထားမည်ဆိုလျှင် စိတ်ပျက်စရာများစွာကို ရှောင်နိုင်ပေမည်။
မှန်ပါသည်၊ စေ့စပ်ထားသူနှစ်ဦးသည် အစီအစဉ်များနှင့်ဖြစ်လာနိုင်ဖွယ်အရာများကို ဦးစွာဆွေးနွေးထားရန် အရေးကြီးသည်။ အဘယ်ကြောင့်နည်း။ ဥပမာ၊ ယဉ်ကျေးမှုနောက်ခံမတူသော်လည်း အိမ်ထောင်သက်နှစ်ပေါင်းများစွာရှိပြီး ပျော်ရွှင်နေကြသော အီဗန်နှင့် သူ့ဇနီးဒဲလ်ဝင်းတို့၏မှတ်ချက်အချို့ကို သုံးသပ်ကြည့်ပါ။ သူတို့၏မင်္ဂလာပွဲအစီအစဉ်များကို ပြန်သတိရကာ အီဗန်ကဤသို့ပြောသည်– “ကျွန်တော့်မင်္ဂလာဆောင်ပွဲမှာ ကျွန်တော်ပြုလုပ်ချင်တဲ့ သတ်သတ်မှတ်မှတ်စိတ်ကူးလေးတွေရှိတယ်။ ဧည့်ခံပွဲမှာ သူငယ်ချင်းတွေအားလုံး စုံစုံလင်လင်ရှိရမယ်၊ မင်္ဂလာကိတ်တစ်ခုလည်းရှိရမယ်၊ ပြီးတော့ ကျွန်တော့်ရဲ့သတို့သမီးဆိုရင် မင်္ဂလာဝတ်စုံအဖြူလေးနဲ့ပေါ့။ ဒါပေမဲ့ ဒဲလ်ဝင်းကျတော့ မင်္ဂလာကိတ်မပါဘဲ ရိုးရှင်းပြီးအကျဉ်းရုံးတဲ့ မင်္ဂလာပွဲလေးဖြစ်စေချင်တယ်။ သူက မင်္ဂလာဝတ်စုံမဟုတ်ဘဲ ရိုးရိုးအဝတ်အစားကိုဝတ်ဖို့တောင် စိတ်ကူးထားတယ်။”
ထိုမတူညီသောသဘောထားများကို ဤမောင်နှံစုံသည် မည်သို့ညှိယူခဲ့ကြသနည်း။ ကြင်ကြင်နာနာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခြင်းအားဖြင့်ဖြစ်သည်။ (သု. ၁၂:၁၈) အီဗန် ဤသို့ဆက်ပြောသည်– “ဧပြီ ၁၅၊ ၁၉၈၅ ကင်းမျှော်စင်မှာဖော်ပြထားသလို မင်္ဂလာဆောင်ပွဲနဲ့ပတ်သက်တဲ့ ကျမ်းစာအခြေပြုဆောင်းပါးတွေကို ကျွန်တော်တို့လေ့လာခဲ့ကြတယ်။a ဒီဆောင်းပါးက ကျွန်တော်တို့ကို မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဝိညာဉ်ရေးအမြင်ရှိဖို့ ထောက်ကူပေးခဲ့တယ်။ ဘဝနောက်ခံကွဲပြားတဲ့အတွက် ကိုယ့်သဘောထားတွေကို ပြုပြင်ခဲ့ကြပြီး ကိုယ့်အကြိုက်အတော်များများကို အလျော့ပေးလိုက်လျောခဲ့ကြရတယ်။”
အဲရက်နှင့် ပဲန်နီတို့လည်း အလားတူလုပ်ဆောင်ခဲ့ကြသည်။ သူတို့မင်္ဂလာဆောင်သောနေ့နှင့်ပတ်သက်ပြီး အဲရက်က ဤသို့ဆိုသည်– “ပဲန်နီနဲ့ကျွန်တော်တို့ဟာ မင်္ဂလာပွဲအတွက် မတူညီတဲ့သဘောထားတွေကို ဆွေးနွေးကြပြီးတဲ့နောက်မှာတော့ သဘောတူညီမှုရခဲ့ကြတယ်။ အဲ့ဒီနေ့ကို ယေဟောဝါကောင်းချီးသက်ရောက်ဖို့ ဆုတောင်းခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့မိဘတွေနဲ့ အသင်းတော်မှာရှိတဲ့ တခြားရင့်ကျက်တဲ့မောင်နှံတွေဆီကလည်း အကြံဉာဏ်တောင်းခံခဲ့တယ်။ သူတို့ရဲ့အကြံဉာဏ်တွေဟာ သိပ်ကိုအထောက်အကူပြုခဲ့တယ်။ ရလဒ်ကတော့ ကျွန်တော်တို့ရဲ့လက်ထပ်ပွဲဟာ အောင်မြင်ခဲ့တယ်။”
အသရေရှိရှိဝတ်စားဆင်ယင်ခြင်း
သတို့သမီးနှင့်သတို့သားနှစ်ဦးစလုံးသည် မိမိတို့မင်္ဂလာပွဲတွင် တင့်တင့်တယ်တယ်ဝတ်စားလိုသည်ကို နားလည်နိုင်ပါသည်။ (ဆာလံ ၄၅:၈-၁၅) လျောက်ပတ်သောအဝတ်အစားအတွက် အချိန်၊ ခွန်အားနှင့်ငွေကို သုံးကြပေမည်။ အသရေရှိပြီး နှစ်လို့ဖွယ်ကောင်းသောအဝတ်အစားကို ရွေးချယ်ရန် အဘယ်ကျမ်းမူများက ထောက်ကူပေးနိုင်သနည်း။
မင်္ဂလာဆောင်ပွဲအခါသယမတွင် သတို့သမီးဝတ်ဆင်မည့်အရာကို သုံးသပ်ကြည့်ပါ။ တစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြိုက်ပုံစံအမျိုးမျိုးရှိကြသော်လည်း ကျမ်းစာသတိပေးချက်သည် နေရာတိုင်းနှင့်သက်ဆိုင်ပါသည်။ အမျိုးသမီးများသည် “ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်” ဝတ်ဆင်ရန်ဖြစ်သည်။ ယင်းသည် ခရစ်ယာန်အမျိုးသမီးများအတွက် လက်ထပ်သည့်နေ့အပါအဝင် အချိန်အခါတိုင်းနှင့်သက်ဆိုင်သည်။ အမှန်တကယ်တွင် ပျော်စရာမင်္ဂလာပွဲဖြစ်ရန် “အဖိုးထိုက်သောအဝတ်” မလိုအပ်ပါ။ (၁ တိမောသေ ၂:၉; ၁ ပေတရု ၃:၃၊ ၄) ယင်းအကြံပြုချက်ကို ကျင့်သုံးသည့်အခါ မည်မျှကျေနပ်ဖွယ်ပါတကား!
အစောပိုင်းက ဖော်ပြခဲ့သောဒေးဗစ်က ဤသို့မှတ်ချက်ချသည်– “မောင်နှံစုံအများစုဟာ ကျမ်းစာမူတွေလိုက်ဖို့ ကြိုးစားကြတဲ့အတွက် ချီးမွမ်းခံထိုက်ပါတယ်။ ဒါပေမဲ့ သတို့သမီးနဲ့ သတို့သမီးအရန်တို့ရဲ့ဝတ်စုံတွေဟာ အရမ်းတိုပြီး လည်ပင်းတော်တော်ဟိုက်တယ် ဒါမှမဟုတ် ပါးလွန်းလို့ ဣန္ဒြေမဲ့တာတွေရှိခဲ့ပါတယ်။” ရင့်ကျက်သောခရစ်ယာန်အကြီးအကဲတစ်ဦးသည် သတို့သမီး၊ သတို့သားတို့နှင့် အကြိုတွေ့ဆုံမှုပြုလုပ်သည့်အခါ သူတို့အား ဝိညာဉ်ရေးအမြင်ထားရှိရန် ကူညီပေးသည်။ မည်သို့အားဖြင့်နည်း။ စိတ်ကူးထားသောဝတ်စုံသည် ခရစ်ယာန်အစည်းအဝေးတစ်ခုတွင် ဝတ်ဆင်နိုင်သည့် ဣန္ဒြေရှိသောအဝတ်အစားဖြစ်၏လောဟု မေးမြန်းခြင်းအားဖြင့်ဖြစ်သည်။ မှန်ပါသည်၊ အင်္ကျီပုံစံသည် အပတ်စဉ်အစည်းအဝေးတွင် ဝတ်ဆင်သည့်ပုံစံနှင့်ကွာခြားပေမည်၊ ထိမ်းမြားပွဲအတွက် ဝတ်ဆင်ခြင်းဖြစ်သောကြောင့် ဒေသခံထုံးစံအရဖြစ်ကောင်းဖြစ်မည်၊ သို့သော် ဣန္ဒြေရသည်ဟုဆိုရာ၌ သိက္ခာရှိသော ခရစ်ယာန်စံချိန်အတိုင်းဖြစ်သင့်သည်။ လောကမှအချို့သူများက သမ္မာကျမ်းစာကျင့်ဝတ်စည်းမျဉ်းကို ချုပ်ချယ်သည်ဟု ယူဆလျှင်ပင် စစ်မှန်သောခရစ်ယာန်များမူ လောက၏ကြိုးစားဖိညှစ်ပုံသွင်းခြင်းကို တွန်းလှန်ရာတွင် ကျေနပ်လျက်ရှိကြသည်။—ရောမ ၁၂:၂; ၁ ပေတရု ၄:၄။
“အဝတ်အစားတွေနဲ့ ဧည့်ခံပွဲကို အရေးတကြီးထားမယ့်အစား အဲရက်နဲ့ကျွန်မဟာ အဲ့ဒီအချိန်အခါရဲ့ဝိညာဉ်ရေးအပိုင်းကို အဓိကထားခဲ့ကြတယ်။ ဒါက အဲ့ဒီနေ့မှာ အရေးအကြီးဆုံးကဏ္ဍဖြစ်တယ်။ ကျွန်မအထူးတလည်မှတ်မိတဲ့အရာတွေကတော့ ကျွန်မဝတ်ခဲ့တာ၊ စားခဲ့တာတွေကိုမဟုတ်ဘဲ ပေါင်းသင်းခဲ့တဲ့အပေါင်းအသင်းတွေနဲ့ ကျွန်မမြတ်နိုးရသူနဲ့လက်ထပ်ရလို့ ခံစားရတဲ့ပျော်ရွှင်မှုပါပဲ” ဟု ပဲန်နီကပြောသည်။ ခရစ်ယာန်မောင်နှံတစ်စုံသည် မိမိတို့၏မင်္ဂလာပွဲကိုစီစဉ်သည့်အခါ ယင်းအတွေးမျိုး စိတ်ထဲစွဲမှတ်ထားသင့်သည်။
ဘုရားသခင့်နိုင်ငံတော်ခန်းမ—အသရေရှိသောနေရာ
ရနိုင်မည်ဆိုလျှင် ခရစ်ယာန်မောင်နှံစုံအများသည် မိမိတို့၏မင်္ဂလာပွဲအခမ်းအနားကို ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကျင်းပလိုသည့်ဆန္ဒရှိကြသည်။ အဘယ်ကြောင့် ထိုသို့ပြုလိုကြသနည်း။ မောင်နှံတစ်စုံက သူတို့၏အကြောင်းပြချက်ကို ဤသို့ရှင်းပြသည်– “အိမ်ထောင်ပြုခြင်းဟာ ယေဟောဝါရဲ့မြင့်မြတ်တဲ့အစီအစဉ်ဆိုတာ ကျွန်တော်တို့သဘောပေါက်ခဲ့တယ်။ ကျွန်တော်တို့ ဝတ်ပြုကိုးကွယ်တဲ့နေရာဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ လက်ထပ်တာဟာ ကျွန်တော်တို့ရဲ့အိမ်ထောင်ရေး အစပြုကတည်းက ယေဟောဝါပါဝင်ဖို့လိုတယ်ဆိုတာကို စွဲမှတ်သွားအောင်ထောက်ကူပေးပါတယ်။ တခြားနေရာမှာထက် ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ကျင်းပလို့ရရှိတဲ့ နောက်အကျိုးကျေးဇူးက တက်ရောက်လာတဲ့ မယုံကြည်သူဆွေမျိုးတွေကို ယေဟောဝါကို ဝတ်ပြုခြင်းဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြရာလည်းရောက်ပါတယ်။”
ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ မင်္ဂလာပွဲကျင်းပရန် တာဝန်ရှိအသင်းတော်အကြီးအကဲများခွင့်ပြုလျှင် စဉ်းစားထားသောပြင်ဆင်မှုများကို အကြီးအကဲများအား ကြိုတင်ပြောထားသင့်သည်။ သတို့သမီးနှင့်သတို့သားတို့သည် မင်္ဂလာပွဲအတွက် သတ်မှတ်ထားသည့်အချိန်တွင် ရောက်ရှိရန် အခိုင်အမာဆုံးဖြတ်ထားခြင်းဖြင့် ဖိတ်ခေါ်ထားသောဧည့်သည်များကို လေးစားကြောင်းပြနိုင်သည်။ အရာရာတိုင်း တင့်တယ်လျောက်ပတ်စွာ လုပ်ဆောင်သွားသည်ကို သူတို့အမှန်ပင်လိုလားပေမည်။b (၁ ကောရိန္သု ၁၄:၄၀) ဤသို့ဖြင့် လောကမင်္ဂလာဆောင်အများ၏ အမှတ်အသားဖြစ်သော ယဉ်ကျေးမှုမရှိသည့် အပြုအမူများကို ရှောင်ရှားနိုင်ပေမည်။—၁ ယောဟန် ၂:၁၅၊ ၁၆။
မင်္ဂလာပွဲတက်ရောက်သူများကလည်း အိမ်ထောင်မင်္ဂလာနှင့်ပတ်သက်သော ယေဟောဝါ၏အမြင် မိမိတို့၌ရှိကြောင်းပြနိုင်သည်။ ဥပမာ၊ အပြိုင်အဆိုင်သဘောဖြင့် ခမ်းနားကြီးကျယ်သောမင်္ဂလာပွဲများအလား အခြားခရစ်ယာန်လက်ထပ်ပွဲများထက်ပိုသာရန် သူတို့မျှော်လင့်မည်မဟုတ်ချေ။ ရင့်ကျက်သောခရစ်ယာန်များသည် မင်္ဂလာကျွေးမွေးဧည့်ခံပွဲထက် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်ပြုလုပ်သည့် ကျမ်းစာအခြေပြုဟောပြောချက်က ပိုအရေးကြီးပြီး အကျိုးရှိကြောင်းကိုလည်း သဘောပေါက်သည်။ ယင်းတို့နှစ်ခုအနက် တစ်ခုကိုသာတက်ရောက်ရန် အချိန် သို့မဟုတ် အခြေအနေကခွင့်ပြုသည်ဆိုလျှင် ခရစ်ယာန်တစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် တက်ရောက်ခြင်းကို အမှန်ပင်ဦးစားပေးသင့်သည်။ အကြီးအကဲတစ်ဦးဖြစ်သူ ဝီလျံကဤသို့ပြောသည်– “ဧည့်သည်များဟာ နိုင်ငံတော်ခန်းမမှာလာဖို့ တမင်ပျက်ကွက်ပြီး ဧည့်ခံပွဲမှာတော့ရှိနေမယ်ဆိုရင် မြင့်မြတ်တဲ့အချိန်အခါကို တန်ဖိုးမထားကြောင်းပြရာရောက်တယ်။ ကျွန်တော်တို့ကို ဧည့်ခံပွဲမှာမဖိတ်ခေါ်ရင်တောင် နိုင်ငံတော်ခန်းမမှာလုပ်တဲ့အခမ်းအနားကို တက်မယ်ဆိုရင် သတို့သမီး၊ သတို့သားတို့ကို အားပေးကြောင်းပြနိုင်သလို မယုံကြည်သူဆွေမျိုးများကိုလည်း အထူးသက်သေခံရာရောက်ပါတယ်။”
လက်ထပ်သည့်နေ့ကိုကျော်လွန်ကာ တည်တံ့ခိုင်မြဲသောရွှင်လန်းမှု
စီးပွားရေးလောကသည် မင်္ဂလာပွဲအခမ်းအနားကို လုပ်ငန်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။ မကြာသေးခင်က သတင်းတစ်ပုဒ်အရ အမေရိကန်ပြည်ထောင်စုတွင် မင်္ဂလာပွဲအတွက် ပျမ်းမျှကုန်ကျငွေသည် “ဒေါ်လာ ၂၂,၀၀၀ သို့မဟုတ် အမေရိကန်မိသားစုတစ်စု၏ [တစ်နှစ်] ပျမ်းမျှဝင်ငွေတစ်ဝက်” ဖြစ်သည်။ စီးပွားရေးဝါဒဖြန့်ခြင်း၏လွှမ်းမိုးမှုကြောင့် များစွာသောကြင်စဦးမောင်နှံ သို့မဟုတ် သူတို့၏မိသားစုများသည် မင်္ဂလာပွဲတစ်နေ့တာအတွက် အကြွေးများဖြင့်ဝန်ပိပြီး ယင်းကို နှစ်ပေါင်းများစွာ ပြန်ဆပ်ကြရသည်။ အိမ်ထောင်ကို ယင်းသို့စတင်ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ပါမည်လော။ သမ္မာကျမ်းစာမူများကို မသိသူများ သို့မဟုတ် ဂရုမစိုက်သူများသည် ယင်းသို့ဖြုန်းတီးခြင်းကို ရွေးချယ်မည်ဖြစ်သော်လည်း စစ်မှန်သောခရစ်ယာန်များမူ မည်မျှခြားနားလိုက်လေခြင်း!
အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့် မိမိတို့ကုန်ကျနိုင်သလောက်သာ မင်္ဂလာပွဲအရွယ်အစားသတ်မှတ်ခြင်း၊ ဝိညာဉ်ရေးကဏ္ဍအပေါ်အာရုံစိုက်ခြင်းဖြင့် များစွာသောခရစ်ယာန်မောင်နှံစုံတို့သည် ဘုရားသခင်ထံ မိမိတို့အပ်နှံထားသည့်အတိုင်း မိမိတို့အချိန်၊ ခွန်အားတို့ကို အသုံးပြုနိုင်ခဲ့ကြသည်။ (မဿဲ ၆:၃၃) လက်ထပ်ပြီးကတည်းက အချိန်ပြည့်ဘုရားသခင်အမှုတော်ကို ၁၇ နှစ်တိုင်ဆောင်ရွက်ခဲ့ကြသူ လွိုက်နှင့်အလက်ဇန္ဒြာတို့၏ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ လွိုက်က ဤသို့ဆိုသည်– “တချို့က ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကို ရိုးရိုးလေးလို့မြင်ပေမဲ့ အလက်ဇန္ဒြာနဲ့ကျွန်တော်တို့ အရမ်းကိုကျေနပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့မင်္ဂလာပွဲနေ့ကို ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လူနှစ်ယောက်ကို ပျော်ရွှင်ဝမ်းမြောက်စေတဲ့ ယေဟောဝါရဲ့အစီအစဉ် အခမ်းအနားတစ်ခုဖြစ်သင့်တယ်လို့ ကျွန်တော်တို့ခံစားမိခဲ့တယ်။”
အလက်ဇန္ဒြာကလည်းထပ်ဆင့်၍ ဤသို့ပြောသည်– “ကျွန်မတို့လက်မထပ်ခင်က ကျွန်မဟာ အချိန်ပြည့်ဘုရားသခင်အမှုဆောင်တစ်ယောက်ဖြစ်တယ်၊ ငွေကုန်ကြေးကျမင်္ဂလာပွဲဖြစ်ဖို့အတွက်နဲ့ အချိန်ပြည့်အမှုဆောင်အခွင့်အရေးကို ကျွန်မလက်မလွှတ်လိုက်ချင်ဘူး။ ကျွန်မတို့မင်္ဂလာပွဲနေ့ဟာ အထူးကိုကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနေ့ဟာ လက်တွဲလျှောက်လှမ်းကြမယ့် ကျွန်မတို့ရဲ့ဘဝစတင်တဲ့နေ့သာဖြစ်ပါတယ်။ လက်ထပ်မင်္ဂလာပွဲကို အလွန်အမင်း အာရုံစိုက်အလေးပေးခြင်းကို ရှောင်ကြဉ်ပါဆိုတဲ့အကြံပြုချက်ကို ကျွန်မတို့ကျင့်သုံးခဲ့ကြပြီး ဇနီးမောင်နှံအနေနဲ့ ယေဟောဝါထံကလမ်းညွှန်မှုကို ရှာဖွေခဲ့ကြတယ်။ အဲ့ဒါက တကယ့်ကိုပဲ ယေဟောဝါရဲ့ကောင်းချီးခံစားစေပါတယ်။”c
မှန်ပါသည်၊ သင်၏မင်္ဂလာဆောင်သောနေ့သည် အထူးချိန်ခါဖြစ်ပါသည်။ ယင်းနေ့ရက်တွင် ပေါ်လွင်သောသဘောထားနှင့် လုပ်ဆောင်မှုတို့က လာမည့်အနာဂတ်အိမ်ထောင်သည်ဘဝအတွက် ပုံစံချမှတ်နိုင်သည်။ ထို့ကြောင့် လမ်းညွှန်မှုအတွက် ယေဟောဝါကို ကိုးစားပါ။ (သု. ၃:၅၊ ၆) ယင်းနေ့၏ဝိညာဉ်ရေးဆိုင်ရာအရေးကြီးမှုကို စိတ်တွင်အဓိကထားပါ။ သင်တို့ကို ဘုရားသခင်ခန့်အပ်ထားသည့်ကဏ္ဍများတွင် တစ်ဦးကိုတစ်ဦးထောက်ကူပါ။ ဤနည်းဖြင့် သင်တို့အိမ်ထောင်အတွက် ခိုင်ခံ့သောအုတ်မြစ်ကိုတည်ဆောက်နိုင်ပြီး ယေဟောဝါ၏ကောင်းချီးဖြင့် သင်တို့၏မင်္ဂလာပွဲနေ့ကို ကျော်လွန်ကာ တည်တံ့ခိုင်မြဲသောရွှင်လန်းမှု ရရှိပါလိမ့်မည်။—သု. ၁၈:၂၂။
-